← Chapters

ခေးအောစ့်နတ်မင်းဆက်၊ မင်းသားဂူသင်္ချိုင်း

Vol. 96 Ch. 1358

ခေးအောစ့်နတ်မင်းဆက်၊ မင်းသားဂူသင်္ချိုင်း

Vol. 96 Ch. 1358

အိမ်သို့ပြန်ရောက်သောအခါ ပထမအကြီးအကဲ ရှောင်ဟိုင်နှင့်ကျန်သောသူများအား အခြေခံအခြေအနေနှင့် လျှို့ဝှက်နယ်မြေ၏ နောက်ခံကို ရှင်းပြသည်။

ယင်းနောက်တွင် ခေးအောစ့်နတ်မင်းဆက်အား မပြောရန်ဟူသည် မဖြစ်နိုင်ပေ။

လွန်ခဲ့သည့်နှစ်တစ်သန်းက ခေးအောစ့်နယ်မြေထဲက ထိပ်တန်းအင်အားစုတစ်ခုတဖြစ်လဲ ခေးအောစ့်နတ်မင်းဆက်က အကန့်အသတ်မဲ့ဂုဏ်ကျက်သရေကို ခံစားခဲ့ရသည်။

အရင်က ခေးအောစ့်နတ်မင်းဆက်၏ ဖွဲ့စည်းတည်ဆောက်ပုံ၌ နယ်မြေခြောက်ခုမှ အဖွဲ့၀င်များပင်ပါ၀င်သည်။ သေမျိုးနယ်မြေ၊ မိစ္ဆာနယ်မြေ၊ နတ်ဆိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတင်မဟုတ်ဘဲ နတ်ဘုရားနယ်မြေက လူများပင်လျှင် မင်းဆက်ထဲတွင် နေရာများယူထားကြသည်။

ခေးအောစ့်နတ်မင်းဆက်ထဲက 'နတ်မင်းဆက်' ဟုသောစကားလုံးက တျန်းဂျီတိုက်ကြီးရှိ နဂါးကိုးကောင်နတ်မင်းဆက် သို့မဟုတ် ရွှမ်ဝူနတ်မင်းဆက်တို့ နှိုင်းယှဉ်နိုင်သည့် အရာတစ်ခုမဟုတ်ပေ။

ကံဆိုးစွာပင် အကြောင်းရင်းတစ်ချို့ကြောင့် ခေးအောစ့်နတ်မင်းဆက်က ဖြည်းဖြည်းချင်းကျဆင်းလာခဲ့ပြီး နောက်ဆုံးတွင် ဤခေးအောစ့်နယ်မြေထဲ၌ ဆန်းကြယ်စွာပင် ပျောက်ကွယ်သွားခဲ့သည်။

သူ့ခေတ်အထွဋ်အထိပ်ကာလ၌ ခေးအောစ့်နတ်မင်းဆက်က ခေးအောစ့်နယ်မြေ၏ တိုက်ကြီးလေးခုအတွင်း တည်ရှိသည်။

တျန်းဂျီတိုက်ကြီး၏ တောင်ပိုင်းသဲကန္တာရထဲတွင် ဤနေရာ၌ တိုင်းပြည်တစ်ခုထူထောင်ခဲ့သည့် ခေးအောစ့်နတ်မင်းဆက်၏ မင်းသားတစ်ပါးရှိခဲ့ဖူးသည်။

ခေးအောစ့်နတ်မင်းဆက်၏မင်းသားများစွာအနက် တစ်ဦးဖြစ်နေသည့်တိုင် သူ့၏ နက်နဲသည့်ခွန်အားနှင့် အရင်းအမြစ်များက တျန်းဂျီတိုက်ကြီးတစ်ခုလုံးအတွင်း ဆန်းကြယ်သည့် မိုမိသားစုနှင့်သာ ယှဉ်နိုင်သည်။

ထိုမင်းသား၏ ဂူသင်္ချိုင်းတွင် မရေမတွက်နိုင်လောက်သည့်ရတနာများရှိခဲ့သည်။

သို့သော် လွန်ခဲ့သည့်နှစ်တစ်သန်းက ဤနေရာက စိမ်းလန်းပြီး သယံဇာတကြွယ်၀သည့် သစ်တောတစ်ခုဖြစ်ခဲ့လိမ့်မည်ဟု မည်သူတွေးမိမည်နည်း။

ယဲ့ချိုးပိုင် အနည်းငယ်တုန်ယင်သွား၏။

"ဒါဆိုဘာလို့ဒီလိုအခြေအနေကို ပြောင်းသွားရတာလဲ၊ သစ်တောကနေ ဒီလိုသဲကန္တာရအဖြစ် အကြီးအမားပြောင်းလဲသွားတာက မဟာစစ်ပွဲကြီးတစ်ခုကြောင့်များလား"

ပထမအကြီးအကဲခေါင်းခါယမ်းရင်း နောင်တရသလိုခံစားရသည်။

"ဒါကမင်းသားတိုင်းပြည်ရဲ့အမှားကြောင့်ပဲ"

"အရင်က မင်းသားရဲ့တိုင်းပြည်က အဆောင်တွေကို အဓိကသုံးခဲ့ပြီး တျန်းဂျီတိုက်ကြီးထဲက အားအကောင်းဆုံး အဆောင်သခင်ဖြစ်တဲ့ တိုင်းပြည်ရဲ့ ဧရာဇ်မင်းရောကလည်း မိုးနဲ့မြေကို အတော်လေး ထိခိုက်နိုင်တဲ့ အဆောင်တစ်မျိုးတီထွင်ခဲ့တယ်၊ ဒီအဆောင်အတွက် ကုန်ကြမ်းတွေကတော့ အဆုံးမဲ့အသက်အနှစ်သာရနဲ့ အရင်းအမြစ်အများအပြားကို လိုအပ်ခဲ့တယ်"

"ဒါပေမယ့် အဆုံးမဲ့အသက်အနှစ်သာရရဲ့ စည်းမျဉ်းက မိုးနဲ့မြေကြားက ထိပ်တန်းစည်းမျဉ်းတွေထဲက တစ်ခုဖြစ်တာမို့ ခေးအောစ့်နယ်မြေတစ်ခုလုံးမှာ လူအနည်းငယ်ကပဲ ဖမ်းဆုပ်နိုင်ခဲ့တယ်၊ သူတို့ဒီနည်းနဲ့ မအောင်မြင်နိုင်တာမို့ ဒီနေရာက သစ်တောတစ်ခုလုံးက အသက်အနှစ်သာရကို ထုတ်ယူခဲ့သလို တခြားအရင်းအမြစ်တွေကိုလည်း မဆင်မခြင်သုံးပစ်ခဲ့တယ်"

"သစ်တောထဲက သစ်ပင်တွေအားလုံးရဲ့ အသက်အနှစ်သာရတွေကို ထုတ်ယူပြီးတာတောင် အဲဒါကမလုံလောက်သေးဘူး၊ တဖြည်းဖြည်းနဲ့ သစ်တောနဲ့ တခြားရင်းမြစ်တွေက စတင်ကုန်ခမ်းလာခဲ့ပြီး ဒီနေ့မင်းတို့မြင်နေရတဲ့ သဲကန္တာရအဖြစ် ပြောင်းလဲသွားခဲ့တာပဲ"

"အဆုံးမှာ ဒီကသစ်တောနဲ့အရင်းအမြစ်တွေက ကုန်ဆုံးသွားခဲ့ပြီး မင်းသားရဲ့တိုင်းပြည်က နှစ်သောင်းချီကြာတိုက်ပွဲတွေ ဖြစ်ပျက်ခဲ့တယ်" ပထမအကြီးအကဲ သက်ပြင်းချသည်။

"လွန်ခဲ့တဲ့နှစ်တစ်သန်းက မှတ်တမ်းတွေအရဆိုရင် တောင်းပိုင်းသဲကန္တာရက လက်ရှိအရွယ်အစားထက် တစ်၀က်တောင်လျော့ကျသွားခဲ့တယ်၊ လက်ရှိအရွယ်အစားကတော့ တိုင်းပြည်ရဲ့အောင်ပွဲတွေကနေတဆင့် ရခဲ့တဲ့နယ်မြေတွေရဲ့ရလဒ်ပဲ"

"ဒါပေမယ့် တဖြည်းဖြည်းနဲ့ မိုမိသားစုဦးဆောင်ပြီး တျန်းဂျီတိုက်ကြီးက အင်အားစုများစွာနဲ့ ပူးပေါင်းပြီးတော့ မင်းသားရဲ့တိုင်းပြည်ကို ဖြုတ်ချပစ်ခဲ့တယ်"

ဒါကိုကြားသောအခါ လူတိုင်းအနည်းငယ် ထိတ်လန့်သွားကြ၏။

ဤကဲ့သို့သိုဝှက်ထားသည့် လျှို့ဝှက်ချက်များရှိနေခဲ့သည်။

သို့သော်ဒါက မင်းသားတိုင်းပြည်နှင့် ခေးအောစ့်နတ်မင်းဆက်တို့၏ ကြောက်စရာကောင်းမှုကိုလည်း ပြသခဲ့သည်။

ဤလျှို့ဝှက်နယ်မြေက ထိုမင်းသား၏ ဂူသင်္ချိုင်းဖြစ်လေရာ ကြောက်စရာကောင်းပါသည်။

ယဲ့ချိုးပိုင်ရုတ်တရက်ပြောသည်။

"ဂူသင်္ချိုင်းပေါ်လာတာက တျန်းဂျီတိုက်ကြီးထဲက အင်အားစုအားလုံးရဲ့အာရုံကို ဆွဲဆောင်သွားခဲ့တယ်၊ ဒါက အဲဒီတုန်းက မင်းသားတိုင်းပြည်ရဲ့ အဲဒီအဆောင်ကြောင့်များလား"

ပထမအကြီးအကဲခေါင်းညိတ်သည်။

"အတိအကျပဲ၊ တစ်ချို့က မင်းသားတိုင်းပြည်က အဲဒီအဆောင်က အဲတုန်းက တစ်၀က်ကျော်ပြီးစီးခဲ့တယ်လို့တောင် ထင်ကြေးပေးကြတယ်၊ အရင်းအမြစ်များစွာကို ကုန်ခမ်းစေတဲ့အဆောင်တစ်ခုက အတော်လေးအစွမ်းထက်ရမယ်၊ ဒါကြောင့်လည်း အင်အားစုအများစုက ကံစမ်းချင်ကြတာပဲ"

"မင်းတို့၀င်တဲ့အခါအရမ်းသတိထားကြ၊ ဒါကဂူသင်္ချိုင်းတစ်ခုမို့ အန္တရာယ်တွေအများကြီးပါ၀င်နိုင်သလို နယ်ပယ်ကန့်သတ်ချက်တွေလည်းရှိတယ်၊ ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်တဲ့သူတွေကပဲ ၀င်လို့ရတယ်"

"ဒါ့အပြင် မိုမိသားစုကလည်း လူတွေကို ဒီကိုစေလွှတ်ခဲ့တယ်လို့ ငါကြားခဲ့တယ်၊ သူတို့ဘယ်မှာလဲဆိုတာကတော့ အရမ်းလျှို့ဝှက်နေတုန်းပဲ"

မိုမိသားစုလား!

ထန်ကျုံ့ကျောက်နှင့် ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ကျန်သောသူများမှာ လုံး၀အံ့ဩသင့်သွားကြသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကမူ မိုမိသားစုကို နားမလည်ထားသဖြင့် အရမ်းကြီးဂရုမစိုက်ကြပေ။

"ဒါကအန္တရာယ်များလာနိုင်တယ်၊ မိုမိသားစုရဲ့ ရုပ်သေးနည်းစနစ်တွေက အရမ်းအားကောင်းလွန်းတယ်၊ လူတစ်ယောက်က စစ်တပ်တစ်တပ်တောင် ဖြစ်နိုင်တယ်တဲ့...." ထန်ကျုံ့ကျောက်သက်ပြင်းချကာ မျက်မှောင်ကြုတ်သည်။

သို့သော် ပထမအကြီးအကဲတည်ငြိမ်စွာပြောသည်။

"အင်း၊ သူတို့ဒီကို ရုပ်ဖျက်ပြီးလာမယ်ဆိုရင် သူတို့ကိုယ်သူတို့အရမ်းကြီးထုတ်ပြမှာမဟုတ်ဘူး၊ သတိထားရင် ဘာပြဿာနာမှ ဖြစ်လာမှာမဟုတ်ဘူး"

"ငါတို့စုံစမ်းစစ်ဆေးမှုအရဆိုရင် ဂူသင်္ချိုင်းက သုံးရက်အတွင်း နေ့ခင်းပိုင်းမှာ အပြည့်အ၀ပေါ်ပေါက်လာလိမ့်မယ်၊ မင်းတို့ရဲ့ အခြေအနေကိုပြင်ဆင်ဖို့ ဒီရက်တွေကို အသုံးချကြ၊ လုံခြုံမှုအတွက် မစိုးရိမ်နဲ့၊ ငါအရိပ်ထဲက စောင့်ကြည့်နေမယ်"

ထိုသို့ပြောပြီးနောက် ပထမအကြီးအကဲ အခန်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။

လူများကလည်း စတင်ကမ္မဌာန်းထိုင်ရင်း သူတို့အဆီအနှစ်၊ စွမ်းအင်နှင့် စိတ်ဓာတ်တို့ကို အကောင်းဆုံးအခြေအနေနှင့် ထိန်ညှိနေသည်။

.....

မျက်စိတစ်မှိတ်အတွင်းမှာပင် ပထမအကြီးအကဲပြောဆိုခဲ့သည့်နေ့ရက်ရောက်လာခဲ့သည်။

မရေမတွက်နိုင်လောက်သောလူများက အဝါရောင်သဲကန္တာရထက်တွင် စုရုံးနေကြ၏။

ဤနေရာ၌ ထူးခြားတာဟူ၍ဘာမှမရှိဘဲ အဆုံးမဲ့အဝါရောင်သဲများနှင့် သဲများကို သယ်သွားသည့် လေပြင်းများသာရှိသည်။

"အချိန်ကျပြီ" အိမ်ရှေ့မင်းသားရုတ်တရက်ပြောလိုက်ပြီ။

နေ့လည်ခင်းကိုရောက်လာလေပြီ။

တစ်ခဏအတွင်း မိုးနှင့်မြေက တုန်ခါသွားပုံရသည်။

မြေကြီးက တုန်ခါနေသည်။

လေထဲတွင် လွင့်မျောနေကြသူများပင် အထိန်းအချုပ်မဲ့လှုပ်ယမ်းနေကြ၏။

အောက်ကသဲများက ဧရာမလှိုင်းများပမာ လှိုင်းထန်လာပြီး သဲပုံကြီးများက အလွှာလိုက်တက်လာသည်။

ယင်းနောက်တွင် သူတော်စင်သားတော်ရွှမ်မင်၏ကာကွယ်သူက လေးနက်သည့် အသံဖြင့်ပြောသည်။

"လူတိုင်းနောက်ဆုတ်ကြ"

လူများချက်ချင်းနောက်ဆုတ်သွားကြသည်။

လူတိုင်းနောက်ဆုတ်သွားခိုက် ဘက်ပေါင်းစုံက အတားအဆီးများက အတွင်းက ဧရာမသဲပုံကြီးကိုပိတ်ပစ်သည်။

အမွေးတိုင်တစ်တိုင်စာအကြာတွင် သဲပုံကြီးက ထိုးတက်နေတာရပ်သွားပြီး သဲများက စတင်ကျလာကာ တောထဲတွင် တစ်ယောက်တည်းရပ်နေသည့် ဧရာမလိပ်ပြာပုံ ဂူသင်္ချိုင်းကြီးတစ်ခုပေါ်လာခဲ့သည်။

ဂူသင်္ချိုင်းတံခါးအထက်တွင် ပျံသန်းနေသည့် နတ်ဘုရားရုပ်တုများစွာကို ထွင်းထားပြီး ၎င်းကနတ်ဘုရားဆန်သည့်လက်မှုပညာတစ်ချကို ပြသရင်း တက်လှမ်းမှုကို သင်္ကေတပြုထားပုံပင်။

ဤအထူးပစ္စည်းများနှင့် ဆောက်လုပ်ထားသည့် ဂူသင်္ချိုင်းက နှစ်တစ်သန်းကြာသည့်တိုင် မှေးမှိန်သွားခြင်းမရှိသလို အက်ကြောင်းများလည်းမရှိပေ။

အဝေးကနေ ထွက်လာသော သေစေလောက်သည့်အော်ရာနှင့် ကြီးမားသည့်ဖိနှိပ်မှုကို ခံစားနိုင်သည်။

ယခုလိုဂူသင်္ချိုင်းမျိုးကို တည်ဆောက်ရန်အတွက် မင်းသားတိုင်းပြည်၏ အခြေခံအုတ်မြစ်က ဘယ်လောက်ထိအားကောင်းမလဲဆိုတာကို တွေးကြည့်၍ပင်ရနိုင်သည်။

ယနေ့ခေတ်တွင် ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွက်ပင် ယခုလိုဂူသင်္ချိုင်းမျိုးကို တည်ဆောက်ရန် ခက်ခဲလောက်သည်။

ဂူသင်္ချိုင်း၏၀င်ပေါက်၌ ၀င်ပေါက်နေရာကို ရှင်းလင်းစွာဖော်ပြထားသည့် လေးထောင့်ပုံအပေါက်တစ်ပေါက်ရှိသည်။

အင်အားစုများစွာ၏ အထက်ပုဂ္ဂိုလ်များက သူတို့အောက်က လက်အောင်ငယ်သားများအား ၀င်ရန်အတွက် ပြင်ဆင်ရန် ညွှန်ကြားကြသည်။

ပထမအကြီးအကဲ ထန်ကျုံ့ကျောက်နှင့် သူ့အုပ်စုအားကြည့်လိုက်၏။

"ပြောစရာရှိတာအကုန်ပြောပြီးပြီ၊ ဂူသင်္ချိုင်းထဲမှာ အတိအကျဘာရှိနေသလဲဆိုတာ ဘယ်သူမှမသိဘူးဆိုတော့ သတိထားကြပါ"

သူတို့ခေါင်းညိတ်ကြသည်။

အိမ်ရှေ့မင်းသားနှင့် ကျန်သောသူများကလည်း အပြုံးဖြင့်ရောက်လာကြသည်။

"အတူတူ၀င်ကြရအောင်၊ အတွင်းဘက်ရောက်တာနဲ့ ငါတို့အချင်းချင်းကူညီကြပြီး ရတာမှန်သမျှကို တွေ့တဲ့လူက သိမ်းထားနိုင်မယ်"

ဒီနည်းကမျှတသည်။

လူတိုင်းသဘောတူသည့်အသွင် ခေါင်းညိတ်သည်။

အတားအဆီးကိုကျော်ဖြတ်ရင်း လူတိုင်း ဂူသင်္ချိုင်းတံခါးအနီးတွင် စုရုံးကြသည်။

၎င်းကတစ်ခုခုကိုခံစားမိပုံရသည်။

ခရက်ခ်.....ခရက်ခ်.....!

ကျယ်လောင်သည့်အသံတစ်သံနှင့်အတူ ဂူသင်္ချိုင်းတံခါးက ဖြည်းဖြည်းချင်း ပွင့်သွားလေတော့သည်။

All Chapters