← Chapters

နဂါးနှင့်မြွေတို့အား အနိုင်ယူခြင်း(၂)

Vol. 27 Ch. 404

နဂါးနှင့်မြွေတို့အား အနိုင်ယူခြင်း(၂)

Vol. 27 Ch. 404

ရွှီယန်အနေနှင့် ဤသည်ကို မျှော်လင့်ထားပြီး ဖြစ်၏။ ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားကို ခုခံနိုင်ခြင်းကပင် လုံလောက်နေပါပြီ။

တောင်နှင့်မြစ်ဓားတာအိုအား ထုတ်ဖော်ထားကာ သေခြင်းဓားခြင်းဓားစက်ဝန်းက အတိုင်းအ‌ဆမဲ့စွာ လင်းလက်နေ၏။ မိုးပြာရောင်နဂါးကို တိုက်ခိုက်သည်။

လူနှင့်နဂါးတို့အကြား တိုက်ပွဲမှာ အလွန်ပြင်းထန်လှပါသည်။

"ဝိုး.. စွမ်းအားကြီးလိုက်တာ.."

တိမ်မဲနွံ၏ အပြင်ဘက်တွင် ရှန်ဟိုင်ကျိုးမှာ အံ့သြစွာရှိနေ၏။ ရွှီယန်သည် သူ၏နောက်လိုက်ကို လက်တစ်ဝှေ့ဖြင့် သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် တစ်ဖက်လူမှာ အလွန်စွမ်းအားကြီးမည်ဟု သူ့အနေနှင့် ခန့်မှန်းပြီး ဖြစ်ပေမယ့် မိုးပြာရောင်နဂါး အလောင်းနတ်ဆိုးကို အရေးနိမ့်ခြင်းမရှိဘဲ တိုက်ခိုက်နိုင်မည်ဟုတော့ ထင်ထားခဲ့ခြင်းမရှိပေ။

"သူမိုးပြာရောင်နဂါးရဲ့ ဒီဗိုင်းကြီးမြတ်ခြင်းကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိတာလဲ မသိဘူး.."

ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားသည် အရာအားလုံးကို တိုက်ရိုက်ဖိနှိပ့်၏။ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်အောက်ရှိ သိုင်းသမားများအနေနှင့် ထိုစွမ်းအားကို ခုခံရန် ခက်ခဲလှသည်။

ပေါင်းစီးခြင်းအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည့် ကောင်းကင်လူသားကြီး တစ်ယောက်ပင်လျှင် ချွင်းချက်မဟုတ်ပေ။

သို့ပေမယ့် ရွှီယန်မှာ နဂါး၏ ဒီဗိုင်းစွမ်းအားသက်ရောက်ခြင်းအား မခံရသည့်ပုံ ရှိ၏။

"ဖြစ်နိုင်တာက... ဒီလူငယ်က စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက်များလား.."

သို့ပေမယ့် ထိုအဆိုပြုချက်ကို ချက်ချင်းပင် ဖယ်ရှားလိုက်သည်။ တစ်ဖက်လူဆီမှ မည်သည့်ဒီဗိုင်းဝိဉာဉ်လှိုင်းထမှုကိုမှ ရှန်ဟိုင်ကျိုး ခံစားရခြင်း မရှိပေ။

ကံကောင်းထောက်မစွာ လွတ်မြောက်နိုင်ခြင်း ရှိခဲ့သည့် ပါရမီရှင်အချို့မှာလည်း ဒီအချိန်၌ ထိတ်လန့်စွာ ရှိနေကြသည်။ ကျောက်နက်တောင်အထက် ကောင်းကင်ရှိ ပြင်းထန်သည့် တိုက်ပွဲကြီးအား ကြည့်ကြ၏။

သူတို့သည် အံ့သြနေမိသလို အလွန်လည်း ကံကောင်းလှသည်ဟု ခံစားကြရသည်။

"သွားရအောင်... အမြန်ပြန်ပြီး အကြီးအကဲတွေဆီကို သတင်းပို့ရမယ်။ မိုးပြာရောင်ကောင်းကင်နဂါးက အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ.."

မိုးပြာရောင်နဂါးသင်္ချိုင်းဆီသို့ ဒီခရီးစဉ်သည် ယခုမျှကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့၏။ ပါဝင်ဆင်နွှဲခဲ့သူများတွင် အသက်ရှင်ကျန်သူ ဆယ်ယောက်ပင် မပြည့်ပေ။ ကျန်သူများအားလုံး သေဆုံးခဲ့ရ၏။

အချို့မှာ ကျောက်နက်တောင်ပြိုကျချိန်၌ ဖရိုဖရဲဖြစ်နေစဉ် အတွင်းတွင် နဂါးကြီး၏ စားသုံးခြင်းကို ခံခဲ့ရ၏။

အချို့မှာတော့ ကျောက်သလင်းမြွေ၏ အလစ်အငိုက်တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဒီအဖြစ်အပျက်သည် သိုင်းလောကတစ်ခုလုံး လှုပ်ခါသွားစေနိုင်သည့် ကြီးမားသည့် ကိစ္စတစ်ခုဖြစ်၏။

ကြည့်ရသည်မှာ မိုးပြာရောင်ကောင်းကင်နဂါးက မသေဆုံးခင်တွင် နောက်ဆုံးစီမံခဲ့သည့် မဟာဗျူဟာ ဖြစ်ပေလိမ့်မည်။

သူသည် ဒီပြောင်းလဲခြင်းနည်းလမ်းကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။ ကိုယ်တိုင် တွေးတောကြံဆမိခဲ့သည်လား။

ရွှီယန်က ဓားကို အကြိမ်ကြိမ်လွှဲရမ်းနေ၏။ သို့ပေမယ့် မိုးပြာရောင်ကောင်းကင်နဂါးမှာ အလွန် စွမ်းအားကြီးမားလှပြီး ကြေးခွံချပ်ဝတ်များ၏ ခံနိုင်ရည်က ကြောက်ဖို့ကောင်းလှသည်။ အချိန်တိုအတွင်း သတ်ဖြတ်မရနိုင်အောင် ရှိနေ၏။

"စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရောက်လာဖို့မကြာတော့လောက်ဘူး... ငါဒီကောင့်ကို မြန်မြန်လေးသတ်ရမယ်.."

ရွှီယန်၏ မျက်ခုံးများက ကျုံ့သွားသည်။ သို့ရာတွင် မိုးပြာရောင်ကောင်းကင်နဂါး၏ တိုက်ခိုက်ခြင်း အသိစိတ်မှာ အားနည်းခြင်း မရှိပေ။ စွမ်းအားမှာလည်း ကြီးမား၏။ သူ့ထက် အများကြီး အားနည်းခြင်းမရှိပါ။ ထို့ကြောင့် အချိန်တိုအတွင်းတွင် သတ်ဖြတ်ရန်မှာ ခက်ခဲလှသည့် ကိစ္စဖြစ်၏။

"ဝေါင်း.."

နဂါးကြီးက မာန်ဖီပြီးနောက် လေထဲတွင် ဝဲပျံကာ သွေးနီရောင်မျက်လုံးများနှင့် ရွှီယန်ကို စိုက်ကြည့်နေ၏။ဦးခေါင်းပေါ်ရှိ ဦးချိုမှ မိုးပြာရောင်အလင်းတစ်ခု ရုတ်တရက် လှည့်လည်လာခဲ့သည်။ ၎င်းမှ ကြီးမားသည့် စွမ်းအင်တစ်ခု၏ အငွေ့အသက် ရေးတေးတေး ထုတ်လွှတ်နေ၏။

ရွှီယန်က ရပ်တန့်သွားပြီးနောက် နဖူးကိုပုတ်ကာ ရေရွတ်သည်။

'မိုးပြာရောင်ကောင်းကင်နဂါးက နဂါးတစ်ကောင်ပဲ။ နဂါးနိုင်လက်ဝါးသိုင်းက နဂါးတွေကို အနိုင်ယူနိုင်တယ်။ အဲ့ဒါနဲ့ဆိုရင် ဒီနဂါးကို အနိုင်ယူဖို့ လွယ်ကူလောက်မလား..'

ထိုအတွေးနှင့်အတူ ချက်ချင်းပင် ဓားကိုသိမ်းကာ လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်၏။

"ဝေါင်း.."

ရွှေရောင်နဂါးကြီးက ရုတ်တရက် ထွက်ပေါ်လာပြီး စစ်မှန်သည့် နဂါးတစ်ကောင် လောကသို့ သက်ဆင်းလာသည့်နှယ်ရှိသည်။ ၎င်း၏ကြီးမြတ်မှုမှာ ဂုဏ်သရည်မြင့်မားပြီး မျက်လုံးများက ထည်ဝါမှုတို့ဖြင့် ပြည့်နက်နေ၏။

"န... စစ်မှန်တဲ့နဂါးတစ်ကောင်လား.."

တိုက်ပွဲပြင်တွင် တစ်ဦးတည်းသော ကျန်ရှိခဲ့သည့် ရှန်ဟိုင်ကျိုးမှာ နေရာ၌ အေးခဲနေမိသည်။

ရွှေရောင်နဂါးကြီးက ရုတ်တရက် သက်ဆင်းလာခဲ့၏။

သူ့အနေနှင့် အဝေးသို့ ရောက်ရှိနေပြီးဖြစ်ပေမယ့် ကြီးစိုးလှသည့် နဂါးကြီးမြတ်ခြင်းကို ရေးတေးတေးခံစားရဆဲ ရှိသည်။

ရွှေနဂါးကြီးက ထိုးဆင်းလာပြီး မိုးပြာရောင်ကောင်းကင်နဂါးဆီသို့ ဦးတည်သွား၏။ ထိုအချိန်၌ မိုးပြာရောင်ကောင်းကင်နဂါး၏ ခန္ဓာကိုယ်က စတင်လှုပ်ခါလာခဲ့သည်။ အော်ဟစ်စွာဖြင့် နောက်သို့ဆက်တိုက် ဆုတ်ခွာနေ၏။

ဦးချိုပေါ်ရှိ အလင်းမှာလည်း ပျောက်ကွယ်သွားခဲ့သည်။

ကြက်သွေးရောင်မျက်လုံးများထဲ၌ ကြောက်ရွံ့မှုနှင့် အညံ့ခံလိုမှုတို့ ပေါ်လာခဲ့၏။

ရွှေရောင်နဂါး၏ သက်ဆင်းလာချိန်၌ မိုးပြာရောင်နဂါးသည် ပါးစပ်ကိုဖွင့်ကာ အနက်ရောင်အလင်းလုံးကို မှုတ်ထုတ်လို၏။ သို့ပေမယ့် နဂါးဟိန်းသံတစ်ခုက ရောက်ရှိလာပြီး မျက်လုံးအတွင်း၌ အမျက်ဒေါသတို့ ပြည့်နက်နေပါသည်။

ဤသည်က မိုးပြာရောင်နဂါး၏ခန္ဓာကိုယ် တုန်ခါမှုအား ပိုမိုပြင်းထန်လာစေပြီး နောက်သို့ဆုတ်ခွာ သွားရ၏။

တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။

"ဝေါင်း.."

ရွှေရောင်နဂါးကြီး ထိုးဆင်းလာပြီးနောက် နဂါးနိုင်လက်ဝါးသိုင်း၏ ကြီးစိုးလှသည့် စွမ်းအားက မိုးပြာရောင်နဂါးအပေါ်သို့ ဖိနှိပ့်လာခဲ့သည်။

"ဝေါင်း.."

မိုးပြာရောင်နဂါးက ရုန်းကန်မှုပြုကာ ထိုဖိနှိပ့်ထားမှုမှ ချိုးဖျက်ထွက်ခွာရန် ကြိုးစား၏။

ရွှီယန်၏မျက်နှာက အံ့သြသွားသည်။ နဂါးနိုင်လက်ဝါးသိုင်းသည် အမှန်တကယ်ကို နာမည်အတိုင်းပင် နဂါးများကို အနိုင်ယူနိုင်၏။ ထိုသို့ဆိုပါက မြွေနဂါးကို အနိုင်ယူရန်မှာ လွယ်ကူနေမှာပါ။

နောက်ထပ် လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။

ဒုတိယမြောက် ရွှေနဂါးကြီးက မာန်ဖီကာ မိုးပြာရောင်နဂါးဆီသို့ ပြေးဝင်လာပြန်၏။ နဂါးကြီးမြတ်မှု၏ ဖိနှိပ့်မှုအောက်တွင် မိုးပြာရောင်နဂါးမှာ း ရုန်းကန်မှုပြုရင်းမှ ခွန်အားတို့ ဆက်လက် နည်းပါးလာခဲ့သည်။

မူလက အားနည်းနေပြီးဖြစ်သည့် ဝိဉာဉ်မှာ ယိုင်နဲ့လာပြီး အကြောက်တရားဖြင့် တည်ငြိမ်နိုင်အောင်မရှိဘဲ ဖြစ်နေ၏။

နဂါးနှစ်ကောင်က မိုးပြာရောင်နဂါးကို ဖိနှိပ့်ထားရင်းမှ တစ်ကောင်သည် မိုးပြာရောင်နဂါး၏ ခန္ဓာကိုယ်အတွင်းသို့ ဖြေညှင်းစွာ ပေါင်းစပ်ဝင်ရောက်သွား၏။ နဂါးနိုင်လက်ဝါးသိုင်းမှာ အလွန် ယန်ဓာတ်များကာ ကြမ်းကြုတ်၏။ ဤသည်မှာ ယင်စွမ်းအင်နှင့် မကောင်းမှုများ၏ ကဒ်ဘေးဖြစ်သည်။

မိုးပြာရောင်နဂါးမှာ အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲခဲ့ရာ အမှောင်သတ္တဝါတစ်ကောင်ဟု ယူဆနိုင်၏။ ၎င်း၏ခန္ဓာကိုယ်က အဆိပ်မြူနှင့် မကောင်းသည့်စွမ်းအင်တို့ဖြင့် ပြည့်နက်နေပြီး နဂါးနိုင်လက်ဝါးက ဖယ်ရှားနိုင်၏။

ထို့ကြောင့် ရွှီယန်သည် ရွှေရောင်နဂါးကို မိုးပြာရောင်နဂါး၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ရန်ကြိုးစားလိုက်သည်။ နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားကို အသုံးပြုပြီးပင် မိုးပြာရောင်နဂါး၏ ခန္ဓာကိုယ်ကို ယာယီထိန်းချုပ်လိုက်၏။

"ဝေါင်း.."

မိုးပြာရောင်နဂါး၏ အသိစိတ်သည် အန္တရာယ်ကို ခံစားလိုက်ရသည့်အလား အသည်းအသန် ရုန်းကန်မှုပြု၏။

နဂါးကြီးမြတ်ခြင်း၏ ဖိနှိပ့်မှုအောက်တွင်ပင် ၎င်းသည် သက်ဆိုင်ရာ ခွန်အားတစ်ခုကို ထုတ်လွှတ်နိုင်ဆဲ ရှိသည်။ ဤသည်က ရွှေနဂါးကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်ရန် ကာကွယ်ထား၏။

ရွှီယန်က နောက်ထပ်လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။ တတိယမြောက် ရွှေနဂါးကြီးက ထွက်ပေါ်လာပြီး ပါးစပ်ကိုဖွင့်ကာ ဟိန်းသံတစ်ခုနှင့်အတူ မိုးပြာရောင်ကောင်းကင်နဂါး၏ ဦးခေါင်းကို ကိုက်ထည့်လိုက်၏။

မိုးပြာရောင်နဂါး၏ ရုန်းကန်မှုတို့ အားနည်းလာပြီး ရွှေရောင်နဂါးကြီးက သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက် ပေါင်းစပ်ဝင်ရောက်သွားသည်။

သို့ရာတွင် မိုးပြာရောင်နဂါး၏ ဝိဉာဉ်က စတင်ရုန်းကန်လာ၏။ သို့ပေမယ့် နဂါးကြီးမြတ်ခြင်းနှင့် ဖိနှိပ့်ခြင်းခံရပြီး အားနည်းလာခဲ့သည်။

ရွှီယန်သည် လျှင်မြန်စွာ ရွေ့လျားနေပြီး ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။ ဓားချက်မှာ အလွန်တိတ်ဆိတ်လှပြီး ညင်သာသည့် လေညှင်းတစ်ခုနှယ် ထွက်ခွာသွားသည်။

"ဝှစ်.."

ဖယောင်းတိုင်မီးအား လေတိုက်သကဲ့သို့ မိုးပြာရောင်နဂါး၏ ဝိဉာဉ်သည် တိုက်ခတ်ခြင်းခံရပြီး ပြင်းထန်စွာ ယိမ်းယိုင်လာခဲ့၏။

ရွှီယန်က ဓားချက်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်ကာ အသက်ရှူချိန်တစ်ခုစာ အတွင်းတွင် ဓားချက်၇ချက်အား ထုတ်လွှတ်ပြီး ရွှင်ဖုန်းဓားဆန္ဒကို အဆုံးစွန်အထိ အသုံးပြုထား၏။

"အုန်း.."

အခိုက်အတန့်တစ်ခုတွင် မိုးပြာရောင်နဂါး၏ ဝိဉာဉ်သည် ဖယောင်းတိုင်မီးငြှိမ်းသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ နဂါးကြီး၏အလောင်းမှာလည်း ရုန်းကန်မှုတို့ ရပ်တန့်သွားသည်။

ရွှီယန်က နောက်ထပ်ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ညင်သာသည့်လေက ပတ်ဝန်းကျင်ကို ဖြတ်သန်းသွား၏။ ဒီဗိုင်းဝိဉာဉ်၏ လှိုင်းထမှုအားလုံးတို့လည်း သုတ်သင်ခြင်း ခံလိုက်ရသည်။

ဒီအချိန်၌ နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားက မိုးပြာရောင်နဂါး၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ဖြစ်၏။ နဂါးနိုင်လက်ဝါး၏ စွမ်းအားမှတစ်ဆင့် ရွှီယန်တစ်ယောက် မိုးပြာရောင်နဂါး ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကို စူးစမ်းနိုင်လိုက်သည်။

သူသည် အံ့သြသွားခဲ့၏။ မိုးပြာရောင်နဂါးတွင် ကြီးမားလှသည့် စွမ်းအားတို့ ပိုင်ဆိုင်ထားပြီး တစ်ဝက်နီးပါးတို့သည် အမှောင်စွမ်းအင်သို့ ပြောင်းလဲပြီးဖြစ်သည်။

သို့ပေမယ့် အခြားတစ်ဝက်မှာ စိတ်ဝိဉာဉ်သားရဲတစ်ကောင်၏ သန့်စင်သည့်စွမ်းအားအဖြစ် ရှိနေဆဲရှိ၏။

'အလောင်းနတ်ဆိုးက စိတ်ဝိဉာဉ်သားရဲတစ်ကောင်အဖြစ် ပြန်ပြောင်းလာတာလား။ မဟုတ်သေးဘူး ဒါမမှန်ဘူး... ပြောင်းလဲမှု မအောင်မြင်ခဲ့တာ ဖြစ်မယ်..'

ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ မိုးပြာရောင်ကောင်းကင်နဂါး၏ ဂုဏ်သတင်းမှာ အကြောင်းပြချက်မရှိသည် မဟုတ်ပေ။ သူသည် မိမိ၏သေဆုံးမှုအတွက် စီမံမှုများစွာတို့ကို ပြုလုပ်ခဲ့၏။

သို့ရာတွင် ကံဆိုးသည်မှာ ကိစ္စများသည် အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ပါ။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကျရှုံးခဲ့ပြီး နောက်ဆုံးခြေလှမ်းအား မပြီးမြှောက်နိုင်ခဲ့ပေ။ ယင်မကောင်းဆိုးဝါး အလောင်းနတ်ဆိုးအဆင့်၌သာ တည်ရှိနေ၏။

ဤသည်မှာ လူအုပ်စု၏ မိုးပြာရောင်နဂါးသင်္ချိုင်းအတွင်းသို့ ဝင်ရောက်ကာ အနှောင့်အယှက်ပြုခဲ့လို့မဟုတ်ပေ။ မိုးပြာရောင်နဂါးက သူ၏ပြောင်းလဲမှုအတွက် လုံလောက်သည့် စိတ်ဝိဉာဉ်ဆေးပင်နှင့် ပစ္စည်းများကို မမြှုပ်နှံထားခဲ့သောကြောင့် ဖြစ်၏။

အကောင်းဆုံးကြိုးစားခဲ့လင့်ကစား ပြီးပြည့်စုံစွာ ပြောင်းလဲရန်အတွက် ကျရှုံးဆဲဖြစ်မည်ဟု မိုးပြာရောင်နဂါးပင် မထင်ထားခဲ့ဟန် တူသည်။

နဂါးနိုင်လက်ဝါးချက် သုံးခုတို့သည် မိုးပြာရောင်နဂါး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး အလောင်းစွမ်းအင်နှင့် မသန့်စင်မှုများကို ရှင်းထုတ်သည်။

နဂါး၏ ခန္ဓာကိုယ်ပေါ်မှ အမဲရောင်အငွေ့များ ထွက်ပေါ်လာ၏။

ရွှီယန်သည် ရွှေနဂါးကြီးများကို ဆက်တိုက်ရိုက်ထုတ်နေပြီး မိုးပြာရောင်ကောင်းကင်နဂါး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် ပေါင်းစပ်စေသည်။ နဂါးနိုင်လက်ဝါး၏ စွမ်းအားမှာ သေးငယ်ခြင်း မရှိပေ။

တိမ်မဲနွံ၏ အပြင်ဘက်ရှိ ရှန်ဟိုင်ကျိုးမှာ မှင်သက်နေပြီးဖြစ်၏။ ဒီရွှေနဂါးကြီးများကို ရွှီယန်က ထုတ်လွှတ်နေသည်လား။

'လင်းနယ်မြေမှာ စစ်မှန်တဲ့နဂါးတစ်ကောင် ပေါ်ထွန်းလာတော့မယ်။ ဒီညီအစ်ကိုက တကယ့်ကိုစွမ်းအားကြီးတာပဲ။ ငါသူနဲ့ ဆက်ဆံရေးကောင်းအောင် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်..'

ရှန်ဟိုင်ကျိုးတစ်ယောက် အတွေးနက်သွားသည်။ ကောင်းမွန်သည့် ဆက်ဆံရေးအား မည်ကဲ့သို့ ထိန်းသိမ်းရမည်နည်း။

"ပိုက်ဆံ..."

ရွှီယန်၏ အစစ်အမှန်ယွမ်သည် လျှင်မြန်စွာ ကုန်ဆုံးနေပြီး သုံးပုံတစ်ပုံလောက် အသုံးပြုပြီးမှသာလျှင် မိုးပြာရောင်ကောင်းကင်နဂါး၏ ခန္ဓာကိုယ်အတွင်းရှိ အလောင်းစွမ်းအင်များကို လုံးဝ သန့်စင်လိုက်နိုင်သည်။

'ငါ့ရဲ့ အစစ်အမှန်ယွမ်နဲ့တောင် သုံးပုံတစ်ပုံလောက် ကုန်သွားခဲ့တယ်..'

ရွှီယန်က သက်ပြင်းချသည်။

ဒီအလောင်းစွမ်းအင်သည် အမှန်တကယ်ကို ဖယ်ရှားရန်ခက်ခဲလှ၏။ နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားမှာ အလွန် ယန်ဓာတ်ဆန်ကာ သန်မာအားကောင်းပြီး အလောင်းစွမ်းအင်ကို ဖိနှိပ့်နိုင်၍သာ မဟုတ်ပါက လုံးဝဖယ်ရှားနိုင်မည် မဟုတ်ပေ။

အလောင်းစွမ်းအင်၏ ပျောက်ကွယ်သွားမှုနှင့်အတူ မိုးပြာရောင်နဂါး၏ ကြေးခွံများအကြားရှိ အမွှေးအမျှင်များလည်း ပျောက်ကွယ်သွားခဲ့၏။ ဒီအချိန်၌ သေဆုံးခါစရှိသည့် နဂါးအလောင်းတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

ရွှီယန်သည် နဂါးနိုင်လက်ဝါးအားကို ထိန်းချုပ်လိုက်၏။

မိုးပြာရောင်ကောင်းကင်နဂါး၏ အလောင်းက လက်ဝါးနှင့်အတူ ရွေ့လျားလာပြီး နဂါးကြီးမြတ်မှုတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ မျက်လုံးအစုံတို့သည် အလင်းရောင်ဖြင့် တောက်ပနေ၏။

'အံ့သြစရာပဲ... ငါ.. နဂါးနိုင်လက်ဝါးသိုင်းနဲ့ နဂါးအလောင်းကို ထိန်းချုပ်နိုင်တယ်..'

ရွှီယန်က ဝမ်းသာသွားသည်။

'ဒီအလောင်းကြီးက ကြီးလွန်းတယ်။ သိုလှောင်အိတ်ထဲမှာ ဆံ့မှာမဟုတ်ဘူး..'

ရွှီယန်တစ်ယောက် ခေါင်းခဲသွား၏။

"စမ်းကြည့်တာပေါ့... အရွယ်အစားကို သေးလို့ရလား မသိဘူး.."

ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်းကို လှည့်လည်ရင်းက အလောင်းကို ချုံ့ရန်ကြိုးစား၏။ သူ၏ ထိန်းချုပ်မှုနှင့်အတူ မိုးပြာရောင်ကောင်းကင်နဂါး၏ အလောင်းမှာ ကျုံ့ဝင်သွားခဲ့သည်။

နှစ်ပေါင်းရှည်ကြာသည့် အားဖြည့်မှုတို့နှင့် အလောင်းနတ်ဆိုးအဖြစ် တစ်ကြိမ်ပြောင်းလဲခဲ့မှုတို့ကြောင့် မိုးပြာရောင် ကောင်းကင်နဂါး၏ အလောင်းတွင် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေပုံကို နဂါးနိုင်လက်ဝါးမှတစ်ဆင့် ရွှီယန်တစ်ယောက် ခံစားမိလိုက်သည်။

နဂါး၏၃.၃မီတာ‌လောက်အထိ ကျုံ့ဝင်သွားပြီးနောက် ၄င်းကို ဆက်လက်ချုံ့ပစ်နိုင်စွမ်း မရှိတော့ပေ။ သို့ပေမယ့် ဤသည်မှာ လုံလောက်နေပါပြီ။ ကြီးမားသည့် သိုလှောင်အိတ်တစ်ခုဖြင့် တစ်ကောင်လုံးကို ဝင်ဆံ့နိုင်၏။

ရွှီယန်က သိုလှောင်အိတ်ကိုထုတ်ကာ သူ၏ အစစ်အမှန်ယွမ်ကို အသက်သွင်းလိုက်သည်။ အိတ်ကိုဖွင့်ပြီး နဂါးအလောင်းကို အတွင်းထဲသို့ ထည့်လိုက်၏။

All Chapters