တိမ်မဲနွံ၊ လင်းနယ်မြေ၏ စည်းမျဉ်းများ
Vol. 27 Ch. 391
သိုက်ယင်ယင်၏ အထက်စီးဆန်ခြင်းအား အသားကျနေမှုက သူမ၏ သေဆုံးခြင်းကို ဖြစ်ပေါ်စေခဲ့၏။
"ဒီကိစ္စကို ငါတို့တွေ သတင်းပို့ကြမလား။ ဖြစ်နိုင်တာက သွေးနတ်ဆိုး တကယ်ပဲ ပြန်လာခဲ့တာလား.."
ဘယ်ဘက်ရှိ အစောင့်က နက်ရှိုင်းသည့် အသံဖြင့်မေး၏။
"သူက သွေးနတ်ဆိုးလားဘာလားဆိုတာ ငါတို့ရဲ့ ခန့်မှန်းချက်သက်သက်ပဲ။ နောက်ပြီး သွေးနတ်ဆိုးဆိုရင်တောင် သတ်ဖြတ်ခြင်းအတတ်ကို ကျင့်ကြံတာ မဟုတ်လောက်တော့ဘူး။ ထိုက်မြှောင်တောင်က တစ်ယောက် အတွင်းဘက်နယ်မြေကို ဝင်ရောက်ခဲ့တာကို မင်းလည်းသိတာပဲ.."
"လွန်ခဲ့တဲ့နှစ်ပေါင်း၂ဝတုန်းက မုန့်မိသားစုရဲ့ သခင်လေးလည်း အတွင်းဘက်နယ်မြေကို ဝင်ရောက်ခဲ့တယ်။ သွေးနတ်ဆိုးသာ အမှန်တကယ် အသက်ရှင်နေမယ်ဆိုရင် မင်းဘယ်လိုထင်လဲ.."
ညာဘက်ရှိအစောင့်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
"ဟစ်.."
ဘယ်ဘက်ရှိအစောင့်၏ မျက်လုံးများက ပြူးကျယ်သွားပြီး အံ့သြစွာပြောသည်။
"မင်းပြောချင်တာက သွေးနတ်ဆိုးသာ သတ်ဖြတ်ခြင်းအတတ်ကို မကျင့်ကြံတော့ဘဲ အမှန်တကယ် အသက်ရှင်ဦးမယ်ဆိုရင် ဒီကိစ္စရဲ့ နောက်ကွယ်မှာ..."
သူသည် စဉ်းစားလေလေ ပိုမိုသတိကြီးလေ ဖြစ်လာခဲ့၏။ မျက်စိဖြင့် မြင်တွေ့ရသည်ထက် ကိစ္စများစွာတို့ ရှိနေမှာ ဖြစ်သည်။
ညာဘက်ရှိအစောင့်က ဆက်လက်ပြောသည်။
"အဲ့လိုမဟုတ်ရင်တောင် မင်းနဲ့ငါက သွေးနတ်ဆိုးကို ဝင်ရောက်လာစေခဲ့တာ။ ဒါက ငါတို့ရဲ့အမှားလို့ မဆိုနိုင်ပေမယ့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတွေက ငါတို့ကို ဒီအတိုင်း ခွင့်လွှတ်ပေးလိုက်မယ်လို့ ထင်လား.."
သူတို့သည် သေချာပေါက် သေဆုံးရမှာ ဖြစ်သည်။
"ငါတို့လိုပဲပေါ့... အဲ့ဒီ့ စစ်ဘုရင်အဆင့် သိုင်းသမားတွေက ဘာအမှားမှ မလုပ်ခဲ့ကြပေမယ့် ငါတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလို့ သတ်ပစ်ခဲ့ကြတယ်လေ.."
"နောက်ပြီးတော့ ငါတို့တွေကလည်း အဲ့ဒီ့ မြင့်မားထည်ဝါတဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတွေအတွက် အတူတူပဲမဟုတ်ဘူးလား.."
ဘယ်ဘက်ရှိအစောင့်၏ မျက်နှာက တင်းကြပ်သွားသည်။ သူတို့ နှစ်ယောက်သည် နိမ့်ကျသည့် နောက်ခံမှလာပြီး ကျိန်နိုင်ငံ၏ တော်ဝင်အစောင့်များ ဖြစ်လာခဲ့ကြ၏။
ယခုအချိန်၌ လင်းနယ်မြေ၏ ဂိတ်တံခါးအား စောင့်ကြပ်ခြင်း၌ တာဝန်ယူရသည်။ ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ကောင်းကင်လူသားများနှင့် နှိုင်းယှဉ်ပါက ရာထူးဂုဏ်သိမ်ခြားနားမှုမှာ အမှန်တကယ်ကို ကြီးမားလှသည်။
ထို့အပြင် သွေးနတ်ဆိုးက လင်းနယ်မြေရှိ စွမ်းအားကြီးပုဂ္ဂိုလ်များအား ဖြစ်ပေါ်စေသည့် ထိတ်လန့်မှုမှာလည်း အတိုင်းအတာတစ်ခုအထိ ရှိ၏။
"ပြောတာက သေဖို့ ဖြစ်လာလိမ့်မယ်။ တိတ်ဆိတ်နေတာကလည်း သေလမ်းကို သွားရလိမ့်မယ်။ ဒါပေမယ့် အခုအချိန်ပြောလိုက်ရင် ငါတို့တွေ ရက်အများကြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ အမှန်တရားပေါ်လာတဲ့အထိ လျှို့ဝှက်ထားမယ်ဆိုရင်တော့ နည်းနည်းလောက်ပိုပြီးတော့ ရှင်သန်နိုင်ဦးမယ်.."
"နောက်ပြီးတော့ အချိန်ပိုပြီးတော့ ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ရွှေရှင်းနန်းတော်က နှစ်ယောက်လည်း အတွင်းဘက်နယ်မြေကိုဝင်ပြီး ပြန်မလာသေးဘူးလေ.."
ဘယ်ဘက်ရှိအစောင့်က ဆက်လက်ပြောသည်။
"ဟုတ်တယ်...ငါတို့တွေ နှုတ်ပိတ်ပြီးပဲ နေကြမယ်.."
ဘယ်ဘက်ရှိအစောင့်က ရှည်လျားသော အသက်ကိုရှူပြီး လေးနက်စွာခေါင်းငြိမ့်၏။
"သိုက်ယင်ယင်ရဲ့ သေဆုံးမှုကိုရော ဘယ်လိုလုပ်ကြမလဲ.."
ထို့နောက် မျက်မှောင်ကျုံ့စွာ မေးသည်။
"မင်းနဲ့ငါနဲ့ သူမကို တွေ့ခဲ့ကြတယ်။ သူမ ဒီကို တစ်ကြိမ်ရောက်ခဲ့တယ်။ ဒါပေမယ့် အတွင်းဘက်နယ်မြေကလူတွေကို အမှိုက်တွေလိုပဲ နိမ့်ကျလွန်းတယ်ဆိုပြီး သွားဖမ်းဖို့ မထိုက်တန်ဘူးလို့ ခံစားရလို့ ပြန်ထွက်သွားခဲ့တယ်။ သူမဘယ်နေရာမှာ သေသွားခဲ့တာလဲ ဆိုတာကိုတော့ ငါတို့က ဘယ်လိုသိမှာလဲ.."
"လေလွင့်ကောင်းကင်လူသားအဆင့် သိုင်းသမားတွေ သူမကို သတ်ဖြတ်ဖို့ ကျိန်ဆိုထားကြတယ်မလား။ သူတို့လုပ်တယ်လို့ပဲ ပြောလိုက်တာပေါ့.."
ညာဘက်ရှိအစောင့်က တည်ငြိမ်စွာပြော၏။
သိုက်ယင်ယင်နှင့် သူမ၏ တာအိုစောင့်ရှောက်သူ ကောင်းကင်လူသားတို့ အားလုံး သေဆုံးခဲ့ကြသည်မှာ
ခန္ဓာကိုယ်များပင် မကျန်ရစ်ပေ။ ထို့အပြင် ထိုကိစ္စကို သူတို့နှစ်ဦးနှင့် လူသတ်သမားမှလွဲ၍ မည်သူမှ မသိကြပါ။
"အဲ့လိုပဲ ထားလိုက်တာပေါ့.."
ဘယ်ဘက်ရှိအစောင့်က လေးနက်စွာ ခေါင်းငြိမ့်သည်။
နှစ်ယောက်သားသည် ကျင့်ကြံမှုကိုသာ ဆက်လက်လုပ်ဆောင်ပြီး မည်သည်မှ မဖြစ်ခဲ့သည့်ပုံ ပေါ်၏။
လင်းယွီဂိတ်တံခါးမှာလည်း ပွင့်ခဲ့ခြင်း မရှိသကဲ့သို့သာ ရှိသည်။ သို့ရာတွင် နှလုံးသားထဲတွင် အလိုလိုနားလည်မှု ရှိကြပါသည်။ နောင်တွင် အတွင်းဘက်နယ်မြေမှ တစ်ယောက်ယောက်သာ ဝင်ရောက်လာပါက သူတို့အနေနှင့် ဆိုးရွားစွာ ဆက်ဆံမှုအား ရှောင်ရှားကြမည်ဖြစ်၏။
သွေးနတ်ဆိုးနှင့် ပတ်သက်နေပါက မည်ကဲ့သို့လုပ်မည်နည်း။ မိမိသေလမ်းကို ရှာသည်နှင့် မတူပေဘူးလား။
သိုက်ယင်ယင်ကဲ့သို့ ဖြစ်သည်။
တစ်ချိန်တည်းတွင် နှလုံးသားထဲ၌ ကြောင်မင်နှင့် ဖင်းအာတို့ကိုလည်း ကျိန်ဆဲနေမိသည်။
အတွင်းဘက်နယ်မြေကို ဝင်ရောက်သွားတာ ကြာပြီဖြစ်ပေမယ့် ပြန်မလာသေးပေ။ ထိုနှစ်ယောက်မှာ စိတ်ဝိဉာဉ်ဂိုဏ်းမှဖြစ်၍သာ မဟုတ်ပါက လင်းယွီဂိတ်တံခါးကို သူတို့အနေနှင့် သေချာပေါက် ပိတ်ချပစ်လိုက်မှာ ဖြစ်သည်။ အတွင်းဘက်နယ်မြေ၌ ထာဝရနေထိုင်စေမည် ဖြစ်၏။
ရွှီယန် လင်းနယ်မြေသို့ ဝင်ရောက်ပြီးနောက် လီရွှမ်တို့အုပ်စုမှာ ချန်းလန်ကျွန်းဆီသို့ ပြန်ခဲ့သည်။ ချန်းပိန်ဒေသမှ ထွက်ခွာပြီး မကြာခင်တွင် ရွှေစာအုပ်၏ ပွင့်လာမှုကို လီရွှမ် တွေ့လိုက်ရသည်။
"သင်၏တပည့်သည် ကောင်းကင်လူသားငယ် တစ်ယောက်ကို လက်ဝါးချက်တစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်။ သင်၏ တိုက်ခိုက်မှုအတွေ့အကြုံတို့ တိုးတက်လာခဲ့သည်.."
လီရွှမ် "..."
လင်းနယ်မြေသို့ ဝင်ရောက်ခါစရှိသေး ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ပြီးနေပြီလား။
ဤသည်က ပြဿနာ မများပေဘူးလား။
လီရွှမ်တစ်ယောက် ရွှီယန်၏ အတွင်းဘက်နယ်မြေသို့ မည်ကဲ့သို့ ဝင်ရောက်ခဲ့ပုံအား ပြန်လည်တွေးတောမိသည်။ မကြာခင်တွင်ပင် သူသည် သိုင်းသခင်များကို စတင် သတ်ဖြတ်ခဲ့၏။ တူညီသည့် အခြေအနေက သူ့ကိုစိုးရိမ်စွာ ခံစားရစေသည်။
'ဒီတစ်ခါလည်း ကောင်းကင်ကင်လူသားငယ်တွေကို ခဏခဏ လျှောက်သတ်နေမှာတော့ မဟုတ်လောက်ပါဘူးနော်..'
လီရွှမ်သည် ရုတ်တရက် ခေါင်းခဲစွာ ခံစားလိုက်ရ၏။
'အလင်းနဲ့မြူအတတ်ကို ကျင့်ကြံပြီးပြီဆိုတော့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား လိုက်ဖမ်းရင်တောင် ထွက်ပြေးလွတ်မြောက်နိုင်လောက်တယ်။ ပြဿနာကြီး မရှိလောက်ပါဘူး..'
ရွှီယန်သည် သိုင်းလောက၏ လူသစ်တစ်ယောက်မဟုတ်ပါ။ သူ၏အတွေ့အကြုံများက တော်တော်လေးကြွယ်ဝ၏။
ထို့အပြင် ခေါင်းမာသည့်လူလည်း မဟုတ်ပေ။ အနိုင်ရနိုင်ခြင်းမရှိပါက ချက်ချင်းထွက်ပြေးမှာ ဖြစ်၏။
အုပ်စုသည် ချန်းလန်ကျွန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ မုန့်ချုံနှင့် စုလင်းရှုံတို့က သူတို့၏ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်၏။ လင်းနယ်မြေကို ပိုမိုစောစီးစွာ ဝင်ရောက်နိုင်ရန်အတွက် ပိုမိုကြိုးစားအားထုတ်လာကြသည်။
ဒီတစ်ကြိမ်တွင် ရွှီမိခင်လည်း ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အားကြိုးမာန်တက် စတင်ကျင့်ကြံ၏။ သူမ၏ အဖိုးတန်သားအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်မည်ကို စိုးရိမ်နေပါသည်။ ယခုအချိန်၌ သူမသည် မကြားစဖူး တစ်နေ့လျှင် ၂နာရီကြာအောင် ကျင့်ကြံနေပြီ ဖြစ်၏။
ရှီအာနှင့် ကျိုးယင်တို့မှာလည်း ကြိုးစားကျင့်ကြံကြပြီး မူလအဆင့်၏ အသေးစားကျွမ်းကျင်မှုမှ အကြီးစာကျွမ်းကျင်မှုသို့ အသီးသီး ချိုးဖျက်သွားကြသည်။
ရွှီကျွင်းဟယ်၏ ခွန်အားမှာလည်း မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့၏။ လီရွှမ်ကလည်း အချိန်အချို့ယူကာ သူတို့အတွက် ညွှန်ကြားချက်အချို့ကို ပေးသည်။
လင်းနယ်မြေ၏ ယွီကျိုးရှိ ကျိန်နိုင်ငံတွင် ယခုအချိန်၌ အကြီးမားဆုံးကိစ္စမှာ မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်းအား ရှာဖွေတွေ့ရှိခဲ့မှု ဖြစ်သည်။
စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် တော်ဝင်မိသားစုများက သူတို့၏ လူငယ်မျိုးဆက်များကို စေလွှတ်ကာ ရတနာများကို အရှာလွှတ်လိုက်၏။
မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းအတွင်းတွင် ကျောက်စိမ်းနဂါးအပင်နှင့် နဂါးမျက်လုံးအသီးအပြင် အခြား ရတနာများလည်း ရှိရပေမည်။ မိုးပြာရောင်ကောင်းကင်နဂါး၏ တစ်ဘဝတာ စုစည်းမှုများပင် ရှိနေနိုင်၏။
စိတ်ဝိဉာဉ်သားရဲ မျိုးနွယ်ဝင်တစ်ယောက် အနေနှင့် မိုးပြာရောင်ကောင်းကင်နဂါးသည် ဒေသ၁၈ခုတို့တွင် တစ်ကြိမ်လှည့်လည်ခဲ့ဖူးကာ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားကိုပင် ဝါးမျိုခဲ့ဖူးပြီး အလွန်စွမ်းအားကြီးမားပါသည်။
ပြောကြသည်မှာ သူသည် ဒဏ္ဍာရီဆန်သည့် စစ်မှန်သည့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲလို၏။ သို့ပေမယ့် နောက်ဆုံးတွင် ကျရှုံးကာ မည်သည့်နေရာသို့ ရောက်ရှိသွားလဲ မသိရတော့ပေ။
မည်သည့်နေရာတွင် သေဆုံးခဲ့သည်ကိုလဲ မည်သူမှမသိကြပေ။ လင်းနယ်မြေရှိ သိုင်းလောကတွင် မိုးပြာရောင်ကောင်းကင်နဂါး၏ မသေဆုံးခင်တွင် အုတ်ဂူအတွက် ကြီးမားလှသည့် သင်္ချိုင်းကြီးတစ်ခုကို တည်ဆောက်ခဲ့သည့် ကောလဟာလအား မကြာခဏ ကြားရလေ့ရှိ၏။
သို့ရာတွင် ဘယ်တုန်းကမှ အတည်မပြုနိုင်ခဲ့ပေ။
ယခုအချိန်၌ မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းအား ရှာဖွေတွေ့ရှိခဲ့ရာ အဓိက စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် ယွီကျိုးသိုင်းလောကရှိ တော်ဝင်မိသားစုများ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားသည်။
ယွီကျိုးရှိ နံပါတ်တစ် စိတ်ဝိဉာဉ်ဂိုဏ်းဖြစ်သည့် ယွီနတ်ဘုရားဂိုဏ်းကပင်လျှင် သူတို့၏ ပါရမီရှင်များကို စေလွှတ်ခဲ့၏။
ပြောကြသည်မှာ စိတ်ဝိဉာဉ်သားရဲမျိုးနွယ်ကလည်း ဒီပွဲတွင် ပါဝင်ဆင်နွှဲလိုသည်ဟု ကြားရ၏။ သို့ပေမယ့် ယွီကျိုးမှာ စိတ်ဝိဉာဉ်သားရဲမျိုးနွယ်၏ လွှမ်းမိုးမှုအတိုင်းအတာအတွင်းတွင် မရှိပေ။ သူတို့သာ ပါဝင်လိုပါက အန္တရာယ်များမှာပါ။ လူသားမျိုးနွယ် သိုင်းသမားများအတွက် စိတ်ဝိဉာဉ်သားရဲများမှာလည်း ရတနာများဟု ယူဆနိုင်ပါသည်။