← Chapters

နဂါးနှင့်မြွေတို့အား အနိုင်ယူခြင်း

Vol. 27 Ch. 403

နဂါးနှင့်မြွေတို့အား အနိုင်ယူခြင်း

Vol. 27 Ch. 403

မိုးပြာရောင်ကောင်းကင်နဂါးသည် အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ တစ်ချိန်က နာမည်ကျော်ကြားခဲ့သည့် မိုးပြာရောင်ကောင်းကင်နဂါးသည် ဒီအတိုင်း သေဆုံးလိုခြင်း မရှိပေ။ ထို့ကြောင့် သေဆုံးပြီးနောက် ကိုယ့်ကိုယ်ကိုယ် အလောင်းကောင်ကဲ့သို့ သတ္တဝါတစ်ကောင်အဖြစ်ပင် ပြောင်းလဲခဲ့၏။

သူ၏ ဆန္ဒမှာ ဖြစ်လာခဲ့လေသည်။ သို့ပေမယ့် လုံးဝအတိအကျတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲကာ နိုးထလာခဲ့ပေမယ့် လက်ရှိအလောင်းနတ်ဆိုးသည် တစ်ချိန်က မိုးပြာရောင်ကောင်းကင်နဂါး မဟုတ်တော့ပါ။

သူ၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားမှာ အရင်ကလောက်စွမ်းအားကြီးမားခြင်း မရှိတော့ပေ။ တစ်ချိန်က ရှိခဲ့သည့် အသိစိတ်တို့သည် နိုးထလာခြင်းမရှိတော့ဘဲ ဝိဉာဉ်အတွင်း၌ ပင်ကိုယ်အသိစိတ် အချို့သာလျှင် ကျန်ရစ်တော့၏။

ဥပမာအားဖြင့်- အဆိပ်မြူများနှင့် အသွေးအသားများကို ဝါးမြိုလိုသည့် ဆန္ဒဖြစ်သည်။ သူ့အတွက်သိုင်းသမားများ၏ အသွေးအသားမှာ အလွန်အရသာရှိလှ၏။

လောကကြီးရှိ အကောင်းဆုံး စားကောင်းသောက်ဖွယ်များသဖွယ် ရှိသည်။

ဖြစ်နိုင်သည်မှာ အလွန်စောစီးစွာနိုးထခဲ့ပြီး နောက်ဆုံး ပြောင်းလဲမှုအား မပြီးမြောက်နိုင်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဝိဉာဉ်မှာ ပြန်လည်စုပေါင်းလာခဲ့ပေမယ့် မူလအသိစိတ်မှာ ပြန်မလာတော့ပေ။

အပြာပုတ်ရောင်ကျောပြင်နှင့် အဖြူရောင်ဝမ်းဗိုက်အပြင် ကြေးခွံများအကြား၌ ကြီးထွားနေသည့် အမွှေးများက ၎င်း၏ပြောင်းလဲမှု ပြည့်စုံစွာ ပြီးမြောက်ခြင်းမရှိခဲ့ဟု ဖော်ပြနေ၏။ မဟုတ်ပါက ခန္ဓာကိုယ်ပေါ်တွင် ထိုကဲ့သို့သော အမွှေးများ ရှိမနေသင့်ပေ။

မူလအသိစိတ်အားလုံးတို့ နိုးထလာနိုင်ခြင်း မရှိလျှင်တောင် အနည်းဆုံး တစ်စိတ်တစ်ပိုင်းလောက် ပြန်လည်ကောင်းမွန်လာသင့်၏။

ယနေ့ရှိ မိုးပြာရောင်ကောင်းကင်နဂါးမှာ အလောင်းနတ်ဆိုးတစ်ကောင်သာဖြစ်ပြီး မူလက မိုးပြာရောင်ကောင်းကင်နဂါး မဟုတ်တော့ပေ။

ကြီးမားလှသည့် ဒီဗိုင်းဝိဉာဉ်စွမ်းအားက ကျန်ရှိသည့် ပါရမီရှင်များကို ဖိနှိပ့်ထားပြီး အဆိပ်မြူနှင့် အနံ့ဆိုးသည့် အငွေ့အသက်များက နဂါး၏ ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက်ဝင်ရောက်နေပါသည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ လူငယ်က ကြိုးစားထွက်ပြေးလာခဲ့၏။ ကျန်ရှိသည့် ပါရမီရှင်များမှာ အကောင်းဆုံး ကြိုးစားလင့်ကစား သူတို့သည် ဒီဗိုင်းစွမ်းအား၏ ဖိနှိပ့်ခြင်းကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ ရှိနေကြသည်။

"အလောင်းနတ်ဆိုး... မိုးပြာရောင်ကောင်းကင်နဂါးက အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီ.."

ပါရမီရှင်တစ်ယောက်က ထိတ်လန့်စွာပြော၏။

အလောင်းနတ်ဆိုးသည် စိတ်ဝိဉာဉ်နယ်မြေတွင် အလွန်ရှားပါးသည့် နတ်ဆိုးအမျိုးအစားတစ်ခု ဖြစ်သည်။ သူတို့သည် အထူးနေရာတစ်ခုတွင်သာ မွေးဖွားနိုင်ကြပြီး အလောင်းနတ်ဆိုးအဖြစ် ပြောင်းလဲရန် အချိန်ကြာရှည်စွာ ယူရ၏။

သာမန် အလောင်းနတ်ဆိုးများသည် အရမ်းကြီး သန်မာခြင်းမရှိပေ။ စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းလောကသမိုင်းတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် မည်သည့် အလောင်းနတ်ဆိုးတစ်ကောင်မှ မရှိခဲ့ပါ။

မွေးဖွားလာလျှင်လည်း အလောင်းနတ်ဆိုးတို့သည် သွေးဆာသည့် အသိစိတ်ကိုသာ ပိုင်ဆိုင်ထားကြပြီး သိုင်းသမားများနှင့် စိတ်ဝိဉာဉ်သားရဲများကို တိုက်ခိုက်ဝါးမြိုလေ့ရှိသည်။ ဤသည်က လူအများ၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို လျှင်မြန်စွာ ခံရစေပြီး ပိုမိုစွမ်းအားကြီးလာနိုင်သည့် အခွင့်အရေးမှာ အလွန်သေးငယ်လှသည်။

စိတ်ဝိဉာဉ်နယ်မြေ၏ သမိုင်းတွင် အသန်မာဆုံးအလောင်းနတ်ဆိုးမှာ အစောပိုင်း ကောင်းကင်လူသားကြီးအဆင့်သို့သာ ရောက်ခဲ့သည်။ ဒီမိုးပြာရောင်နဂါးမှာ သမိုင်းတလျှောက် အသန်မာဆုံး အလောင်းနတ်ဆိုးတစ်ကောင် ဖြစ်ပေလိမ့်မည်။

ပိုမိုကြောက်ဖို့ကောင်းသည်မှာ မိုးပြာရောင်ကောင်းကင်နဂါး၏ အလောင်းနတ်ဆိုးအဖြစ် ပြောင်းလဲမှုမှာ တိုက်ဆိုင်မှု မဟုတ်ပေ။ မသေဆုံးခင်တွင် ကိုယ့်ကိုကိုယ် အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြန်လည်နိုးထလာရန် တမင်စီမံထားခြင်း ဖြစ်၏။ နောက်ထပ် ဘဝတစ်ခုဖြင့် နေထိုင်လိုလေသည်။

ဒီနဂါးသည် အလောင်းနတ်ဆိုးအဖြစ် ပြောင်းလဲသည့်နည်းလမ်းကို မည်ကဲ့သို့ သိရှိလာခဲ့သနည်း။ စိတ်ဝိဉာဉ်နယ်မြေတွင် ထိုကဲ့သို့သော နည်းလမ်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။

ပါရမီရှင်အားလုံး၏ မျက်နှာများက နီရဲနေကြ၏။

သူတို့၏နောက်ရှိ အင်အားစုများလည်း မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်းမှာ အလောင်းနတ်ဆိုးအဖြစ် ပြောင်းလဲရန်အတွက် မိုးပြာရောင်နဂါးက ကိုယ်တိုင်ဖန်တီးထားသည့် အစီအမံတစ်ခု ဖြစ်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ။

သင်္ချိုင်း၏ ပေါ်ပေါက်လာမှုမှာ အလောင်းနတ်ဆိုးအဖြစ် ပြောင်းလဲမှု ပြီးမြောက်တော့မည်ဟု ဆိုလိုသည်ပင်။ မိုးပြာရောင်ကောင်းကင်နဂါးသည် ပြန်လည်ရှင်သန်လာပြီး အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ဒုတိယဘဝဖြင့် နေထိုင်မည် ဖြစ်၏။

သို့ပေမယ့် သူတို့၏ ဝင်ရောက်လာမှုက နောက်ဆုံး ပြောင်းလဲမှုကို အနှောင့်အယှက် ဖြစ်သွားစေသည်လား မသိပေ။ ထို့ကြောင့် နဂါးကြီးသည် အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲခဲ့ပေမယ့် သူ၏ အခြေခံအသိစိတ်မှာ ပြန်လည်နိုးထလာခြင်း မရှိခဲ့ပေ။

မိုးပြာရောင်ကောင်းကင်နဂါးသည် လေထဲ၌ လွင့်ပျံနေပြီး သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်ကာ နီရဲနေပါသည်။ သွေးဆာလောင်သည့် အငွေ့အသက်တို့ ပြည့်နှက်နေ၏။ ကျန်ရှိသည့် ပါရမီရှင်များကိုကြည့်ကာ ပါးစပ်ကြီးကို ကျယ်လောင်စွာ ဟလိုက်သည်။

ရွှီယန်မှာ မလှမ်းမကမ်းတွင် မတ်တပ်ရပ်ကာ ကြည့်နေပြီး သူ့ကိုညင်သာသည့် လေညှင်းတစ်ခုက ဝန်းရံထား၏။ ဒီဗိုင်းဝိဉာဉ်စွမ်းအား၏ ဖိနှိပ့်မှုမှာ သက်ရောက်ခြင်း လုံးဝမရှိပေ။

"ဒီဗိုင်းဝိဉာဉ်က မပြည့်စုံသေးတာ သို့မဟုတ် အားနည်းတာဖြစ်မယ်။ ကောင်းကင်လူသားငယ်တွေကို ဖိနှိပ့်နိုင်ပေမယ့် ကောင်းကင်လူသားကြီးအဆင့် လာရင်တောင်မှ ဖိနှိပ့်နိုင်မှာ မဟုတ်လောက်ဘူး.."

"အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲအပြီးမှာ ဒီနဂါးကို သုံးလို့ရသေးလားမသိဘူး.."

ရွှီယန်မှာ အတွေးနက်သွားသည်။

သူသည် နဂါးကြီး၏ ခန္ဓာကိုယ်အား မျက်စိကျနေသောကြောင့် ချက်ချင်းထွက်သွားခြင်း မပြုခဲ့ပေ။ မုန့်ချုံသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ မိုးပြာရောင်ကောင်းကင်နဂါး၏ အသွေးအသားအဆီအနှစ်တို့မှာ သူ၏ခန္ဓာကိုယ်အတွက် အခြေခံတည်ဆောက်မှုတွင် ကြီးစွာ အကူအညီဖြစ်မှာ ဖြစ်သည်။

လက်ရှိပြဿနာမှာ အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲပြီးနောက် ဒီနဂါးခန္ဓာကိုယ်သည် အသုံးဝင်သေးသည်လားဟူ၍ ဖြစ်၏။

'ဂျူနီယာညီလေးရဲ့ သိုင်းခန္ဓာက စိတ်ဝိဉာဉ်သားရဲတစ်ကောင်ထက်တော့ ကြံ့ခိုင်သန်မာသေးတယ်။ မိုးပြာရောင်ကောင်းကင်နဂါးက အလောင်းနတ်ဆိုးတစ်ကောင်ဖြစ်လာပေမယ့် အသုံးဝင်သေးတာလည်း ဖြစ်နိုင်တာပဲ..'

'အဆိပ်တွေပြည့်နှက်နေတဲ့ ခန္ဓာကိုယ်က ရွှေခန္ဓာသွေးကြောမှတ်တွေကို အားဖြည့်ပေးနိုင်တာလည်း ဖြစ်နိုင်တယ်။ မထင်မှတ်စွာနဲ့ နောက်ထပ် စွမ်းရည်တွေ ပိုင်ဆိုင်လာရင်ရော..'

ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်တစ်ယောက် နဂါးကြီးကို တိုက်ခိုက်သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ အသုံးမဝင်လျှင်တောင် အရှုံးမရှိပေ။ တွေ့ဆုံကြုံတွေ့ပြီး ဖြစ်ရာ ဘယ်လိုလုပ်ပြီး ထားခဲ့နိုင်မည်လဲ။

ဓားအိမ်အတွင်းရှိဓားကို ဆွဲထုတ်လိုက်သည်။

"ရွှင်.."

တောင်နှင့်မြစ်တို့က ပေါ်လာပြီး မိုးကြိုးများ၏ ပြိုဆင်းမှုနှင့်အတူ ကျယ်လောင်စွာ ကျရောက်လာခဲ့သည်။

"မိုးကြိုးဓားကွက်.."

မိုးပြာရောင်ကောင်းကင်နဂါးက တစ်ချက် မာန်ဖီ၏။ အစက ပါရမီရှင်များကို ဝါးမြိုရန်ရည်ရွယ်ထားသည့် ပါးစပ်ကြီးမှ အမဲရောင်အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။

"ဘုန်း.."

အမဲရောင်အလင်းတန်းနှင့် မိုးကြိုးမုန်တိုင်းတို့ တွေ့ဆုံကြ၏။ အမဲရောင်အလင်းတန်းမှာ ပျက်စီးသွားပြီး မိုးကြိုးဓားချက်မှာလည်း အားနည်းသွားခဲ့သည်။

ဒီအချိန်၌ ရွှီယန်၏ ဓားချက်ကြောင့် ဒီဗိုင်းဝိဉာဉ်စွမ်းအား၏ ဖိနှိပ့်မှုမှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။

ကျန်ရှိသည့် ပါရမီရှင်များသည် ဘဝသစ်တစ်ခုကို တွေ့လိုက်ရသည့်အလား အလျှင်အမြန် ထွက်ပြေးကြ၏။

ရွှီယန်၏ တိုက်ခိုက်မှုမှာ အခြားလူများကို ကယ်တင်ဖို့ မဟုတ်ပေ။ နဂါးကြီးအား အဆိပ်မြူများနှင့် အနံ့ဆိုး၏ အငွေ့အသက်များကို ဝါးမြိုခြင်းမှ တားမြစ်ရန်သာဖြစ်၏။

ဤသည်က ခွန်အားတိုးမြင့်မှုကို ရပ်တန့်စေနိုင်ပြီး ခန္ဓာကိုယ်အတွင်းတွင် အဆိပ်နှင့် မကောင်းမှုများစုကာ အသုံးမဝင်ဖြစ်သွားမည်ကိုလည်း တားဆီးနိုင်သည်။

မိုးပြာရောင်ကောင်းကင်နဂါးသည် သွေးနီသော မျက်လုံးများဖြင့် ရွှီယန်ကိုကြည့်၏။ တစ်ချက် မာန်ဖီလိုက်ချိန်၌ အနက်ရောင်မီးတောက်များ ထွက်ပေါ်လာပြီး အဆိပ်မြူများမှာ ချက်ချင်းပင် အရည်အဖြစ် စုစည်းလာခဲ့သည်။

လက်သည်းများကို မြှောက်ကာ ပြေးဝင်သတ်ဖြတ်၏။

"ဘဇ်.."

သေခြင်းရှင်ခြင်းဓားစက်ဝန်းက ပေါ်လာပြီး ဘယ်ညာနှစ်ဖက် လှည့်လည်နေပါသည်။ ရွှီယန်၏ပုံရိပ်က ရွေ့လျားသွားကာ တယ်လီပို့ခြင်းနှင့်အတူ နဂါး၏ ဦးခေါင်းထက်သို့ ရောက်ရှိနေပြီး ဖြစ်၏။ ဓားချက်ဖြင့် ထိုးစိုက်ချလိုက်သည်။

မိုးပြာရောင်နဂါး၏ မူလအသိစိတ်မှာ ပြန်လည်နိုးထခြင်း မရှိခဲ့ပေ။ သို့ပေမယ့် ၎င်းသည် ကြမ်းကြုတ်ကာ စွမ်းအားကြီးခြင်းအား အသားကျနေပြီး မသိစိတ်၏ တုံ့ပြန်နိုင်စွမ်းက တိုက်ပွဲတစ်ခုအား ဖော်ဆောင်နိုင်စွမ်း ရှိ၏။

သူ၏ခန္ဓာကိုယ်က တွန့်ကွေးသွားပြီး နောက်ထပ်အမဲရောင်အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်၏။ တစ်ချိန်တည်းတွင် ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားကို အသုံးပြုကာ ဆက်လက် ဖိနှိပ့်လိုက်သည်။

"ဝှင်.."

လျှပ်တပြက်လေ ဓားဆန္ဒက ညင်သာသောလေးညှင်းတစ်ခုနှင့်အတူ ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားကို ရင်ဆိုင်၏။

ခဏတာအတွင်း အားပြိုင်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်။

"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားရဲ့ ဝိဉာဉ်စွမ်းအားက တကယ်ပဲထူးကဲတယ်။ ငါ့ရဲ့လက်ရှိ ရွှင်ဖုန်းဓားဆန္ဒနဲ့တောင် သူ့ရဲ့ဝိဉာဉ်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး.."

ရွှီယန်က သက်ပြင်းချသည်။

All Chapters