ထာ၀ရနတ်ဆိုးခန္ဓာ၏ အဌမအလွှာ
Vol. 96 Ch. 1345
နဂါးဖြူတောင်ထိပ်တွင် တခြားနဂါးဝိဉာဉ်ရှစ်ခု၏ စုဝေးမှုက အထဲကနဂါးချီကို အရူးအမိုးထိုးတက်သွားစေပြီး နဂါးဟိန်းသံများက တောင်ထိပ်ကနေ ထွက်လာသည်။
လူများမော့ကြည့်လိုက်ကြစဉ် တောင်ထိပ်ကနေ ဧရာမနဂါးခေါင်းတစ်ခု ထွက်လာတာကို တွေ့လိုက်ကြရသည်။
၎င်းကကောင်းကင်ဆီသို့ မရပ်မနားဟိန်းနေသည်။
နဂါးဖြူဝိဉာဉ်!
လောဘကြီးသည့်အကြည့်ကိုယ်စီ ပို့လွှတ်လိုက်ကြပြီးနောက် လူအုပ်စုကြီးက ရှောင်ဟိုင်အား ပြန်လည်အာရုံစိုက်လိုက်ကြ၏။
ဒါဘယ်လိုသွေးကြောစွမ်းအားအဆင့်မျိုးလဲ၊ ပြီးတော့ အဲဒီအဆောင်တွေက ဘာတွေလဲ!
အဲဒါတွေက ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က တစ်ယောက်ယောက်ကို တကယ်ပဲ အတားအဆီးတွေကို ချိုးဖျက်ပြီး ဘိုးဘေးနယ်ပယ်ထိ တကယ်ပဲ မြှင့်တင်ပေးနိုင်တာလား!
အဇူရာနဂါးတပ်မှူးနှင့် ကောင်းကင်အေးခဲဓားဘိုးဘေးတို့မှာ ရှောင်ဟိုင်အား အံ့ဩသင့်စွာ ကြည့်လိုက်ကြသည်။
သူတို့နှလုံးသားထဲတွင်လည်း အလားတူသံသယများရှိနေသည်။
သို့စေကာမူ မည်သို့ပင်ဆိုစေ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားကွာဟချက်က အနည်းဆုံးထိ လျော့ကျသွားခဲ့သည်။
"မင်း နှစ်ယောက်တစ်ယောက် ဘယ်လိုတိုက်ခိုက်ဖို့ စီစဉ်ထားသလဲဆိုတာ ငါကြည့်ချင်တယ်" နဂါးနီတပ်မှူးပြောပြီး ရှောင်ဟိုင်ရှေ့တွင်ရပ်ကာ ခက်ထန်စွာပြုံးနေသည်။
"မင်းဘိုးဘေးနယ်ပယ်ကို တက်လှမ်းဖို့အတွက် အဆောင်တွေနဲ့ သွေးကြောစွမ်းအားကို အားကိုးနေရင်တောင် ဘိုးဘေးနယ်ပယ်မှာ အချိန်အတော်ကြာကတည်းက နေထိုင်ခဲ့တဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"
ထိုသို့ဆိုပြီးနောက် သူရှောင်ဟိုင်အား တိုက်ရိုက်ပင် တိုက်ခိုက်သည်။
တစ်ချိန်တည်းမှာပင် အဇူရာနဂါးတပ်မှူးက မြေနဂါးတပ်မှူးနှင့် တိုက်ပွဲ၀င်သည်။
ကောင်းကင်အေးခဲဓားဘိုးဘေး ( ကောင်းကင်ဘုံဓားဘိုးဘေး)က ဖယောင်းနဂါးတပ်မှူးနှင့် အကြေးခွံပြောင်းပြန်တပ်မှူးတို့ကို တားဆီးသည်။
ယင်းနောက်တွင် လျှပ်စီးနဂါးတပ်မှူးက ဖယောင်းနဂါးစစ်တပ်မှ တခြားဘိုးဘေးနယ်ပယ် စွမ်းအားရှင်တစ်ဦးနှင့် ထိပ်တိုက်တွေ့ဆုံသည်။
ဤအချိန်တွင် ရှောင်ဟိုင် နဂါးဘုရင်ချပ်၀တ်ကို၀တ်ဆင်ရင်း ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်ကို ကိုင်ရင်း နတ်ဆိုးဘုရင်ပုံရိပ်ယောင်နှင့်အတူ တင်းပုတ်ကို လွှဲယမ်းကာ နဂါးနီတပ်မှူးထံ ပြင်းထန်သည့်တိုက်ချက်တစ်ခုနှင့်အတူ လုပ်ဆောင်ချက်ကို ထင်ဟပ်စေသည်။
နဂါးနီတပ်မှူးအေးစက်စွာသာ နှာခေါင်းရွှု့ရင်း လက်သီးတစ်ချက်ပစ်လွှတ်လိုက်စဉ် သူ့လက်သီးမှ မီးလျှံလေဆင်နှာမောင်းတစ်ခု ပေါက်ကွဲသွား၏။
ဤမီးလျှံ၏အပူချိန်က ပြင်းထန်လွန်းသဖြင့် ပတ်၀န်းကျင်ကလေထုကိုပင် အငွေ့ပျံစေပြီး အာကာသအပိုင်းအစများကိုပင် ဆုတ်ဖြဲပစ်သည်။
ဘိုးဘေးနယ်ပယ်အောက်က မည်သူမှ ဤမီးလျှံ၏ တိုက်စားမှုကို အပြည့်အ၀မခုခံနိုင်ပေ။
"ငါ့မီးလျှံကို အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်လောက်အောင် ပြုပြင်မွမ်းမံထားတာ၊ ဘိုးဘေးနယ်ပယ်အတုအယောင်လေး၊ မင်းဘယ်လိုခုခံမလဲဆိုတာ ကြည့်တာပေါ့" နဂါးနီတပ်မှူးကောက်ကျစ်စွာ ရယ်မောစဉ် သူ့ရယ်သံက လှောင်ပြောင်မှုနှင့် ပြည့်နှက်နေသည်။
သို့သော်ဒါက မီးလျှံတိုက်ခိုက်မှုတစ်ခုသာဆိုပါက ရှောင်ဟိုင် ၎င်းတို့ကို မည်သောအခါမှ မကြောက်ခဲ့ပေ။
သူအမြင့်ဆုံးမီးတောက်များထဲက တစ်ခြဖြစ်သည့် ဟွမ်ချင်း၏ နတ်ဖီးနစ်မီးတောက်များအောက်တွင် အကြိမ်ပေါင်းများစွာ ကိုယ်ခန္ဓာအား ပြုပြင်မွမ်းမံခဲ့သည်။
ဒါ့အပြင် သန့်စင်မိုးမျှော်စင်ထဲက မီးလျှံမူလစွမ်းအား၏ ပြုပြင်မွမ်းမံမှုကိုလည်း ဖြတ်ကျော်ခဲ့သည်။
ယခုထာ၀ရနတ်ဆိုးခန္ဓာ၏ မီးလျှံပုံစံအဆင်းများတွင်ပင် အဆိုပါမီးလျှံမူလအဆီအနှစ်၏ အရိပ်အယောင်များပါ၀င်သည်။
ထို့ကြောင့် ဂုဏ်သတ္တိများစွာအနက် မီးလျှံဂုဏ်သတ္တိက ရှောင်ဟိုင်မကြောက်ဆုံးအရာဟူ ဆို၍ရသည်။
ကိုယ်ကိုအနည်းငယ်လှုပ်ယမ်းလိုက်သောအခါ ရှောင်ဟိုင်တစ်ကိုယ်လုံး၌ ပုံစံအဆင်းခုနှစ်ခုက လျင်မြန်စွာပျံ့သွားပြီး နတ်ဆိုးဘုရင်ပုံရိပ်ယောင်၌ မီးလျှံအဆင်းက ပို၍ပင်တောက်ပစွာ လင်း၀င်းနေသည်။
သွေးကြောစွမ်းအားကလည်း နတ်ဆိုးဘုရင်ပုံရိပ်ယောင်ခန္ဓာမျက်နှာပြင်ကို ၀န်းရံနေသည့် ရှုပ်ထွေးသော သွေးပြန်ကြောများအဖြစ် ပြောင်းလဲသွား၏။
သူ့၏ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်က နဂါးနီတပ်မှူး၏ လက်သီးအား ပြင်းထန်စွာရိုက်ခတ်သည်။
ထိုအချိန်မှာပင် ဘန်းခနဲအသံကြီးက ပျံ့သွားကာ နဂါးနီတပ်မှူး၏မျက်နှာပေါ်က လှောင်ပြောင်နေသည့်အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး နက်ရှိုင်းသည့်ထိတ်လန့်မှုက အစားထိုးသွား၏။
သူ့ကိုယ်ပိုင်မီးတာအိုနိယာမက ရှောင်ဟိုင်အပေါ် လုံး၀သက်ရောက်ခြင်းမရှိချေ။
ဆန့်ကျင်ဘက်ပင် ထိုအံ့ဖွယ်အားနှင့် ကြီးမားသည့်နတ်ဆိုးချီ၏ သက်ရောက်မှုအောက်တွင် သူ့လက်မောင်းက အကြမ်းပတမ်းစတင်တုန်ယင်လာသည်။
၎င်းနောက်ချက်ချင်းဆိုသလို ရှောင်ဟိုင် ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်ကို လက်တစ်ဖက်နှင့်ဖမ်းကိုင်ပြီး ကျန်တစ်ဖက်နှင့် လက်သီးကျစ်ကျစ်ဆုပ်ကာ နဂါးနီတပ်မှူး၏ရင်ဘတ်ဆီသို့ ထိုးနှက်လိုက်လေသည်။
နဂါးနီတပ်မှူး၏မျက်နှာက ထိတ်လန့်မှုအရိပ်အယောင်တစ်ခုကို ပြသလာပြီး ရှောင်ဟိုင်၏ လေးလံသည့်လက်သီးချက်ကို လက်ဖျံနှင့် ပိတ်ဆို့လိုက်၏။
သို့သော်လက်သီးကျဆင်းလာသည်နှင့် နဂါးဟိန်းသံလှိုင်းတစ်ခုနှင့် နောက်ဆက်တွဲလှိုင်းတစ်ခုက ရှောင်ဟိုင်လက်သီးထဲကနေ ထွက်လာသည်။
နဂါးနီတပ်မှူး၏အမူအရာက ပြောင်းလဲသွားပြီး ထိုအားကို ခုခံနိုင်စွမ်းမရှိတော့ဘဲ မီတာဒါဇင်များစွာအဝေးသို့ လွင့်စင်သွားရသည်။
နဂါးနီတပ်မှူးတင်မဟုတ်ဘဲ သူ့နောက်က ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူများပင်လျှင် သူတို့ရှေ့က မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေမိကြသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ဘိုးဘေးနယ်ပယ်ကို လျှို့ဝှက်နည်းစနစ်တစ်ခုနဲ့ အတင်းချိုးဖျက်ထားတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ဝါရင့်ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ယှဉ်နိုင်မှာလဲ!
သို့သော်ရှောင်ဟိုင်လုပ်ခဲ့သည်။
နဂါးနီတပ်မှူး ရှောင်ဟိုင်အား ထိတ်လန့်စွာ စိုက်ကြည့်လိုက်စဉ် နဂါးဟိန်းသံများနှင့် မြည်ဟီးနေသည့် လက်သီး၌ ခပ်မှိန်မှိန် ရှစ်ခုမြောက်မျဉ်းက မူလခုနှစ်ခုနှင့်အတူ ပေါ်လာတာကို မြင်လိုက်ရသည်။
ထိုမျဉ်းထဲတွင် အဇူရာနဂါးလေးက ဖြည်းဖြည်းလေးကူးခတ်နေသည်။
"ဒါဘယ်လိုကျင့်ကြံခြင်းနည်းစနစ်လဲ"
ရှောင်ဟိုင်ပြုံးလိုက်သော်လည်း မဖြေပေ။
သူ့ဆရာသူ့ကိုပေးထားသည့် ကိုယ်ခန္ဓာပြုပြင်မွမ်းမံခြင်းကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သော ထာ၀ရနတ်ဆိုးကိုယ်ထည်က အချိန်အတော်ကြာမချိုးဖျက်ခဲ့ပေ။
သူမချိုးဖျက်ချင်၍မဟုတ်ဘဲ အဌမအလွှာထဲ ၀င်ရန်အတွက် အခွင့်အလမ်းရှာမတွေ့နိုင်သောကြောင့်ဖြစ်သည်။
သို့သော် အဇူရာနဂါးဝိဉာဉ်ကို စုပ်ယူပြီးနောက်တွင် ထာ၀ရနတ်ဆိုးကိုယ်ထည်၏ အဌမအလွှာက နောက်ဆုံးတွင် တုံ့ပြန်လာပြီး သူ့လက်သီးထဲတွင် ဖော်ပြခဲ့သည်။
ထာ၀ရနတ်ဆိုးကိုယ်ထည်၏ ဤအဌမအလွှာကို နဂါးဝိဉာဉ်စွမ်းအင်နှင့် တိကျစွာပင် ပြုပြင်မွမ်းမံထားသည်။
ရှောင်ဟိုင်ထပ်မံတိုက်ခိုက်လာတာကို ကြည့်ရင်း နဂါးနီတပ်မှူးမှာ ဘေးက ကောင်းကင်နဂါးတပ်မှူးအား ကြည့်ရင်း အော်ဟစ်သည်။
"မင်းအဇူရာနဂါးစစ်တပ်က တခြားသူတွေကို အရင်ဖယ်ရှားလိုက်၊ ငါသူ့ကို ဒီမှာ ထိန်းထားမယ်"
သို့စေကာမူ သူ့စကားလုံးများကျဆင်းလာပြီး ကောင်းကင်နဂါးတပ်မှူးရှေ့သို့ တိုး၀င်သွားစဉ် ရှောင်ဟိုင်၏ ခြေထောက်က တိုက်ခိုက်မှုအလယ်တွင် ရပ်သွားကာ ပြင်းထန်စွာ ကွေးညွတ်ရင်း ဘေးသို့တက်နင်းလိုက်၏။
သူ့ခန္ဓာက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
နဂါးနီတပ်မှူး၏ အမူအရာကပြောင်းလဲသွားပြီး သူ့ကိုတားဆီးချင်နေသည်။
သို့သော်သူလှုပ်ရှားလိုက်သည့်အချိန်တွင် ရှောင်ဟိုင် ကောင်းကင်နဂါးတပ်မှူးရှေ့တွင် ပေါ်လာပြီဖြစ်ကာ ကောင်းကင်နဂါးတပ်မှူး၏ လေးနက်သည့်အကြည့်အောက်တွင် လက်သီးပြင်းပြင်းတစ်ချက် ပစ်လွှတ်လိုက်သည်။
ဂရား......!
နဂါးဟိန်းသံများနှင့် ကျားဟိန်းသံများက ဤအချိန်တွင် တောင်များကိုပြိုကျစေပြီး မြေကြီးကိုပင် ကွဲအက်စေပုံရသည်။
ကောင်းကင်နဂါးတပ်မှူး လက်နှစ်ဖက်ကို ရှေ့သို့ထားကာ ပိတ်ဆို့သော်လည်း ထိုလက်သီးချက်အောက်တွင် တိုက်ရိုက်လွင့်စင်သွားရသည်။
ရှောင်ဟိုင် တပ်မှူးနှစ်ယောက်ရှေ့တွင်ရပ်ရင်း နှာခေါင်းရှုံ့သည်။
"ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို ထိန်းထားနိုင်တယ်လို့ ပြောထားမှတော့ ခင်ဗျားတို့အတွက် ကျုပ်လက်ဖဝါးထဲကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါ့အပြင် ခင်ဗျားတို့တစ်ယောက်ချင်းစီက လုံလောက်တဲ့အထိ အားမကောင်းဘူး၊ နှစ်ယောက်အတူဆိုမှ ကျုပ်အတွက် တိုက်ခိုက်ရတာ ပိုပျော်ဖို့ကောင်းလာမှာပေါ့"
ရှောင်ဟိုင်၏မောက်မာပုံရသည့် စကားလုံးများကိုကြားရသောအခါ တပ်မှူးနှစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြစဉ် တစ်ဦးချင်းစီ၏ မျက်လုံးထဲ၌ ရှက်ရွှံ့မှုကို မြင်ရသည်။
ငါတို့က တကယ်ပဲ လူငယ်လေးတစ်ယောက်ရဲ့ အထင်အမြင်သေးခြင်းကို ခံနေရတာလား!
ဒါ့အပြင် ထိုသူက ဘိုးဘေးနယ်ပယ်ကို အဆောင်များနှင့်အတူ အတင်းချိုးဖျက်၀င်ခဲ့သူဖြစ်သည်။
ဒါကိုတွေးမိသောအခါ တပ်မှူးနှစ်ဦး အချင်းချင်းခေါင်းညိတ်ပြပြီး တညီတညွတ်တည်းအော်ဟစ်ရင်း ရှောင်ဟိုင်အား တိုက်ခိုက်လိုက်ကြ၏။
ရှောင်ဟိုင်အကြောက်တရားမရှိဘဲ တိုက်ခိုက်သည်။
အဇူရာနဂါးစစ်တပ်၏ ဒုတပ်မှူးနှစ်ဦးက ရန်သူဘက်က ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ကျွမ်းကျင်သူနှစ်ဦးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။
ဒီအချိန်မှာပင် ကျောင်းမင် မုဖူရှန်းဆီသို့ လျှောက်လာသည်။
သွေးနီရောင်အသွားများပါရှိသည့် ကျယ်ပြောသည့်ဓားသွားကိုကိုင်ရင်း သူ မုဖူရှန်းကို အေးစက်စွာကြည့်ကာ ဓားသွားထိပ်နှင့် ညွှတ်ပြပြီးနောက် တမင်တကာပြောသည်။
"ဒီနေ့ ငါမင်းကို အဆောင်တွေသုံးဖို့ အခွင့်ရေးတစ်ခုမှ မပေးတော့ဘူး"
မုဖူရှန်း ကျောင်းမင်အားကြည့်ရင်း ပြုံးသည်။
"ဘာလို့ဒုက္ခခံနေရတာတုန်း၊ ငါတို့နှစ်ယောက်စလုံးက ငှားယမ်းခံထားရတဲ့ အကူတွေပဲလေ၊ အရာတွေကို ခက်ခဲအောင် လုပ်စရာမှ မလိုတာ"
ကျောင်းမင်အေးစက်စွာ နှာမှုတ်ရင်း မုဖူရှန်းကို အချိန်ဆွဲရန် အချိန်မပေးဘဲ သွေးသွားဓားကိုကိုင်ထားစဉ် သူ့နောက်ဘက်တွင် ဧရာမသွေးအရိပ်တစ်ခုက သိပ်သည်းသွား၏။
အားကောင်းလွန်းသည့်သွေးအော်ရာတစ်ခုက အထိန်းအချုပ်မဲ့စတင်ထိုးထွက်လာခဲ့သည်။
ဤအခိုက်အတန့်မှာပင် ဘိုးဘေးနယ်ပယ် တစ်၀က်အဆင့်စွမ်းအားအား အပြည့်အ၀ ထုတ်လွှတ်လာခဲ့သည်။
"ဒီတစ်ခါတော့ မင်းမှာ ပြန်တိုက်ခိုက်ဖို့ အခွင့်အလမ်းမရှိတော့ဘူး" ထိုသို့ဆိုပြီးနောက် ကျောင်းမင် သွေးအိရိပ်တစ်ခုအဖြစ်ပြောင်းကာ မုဖူရှန်းထံ ပြေး၀င်သွား၏။
သို့သော် မုဖူရှန်းမျက်နှာပေါ်၌ အပြုံးတစ်ပွင့်ရှိနေပြီး ကျောင်းမင်၀င်လာသောအခါ ဖြည်းဖြည်းလေးနောက်တစ်လှမ်း ဆုတ်လိုက်၏။
ကျောင်းမင် မုဖူရှန်းရှိနေခဲ့သည့်နေရာကို ရောက်လာသောအခါ ရုတ်တရက် ကောင်းကင်ပေါ်မှ မိုးကြိုးလှံတစ်သီကြီး ကျဆင်းလာပြီး သူ့အားအထဲတွင် ပိတ်ဆို့ပစ်သည်။
မုဖူရှန်းရွှတ်နောက်နောက်ပြောလိုက်လေသည်။
"ဒါပေမယ့်....ငါဒါကို အချိန်အတော်ကြာကတည်းက စီစဉ်ထားခဲ့တာလေ"