← Chapters

တိမ်မဲနွံ၊ လင်းနယ်မြေ၏စည်းမျဉ်းများ(၂)

Vol. 27 Ch. 392

တိမ်မဲနွံ၊ လင်းနယ်မြေ၏စည်းမျဉ်းများ(၂)

Vol. 27 Ch. 392

ဥပမာအားဖြင့် သိုလှောင်အိတ်ကို စိတ်ဝိဉာဉ်သားရဲတစ်မျိုးဖြစ်သည့် တောင်မြိုဖားကို အသုံးပြုကာ ပြုလုပ်ရ၏။

သို့ရာတွင် အများစုမှာ အဆင့်နိမ့်ကာ လျှင်မြန်စွာ မျိုးပွားနိုင်ကြသည်။ ထို့ကြောင့် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများက ၎င်းတို့ကို မွေးကြခြင်းပင်ရှိသည်။

လိုအပ်သည့် သိုလှောင်အိတ်ပမာဏအား ရရှိနိုင်ရန်ဖြစ်၏။

ကျိန်နိုင်ငံတွင် တိမ်မဲနွံ၏ အရှေ့၌ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများမှ ပါရမီရှင်များစွာ စုစည်းလာကြသည်။ တစ်ဖွဲ့ချင်းစီတိုင်းသည် မဟာဗျူဟာမြောက် နေရာတစ်ခုကို သိမ်းပိုက်ထားကြပြီး မိုးပြာရောင်နဂါးသင်္ချိုင်းအတွင်းသို့ ဝင်ရောက်ရန် စောင့်စားနေ၏။

ဒီနေရာသို့ ရောက်ရှိလာနိုင်သည့် သိုင်းသမားတိုင်းသည် အသက်၃၀အောက်ရှိ ပါရမီရှင်များ ဖြစ်ကြသည်။ဆယ်ကျော်သက်အနည်းငယ်မှလွဲ၍ သူတို့ထဲရှိ အားအနည်းဆုံးမှာ အစောပိုင်းအဆင့် ကောင်းကင်လူသားငယ်အဆင့်၌ ရှိ၏။

အသက်၃၀မတိုင်ခင်တွင် ကောင်းကင်လူသား အဆင့်သို့ ချိုးဖျက်နိုင်ခြင်းမှာ စိတ်ဝိဉာဉ်နယ်မြေ၌ ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်၏။

အနာဂတ်တွင် မထင်မှတ်ထားသည့် ပြဿနာများသာ ပေါ်ပေါက်မလာပါက သူတို့သည် ကြီးမြတ်သည့် ကောင်းကင်လူသားများ အသီးသီးဖြစ်လာကြမှာဖြစ်သည်။

သို့ရာတွင် ပါရမီရှင်တိုင်းကတော့ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက် ဖြစ်မလာနိုင်ကြပေ။

တိမ်မဲနွံအား သေးငယ်သည့် အမဲ‌ရောင်အဆိပ်မြက်များက ထူထဲစွာဖုံးအုပ်ထား၏။ လေ၏ဖြတ်သန်းတိုက်ခိုက်မှုနှင့်အတူ မြက်ပင်များသည် တိမ်မဲများနှယ် လွန့်လူးနေပါသည်။

နွံတစ်ခုလုံးသည် အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းနေပြီး လူတစ်ယောက်အနေနှင့် နွံ၏အလယ်တွင် ကြီးမားစွာ ရှိနေသည့် တောင်တစ်ခု ရှိနေကြောင်းကိုသာ ရေးတေးတေး တွေ့မြင်နိုင်သည်။

၎င်းမှာ ကျောက်နက်တောင် ဖြစ်၏။ ပြင်းထန်သည့်အဆိပ်ပါဝင်သည့် ကျောက်နက်ဖြင့် လုံးဝဖွဲ့စည်းထားသည်။ ပြောကြသည်မှာ နှစ်ပေါင်းများစွာကြာအောင် အဆိပ်မြူများ၏ စိမ့်ဝင်လာမှုကြောင့် အနက်ရောင်ပြောင်းသွားခဲ့သည်ဟု ဆို၏။

မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းသည် ကျောက်နက်တောင်အတွင်းတွင် ရှိနေပါသည်။

တိမ်မဲနွံသည် အဆိပ်မြူများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်အတွက်ပင်လျှင် အချိန်ကြာရှည်စွာ နေနိုင်ခြင်း မရှိပေ။

ထိုအဆိပ်မြူများသည် သိုင်းသမားများ၏ စွမ်းအားကို တိုက်စားကာ အခိုက်အတန့်တိုင်းတွင် ခွန်အားကို လျော့ကျစေနိုင်၏။

အဆိပ်မြူများသည် စတင် ပါးလျလာခဲ့သည်။ မှတ်တမ်းအရ နှစ်စဉ်နှစ်တိုင်း တိမ်မဲနွံအတွင်းရှိ အဆိပ်မြူများသည် ၁၀ရက်ကြာအောင် ပျောက်ကွယ်သွားပြီးမှ ပြန်ပေါ်လာတတ်၏။

ထို၁၀ရက်သည် မိုးပြာရောင်နဂါးသင်္ချိုင်းအတွင်းသို့ ဝင်ရောက်ရန်အတွက် အခွင့်အရေးဖြစ်သည်။

မိုးပြာရောင်နဂါးသင်္ချိုင်း၏ ရှာတွေ့မှုနှင့်အတူ တိမ်မဲနွံရှိ အခင်းအကျင်းကိုလည်း မိုးပြာရောင်နဂါးက ချန်ရစ်ခဲ့သည့် အစီအမံတစ်ခုဖြစ်မည်ဟု ထင်မြင်ချက်များ ပေါ်လာခဲ့၏။

မှတ်တမ်းများအရ မိုးပြာရောင်ကောင်းကင်နဂါးသည် အလွန်စွမ်းအားကြီးမားပြီး ခန္ဓာကိုယ်အတွင်း၌ အဆိပ်အိတ်တစ်ခုကို ပိုင်ဆိုင်ထား၏။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကိုပင် သတ်ဖြတ်နိုင်သည့် စွမ်းအားကြီးမားသည့် အဆိပ်အတတ်တစ်ခုကို ကျင့်ကြံထားပါသည်။ အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှ၏။

ပုံရိပ်များစွာတို့ ကောင်းကင်မှ သက်ဆင်းလာပြီး တိမ်မဲနွံ၏ သက်ဆိုင်ရာ နေရာတစ်ခုတွင် ကျရောက်လာခဲ့သည်။ ထိုနေရာသည် မြင့်မားပြီး တိမ်မဲနွံနှင့် တော်တော်လေး နီးကပ်၏။ သို့ပေမယ့် အဆိပ်မြူများ ရောက်ရှိနိုင်ခြင်း မရှိပေ။ ဤသည်မှာ အရေးသာသည့် နေရာတစ်ခုဖြစ်၏။

"ဒါက သိုက်မိသားစုက လူတွေမလား.."

ရောက်ရှိလာသည့် ပုံရိပ်များကို တွေ့ရပြီးနောက် သိုင်းသမားအချို့က အချင်းချင်း တီးတိုးကြသည်။

"သိုက်မိသားစုကတော့ တကယ့်ကို မြင့်တက်တော့မယ်။ ယွီကျိုးမှာ ပထမတန်းစား မိသားစုတစ်ခု ဖြစ်လာဖို့ အခွင့်အရေးရှိတယ်.."

တစ်ယောက်က သက်ပြင်းချသည်။

သိုက်မိသားစုသည် ယွီကျိုးရှိ ဒုတိယတန်းစားအဆင့် မိသားစုတစ်ခုသာဖြစ်၏။ သို့ပေမယ့် ဒီမျိုးဆက်တွင် သိုက်ယင်ယင်ဟုခေါ်သည့် ပါရမီရှင်တစ်ယောက် ပေါ်ပေါက်လာကာ ကျိန်တော်ဝင်မိသားစုအတွင်းသို့ ဝင်ရောက်နိုင်ခဲ့လေသည်။

ဆိုလိုသည်မှာ သိုက်မိသားစုသည် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများနှင့် ထိတွေ့နိုင်သည့် သေးငယ်သည့် အခွင့်အလမ်းတစ်ခု ရှိနေ၏။

ကျိန်တော်ဝင်မိသားစုသည် သူတို့၏ လင်းယွီဂိတ်တံခါးအား စောင့်ကြပ်ရန် တာဝန်ကြောင့် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများစွာတို့၏ အမိန့်ကို တိုက်ရိုက်နာခံကြသည်။

သူတို့သည် ယွီကျိုးတွင် အသန်မာဆုံး မဟုတ်ပေမယ့် မည်သူမှ ထိပါးရဲခြင်း မရှိပါ။

ဒုတိယတန်းစားနှင့် တတိယတန်းစား မိသားစုကြီးများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများသည် ကျိန်တော်ဝင်မိသားစုနှင့် လက်ဆက်ထိမ်းမြားခြင်း မဟာမိတ် ပြုလိုကြသည်။

သို့ပေမယ့် ကျိန်တော်ဝင်မိသားစု၏ လိုအပ်ချက်မှာအလွန်မြင့်မားပြီး အခြား အဖွဲ့အစည်းများနှင့်အလွယ်တကူ လက်ထပ်ထိမ်းမြားခြင်း မပြုပေ။

သိုက်ယင်ယင်မှာ အထူးခန္ဓာ တစ်ခုနှင့်မွေးဖွားလာ၏။ ဤသည်မှာ မရေမတွက်နိုင်သည့် ပါရမီရှင်များ၏ အားကျစရာ ဖြစ်သည်။

ကျိန်တော်ဝင်မိသားစုသည် ထိုမိန်းကလေးအပေါ်သဘောကျပြီး သိုက်မိသားစုသည် ကျိန်တော်ဝင်မိသားစုနှင့် ထိမ်းမြားလက်ထပ်ခြင်း မဟာမိတ်ပွဲကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။

"သိုက်ယင်ယင် ဘာလို့ မရောက်သေးတာလဲ.."

သိုက်ကျွင်းက ပတ်ဝန်းကျင်ကိုကြည့်ကာ မျက်မှောင်ကျုံ့သွားသည်။

"သခင်မလေးပြောတာတော့ အတွင်းဘက်နယ်မြေကိုသွားပြီး အဲ့ဒီ့က နိမ့်ကျတဲ့လူတွေကို သွားခေါ်လာမယ်ပြောတယ်။ ရှေ့မှာ ကင်းထောက်လုပ်ခိုင်းဖို့တဲ့.."

သူ၏ဘေးရှိ အစေခံကပြော၏။

"နိမ့်ကျတဲ့နယ်မြေက သိုင်းသမားတွေက အားနည်းလွန်းတယ်။ သူတို့ကိုသွားဖမ်းတော့ ဘာအသုံးမဝင်မှာလဲ.."

သိုက်ကျွင်းက ခေါင်းကိုရမ်း၏။

"ယင်ယင်ကို သတ်မယ်ဆိုပြီးတော့ ကြွေးကျော်တဲ့ဟိုကောင်ကို မင်းတို့ရှာတွေ့ပြီလား.."

"ကျွန်တော်တို့တွေ သူ့ရဲ့သဲလွန်စကို တွေ့ပါတယ်။ လိုက်လံပြီးတော့ သုတ်သင်နေပါတယ်။ အကြာကြီး အသက်ရှင်မှာ မဟုတ်ပါဘူး.."

သိုက်ကျွင်းက ထိုစကားကိုကြားရပြီးနောက် ခေါင်းငြိမ့်သည်။

တိမ်မဲနွံတလျှောက်ကို ကြည့်လိုက်ပြီးနောက် အဆိပ်မြူများအကြားမှ မြင့်မားသည့် တောင်တစ်ခုကို ရေးတေးတေး တွေ့မြင်နိုင်၏။

တိမ်မဲနွံ၏ အရှေ့တွင် ကြီးမားသည့် ကျောက်တုံးကြီးတစ်ခု ရှိနေသည်။ ၎င်းသည် နွံနှင့် အနီးကပ်ဆုံးဖြစ်၏။

သို့ပေမယ့် အဆိပ်မြူများသည် ကျောက်တုံးကြီးပေါ်သို့ ပျံ့နှံခြင်း မရှိပေ။ ထိုနေရာသည် တိမ်မဲနွံ၏ အစွန်းရှိ အကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်၏။

လက်ရှိအချိန်၌ လင်းနယ်မြေရှိ မည်သည့်မိသားစုကြီး သို့မဟုတ် စိတ်ဝိဉာဉ်ဂိုဏ်းမှ ထိုနေရာကို သိမ်းပိုက်ထားခြင်း မရှိပါ။ သက်ဆိုင်ရာအင်အားစုတစ်ခု အတွက် ဖြစ်သည်ဟု အလိုလို မှတ်ယူထားကြဟန်တူ၏။

စိတ်ဝိဉာဉ်နယ်မြေတွင် အဆင့်အတန်းခွဲခြားမှုက ကြီးမားလွန်းသည်။ အဓိကကိစ္စကြီးတစ်ခု ဖြစ်ပွားတိုင်းတွင် ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးများ ပါဝင်ဆင်နွှဲမည်ဟု အတည်ပြုပြီးသည်နှင့် အခြား ဒုတိယတန်းစားနှင့် တတိယတန်းစား အင်အားစုများက ထိုအဖွဲ့အတွက် နေရာတစ်ခုကို အမြဲတမ်း ချန်ထားကြရသည်။

စောစောရောက်သောကြောင့် ထိုနေရာကို သွားဦးသည်ဟူ၍ ဘယ်တုန်းကမှ မရှိပါ။ မဟုတ်ပါက ပြဿနာတက်မှာဖြစ်၏။ ဤသည်မှာ စိတ်ဝိဉာဉ်နယ်မြေတွင် စည်းကမ်းချက်ထုတ်မထားသည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် ထိုနေရာသည် အလွန်ကောင်းမွန်လင့်ကစား မည်သည့် အင်အားစုကမှ သွားရောက်သိမ်းပိုက်ခြင်း မရှိပေ။

ရွှီယန်သည် သိုက်ယင်ယင်ဆီမှ မိုးပြာရောင်နဂါးသင်္ချိုင်းအကြောင်းကို သိရှိလာပြီးနောက် ထိုနေရာကို စူးစမ်းရှာဖွေမှု၌ ဆင်နွှဲရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။

ဒီရတနာနယ်မြေကို လွဲချော်လို့ မဖြစ်ပေ။ အဆင်ပြေပါက သူ့အတွက် လုံလောက်သည့် အခြေခံကို လျှင်မြန်စွာ စုစည်းနိုင်ပြီး ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်နိုင်မည်ဖြစ်၏။

'စိတ်ဝိဉာဉ်နယ်မြေက တကယ့်ကို ချမ်းသာတာပဲ..'

သိုက်ယင်ယင်၏ သိုလှောင်အိတ်ကို ရှာဖွေပြီးနောက် ရွှီယန်တစ်ယောက် မနေနိုင်ဘဲ သက်ပြင်းချမိသည်။

အတွင်းထဲရှိ အနိမ့်ဆုံး စိတ်ဝိဉာဉ်ဆေးပင်ပင်လျှင် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ဖြစ်၏။ ထိုအထဲတွင် အဆင့်၄ စိတ်ဝိဉာဉ်ဆေးပင်များပင် ရှိနေပါသည်။

ပုလင်းများနှင့် အိုးများမှာတော့ အားလုံးမှာ စိတ်ဝိဉာဉ်ဆေးပင်များမှ ပြုလုပ်ထားသည့် ဆေးလုံးများဖြစ်၏။

ရွှီယန်၏ မျက်လုံးထဲတွင် ဤသည်မှာ အရင်းအမြစ်ဖြုန်းတီးမှုတစ်ခု ဖြစ်သည်။ အဆင့်မြင့်စိတ်ဝိဉာဉ်ဆေးပင်များကို အသုံးပြုထားပေမယ့် အာနိသင်မှာ သူယူဆောင်လာသည့် ဒန်ဆေးလုံးများထက် များစွာနိမ့်ကျပါသည်။

စိတ်ဝိဉာဉ်နယ်မြေတွင်လည်း စိတ်ဝိဉာဉ်လက်မှတ်နှင့် တူညီသည့် ငွေကြေးတစ်မျိုး ရှိပုံပေါ်၏။ သို့ပေမယ့် အင်အားစုတစ်ခုတည်းမှ လာခြင်း မဟုတ်ပါ။

အင်အားစုများစွာတွင် ၎င်းကို အသီးသီး ဖန်တီးထားခြင်း ရှိ၏။

ရွှီယန်သည် သိုက်ယင်ယင်၏ သိုလှောင်အိတ်အတွင်းတွင် စိတ်ဝိဉာဉ်လက်မှတ်၃မျိုးတို့ကို တွေ့ရှိပြီးဖြစ်သည်။

အိတ်ထဲတွင် စိတ်ဝိဉာဉ်လက်မှတ် အများကြီးမရှိပါ။ စိတ်ဝိဉာဉ်ပုံဆောင်ခဲများက ပိုများ၏။

'စိတ်ဝိဉာဉ်နယ်မြေက စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေက အတွင်းဘက်နယ်မြေက ဟာတွေထက် အများကြီးပိုကောင်းတယ်။ စိတ်ဝိဉာဉ်စွမ်းအင်တွေ အများကြီးပိုပြီးတော့ ပါဝင်တယ်..'

ရွှီယန်သည် အကြိမ်ကြိမ် စုပ်သပ်နေမိသည်။ ဒီစိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုချင်းစီတိုင်းသည် စိတ်ဝိဉာဉ်စွမ်းအင်ပမာဏအရ တိုင်းတာပါက အတွင်းဘက်နယ်မြေရှိ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခု၆ခုနှင့်ညီမျှ၏။

'သူမနဲ့အတူ စိတ်ဝိဉာဉ်ပုံဆောင်ခဲ သောင်းနဲ့ချီပြီးသယ်ဆောင်လာခဲ့တာ တော်တော်ချမ်းသာတဲ့မိန်းကလေးပဲ။ ဆိုးတာက ကိုယ့်ကိုယ်ကို သတ်သေချင်နေပုံပေါ်တယ်။ သူမသာ သခင်မလေးသုလို ရက်ရက်ရောရောရှိရင် သေမှာမဟုတ်ဘူး..'

ရွှီယန်က ခေါင်းကိုရမ်းသည်။

'တိတ်မဲနွံက ရှေ့မှာပဲ..'

အဝေးမှနေ၍ သူ့အနေနှင့် မြင်တွေ့နိုင်သည်အားလုံးမှာ အမှောင်ထုဖြစ်သည်။ ကြည့်ရသည်မှာ မိုးပြာရောင်နဂါးသင်္ချိုင်းရှိသည့် တိမ်မဲနွံဖြစ်ပေလိမ့်မည်။

'ဒီအဆိပ်မြူတွေက တော်တော်လေး သိပ်သည်းတာပဲ..'

တိမ်မံနွံဆီသို့ ရောက်ရှိပြီးနောက် ရွှီယန်တစ်ယောက် မနေနိုင်ဘဲ အံ့ဩနေမိသည်။ သူ၏ လက်ရှိခွန်အားနှင့်ပင်လျှင် အတွင်းထဲတွင် တစ်နေ့တစ်ညတို့ နေလိုက်ပါက အစစ်အမှန် အနှစ်သာရအများစုတို့ ကုန်ဆုံးသွားမှာဖြစ်သည်။

စိတ်ဝိဉာဉ်နယ်မြေမှ သိုင်းသမားအားလုံးတို့ အဆိပ်မြူများ ပျောက်ကွယ်သွားချိန်ကို စောင့်စားနေကြတာ အံ့သြစရာ မရှိပေ။

ရွှီယန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် လူငယ်နှင့် မိန်းမငယ် အနည်းငယ်မှလွဲ၍ ကျန်သည်များမှာ အသက်၃၀နီးပါးများ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

အားအနည်းဆုံးသည် အစောပိုင်း ကောင်းကင်လူသားငယ်အဆင့်၌ ရှိ၏။ အသန်မာဆုံးမှာ အစိမ်းရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး နှောင်းပိုင် ကောင်းကင်လူသားငယ်အဆင့် ခွန်အားရှိသည်။

တစ်ဖက်လူသည် တစ်ယောက်တည်းဖြစ်ကာ နေရာကောင်းတစ်ခုကို သိမ်းပိုက်ထား၏။

ရွှီယန်လည်း နေရာလွတ်တစ်ခုကို တွေ့ရပြီးနောက် ချက်ချင်းပင် ထိုနေရာ၌ သက်ဆင်းလိုက်သည်။

သူသည် ထိုနေရာကို လိုချင်၏။ စည်းမျဉ်းများမှာတော့ သူ့အနေနှင့် သိရှိခြင်းမရှိပါ။ စိတ်ဝိဉာဉ်နယ်မြေအကြောင်းအားလည်း အများကြီးသိရှိခြင်း မရှိပါ။

သိုက်ယင်ယင်က မိတ်ဆက်ပေးခဲ့မှုများ ရှိပေမယ့် ဤသည်မှာ အပေါ်ယံဆန်လွန်းသည်။ ထို့အပြင် စုံလင်ခြင်းလည်း မရှိပေ။

ရွှီယန်၏ ရောက်ရှိလာမှုက ရှိနေကြသည့် သိုင်းသမားအားလုံး၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွား၏။

သူ၏ ကျောက်တုံးကြီးပေါ်၌ နေရာယူလိုက်မှုကို တွေ့ရပြီးနောက် အားလုံးတို့မှာ မှင်သက်သွားကြသည်။

"သူက ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ်မိသားစုကြီးတစ်ခုက လာတာလား.."

"သူ့ရဲ့ဝတ်စုံကို ကြည့်ရတာ ယွီကျိုးမှာရှိတဲ့ ဘယ်မိသားစုကြီး သို့မဟုတ် ဂိုဏ်းမှာမှ မမြင်ဖူးပါဘူး.."

"ဖြစ်နိုင်တာက လေလွင့်သိုင်းသမား တစ်ယောက်များလား.."

"မင်းဘာမဟုတ်တာ ပြောနေတာလဲ။ ဘယ်လိုလုပ်ပြီးတော့ လေလွင့်သိုင်းသမားတစ်ယောက်က ဒီနေရာကို သိမ်းပိုက်ရဲမှာလဲ.."

သိုင်းသမားတစ်စုတို့မှာ မနေနိုင်ဘဲ ပဟေဠိဖြစ်စွာ ခံစားလိုက်ရသည်။ စိတ်ဝိဉာဉ်နယ်မြေရှိ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများတွင် သူတို့၏ ကိုယ်ပိုင်သင်္ကေတနှင့် ဝတ်စုံများရှိကြ၏။ ကြည့်လိုက်သည်နှင့် မည်သည့်မိသားစုမှ သို့မဟုတ် ဂိုဏ်းမှ ဖြစ်သည်ကို သိရှိနိုင်ပါသည်။

ယွီကျိုးရှိ အဖွဲ့အစည်း အသီးသီးသည် ဂိုဏ်းကြီးများ၊ မိသားစုကြီးများ၏ သင်္ကေတများနှင့် ပတ်သက်ပြီး အလွန်ရင်းနှီးကြ၏။ ရွှီယန်၏ဝတ်စုံမှာ သာမန်မဟုတ်ပေမယ့် မည်သည့်စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးမှ မဟုတ်ပေ။

ကြည့်ရသည်မှာ လေလွင့်သိုင်းသမားတစ်ယောက်နှင့်တူ၏။ ယခုကဲ့သို့ ကိစ္စကြီးတွင် မည်သည့်ပါရမီရှင်မှ မိမိအဖွဲ့အစည်း၏ ဝတ်စုံကို မဝတ်ပဲနေမည်မဟုတ်ပါ။

လေလွင့်သိုင်းသမားများအနေနှင့် အခြားအဖွဲ့အစည်းများအဖြစ် အယောင်ဆောင်ရန်မှာတော့ အရင်က ထိုကိစ္စ ဖြစ်ခဲ့ဖူး၏။ သို့ရာတွင် ထိုလေလွင့်သိုင်းသမားများ၏ ပြာများမှာ အစအနပင် ရှာမတွေ့တော့ပေ။

ယွီကျိုးတလျှောက်တွင် ရှာကြည့်ပါက စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများ၏ အဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ရဲသည့် လေလွင့်သိုင်းသမား မရှိသလောက် ရှိနေပါသည်။

"ယွီကျိုးအပြင်ဘက်က အင်အားစုတစ်ခုကများလား.."

သိုင်းသမားတစ်ယောက်က ကြောင်တောင်စွာမေး၏။

"အဲ့လိုလည်း မဟုတ်လောက်ဘူး... သူ့မှာ ဘယ်မိသားစုကြီး သို့မဟုတ် စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ သင်္ကေတမှမရှိဘူး။ ကြည့်ရတာ လေလွင့်သိုင်းသမားတစ်ယောက်လိုပဲ.."

"ဂိုဏ်းကဝတ်စုံကို မဝတ်ပဲ ဒီတိုင်းလာတာများ ဖြစ်နေမလား.."

"ဒီလိုကိစ္စကြီးမှာ အင်အားစုကြီးတွေ အများကြီး စုစည်းလာကြရတယ်။ ဘယ်လိုလုပ်ပြီး မဝတ်ပဲနေမှာလဲ။ ပထမဆုံးအနေနဲ့ အင်အားစုငယ်တွေကို ခြိမ်းခြောက်နိုင်ဖို့။ ဒုတိယအနေနဲ့ သေဆုံးရင်တောင် ဘယ်အဖွဲ့အစည်းကလဲဆိုတာကို သိနိုင်ဖို့။ ပြီးတော့ သူတို့ရဲ့စွမ်းအားကြီးတဲ့ အဖွဲ့ဝင်တွေက အန္တရာယ်ကြုံလာရင် လာကူညီနိုင်အောင်လို့... ဝတ်ကြတာပေါ့.."

အခြားသိုင်းသမားများလည်း ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ဒီလူသည် အမှန်တကယ်ကို လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်သည်လား။

ကျိန်နိုင်ငံတွင် မည်သည့်အချိန်က ယခုမျှမောက်မာသည့် လေလွင့်သိုင်းသမားတစ်ယောက် ပေါ်လာရသနည်း။

ခဏတာအတွင်း အဓိကအင်အားစုကြီးများမှ ပါရမီရှင်အားလုံး၏ ပုံစံများက လှောင်ပြောင်သဖွယ် ဖြစ်လာကြသည်။

ထိုကျောက်တုံးကြီးသည် ယွီကျိုးရှိ ပထမတန်းစားမိသားစုတစ်ခုဖြစ်သည့် ရှန်မိသားစုအတွက် ဖြစ်၏။ လေလွင့်သိုင်းသမားတစ်ယောက်က ပထမတန်းစား မိသားစုတစ်ခု၏ နေရာကို သိမ်းပိုက်ရဲလေသည်။

သေချင်နေသည်ပင်။

ထို့အပြင် ဒီလူ၏ခွန်အားသည် စစ်ဘုရင်အဆင့်၌သာ ရှိပုံပေါ်၏။ ထိုကဲ့သို့သော ခွန်အားနှင့် မိုးပြာရောင်ကောင်းကင်နဂါး၏သင်္ချိုင်းအား စူးစမ်းရှာဖွေမှုတွင် ပါဝင်ရဲလေသည်။

ဤသည်မှာ သေချင်နေခြင်းပင် မဟုတ်ပေဘူးလား။

All Chapters