ဘာလဲ မကျေနပ်ဘူးလား(၃)
Vol. 27 Ch. 395
ထိုဖြစ်နိုင်ခြေကို တွေးမိပြီးနောက် သိုက်ကျွင်း၏ပါးစပ်က အလျှင်အမြန် ပိတ်သွားသည်။
ရွှီယန်က လွတ်လပ်စွာပြုံး၏။ သူ၏ အားသာချက်များကို သူသိပါသည်။ ငယ်ရွယ်ကာ ခွန်အားကြီးမား၏။ ဒီလူများအနေနှင့် သူ၏လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်မှုကို လျှင်မြန်စွာ သိရှိနိုင်မည် မဟုတ်ပေ။
စွမ်းအားကြီးမားသည့် အင်အားစုတစ်ခုမှ လာခြင်းဖြစ်မည်ဟု သံသယဝင်ကြမှာ ဖြစ်၏။ သူ့အနေနှင့် ပြုလုပ်ရမည်မှာ ပိုမိုကြီးစိုးကာ မောက်မာခြင်းသာဖြစ်၏။
"ငါ့ကို သိုလှောင်အိတ်ပေးစမ်း.."
ရွှီယန်က ရှန်ဟိုင်ကျိုးကိုကြည့်ကာ တစ်ခါတည်းပြော၏။
ဤသည်မှာ စွမ်းအားကြီးမိသားစုတစ်ခု၏ ပါရမီရှင်ဖြစ်ပါသည်။ သံသယဝင်စရာ မကောင်းလောက်အောင် အလွန် ချမ်းသာကြွယ်ဝမှာ ဖြစ်သည်။
"ညီအစ်ကို ဒါက သိုလှောင်အိတ်ပါ...ငါ... ကောင်းပါပြီယူလိုက်.."
ရှန်ဟိုင်ကျိုး၏ တွန့်ဆုတ်နေသည့် မျက်နှာကို တွေ့ရပြီးနောက် ရွှီယန်၏ပုံစံက မဲမှောင်သွားသည်။ ထိုပုံကိုတွေ့ရပြီးနောက် ရှန်ဟိုင်ကျိုးတစ်ယောက် သိုလှောင်အိတ်ကို အမြန်ပေး၏။
"ဘာလဲ မင်းကမကျေနပ်ဘူးလား.."
ရွှီယန်က သိုလှောင်အိတ်ကိုယူကာ အိတ်အတွင်းသို့ အသာထည့်လိုက်သည်။ ပြီးနောက် ရှုပ်ထွေးကာဆန္ဒမရှိပုံပေါ်သည့် ရှန်ဟိုင်ကျိုးကို ကြည့်ပြီး မျက်ခုံးပင့်ကာ မေး၏။
"ကျေနပ်ပါတယ်။ ကျေနပ်ပါတယ်... နားလည်မှုမလွဲပါနဲ့ညီအစ်ကို.."
ရှန်ဟိုင်ကျိုးက အမြန်ပြုံးကာ ဆက်လက်နေရဲခြင်း မရှိတော့ပေ။ ကျောက်တုံးကြီးပေါ်မှ အလျှင်အမြန် ထွက်ခွာသွား၏။
သူသည် သိုက်ကျွင်းတို့ ဦးထားသည့်နေရာဆီသို့ ချက်ချင်းပင် ရောက်ရှိသွားသည်။
"ထွက်သွား...ဒီနေရာက ငါ့အပိုင်ပဲ.."
အေးစက်ကာ မာထန်သည့်အသံဖြင့် ပြောလိုက်၏။
"ဘာတုန်းဟ..."
သိုက်ကျွင်းမှာ အလွန် ဒေါသထွက်သွားပြီး သူ၏မျက်နှာက အစိမ်းရောင် ပြောင်းသွားသည်။ ဒီငကြောက်သည် သူ့ကို အနိုင်ကျင့်ရဲသည်လား။
"သခင်လေးရှန်... ဒီနေရာက သိုက်မိသားစုရဲ့ နေရာပါ..."
ရှန်ဟိုင်ကျိုး၏ မျက်နှာက မဲမှောင်သွားပြီး မြင့်မြတ်သော သခင်လေးတစ်ပါး၏ အရှိန်အဝါတို့ပေါ်လာခဲ့၏။
ဒေါသတကြီး အော်ငေါက်သည်။
"မင်းတို့ သိုက်မိသားစုက ဒုတိယတန်းစား မိသားစုတစ်ခုပဲ။ ငါတို့ရှန်မိသားစုရှေ့မှာ ဘာသတ္တိတွေ လာပြနေတာလဲ.."
"မင်းရဲ့မျက်လုံးထဲမှာ အဆင့်အတန်းဆိုတဲ့ အရာတောင် မရှိတော့ဘူးလား။ ဘာလဲ ငါတို့ရှန်မိသားစုရဲ့ဘိုးဘေးက ဘာမှမဟုတ်ဘူးလို့ ထင်နေတာလား.."
"ငါ့ချီး.."
သိုက်ကျွင်းမှာ အလွန်ဒေါသထွက်ပြီး ပေါက်ကွဲလုမတတ် ဖြစ်နေပါသည်။ ဒီရှန်ဟိုင်ကျိုးသည် ခုနကတော့ အဘယ်ကြောင့် သူ၏စွမ်းအားကို မပြသခဲ့ရသနည်း။
အခြား အင်အားစုများမှ ပါရမီရှင်များလည်း ကြောင်တောင်နေကြသည်။ ထိုသို့ဆိုပါက တစ်ဖက်လူသည် အားနည်းသူကိုသာ ပစ်မှတ်ထားတတ်သည့် အနိုင်ကျင့်သူတစ်ယောက်လေလား။
"ကောင်းပြီ ငါသွားမယ်.."
သိုက်ကျွင်းသည် မဲမှောင်သောမျက်နှာနှင့် အံ့ကိုကြိတ်ရင်းက ထွက်ခွာသွား၏။
ဒုတိယတန်းစား မိသားစုတစ်ခု အနေနှင့် ပထမတန်းစားမိသားစုတစ်ခုကို ထိပါးရဲခြင်း မရှိပေ။ သိုက်မိသားစုမှာ ကျိန်တော်ဝင်မိသားစုနှင့် မဟာမိတ်ဆက်ဆံရေးရှိလျှင်တောင် ဒီအချိန်၌ ရှန်မိသားစုကို ထိပါးရဲခြင်း မရှိပေ။
ဘာပဲဖြစ်ဖြစ် ရှန်မိသားစုမှာ အချိန်ကြာမြင့်စွာ ရပ်တည်လာသည့် ယွီကျိုး၏ ပထမတန်းစား မိသားစုတစ်ခု ဖြစ်၏။ သူတို့၏အခြေခံမှာ သာမာန် မည်သည့်ပထမတန်းစားမိသားစုထက်မဆို သာလွန်ပါသည်။
သိုက်ကျွင်းအနေနှင့် သူ၏နောက်လိုက်များနှင့် ထွက်ခွာသွားဖို့သာ တတ်နိုင်၏။
သို့ပေမယ့် ရှန်ဟိုင်ကျိုးက လက်ကိုဆန့်ကာ နောက်လိုက်တစ်ယောက်၏ ပုခုံးကို လှမ်းဆွဲသည်။
"မင်းရဲ့သိုလှောင်အိတ် ငါ့ကိုပေးစမ်း.."
သူသည် သိုလှောင်အိတ်အား ဆုံးရှုံးခဲ့ရ၏။
မိုးပြာရောင်နဂါးသင်္ချိုင်း အတွင်းတွင် ရတနာများသာ ရရှိလာပါက ကိုယ်တိုင်သယ်ဆောင်ရမည်လား။
ထိုတောင်းဆိုချက်က သိုက်မိသားစုနောက်လိုက်၏ မျက်နှာကို အစိမ်းရောင်ပြောင်းသွားစေသည်။
ရှန်ဟိုင်ကျိုးက မည်သည့်စကားကိုမှ ဆက်မဆိုတော့ပဲ ကိုယ်တိုင်လှုပ်ရှားမှုပြုကာ သိုလှောင်အိတ်ကိုယူပြီး သူ၏ အင်္ကျီအိတ်အတွင်းသို့ ထည့်လိုက်သည်။
"ရှန်ဟိုင်ကျိုး... မင်းလွန်လွန်းသွားပြီ.."
သိုက်ကျွင်းမှာ အလွန်ဒေါသထွက်နေပြီး မျက်လုံးများ နီရဲလာခဲ့သည်။
ရှန်ဟိုင်ကျိုး၏ ဝတုတ်သည့်မျက်နှာသည် မောက်မာစွာရှိနေပြီး အေးစက်စွာသာ ပြော၏။
"ဘာလဲ... မင်းကမကျေနပ်ဘူးလား.."
"ငိုးမ..."
သိုက်ကျွင်းမှာ ပေါက်ကွဲလုမတတ် ဖြစ်နေပါပြီ။ အံကိုကြိတ်ကာ ရှန်ဟိုင်ကျိုးကို စူးရဲစွာကြည့်၏။ သို့ပေမယ့် တိုက်ခိုက်မှုပြုရဲခြင်း မရှိပေ။ ထို့အပြင် သူသည် ရှန်ဟိုင်ကျိုး၏ ပြိုင်ဘက်ပင်မဟုတ်လောက်ပါ။
"သွားရအောင်.."
နောက်လိုက်များနှင့်သာ ထွက်ခွာသွားရ၏။
တိမ်မဲနွံတစ်ဝိုက်ရှိ ပါရမီရှင်များမှာ ရှန်ဟိုင်ကျိုးကို ပါးစပ်များအဟောင်းသားနှင့် စိုက်ကြည့်နေမိကြသည်။
ဒီလူပျက်တွင် မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ယောက်၏ အသွင်သဏ္ဍာန်တို့ ရှိနေသေးသည်လား။
ခဏတာအတွင်းတွင် အလွန်ရိုကျိုးကာ မည်သည့်စွမ်းအားကိုမှ ပြသရဲခြင်းမရှိဘဲ နောက်တစ်စက္ကန့်တွင် သိုက်ကျွင်းကို အနိုင်ကျင့်နေလေသည်။
ရွှီယန်သည် ရှန်ဟိုင်ကျိုး၏ သိုက်ကျွင်းအပေါ်အနိုင်ကျင့်မှုအား ကြည့်ရှု့နေ၏။ လင်းနယ်မြေတွင် စွမ်းအားနှင့် အဆင့်အတန်း၏ အရေးပါပုံကို ပိုမိုနားလည်လာခဲ့ပြီး မှင်လည်းမှင်သက်နေမိသည်။
ရှန်မိသားစုသည် ပထမတန်းစား မိသားစုတစ်ခု ဖြစ်၏။ ထို့ကြောင့် သိုက်မိသားစုတွင် အဖွဲ့ဝင်များစွာရှိကာ တိုက်ပွဲဖြစ်ပွားပါက ရှန်ဟိုင်ကျိုးအနေနှင့် အရေးသာမှာမဟုတ်လျှင်တောင်... သေခြင်းရှင်ခြင်း တိုက်ပွဲမဟုတ်ဘဲ ရိုက်နှက်မှုသာဖြစ်ပါက ရှန်ဟိုင်ကျိုးအနေနှင့် မည်သည်မှ လုပ်ဆောင်နိုင်မည် မဟုတ်လျှင်တောင် သိုက်ကျွင်းသည် မကျေနပ်စွာဖြင့် သူ၏နေရာကို လက်လျှော့ခဲ့ဆဲရှိ၏။
ဤသည်က လင်းနယ်မြေ၏ တင်းကြပ်လှသည့် ခွဲခြားမှုကို ပြသနေပါသည်။ သွေးကြွေးကြီးကာ သေခြင်းရှင်ခြင်းကိစ္စ မဟုတ်ပါက ထိုစည်းမျဉ်းကို အားလုံးလိုက်နာကြ၏။