မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းအတွင်းသို့ ဝင်ရောက်ခြင်း(၂)
Vol. 27 Ch. 397
"အရမ်း အရေးကြီးတာလား.."
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး မေးသည်။
"ဟုတ်တယ် အရမ်းအရေးကြီးတယ်.."
ရှန်ဟိုင်ကျိုးက အမြန်ခေါင်းငြိမ့်၏။
"ဒါပေမယ့် ဒါက မင်းငါ့ကို လျော်ကြေးအဖြစ် ပေးထားတဲ့ဟာလေ။ အခုချိန်မှာ ငါ့အပိုင်ဖြစ်နေပြီ.."
ရွှီယန်က တည်ငြိမ်စွာပြော၏။
"ငါဝယ်မယ်.. ဝယ်မယ်.."
ရှန်ဟိုင်ကျိုးက အမြန်ပြောသည်။
ရွှီယန်၏မျက်နှာပေါ်၌ အံ့သြမှုတို့ ဖြတ်သန်းသွား၏။
"အဲ့ဒါဆိုရင် ဘယ်လောက်တန်မယ်လို့ မင်းထင်လဲ.."
ဤသည်က ရှန်ဟိုင်ကျိုးကို တွေဝေသွားစေသည်။ ပေးသည့်စျေးမှာ အလွန်နည်းနေပါက သူ၏ ကိုယ်ပိုင်စုစည်းမှုအပေါ် စော်ကားရာကျမည်ဟု ခံစားရ၏။ ဤသည်မှာ တဖက်လူကိုလည်း စော်ကားရာ မကျပေဘူးလား။
အလွန် မြင့်မားလျှင်လည်း သူ့ကိုနာကျင်စွာ ခံစားရပေလိမ့်မည်။ ခဏတာစဉ်းစားပြီးနောက် အံကိုကြိတ်ကာ လက်တစ်ချောင်းထောင်၏။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံ.."
"ကောင်းပြီ.."
ရွှီယန်က ချက်ချင်းပင် သဘောတူသည်။
"မဟုတ်ဘူး။ ငါဆိုလိုတာ အဲ့လို မဟုတ်ဘူး..."
ရှန်ဟိုင်ကျိုးမှာ အလန့်တကြား ဖြစ်သွား၏။
သူဆိုလိုသည်မှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်သောင်းဖြစ်သည်။ ဘယ်လိုလုပ်ပြီး တစ်မီလီယံဖြစ်သွားရသနည်း။ တစ်ဖက်လူ၏ မျက်လုံးထဲတွင် ထိုအရာသည် အမှန်တကယ် ထိုမျှ တန်ဖိုးကြီးသည်လား။
"ဘာလဲ... စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို ပြောတာမဟုတ်ဘူးလား... ဒီပစ္စည်းက တစ်မီလီယံတောင် မတန်ဘူးဆိုရင် ဘာတန်ဖိုးရှိတော့မှာလဲ။ ငါ့ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ ရှားပါးနေတဲ့လူ ထင်လို့လား.."
ရွှီယန်က မျက်မှောင်ကျုံ့သွားပြီးနောက် အလိုမကျစွာပြောသည်။
"အဲ့ဒါက... အဲ့ဒါက..."
ရှန်ဟိုင်ကျိုးက အံကိုကြိတ်သည်။
ဘာပဲဖြစ်ဖြစ် သူသည် ဂုဏ်သရေရှိ ရှန်မိသားစု၏ အကြီးဆုံးသား ဖြစ်၏။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံက အများကြီး မဟုတ်ပေ။
ထို့အပြင် ဒီရတနာများကို စုစည်းရန်အတွက် များစွာအားထုတ်ခဲ့ရ၏။ ပျက်စီးသွားပါက ထပ်မံစုစည်းရန်အချိန်နှင့် အားထုတ်မှုမည်မျှ ကုန်ဆုံးမည်လဲ မသိပေ။
ရွှီယန်က သေတ္တာကို လက်ဖြင့်ပွတ်ရင်းက အသာပြုံးသည်။
"ဒါဆိုရင် ပိုက်ဆံပေး.."
"အခု အဲ့လောက်များတဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ငါ့မှာမရှိသေးဘူး.."
ရှန်ဟိုင်ကျိုး၏ မျက်နှာက နေရခက်သွားသည်။
"ဒါဆိုရင် ကြည့်ရတာ လွှင့်ပစ်လိုက်တာပဲ ကောင်းမယ်ထင်တယ်.."
ရွှီယန်က သေတ္တာကို တိမ်မဲနွံအတွင်းသို့ လွှတ်ပစ်ဟန်ပြု၏။
"ခဏနေပါဦး။ ခဏပဲစောင့်... ငါပိုက်ဆံရှာလိုက်မယ်.."
ရှန်ဟိုင်ကျိုးက အမြန်ပြော၏။ ထို့နောက် သိုက်ကျွင်းဆီသို့ လျှင်မြန်စွာ သွားရောက်သည်။
"ငါ့ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံချေး.."
သိုက်ကျွင်း၏ မျက်နှာက အစိမ်းရောင်ပြောင်းသွားသည်။ ဒေါသဖြင့် လေးနက်လာ၏။
"မရှိဘူး.."
"ဟန့်... မင်းဆီက ငါချေးတယ်ဆိုတာ အခွင့်အရေးပေးတာပဲ။ ငါ့လို ပထမတန်းစားမိသားစုရဲ့ သခင်လေးတစ်ယောက်ကို ပိုက်ဆံချေးနိုင်တာက မင်းတို့ ဒုတိယတန်းစားမိသားစုအတွက် ဂုဏ်ရှိတဲ့ကိစ္စတစ်ခုပဲ။ မင်းသိုက်ကျွင်းက သိုက်မိသားစုရဲ့ ဂုဏ်ယူစရာကို ဖျက်ဆီးချင်တာလား.."
ရှန်ဟိုင်ကျိုးက မောက်မာစွာဖြင့် ပြောသည်။
သိုက်ကျွင်းမှာ အလွန်ဒေါသထွက်နေပြီး ပေါက်ကွဲလုမတတ် ခံစားရ၏။ အံကိုကြိတ်ကာ ပြောသည်။
"မချေးဘူး.."
ရှန်ဟိုင်ကျိုး၏ ပုံစံနှင့် ပိုက်ဆံချေးပါက ပြန်လည်ပေးမည်လား။
ရှန်ဟိုင်ကျိုးက နှာခေါင်းရှုံ့သည်။
"မင်းခုနက ငါတို့ရှန်မိသားစုရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းကောင်းကင်လူသားကို မလေးမစားလုပ်ခဲ့တယ်။ ဒါက ကြီးမားတဲ့စော်ကားမှုပဲ။ မင်းလို ဒုတိယတန်းစားမိသားစုဝင်တစ်ယောက်က ရှန်မိသားစုရဲ့ကောင်းကင်လူသားကို ထည့်ပြောရလောက်အောင် ဘာအဆင့်ရှိလို့လဲ.."
"ငါ့ကို မချေးဘူးဆိုရင် ပထမတန်းစား မိသားစုတစ်ခုရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားကို မလေးမစားပြုလုပ်ခဲ့တဲ့ အပြစ်ကို ခံဖို့ပြင်ထား.."
သိုင်ကျွင်းက ရှန်ဟိုင်ကျိုးကို ဒေါသတကြီးကြည့်သည်။ အံကိုကြိတ်ကာ ပြော၏။
"ရှန်ဟိုင်ကျိုး... မင်းလွန်မလာနဲ့။ ငါဘယ်တုန်းက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို မလေးမစားလုပ်လို့လဲ။ မင်းရဲ့အပြုအမူကမှ မင်းရဲ့မိသားစုဂုဏ်သတင်းကို ထိပါးစေတာ.."
"စကားတွေ များမနေနဲ့တော့... ငါ့ကိုပိုက်ဆံချေးမှာလား။ ဒါမှမဟုတ်ရင် ငါကျိန်နိုင်ငံရဲ့ တော်ဝင်မိသားစုဆီသွားပြီး သိုက်မိသားစုက ပထမတန်းစား မိသားစုတစ်ခုကို ဘယ်လို မလေးမစားပြုတယ်ဆိုတဲ့အကြောင်း သွားပြောလိုက်ရမလား။ မောက်မောက်မာမာပြုမူပြီး သေးသိမ်တဲ့စိတ်ထားနဲ့ နောက်လိုက်တွေ စုစည်းပြီးတောင် ငါရှန်ဟိုင်ကျိုးကို အနိုင်ကျင့်ချင်နေတယ်လို့..."
"ကောင်းပြီ။ ငါချေးမယ်.."
သိုက်ကျွင်း၏ မျက်နှာက အကြိမ်ကြိမ်ပြောင်းလဲနေပြီး နောက်ဆုံးတွင် အံကိုကြိတ်ကာ ပြော၏။
ဒီရှန်ဟိုင်ကျိုးသည် အမှန်တကယ်ကို အရှက်မဲ့လှပါသည်။ သူ့အနေနှင့် တစ်ဖက်လူ ပြဿနာရှာမည်ကို စိုးရိမ်မိ၏။
သိုက်မိသားစုနှင့် ကျိန်တော်ဝင်မိသားစုတို့အကြား လက်ထပ်ထိမ်းမြားခြင်း မဟာမိတ်ပြုခြင်းသာ ပျက်စီးသွားပါက ပြဿနာကြီးမှာပါ။
အံကိုကြိတ်ကာသာ သူနှင့် သူ၏နောက်လိုက်များ သယ်ဆောင်လာသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများနှင့် စိတ်ဝိဉာဉ်လက်မှတ်များကို ထုတ်ပေးရ၏။
ထိုအခါမှသာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံပြည့်မီရုံရှိလေသည်။
"စာချုပ်တစ်ခု ရေးရမယ်.."
သိုက်ကျွင်းက အေးစက်သည့်မျက်နှာဖြင့် ပြော၏။
"မင်းက ငါရှန်ဟိုင်ကျိုးကို အထင်သေးတာလား။ ငါက ပထမတန်းစား မိသားစုတစ်ခုရဲ့ အကြီးဆုံးသားပဲ။ စကားတစ်ခွန်းနဲ့ နေတဲ့ကောင်။ ငါ့ကို မေးခွန်းထုတ်တာက ရှန်မိသားစုရဲ့ဂုဏ်သတင်းကို မေးခွန်းထုတ်တာပဲ။ ဘယ်ကနေ သတ္တိတွေရလာတာလဲ.."
ရှန်ဟိုင်ကျိုးက ခုန်ပေါက်ကာ ဒေါသတကြီးအော်၏။
"ချီးပဲ.."
သိုက်ကျွင်းမှာ သေလုမတတ် ဒေါသထွက်နေပြီး ရှန်ဟိုင်ကျိုးကို တစ်စစီ ဆုတ်ဖြဲချင်နေပါပြီ။
ရှန်ဟိုင်ကျိုးမှာတော့ တက်ကြွစွာဖြင့် ပြန်သွားကာ သူ၏ အဖိုးတန်စုဆောင်းမှုများကို ရွှီယန်၏လက်ထဲမှ လဲလှယ်၏။
စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံမှာတော့ သူ၏ပိုက်ဆံမဟုတ်ရာ နာကျင်ခြင်း လုံးဝမရှိပေ။ အကြွေးပေးရန် ကိစ္စမှာလည်း စိတ်ထဲမှ ထုတ်လိုက်ပြီးဖြစ်၏။
သူကဲ့သို့ ပထမတန်းစားမိသားစု၏ သခင်လေးတစ်ယောက်သည် သက်သေမရှိသည့် အကြွေးတစ်ခုအပေါ် ခေါင်းရှုပ်ခံနေမည်လား။ တောင်းရဲလား ကြည့်လိုက်ပေဦးမည်။
တိမ်မဲနွံရှိ အဆိပ်မြူတို့ ပျောက်ကွယ်သွားမှုနှင့်အတူ ကျောက်နက်တောင်အား ထင်ရှားစွာ တွေ့မြင်လာနိုင်၏။
၎င်းသည် နွံ၏အလယ်တွင် ရှိနေပြီး ကြီးမားသည့် တောင်ကြီးမှာ မှင်နက်များဖြင့် တည်ဆောက်ထားသည့်ပုံ ရသည်။
"သွားကြ.."
အင်အားစုအားလုံးတို့ရှိ ပါရမီရှင်များက ဖမ်းဆီးလာသည့် ကင်းထောက်သိုင်းသမားများကို အမိန့်ပေးကာ ကျောက်နက်တောင်ဆီသို့ လမ်းကြောင်းအား ရှာခိုင်း၏။
ကင်းထောက်များ မည်သည့် အမှားယွင်းမှမရှိဘဲ ကျောက်နက်တောင်ဆီသို့ အောင်မြင်စွာ ရောက်ရှိမှသာလျှင် ပါရမီရှင်အုပ်စုတို့သည် လေထဲ၌ပျံသန်းကာ ကျောက်နက်တောင်ဆီသို့ သွားရောက်ကြ၏။
ရွှီယန်မှာလည်း မနှေးမမြန် အသာလိုက်သွားသည်။
ကျောက်နက်တောင်သည် မှင်နက်ကဲ့သို့ မဲမှောင်၏။ တောင်စောင်းတစ်ခုတွင် ကြီးမားသည့် ကျောက်တုံးကြီးတစ်ခု ငူထွက်နေသည်။
"သင်္ချိုင်းဝကို ဖွင့်လိုက်.."
မောက်မာသည့် အမိန့်ပေးသံတစ်ခု ပေါ်လာ၏။
ကင်းထောက်သိုင်းသမားများက သူတို့၏ လက်နက်များကို ထုတ်ယူကာ အရှိန်အဝါနှင့် ငေါ်ထွက်နေသည့် ကျောက်တုံးကြီးကို တိုက်ခိုက်သည်။
"ဘုန်း.."
ကျောက်စကျောက်နများ လွင့်စင်လာပြီး လေထဲတွင် အမဲရောင်ဖုန်မှုန့်များ ပျံ့နှံလာ၏။
လွင့်စင်လာသည့် ကျောက်စများစွာတို့သည် ရှေ့မှကင်းထောက်သိုင်းသမား နှစ်ယောက်ဆီသို့ ပျံသန်းလာ၏။
သိုင်းသမားနှစ်ယောက်တို့မှာ ချက်ချင်းပင် ကာလိုက်ကြသည်။ ပထမတွင် အရမ်းကြီး ဂရုစိုက်ခြင်း မရှိပေ။ လွင့်စင်လာသည့် ကျောက်စများ၏အားမှာ အကန့်အသတ်ရှိရာ သူတို့အနေနှင့် အလွယ်တကူ ကာနိုင်၏။
သို့ပေမယ့် တိုက်စားသံတစ်ခုနှင့်အတူ ကျောက်စများသည် သူတို့၏စွမ်းအားကို တိုက်စားသွားသည့်ပုံပေါ်ပြီး လျှပ်တစ်ပြက်အတွင်း နီးကပ်လာခဲ့၏။
ဤသည်က အလစ်အငိုက်မိစေကာ ရှောင်ကြဉ်ရန်အတွက် အချိန်မရှိတော့ပေ။
"ဘုန်း.."
ခွန်အားအားလုံးကို စုစည်းကာသာ ကာကွယ်ရန်ကြိုးစား၏။
"စီးစီးစီး..."
သို့ပေမယ့် မထင်မှတ်စွာပင် ကျောက်စများမှာ နီရဲနေသည့် သံချွန်တစ်ခု ဝက်ဆီအတွင်းသို့ စိမ့်ဝင်သည့်အလား သူတို့၏ အကာအကွယ်ကို ထိုးဖောက်သွားပြီး ချက်ချင်းပင် ဝင်ရောက်လာခဲ့၏။
"အား.."
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သိုင်းသမားနှစ်ယောက်တို့သည် မြေပြင်ပေါ်သို့ ချက်ချင်းပင် လဲကျသွားကြသည်။
"ကယ်ပါဦး.."
ကျောက်စဖြင့် ထိလိုက်သည့်နေရာသည် အမဲရောင်သို့ ပြောင်းလဲသွားပြီး လျှင်မြန်စွာ ပျံ့နှံ့လာခဲ့၏။
ပိုမိုကာ ကြောက်စရာကောင်းသည်မှာ မြေပြင်ပေါ်သို့ လဲကျသွားချိန်၌ တစီစီမြည်သံနှင့်အတူ အဝတ်များမှာ တိုက်စားခံလိုက်ရပြီး မကြာခင် အရေပြားတို့ ပေါ်လာခဲ့သည်။ ကျောက်တုံးနက်နှင့် ထိတွေ့သည့် အရေပြားတစ်ဝိုက်သည် ချက်ချင်းပင် အမဲရောင်ပြောင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ဆက်လက်ပျံ့နှံ့သွား၏။
အသက်ရှူချိန် ဆယ်ခုစာလောက်အတွင်းတွင် သိုင်းသမားနှစ်ယောက်တို့သည် တူးခြစ်သွားကြပြီး အသက်ရှူမှုက ဖျော့တော့ကာ စကားတစ်ခွန်းပင် မဆိုနိုင်တော့ပေ။
"ကျောက်နက်တွေက အရမ်းကိုအဆိပ်ပြင်းတယ်။ သတိထားကြ။ မထိစေနဲ့.."
ပါရမီရှင်များ၏ နှလုံးသားထဲတွင် အေးစက်မှုတစ်ခု ပျံ့နှံ့လာခဲ့၏။
ကင်းထောက်သိုင်းသမားများလည်း အလွန်သတိကြီးသွားကြပြီး လွင့်စင်လာသည့် ကျောက်စများကို ဂရုတစိုက်ဖြင့် ရှင်းထုတ်သည်။ လှုပ်ရှားမှုတစ်ခု မှားယွင်းပါက ထိုနှစ်ယောက်ကဲ့သို့ အဆုံးသတ်ရနိုင်၏။
ကျောက်တုံးများသည် နေရာတိုင်းတွင် လွင့်ပျံနေပြီး လေထု၌ အနက်ရောင်မြူမှုန်များ ဖုံးလွှမ်းလာခဲ့သည်။
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကျောက်တုံးကြီးမှာ ပျောက်ကွယ်သွားပြီး အဝိုင်းပေါက်တစ်ခု ပေါ်လာခဲ့၏။
အဝိုင်းပေါက်မှာ ဆယ်ပေလောက်မြင့်မားကာ ကြည့်လိုက်ပါက အတွင်းထဲမှ ကြီးမားသည့် မြွေကြီးတစ်ကောင် ထွက်လာတော့မည့်ပုံ ပေါ်၏။
ပါရမီရှင်များမှာ ဝမ်းသာသွားကြသည်။ ဤသည်မှာ အမှန်တကယ်ကို မိုးပြာရောင်နဂါး၏ သင်္ချိုင်းဖြစ်ပေလိမ့်မည်။
"ဝင်ကြ.."
ကင်းထောက်သိုင်းသမားများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြပြီး မြေပြင်နှင့် ခြေထောက်ကိုပင် မထိရဲကြပေ။
ပါရမီရှင်အုပ်စုလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးနောက် အသီးသီး လိုက်လံဝင်ရောက်ကြ၏။
"ညီအစ်ကို... မင်းအရင်ဝင်လေ.."
ရှန်ဟိုင်ကျိုးက အပြုံးတစ်ခုဖြင့် ပြောသည်။
"မင်းပဲအရင်သွားပါ.."
ရွှီယန်က အလျှင်လိုခြင်းမရှိဘဲ ပြော၏။
"ကောင်းပါပြီ။ ကောင်းပါပြီ.."
ရှန်ဟိုင်ကျိုးလည်း အတွင်းသို့ ဝင်ရောက်သွားသည်။
ရွှီယန်မှာ နောက်ဆုံးမှဝင်၏။ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ဂူမှာ ပိုမိုကာ မဲမှောင်လာခဲ့သည်။ သိုင်းသမားများသည် သူတို့၏ အာရုံခံမှုကိုသာ မှီခိုပြီး ရှေ့ဆက်ရ၏။
ကင်းထောက်သိုင်းသမားများ အကြားတွင် ရှေ့ဆုံးရှိတစ်ယောက်မှာ ညပုလဲတစ်ခုကို ထုတ်ယူလိုက်သည်။ အမှောင်ထဲတွင် အလင်းရောင်တစ်ခု ပေါ်လာခဲ့၏။
သူတို့သည် ရှေ့သို့ဆက်လက်သွားရင်းမှ ရုတ်တရက် ရှေ့ဆုံးရှိ ညပုလဲကိုင်ထားသည့်လူမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြောင်းကို တွေ့လိုက်ရသည်။ နီးကပ်စွာ လိုက်နေကြသည့် အနောက်မှ သိုင်းသမားများ၏ ပုံစံက ကြီးစွာပြောင်းလဲသွား၏။ ညပုလဲ၏ အလင်းအောက်တွင် မြေပြင်ပေါ်တွင် လဲကျနေသည့်လူမှာ အသက်မရှိတော့ဟန် တူသည်။
မျက်နှာမှာ မဲနေပြီး အဆိပ်မိထားသည့်ဟန် ရှိ၏။
"ငါတို့တွေ ညပုလဲကို သုံးလို့မရဘူး... အဲ့ဒါကသေစေနိုင်လောက်တဲ့အဆိပ်ကို ဖြစ်ပေါ်စေတယ်.."
သိုင်းသမားတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။ သူ၏ပုံစံက ထိတ်လန့်နေ၏။
ညပုလဲ၏ အလင်းမှတစ်ဆင့် အနက်ရောင်အမျှင်တစ်ခု အလင်းနောက်သို့လိုက်ကာ ရှေ့ရှိလူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခြင်းကို သူတွေ့ခဲ့သည်။
"ဆက်သွားကြ.."
သူတို့၏နောက်ရှိ ကောင်းကင်လူသားတစ်ယောက်က အမိန့်ပေးစွာပြော၏။
ကင်းထောက်သိုင်းသမားများမှာ ရှေ့သို့ ဆက်လက်ထွက်ခွာသွားကြပြီး နက်မှောင်နေသည့် အလောင်းတစ်ခုသာ နေရာတွင် ကျန်ရစ်ခဲ့သည်။
ဂူမှာ အမှောင်တို့ဖြင့် ဖုံးလွှမ်းနေပေမယ့် မည်သူမှ ညပုလဲကို အသုံးပြုရဲခြင်း မရှိပေ။ သူတို့သည် သိုင်းသမားများ၏ ထူးကဲသည့်အမြင်နှင့် အာရုံခံမှုကိုသာ မှီခိုပြီး ဖြည်းဖြည်းခြင်း ရှေ့တက်ရ၏။
နောက်ဆုံးရှိ ရွှီယန်မှာ ဖြေဆေးတစ်လုံးကို ထုတ်ကာ ပါးစပ်ထဲတွင် ငုံထားပြီးဖြစ်သည်။ အဆိပ်ကို ခံစားကြည့်၏။
အဆိပ်မှာ ပြင်းထန်ပေမယ့် အဆိပ်ဖြေဆေးနှင့် ကာကွယ်ဆေးက တွန်းလှန်နိုင်စွမ်းရှိသည်။ သူ၏စိတ်က စိတ်သက်သာရာ ရသွား၏။
ကျောက်နက်တောင်ခြေတွင် ဆယ်ပေလောက်ရှည်ကာ ခန္ဓာကိုယ်မှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး ဦးခေါင်းထက်တွင် သေးငယ်သည့် ဖုတစ်ခုရှိသည့် မြွေတစ်ကောင် ရောက်ရှိလာခဲ့သည်။ ဂူဝဆီသို့ တက်လာခဲ့၏။ မျက်လုံးအစုံမှ အေးစက်သည့်အလင်းရောင်တစ်ခု ထုတ်လွှတ်နေပါသည်။ လျှာက တရွှစ်ရွှစ်မြည်နေပြီး ညင်သာစွာ ရေရွတ်၏။
"ဒီနေရာက ငါ့အပိုင်ပဲ။ ဘယ်သူမှ လုယက်လို့မရဘူး။ ငါက မိုးပြာရောင်နဂါးရဲ့ မျိုးဆက်တစ်ကောင်ဖြစ်ပြီး နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်.."
"ငါသာ အတွင်းထဲက နဂါးခန္ဓာကိုယ်ရရင် ငါ့ရဲ့သွေးမျိုးဆက်က ပိုပြီးတော့တောင်မှ သန့်စင်လာမှာ။ အဲ့ဒါဆိုရင် အဆင့်ငါးကို ချိုးဖျက်နိုင်ပြီ.."
ကျောက်သလင်းမြွေက ဂူထဲသို့ ဝင်ရောက်ပြီးနောက် ကျောက်စိမ်းကဲ့သို့ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မဲမှောင်လာခဲ့သည်။ အမှောင်ထုအတွင်းတွင် ပျောက်ကွယ်သွားခဲ့၏။