← Chapters

ဘာလဲ မကျေနပ်ဘူးလား

Vol. 27 Ch. 393

ဘာလဲ မကျေနပ်ဘူးလား

Vol. 27 Ch. 393

ရွှီယန်သည် လင်းနယ်မြေ၏ စည်းမျဉ်းများကို သိရှိခြင်းမရှိပေ။ လူဦးထားခြင်းမရှိသည့် ကျောက်တုံးကြီးကို တွေ့ရပြီးနောက် ချက်ချင်းပင် သူ၏အပိုင်အဖြစ် မှတ်ယူလိုက်၏။

သူ့အတွက် အရင်ရောက်ပါက အရင်နေရာယူမည်ဟူသည့် စည်းမျဉ်းသာရှိပါသည်။ ယခုအချိန်၌ သူက အရင်ဦးဆုံးရောက်လာခဲ့ရာ ဒီနေရာသည် သူ၏အပိုင်ဖြစ်၏။

အခြားစည်းမျဉ်းများမှာတော့ အားနည်းသူများသာလိုက်နာရန် လိုအပ်ပါသည်။ လင်းနယ်မြေတွင် သူ့အနေနှင့် အရမ်းကြီး စွမ်းအားကြီးမားခြင်း မရှိပေမယ့် တိမ်မဲနွံသို့ လာရောက်သည့် ရှိနေကြသူများတွင် မည်သူမှ သူ၏ပြိုင်ဘက် မဟုတ်ပါ။

ဒီနေရာတွင် သူသည် စွမ်းအားအကြီးမားဆုံး ဖြစ်၏။ ထို့ကြောင့် ဒီနေရာကောင်းကို ယူခြင်းမှာ ပြီးပြည့်စုံစွာ သင့်တော်မှုရှိပါသည်။

တိမ်မဲနွံ၏ ပတ်ဝန်းကျင်တွင် လူးလိမ့်နေသည့် အဆိပ်မြူများကို ကြည့်ကာ ရွှီယန်တစ်ယောက် မနေနိုင်ဘဲ စဉ်းစားမိသည်။

'ငါ့မှာ ဂျူနီယာညီမလေး သန့်စင်ပေးထားတဲ့ အဆိပ်ပြေဆေးနဲ့ အကာအကွယ်ဆေးလုံး ရှိတယ်။ အဲ့ဒါတွေနဲ့ဆို ဒီအဆိပ်မြူကို ခုခံနိုင်လောက်တယ်။ ငါမိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်းထဲကို ကြိုပြီးတော့ ဝင်သွားသင့်လား..'

ဒီအဆိပ်မြူများသည် ပြင်းထန်ပုံပေါ်ကာ အစစ်အမှန်ယွမ်ကိုပင် တိုက်စားနိုင်သည်။ အဆိပ်မြူအတွင်းတွင် လူတစ်ယောက်အနေနှင့် အစစ်အမှန်ယွမ်ကို ဆက်တိုက်ဖြန့်ကျက်ကာ ခုခံထားပြီး အချိန်အတော်ကြာအောင် နေနိုင်ခြင်းမရှိပေ။

ထို့အပြင် အဆိပ်မြူအတွင်း၌ အန္တရာယ်များ ကြုံတွေ့လာပါက အဆိပ်နှင့် အန္တရာယ်နှစ်ခုလုံးကို ခုခံကာကွယ်ရန်မှာ အလွန်ဆိုးရွားလှသည်။ မိမိ၏ခွန်အားကို ပြည့်စုံစွာ မစုစည်းနိုင်ဘဲ ဖြစ်နေမှာဖြစ်၏။ ထိုအကြောင်းကြောင့် အဓိကအင်အားစုကြီးများအားလုံးသည် အဆိပ်မြူများ ပျောက်ကွယ်သွားပြီးမှသာလျှင် မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်းအတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့ပေမယ့် ရွှီယန်တွင်တော့ စုလင်းရှုံ၏ အဆိပ်ဖြေဆေးနှင့် အကာအကွယ်ဆေးလုံးရှိရာ အဆိပ်မြူများကို အစစ်အမှန်ယွမ်အား အသုံးချခြင်းမပြုဘဲ ခုခံနိုင်ပါသည်။ အန္တရာယ်ကြုံတွေ့ပါက အားကုန်သုံးကာ တိုက်ခိုက်နိုင်၏။

'ငါအလောတလျှင် လုပ်လို့တော့မဖြစ်ဘူး။ လင်းနယ်မြေကို အခုမှ ဝင်ရောက်လာတာ။ ဒီက ရတနာနယ်မြေတွေမှာ ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနေမလဲဆိုတာကို နားမလည်သေးဘူး။ စောင့်တာက ပိုကောင်းတယ်..'

ရွှီယန်သည် တွေးတောဆင်ခြင်မှု ပြုလုပ်ပြီးနောက် အတွင်းသို့ ကြိုတင်ကာ ဝင်ရောက်မည့်စိတ်ကူးကို ပယ်ဖျက်လိုက်သည်။

သူသည် လင်းနယ်မြေရှိ အဓိကအင်အားစု အသီးသီးမှ ပါရမီရှင်များကို အကဲခတ်ကြည့်၏။ အားလုံးနီးပါးတွင် အထွတ်အထိပ်စစ်ဘုရင် နောက်လိုက်များ ပါလာကြပြီး ထိုသိုင်းသမားများ၏ မျက်နှာများက ဖြူရော်နေကြသည်။ မျှော်လင့်ချက်မဲ့နေသည့်ပုံ ပေါ်၏။

သူ၏ခန့်မှန်းချက်သာမှန်ပါက သိုက်ယင်ယင်ပြောသကဲ့သို့ လမ်းကြောင်းကို ကင်းထောက်လုပ်ခိုင်းရန်အတွက် ဒီသိုင်းသမားများကို ခေါ်လာခြင်း ဖြစ်ပေလိမ့်မည်။

'မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းမှာ အန္တရာယ်အချို့ရှိလိမ့်မယ်။ အဆိုးဆုံးကတော့ အဆိပ်မြူပဲ။ အဲ့ဒါကြောင့်မလို့သာ ရှေ့မှာကင်းထောက်လုပ်ခိုင်းဖို့လူတွေကို ဖမ်းလာခဲ့တာဖြစ်မယ်..'

'ဒီလူတွေနဲ့သွားမယ်ဆိုရင် လုံလောက်တဲ့အန္တရာယ်တွေကို ငါရှောင်ကြဉ်နိုင်လောက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာရှိတဲ့ ဘယ်သူမှ ငါ့ထက်သာလွန်နိုင်တာမှ မဟုတ်တာ..'

စဉ်းစားပြီးနောက် ရွှီယန်တစ်ယောက် ကျောက်တုံးကြီးပေါ်တွင် ထိုင်လိုက်ကာ သိုင်းပညာကိုသာ ဆက်လက်လေ့လာနေ၏။

ဤသည်မှာ သူ့အနေနှင့် ယုံကြည်ချက် လွန်ကဲခြင်းမဟုတ်ပေ။ ဒီနေရာတွင်ရှိနေကြသည့် လူအားလုံး ပူးပေါင်းလာလျှင်တောင် သူ့ကို မည်သည်မှ ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။

တစ်ရက်ကြာပြီးနောက် တိမ်မဲနွံအတွင်းရှိ အဆိပ်မြူများသည် ပိုမိုကာ လွင့်ပါးသွားခဲ့၏။ နောက်ထပ်သုံးလေးငါးရက်ဆိုပါက အဆိပ်မြူများ ယာယီပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုအခါ အတွင်းသို့ဝင်ရောက်ရန်အတွက် အချိန်ကျပြီဖြစ်၏။

ပုံရိပ်နှစ်ခုတို့ ပျံသန်းလာခဲ့သည်။ ဦးဆောင်လာသည့်လူသည် ဝိုင်းစက်သည့်မျက်နှာရှိပြီး အနည်းငယ်ဝတုတ်သည့် လူငယ်တစ်ယောက်ဖြစ်၏။

အခြားတစ်ယောက်မှာတော့ သူ၏နောက်လိုက်ဖြစ်သည်။

"သူတို့တွေရောက်လာပြီ.."

တိမ်မဲနွံတစ်ဝိုက်ရှိ အင်အားစုအသီးသီးမှ ပါရမီရှင်များ ချက်ချင်းပင် လှုပ်ရှားလာကြသည်။ ကျောက်တုံးပေါ်တွင် ထိုင်နေသည့် ရွှီယန်ကို ကြည့်လိုက်ကြ၏။

သူတို့၏ပုံစံက ဟာသနှောစွာ ရှိနေပါသည်။ လူများစွာတို့က ရွှီယန်ကို သေဆုံးပြီးသား လူတစ်ယောက်နှယ် ကြည့်ကြ၏။

ယွီကျိုးမြို့ ရှန်မိသားစုရှိ ရှန်ဟိုင်ကျိုးသည် ဒီတစ်ကြိမ်တွင် မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းသို့ လာရောက်သည့် ပါရမီရှင်ဖြစ်၏။ ထိုကျောက်တုံးကြီးမှာ ရှန်မိသားစုအတွက် ချန်ထားခြင်းဖြစ်သည်။

ရှန်ဟိုင်ကျိုးသည် သူ၏အစေခံနှင့်အတူ မောက်မာစွာ ရောက်ရှိလာခဲ့၏။ တိမ်မဲနွံတစ်ခုလုံးတွင် ကျောက်စိမ်း(ယွီ)နတ်ဘုရားဂိုဏ်းမှလွဲ၍ ရှန်မိသားစုကို ယှဉ်ပြိုင်နိုင်သည့် မည်သည့်အဖွဲ့အစည်းမှ မရှိပေ။

ဒီနေရာတွင် သူသည် လူတိုင်း၏အထက်တွင် ရှိ၏။ လူတိုင်းက ရှန်မိသားစုအတွက်ဟူ၍ သတ်မှတ်ထားသည့် နေရာဆီသို့ ပျံသန်းသွားလိုက်သည်။

သို့ပေမယ့် ရုတ်တရက် ရပ်တန့်သွား၏။ ကျောက်တုံးကြီးပေါ်တွင် တစ်ယောက်ယောက် ထိုင်နေပါသည်။

"ဒီလူက ဘယ်စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးကလဲ။ ငါ့ရှန်မိသားစုထက် ပိုပြီးတော့ စွမ်းအားကြီးတာလား.."

ရှန်ဟိုင်ကျိုးတစ်ယောက် မှင်သက်သွားသည်။ သူ့အတွက် ချန်ထားသည့် နေရာအား တစ်ဖက်လူက သိမ်းပိုက်ထားရဲ၏။

ထို့ကြောင့် ထိုလူ၏နောက်ခံမှာ သူ၏ရှန်မိသားစုထက် သေချာပေါက် ပိုမိုသန်မာရပေမည်။ မဟုတ်ပါက ဒီလူသည် စည်းမျဉ်းကို ချိုးဖျက်ကာ ရိုင်းစိုင်းစွာ ပြုမူခြင်းဖြစ်၏။

သို့ရာတွင် ကျောက်တုံးကြီးပေါ်ရှိ လူငယ်မှာ လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်ဟန်တူ၏။ သူ၏ခွန်အားမှာလည်း အထင်ကြီးစရာမရှိသည့်ပုံ ရှိသည်။

ရှန်ဟိုင်ကျိုး၏ မျက်ခုံးများက မျက်မှောင်ကျုံ့သွားပြီး သူ၏မျက်နှာပေါ်၌ အလိုမကျသည့်အကြည့်တစ်ခု ပေါ်လာ၏။

လေလွင့်သိုင်းသမားလေးတစ်ယောက်က သူတို့ မိသားစုကြီးအတွက် သတ်မှတ်ထားသည့်နေရာကို သိမ်းပိုက်ရဲလေသည်။ သေချင်နေသည်ပင်။

"လေလွင့်သိုင်းသမားတစ်ယောက်မှာ ဒီလိုမျိုးသတ္တိရှိပါ့မလား.."

ရှန်ဟိုင်ကျိုး၏ သတိကြီးသည့် အကျင့်စရိုက်က သူ့ကိုတစ်ခါတည်း ခွန်အားသုံးခြင်းအား မဖြစ်စေခဲ့ပေ။

"သခင်လေး... ကျွန်တော်သူ့ကို သတ်လိုက်မယ်။ ဒီကောင်က သခင်လေးအတွက် နေရာကောင်းကို လာပြီးတော့ သိမ်းပိုက်နေတာ.."

ဘေးရှိ နောက်လိုက်က ဒေါသတကြီးပြောသည်။

"အရင်ဆုံး ဒီတိုင်းပဲသွားမောင်းထုတ်လိုက်။ သတ်စရာမလိုဘူး.."

ခဏတာစဉ်းစားပြီးနောက် ရှန်ဟိုင်ကျိုးက ညွှန်ကြားချက်ပေး၏။

"သခင်လေး... ဟုတ်ကဲ့ပါ.."

နောက်လိုက်က တစ်ခုခုပြောချင်နေ၏။ သို့ပေမယ့် သခင်လေး၏ သတိကြီးသည့် အကျင့်စရိုက်ကို တွေးမိပြီးနောက် အမိန့်ကိုသာ နာခံရန် ဆုံးဖြတ်လိုက်သည်။

နှစ်ယောက်သားသည် ကောင်းကင်မှ သက်ဆင်းလာပြီးနောက် ကျောက်တုံးကြီးပေါ်၌ ရောက်ရှိလာ၏။ သိုင်းပညာကို ကျင့်ကြံနေသည့် ရွှီယန်မှာ မျက်မှောင်ကျုံ့သွားသည်။

"ဒီနေရာမှာ လူရှိပြီးပြီ.."

"ကောင်လေး... ဒီနေရာက ငါတို့ရှန်မိသားစုရဲ့ အပိုင်ပဲ။ မင်းက စည်းမျဉ်းကို ချိုးဖျက်နေတာပဲ။ သွားပြီးတော့ အခြားနေရာသွားရှာ.."

ရှန်မိသားစု၏ နောက်လိုက်က အေးစက်သည့်အသံဖြင့် ပြောသည်။ တစ်ချိန်တည်းတွင် သူ၏အရှိန်အဝါက မြင့်တက်လာပြီး ကောင်းကင်လူသားတစ်ယောက်၏ ဖိအားက ထွက်ပေါ်လာခဲ့၏။ အလယ်အလတ် ကောင်းကင်လူသားငယ်အဆင့် ရှိ၏။

ရွှီယန်က ခေါင်းမော့လာကာ တစ်ဖက်လူကိုကြည့်ပြီး အေးစက်စွာပြောသည်။

"ဒီနေရာမှာ ရှန်မိသားစုရဲ့နာမည်ကို ထွင်းထားလို့လား။ ဒါက ပိုင်ရှင်မရှိတဲ့ နေရာတစ်ခုပဲ။ စည်းမျဉ်းဆိုတာ ပထမဆုံးလာရင် ပထမဆုံးနေရာရမယ်လို့ဆိုလိုတာပဲ။ အခုငါအရင်လာတာ ဒါကြောင့် ဒီနေရာက ငါ့အပိုင်ပဲ.."

"မသေချင်ရင် အခုထွက်သွား။ မဟုတ်ရင် ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့.."

တစ်ဖက်လူက သူ့ကိုအရှိန်အဝါဖြင့် ဖိနှိပ့်လာရာ ရွှီယန်အနေနှင့် သည်းခံနေစရာ မရှိပေ။

ရှန်မိသားစု၏ နောက်လိုက်မှာ ချက်ချင်းပင် ဒေါသတကြီးဖြစ်သွားသည်။ ရွှီယန်၏ ဝတ်စုံကိုကြည့်ကာ သေချာပေါက် လေလွင့်သိုင်းသမားဖြစ်ကြောင်းအား ပြောနိုင်၏။ သို့ပေမယ့် အလွန်မောက်မာနေလေသည်။ တစ်ဖက်လူကိုသာ ပြင်းပြင်းထန်ထန် အပြစ်မပေးပါက ရှန်မိသားစု၏ ဂုဏ်သိက္ခာကို မည်သည့်နေရာ၌ သွားထားရတော့မည်နည်း။

"ကောင်လေး... ပထမတန်းစား မိသားစုကြီးတစ်ခုရဲ့ စွမ်းအားကို စိန်ခေါ်ရဲတာ မင်းနေရာကို မင်းမသိဘူးလား။ သေချင်နေတာလား.."

ထိုနောက်လိုက်၏ စိတ်ထဲတွင် သတိကြီးစွာဖြင့် တစ်ဖက်လူကို မောင်းထုတ်ခြင်းဟူသည်မှာ မရှိတော့ပေ။

လက်ကိုမြောက်ကာ ရိုက်ချလိုက်ပြီးနောက် လက်သည်းရာတစ်ခု ရွှီယန်ဆီသို့ ပြေးဝင်လာခဲ့၏။

ရွှီယန်၏အကြည့်က အေးစက်သွားသည်။ စိတ်ဝိဉာဉ်နယ်မြေရှိ သိုင်းသမားများသည် အမှန်တကယ်ကို မောက်မာကာ ကြီးစိုးလှ၏။

ဒီနေရာရှိ တင်းကြပ်သည့် အဆင့်အတန်းခွဲခြားမှုကို သူလည်းပဲ နားလည်ပါသည်။ စွမ်းအားကြီးမားသည့် မိသားစုများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများသည် လေလွင့်သိုင်းသမားများအပေါ် အလွန်အထင်သေးကြ၏။

ယခုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် စိတ်ဝိဉာဉ်နယ်မြေရှိ လေလွင့်သိုင်းသမားများနှင့် အဆင့်နိမ့်သိုင်းသမားများ၏ဘဝ မည်မျှဆိုးရွားမည်ကို ပိုမိုနားလည်လာစေသည်။

"မင်းက သေချင်နေတာပဲ... အဲ့တော့လည်း ဆန္ဒကိုဖြစ်ပေးရတာပေါ့.."

တစ်ဖက်လူက သူ့ကိုသတ်ဖြတ်ရန် ကြိုးစားလာခြင်းဖြစ်ရာ ရွှီယန်အနေနှင့် ရန်သူ၏နောက်ခံကို စဉ်းစားခြင်း ပြုမနေတော့ပေ။

All Chapters