အုတ်ဂူထဲမှ လွတ်မြောက်ခြင်း
Vol. 1 Ch. 122
ကျန်းရီသည် အမည်မဲ့ ကျင့်စဉ်၏ အစွမ်းကို သိထားရာ ဒုတိယပိုင်း ပေါ်လာသည်နှင့် အလွန် မြူးထူးသွားရသည်။ တစ်နာရီမျှ ကြာပြီးနောက် သူ့စိတ်ထဲမှ နာကျင်မှုသည် လျော့ပါး သွားခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် ထထိုင်လိုက်ပြီး ချွေးစေးများကို သုတ်ကာ အသက်ဝဝ ရှူလိုက်သည်။
သူသည် မျက်လုံးများကို မှိတ်ကာ စာလုံးများကို ဖတ်ကြည့်လိုက်သည်။ သူသည် အခြား အကြောင်းအရာများကို စဉ်းစား မနေတော့ဘဲ စာလုံးများကို နားလည်ရန်သာ ကြိုးစား လိုက်သည်။ သူသည် ထိုစာလုံးများကို နားလည်သွားသည်နှင့် သူ့အင်အားသည် အလွန် ခြားနားသွားမည်ဟု ထင်နေခဲ့သည်။
သူသည် အနက်ရောင် စာလုံးများထံတွင် သုံးနာရီကြာ နစ်မျောသွားခဲ့သည်။ သူ့မျက်လုံးများ ပွင့်လာသောအခါ စိတ်ပျက်ဟန်များသာ အတိုင်းသား ပေါ်လွင်နေခဲ့သည်။ သူသည် စာလုံးများကို နားလည်သွားပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းတွင် တိုးတက်မှု ရှိမလာဟု ခံစားနေရသည်။ အနက်ရောင် အတွင်းအား၏ အစွမ်းနှင့် အမြန်နှုန်းသည်လည်း တိုးတက် မလာခဲ့ပေ။ ၎င်းသည် ရိုးရိုး စာလုံးများသာ ဖြစ်ဟန်ရလေသည်။
ကျန်းရေ အသွင် ပညာကဲ့သို့သော ကျင့်စဉ်များတွင် အဆင့်သုံးဆင့် ရှိလေသည်။ ဒုတိယ အပိုင်းတွင် ကျင့်ကြံသူ၏ အမြန်နှုန်းသည် နှစ်ဆ တိုးသွားလိမ့်မည် ဖြစ်လေသည်။ တတိယ အပိုင်းသို့ ရောက်သောအခါ အစွမ်းရော၊ အမြန်နှုန်းပါ နှစ်ဆစီ ဖြစ်သွား လိမ့်မည် ဖြစ်ပေသည်။
"ကိစ္စ မရှိဘူး ... ငါကျင့်ကြံ ကြည့်ဦးမယ်"
ကျန်းရီသည် ရေရွတ်လိုက်ပြီး စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် တင်ပျဉ်ခွေ ထိုင်လိုက်ကာ အမည်မဲ့ ကျင့်စဉ်ကို ကျင့်ကြံ၍ အနက်ရောင် အတွင်းအားများကို စုဆောင်း လိုက်သည်။ သူကျင့်ကြံ လိုက်သောအခါ အနက်ရောင် အတွင်းအား ကျင့်ကြံနှုန်းသည် မူလ အမြန်နှုန်းနှင့် မခြားနားသောကြောင့် ပို၍ စိတ်ပျက် သွားရသည်။ အနက်ရောင် အတွင်းအား၏ အစွမ်းကလည်း သိသိသာသာ တိုးလာခြင်း မရှိပေ။
တစ်ခုခုတော့ မှားနေသလိုပဲ အဘယ့်ကြောင့်ဆိုသော် ကျန်းရီသည် အနက်ရောင် အတွင်းအား ဆယ်မျှင်ပြည့်သွားအောင် ကျင့်ကြံပြီးသော်လည်း ရပ်တန့် မသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ သူမသိလိုက်ခင်မှာပင် အနက်ရောင် အတွင်းအားသည် ဆယ့်တစ်မျှင် ရှိသွားခဲ့ချေပြီ။
ရှစ်၊ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ် ... တကယ်ကြီး ဆယ့်တစ်မျှင် ဖြစ်နေတာပဲ ... ဒီကျင့်စဉ်ရဲ့ ဒုတိယပိုင်းက အရေအတွက်ကို တိုးလာစေတာများလား
ကျန်းရီ၏ စိတ်သည် တုန်လှုပ်သွားခဲ့သည်။ သူသည် အလျင်အမြန် အနက်ရောင်အတွင်းအားကို ဆက်လက် ကျင့်ကြံ နေလိုက်သည်။ အနက်ရောင် အတွင်းအားသည် သူ့ဒန်တျန်းမှ တစ်မျှင်ပြီးတစ်မျှင် ထွက်လာနေခဲ့လေသည်။ ကျန်းရီသည်လည်း အချိန်ဖြုန်းရန် ဆန္ဒမရှိဘဲ ကျင့်ကြံခြင်းတွင်သာ လုံးဝ အာရုံစိုက်ထားခဲ့သည်။
အချိန်အတော်ကြာအောင် ကျင့်ကြံပြီးနောက် အနက်ရောင် အတွင်းအားသည် ဆယ်ဂဏန်းချီ၍ ရှိနေလေပြီ။ ကျန်းရီသည် ကျင့်ကြံနှုန်းကို အားမရ ဖြစ်လာသောကြောင့် ခဏ ရပ်တန့်လိုက်သည်။ ထို့နောက် မြေကမ္ဘာ အဆင့် အတွင်းအားတိုးဆေး တစ်လုံးကို စားလိုက်ကာ အနက်ရောင် အတွင်းအားနှင့် ပေါင်းစပ်၍ ဆေးအစွမ်းကို တိုးမြှင့်စေလိုက်သည်။ သေချာ ပြင်ဆင်ပြီးနောက် သူသည် အနက်ရောင် အတွင်းအားကို ဆက်လက် ကျင့်ကြံ ထုတ်ယူနေတော့သည်။
အစတည်းက ကျင့်ကြံနှုန်းသည် အပြင်ထက် ငါးဆခန့် မြန်ဆန်နေခဲ့ပြီး ဖြစ်သည်။ ဆေးအစွမ်းပါ ပေါင်းလိုက်သောအခါ အမြန်နှုန်းသည် စကားနှင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။ အနက်ရောင် အတွင်းအား၏ ပမာဏသည်လည်း ရာချီလာခဲ့ပေပြီ။
ငါးရာ ... ခုနှစ်ရာ ... ကိုးရာ ... တစ်ထောင်
အရေအတွက် တစ်ထောင်သို့ ရောက်သည်နှင့် ကျန်းရီသည် အနက်ရောင် အတွင်းအားကို ထပ်မံထုတ်လုပ်၍ မရတော့ပေ။ ကျန်းရီသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူ့မျက်လုံးတွင် သတ်ဖြတ်ချင်သော အရှိန်အဝါများ လောင်မြိုက် နေခဲ့သည်။ ရုတ်တရက် သူရေရွတ် လိုက်သည်။
"ကျန်းရိလျှို ... ငါထွက်မလာနိုင်ဖို့သာ ဆုတောင်းနေပေတော့ ... မဟုတ်ရင် ... မင်းခေါ်လာတဲ့ သွေးနီစစ်သားတွေ အကုန်လုံးကို ငါသတ်ပေးမယ်"
အနက်ရောင် အတွင်းအား အရေအတွက် တိုးလာသည်နှင့်အမျှ ကျန်းရီ၏ ယုံကြည်မှုသည်လည်း မြင့်တက်လာခဲ့လေသည်။ အစက ကျန်းရီတွင် အနက်ရောင် အတွင်းအား အလုံအလောက်မရှိရာ အတွင်းအား ပေါက်ကွဲလက်ဝါးကို ခဏခဏ မသုံးနိုင်ခဲ့ပေ။ သူသာ အတွင်းအား ပေါက်ကွဲလက်ဝါးကို သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် ပေါင်းစပ်လိုက်လျှင် ကျန်းရိလျှို ခေါ်လာသော လူရာချီကို သတ်နိုင်လိမ့်မည် ဖြစ်သည်။
ဒါပေမယ့် ... သူဒီနေရာက ထွက်နိုင်ပါ့မလား
"ဟူး ... ထွက်ဖို့ နည်းလမ်းပဲ အရင်ရှာရမယ် ... မဟုတ်ရင် ငါ့အင်အားတွေ ဘယ်လောက် တိုးလာလာ ဒီမှာ သေသွားလိမ့်မယ် ... "
ကျန်းရီသည် ခေါင်းရမ်းကာ အနက်ရောင် အတွင်းအား အကြောင်း အတွေးများကို ဖယ်ထုတ်လိုက်သည်။ သူသည် အနီရောင် ပုလဲကိုသာ အသေအချာ ကြည့်နေလိုက်သည်။ ထိုပုလဲသည် အလွန် ဆန်းကြယ်ပေသည်။ ၎င်းသည် ကျန်းရီ၏ အနက်ရောင် အတွင်းအားကို စုပ်ယူကာ ကျန်းရီအား အမည်မဲ့ ကျင့်စဉ်၏ ဒုတိယပိုင်းကို ရရှိအောင် ကူညီခဲ့သည်။ ယခုမူ ၎င်းသည် အနီရောင် အလင်းများ ဖြာထွက်၍ ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ ရှိနေခဲ့သည်။ ပုလဲ၏ အတွင်းဘက်တွင် အနီရောင် နဂါးပုံရိပ် ခပ်ဖျော့ဖျော့သည် လှုပ်ရှားနေခဲ့သည်။ ပုလဲမှ တောက်ပနေသော အလင်းရောင်သည် အခန်းတွင် အခြား ရတနာများနှင့် အတူတူလောက်ပင်။
သို့သော် လက်ရှိအချိန်တွင် ကျန်းရီသည် တွေဝေနေခဲ့သည်။ သူသည် အချိန်များစွာ ကျင့်ကြံပြီး အနက်ရောင် အတွင်းအား အမျှင်တစ်ထောင်ကို စုဆောင်းနိုင်ခဲ့သည်။ သူသာ ပုလဲကို ကိုင်လိုက်မိ၍ အနက်ရောင် အတွင်းအားအကုန် ထပ်မံ စုပ်ယူခံလိုက်ရလျှင် ဘယ်လို လုပ်မည်နည်း။
"ကိစ္စ မရှိဘူးလို့ ထားလိုက်ရအောင်"
ကျန်းရီသည် အံကြိတ်ကာ အနီရောင်ပုလဲကို ဆုပ်ကိုင်လိုက်သည်။ ပုလဲသည် အနက်ရောင် အတွင်းအားများကို ထပ်မံ မစုပ်ယူတော့သည်ကို တွေ့လိုက်သောအခါ သူစိတ်သက်သာရာ ရသွားခဲ့သည်။
"ဒီပုလဲကို ဘယ်လိုသုံးလို့ ရသေးတာလဲ"
ကျန်းရီသည် ပုလဲကို ကိုင်၍ ထပ်ကာထပ်ကာ စစ်ဆေး ကြည့်နေလေသည်။ ပုလဲအတွင်းရှိ နဂါးပုံရိပ်သည် အသက်ရှိနေသည့် အလား ကူးခတ်နေသည်ကို တွေ့လိုက်ရသောအခါ ကျန်းရီ အံ့အား သင့်သွားရလေသည်။ သူသည် ပုလဲ၏ ဆန်းကြယ်သော တည်ရှိမှုကို ခံစားမိသော်လည်း မည်သို့ အသုံးပြုရမည်ကို မသိပေ။
ကျန်းရီသည် စိတ်ဆုံးဖြတ်လိုက်၍ အနက်ရောင် အတွင်းအားအမျှင် အနည်းငယ်ကို လက်ဝါးဆီ ပို့ဆောင်၍ ပုလဲအား ဆုပ်ကိုင်လိုက်သည်။ ပုလဲသည် အနက်ရောင် အတွင်းအားကို မစုပ်ယူတော့သော်လည်း အနက်ရောင် အတွင်းအားနှင့် ထုပ်ပိုး ကြည့်လိုက်ခြင်းသည် သေချာပေါက် အသုံးဝင်နိုင်ပေသည်။
ထင်ထားသလိုပဲ အနက်ရောင် အတွင်းအားသည် ပုလဲကို လွှမ်းခြုံ သွားသည်နှင့် အလင်းရောင်များ တောက်ပလာခဲ့သည်။ ကျန်းရီ၏ ဝိညာဉ်သည် တုန်ခါသွားခဲ့သည်။ ထိုအခိုက်တွင် ပုလဲသည် ကျန်းရီ၏ အသွေးအသားများနှင့် ဆက်သွယ်သွားသည့်အလား ထင်ရသည်။ ပုလဲသည် သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည့်အလားပင် ...
"ဒီပုလဲကို ငါသန့်စင်လိုက်မိတာလား"
ကျန်းရီသည် တံတွေးမြိုချလိုက်မိသည်။ ဒဏ္ဍာရီများတွင် ရှားပါးလှသော အဖိုးတန် ပစ္စည်းများသည် ပိုင်ရှင်ကို မှတ်မိနိုင်သော စွမ်းရည်ရှိ၍ ပိုင်ရှင်၏ စိတ်နှင့် ဆက်သွယ်နိုင်သည်။ ကျန်းရီသည် ပုလဲ၏ အဆင့်အတန်းကို မသိသော်လည်း သူနှင့်ပေါင်းစပ်နိုင်သည်ကို ကြည့်လျှင် အနည်းဆုံး ကောင်းကင်အဆင့် ရှိရပေမည်။
ကျန်းရီသည် စိတ်အာရုံကို သုံး၍ ပုလဲအားကြည့်လိုက်ရာ သူ့အမြင်အာရုံတွင် ခပ်ဝါးဝါး နေရာလွတ် ကွင်းပြင်တစ်ခုအား တွေ့လိုက်ရလေသည်။ ကွင်းပြင်သည် ပေရာပေါင်းများစွာ ပတ်လည် ကျယ်ဝန်း၍ အနီရောင် ကျောက်တုံး အပိုင်းအစ တချို့မှ လွဲ၍ ဘာမှ ရှိမနေပေ။
ကျန်းရီသည် အာရုံအနည်းငယ် ပျက်ပြားသွား၍ သူ့ရှေ့ရှိ မြင်ကွင်းသည် ပျောက်ကွယ် သွားခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ပြီးနောက် လက်ထဲရှိ ပုလဲကို ပြန်လည် အာရုံစိုက်လိုက်သည်။ ကျန်းရီသည် ထူးဆန်းသည်ဟု သိလိုက်ရ၍ ရေရွတ်လိုက်သည်။
"ဒီထူးဆန်းတဲ့ ကွင်းပြင်က ပုလဲထဲမှာလား"
ကျန်းရီသည် အတွေးများကို ပြန်လည် စုစည်းလိုက်ရာ အနီရောင် ကျောက်တုံး အပိုင်းအစများ ရှိနေသော နီရဲနေသည့် ကွင်းပြင်ကို တွေ့လိုက်ရလေသည်။
"ဒါက ရှေးဟောင်း နတ်ဘုရား လက်စွပ်လိုမျိူး ပစ္စည်းသိမ်းတဲ့ ရတနာ အမျိုးအစား များလား"
ကျန်းရီသည် ဆရာကျောက်နှင့် ကျန်းရိလျှို ပိုင်ဆိုင်သော လက်စွပ်များ အကြောင်းကို ပြန်သတိရသွားသည်။ ရှေးဟောင်း နတ်ဘုရား လက်စွပ်တွင် နေရာလွတ် ကွက်လပ် တစ်ခု ပါရှိပြီး ပစ္စည်း အမြောက်အများကို သိမ်းဆည်းနိုင်သည်ဟု ချမ်ဝမ်ကွမ် ပြောဖူးသည်။ ဤပုလဲတွင်လည်း ထူးဆန်းသော နေရာလွတ် တစ်ခု ရှိနေခဲ့ပြီး အထဲတွင် ကျောက်တုံး အပိုင်းအစ အချို့သာ ရှိနေခဲ့သည်။
"ငါကြိုးစားကြည့်မယ်"
ကျန်းရီသည် အနီရောင်ပုလဲကို ကြည့်လိုက်ပြီး စိတ်အာရုံသည် ပုလဲအတွင်းသို့ ဝင်ရောက်သွားကာ အနီရောင် ကျောက်တုံး အပိုင်းအစ တစ်ခုကို အာရုံစိုက်လိုက်သည်။
"ဝီ"
ပုလဲနီသည် အနီရောင် တောက်သွားကာ အနီရောင် ကျောက်တုံး အပိုင်းအစသည် ကျန်းရီ၏ရှေ့ လေထုအလယ်တွင် ပေါ်ထွက်လာခဲ့သည်။ ထိုကျောက်တုံးငယ် ပေါ်လာသည်နှင့် အခန်းသည် ပုံမှန်ထက် ပူလာခဲ့သည်။ လေထုသည် ပူနွေးလာပြီး လောင်ကျွမ်းမတတ်ပင်။
ကျန်းရီသည်လည်း ပူလောင်လာပြီး သူ့တစ်ကိုယ်လုံး ပျောက်ဆုံး သွားတော့မည်ဟု ခံစားလိုက်ရသည်။ သူသည် အနီရောင် ကျောက်တုံး အပိုင်းအစကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူလဲကျသွားမတတ် ဖြစ်သွားသောအခါ သူ့လက်ထဲရှိ ပုလဲနီသည် အနီရောင် အလင်းတန်းများ ဖြာထွက်လာပြီး သူ့ကိုယ် အပူချိန်အား ပုံမှန် ပြန်ဖြစ်သွားစေသည်။
"ခလွမ်"
အနီရောင် ကျောက်တုံး အပိုင်းအစသည် ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ ကျန်းရီကို ပိုအံ့အားသင့်အောင် လုပ်လိုက်သည်မှာ ကျောက်တုံးသည် မီးထ တောက်လာခဲ့သည်။ ထို့နောက် မီးသည် အနီရောင်မှ အစိမ်သို့ ပြောင်းလဲသွားကာ ကြမ်းပြင်တွင် အပေါက်ငယ် ဖြစ်အောင် လောင်ကျွမ်း သွားတော့သည်။
ဒီနေရာဘာလဲ ဤနေရာသည် ကောင်းကင် ဧကရာဇ်၏ အုတ်ဂူအစစ် ဖြစ်လေသည်။ ကျန်းရီသည် ဤနေရာ၏ ကြမ်းပြင်အား မည်သည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ကို မသိသော်လည်း နံရံလေးဖက်နှင့် ကြမ်းပြင်တွင် တားမြစ် အစီအရင်များ ရှိသည်ကိုတော့ သေချာသိထားလေသည်။ သူသည် အစောကြီးတည်းက ကြမ်းပြင်ကို အင်အား အပြည့်သုံး၍ ရိုက်ချ ကြည့်ပြီးခဲ့လေပြီ။ ကြမ်းပြင်သည် ပြိုကျဖို့ နေနေသာ လှုပ်တောင် လှုပ်မသွားပေ။
သို့သော် ယခုမူ အနီရောင် ကျောက်တုံးလေးများသည် မီးထတောက်ကာ ကြမ်းပြင်အား အလွယ်တကူ လောင်ကျွမ်းသွားခဲ့သည်။ ဒီမီးတောက်က ကြမ်းပြင်ရဲ့ တားမြစ် အစီအရင်တွေကို လျစ်လျူ ရှုနိုင်တာလား ကျန်းရီ၏ ကိုယ်သည် တုန်လှုပ်သွားခဲ့ပြီး သူ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တစ်လက်လက် တောက်ပလာခဲ့သည်။ ထိုအနီရောင် ကျောက်တုံး အပိုင်းအစများသည် ကြမ်းပြင်ကို လောင်ကျွမ်းနိုင်သည် ဆိုမှတော့ သူသည် ကောင်းကင် ဧကရာဇ်၏ အုတ်ဂူတွင် အပေါက်တစ်ခု ဖန်တီး၍ ဤနေရာမှ လွတ်မြောက်နိုင်သည် မဟုတ်ပါလား။
***