အဆုံးစွန်သောစွမ်းအား
Vol. 96 Ch. 1346
မိုးကြိုးလှံများနှင့်ဖွဲ့စည်းထားသည့် လှောင်အိမ်က ကျောင်းမင်အား အထဲတွင် ပိတ်လှောင်ထားလေရာ သူ့မျက်နှာက အတော်လေးကြည့်ရဆိုးသွားသည်။
သူမိုးကြိုးလှောင်အိမ်စက်ကွင်းကို အားအပြည့်နှင့်ရိုက်ချိုးသော်လည်း အနည်းငယ်မျှသာ တုန်ယင်စေပြီး အက်ကြောင်းလေးတစ်ခုပင် မပေါ်လာပါ။
မုဖူရှန်းအပြုံးတစ်ပွင့်ဆင်မြန်းထားပြီး ဒေါသထွင်နေသည့် ကျောင်းမင်အား မျက်နှာချင်းဆိုင် အနီးကပ်စိုက်ကြည့်ရင်း ခေါင်းခါယမ်းပြသည်။
"မင်းဘယ်လိုထင်လဲ၊ ငါတို့ဒီမှာ ကြိုတင်ချောင်းမြောင်းတိုက်ခိုက်ပြီး အဆောင်ထောင်ချီကိုတောင် တပ်ဆင်ထားတာလေ၊ ငါအဆင်သင့်မလုပ်ထားဘူးလို့ မင်းထင်နေတာလား"
"မင်းခွန်အားကတော့ ချီးကျူးထိုက်ပေမယ့် မင်းဦးနှောက်ကတော့ ခွန်အားနဲ့ အချိုးမညီပုံပဲ"
အချုပ်ဆိုရပါက အရမ်းတုံးအလွန်းသည်။
ပို၍နားထောင်လေလေ၊ ကျောင်းမင်တစ်ယောက် ပို၍ဒေါသထွက်လာလေလေဖြစ်သည်။ မုဖူရှန်း၏ ဖုံးကွယ်မထားသည့် သရော်မှုကို ကြားရသောအခါ သူအရူးတစ်ယောက်ပမာအော်ဟစ်ရင်း သွေးအသွားဓားနှင့် လှောင်အိမ်ကို အဆက်မပြတ် လှီးဖြတ်နေသည်။
မုဖူရှန်းရယ်မောသည်။
"ကိုယ့်ကိုကိုယ်တွန်းအားမပေးပါနဲ့၊ မင်းခွန်အားနဲ့ဆိုရင် ဒါကို မချိုးဖျက်နိုင်ဘူး၊ တုံကင်ကိုချေမွပြီး စောစောပဲထွက်သွားလိုက်ပါ"
ကျောင်းမင်အော်ဟစ်သည်။
"ငါမင်းကိုသတ်မယ်၊ မင်းကိုသတ်ပစ်မယ်"
သူ့မျက်လုံးများပင်လျှင် သွေးနှင့်ပြည့်နှက်နေပြီး အလွန်ကြောက်စရာကောင်းနေသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါမင်းကို စောင့်နေပါမယ်ကွာ" မုဖူရှန်းလက်ချောင်းများကို လှုပ်ရှားကာ ညင်သာစွာတို့ထိလိုက်၏။
ချက်ချင်းဆိုသလို မိုးကြိုးလှံများက တောက်ပသည့်လျှပ်စီးနှင့် စတင်လင်း၀င်းလာပြီး ကျောင်းမင်၏ခန္ဓာပေါ်သို့ အဆက်အပြတ်ပေါက်ကွဲနေသည်။
သူမခံနိုင်တော့သောအခါ တုံကင်က ကြေမွသွားပြီး အလင်းတန်းအဖြစ်ပြောင်းကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။
သူပို့ဆောင်ခံလိုက်ရသည့်တိုင် သတ်ဖြတ်လိုသည့်ဆန္ဒနှင့်ပြည့်နှက်နေသည့် ထိုသွေးနီရောင်မျက်လုံးများက မုဖူရှန်းအား ခက်ထန်စွာ စိုက်ကြည့်နေဆဲပင်။
သူ့ရန်သူကို ဒီနေရာတွင် မသတ်နိုင်တာက ၀မ်းနည်းစရာပင်။ မဟုတ်ပါက မုဖူရှန်း ယခုလိုသတ်ဖြတ်လိုသည့်ဆန္ဒနှင့် ပြည့်နှက်နေသည့် လူတစ်ယောက်ကို မလွှတ်ပေးချင်ပေ။
ဤကိစ္စကိုကိုင်တွယ်ပြီးနောက် မုဖူရှန်း ဖန်ချန်းအားကြည့်လိုက်သည်။
"ဘေးမှာသွားကူညီရအောင်၊ မဟုတ်ဘူးဆိုရင် ဒါအဆုံးသတ်ဖို့ ရက်ချီကြာနိုင်တယ်"
ရှောင်ဟိုင်တွင် ယခု ထိုတပ်မှူးများထက် ပိုသာလွန်သည့်စွမ်းအားရှိနေသော်လည်း နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသောအခါ အောင်ပွဲကို လျင်မြန်စွာ မရယူနိုင်ချေ။
ဖန်ချန်း မုဖူရှန်းအား တိတ်ဆိတ်စွာ ကြည့်ပြီးနောက် အသံပို့လွှတ်လိုက်၏။
"စီနီယာအစ်ကိုမု၊ အစ်ကိုမှာ ဘိုးဘေးနယ်ပယ်ခွန်အားမရှိဘူးဆိုတာ ကျွန်တော်မယုံနိုင်ဘူး၊ ဘာလို့တိုက်ရိုက်အရေးယူဆောင်ရွက်ပြီး အမြန်မဖြေရှင်းရတာလဲ"
မုဖူရှန်း ဖန်ချန်းအားကြည့်ရင်း အလျင်အမြန်ပင် တိတ်တိတ်နေရန် လက်ဟန်ပြကာ ပြန်ဖြေသည်။
"ရှူး၊ ရှူး....၊ အပြင်ကလူတော်တော်များများ ငါတို့ကိုစောင့်ကြည့်နေတာကို မင်းမသိဘူးလား၊ ပြီးတော့ အဲဒီကျိုးပိုင်လုက ငါ့ကို တွယ်ကပ်နေတုန်းပဲ၊ ဒါက သေချာပေါက် ပြဿာနာဖြစ်သေလိမ့်မယ်၊ လုံး၀မလိုအပ်သရွေ့ ငါ့စွမ်းရည်တွေကို ငါတတ်နိုင်သလောက် ဖုံးကွယ်ထားရမယ်၊ ငါလျှို့ဝှက်ချက်တွေပိုသိမ်းဆည်းထားလေလေ၊ ပိုလုံခြုံမှုရလေလေပဲ"
"အနာဂတ်မှာ ပိုဉာဏ်ကောင်းအောင်လုပ်၊ ငါတို့စီနီယာအစ်ကိုကြီးရဲ့ လမ်းစဉ်ဟောင်းနောက်ကို မလိုက်နဲ့၊ နားလည်လား"
ထိုအချိန်တွင် အဝေးတစ်နေရာက ဝိဉာဉ်အနှစ်သာရကျောင်းတော်၌ ဓားရုပ်သေးနှင့် ယှဉ်ပြိုင်နေသည့်ယဲ့ချိုးပိုင်မှာ ဓားချက်ကို ထုတ်လွှတ်တော့မည့်အချိန် ရုတ်တရက် နှာချေလိုက်မိသဖြင့် သူ့ဓားက လွှတ်ထွက်သွားပြီး ဓားရုပ်သေး၏ ကန်ကျောက်ခြင်းကို ခံရသည်။
ဘယ်သူငါ့ကိုကျိန်ဆဲနေတာလဲဟ!
ဤအခိုက်အတန့်မှာပင် မုဖူရှန်းနှင့် ဖန်ချန်းတို့က အဇူရာနဂါးတပ်မှူးနှင့် လျှပ်စီးနဂါးတပ်မှူးတို့ကို ကူညီရန်အတွက် အဆောင်များနှင့် အစီအရင်များကို စတင်အသုံးပြုကြသည်။
သူတို့၏၀င်စွက်ဖက်မှုကြောင့် ပြိုင်ဘက်များနှင့် တန်းတူညီမျှဖြစ်နေသည့် သူတို့အတွက် ရုတ်တရက်ပိုလွယ်ကူလာသည်။
မြေနဂါးတပ်မှူးနှင့် ဖယောင်းနဂါးစစ်တပ်မှ ဘိုးဘေးနယ်ပယ်စွမ်းအားရှင်ကလည်း ထိုအဆောင်များနှင့် ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်များ၏ မရပ်မနားတိုက်ခိုက်မှုအောင်တွင် နောက်ဆုတ်နေရသည်။
ကောင်းကင်အေးခဲဓားဘိုးဘေးကမူ အကူအညီပင်မလိုဘဲ သူ့၏ မုန်တိုင်းကဲ့သို့ အရိပ်များ၏ အမြန်နှုန်းအောက်တွင် ဘိုးဘေးနယ်ပယ်ပြိုင်ဘက်နှစ်ဦးမှာ တုံ့ပြန်ရန်ပင် အခွင့်အလမ်းမရှိ။
တစ်ချိန်လုံး သူထိုနှစ်ယောက်အား ဖိအားပေးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ မဆင်မခြင်တိုက်ခိုက်ဟန်က နဂါးနီတပ်မှူးနှင့် ကောင်းကင်နဂါးတပ်မှူးတို့အား တိုက်ခိုက်နေစဉ် ပိုပြီး စိုးရိမ်ကြောင့်ကြလာစေသည်။
အစက လျှို့ဝှက်နည်းစနစ်များနှင့် အဆောင်များကိုသုံးကာ ဘိုးဘေးနယ်ပယ်အဆင့်သို့ အဆင့်ချိုးဖျက်ခြင်းက သူတို့ကို ယှဉ်နိုင်မည်မဟုတ်ဟု သူတို့ယုံကြည်ခဲ့ကြသည်။
ယင်းနောက်တွင် ဤကဲ့သို့တိုးမြှင့်ခြင်းက ကြာကြာခံမည်မဟုတ်ဘဲ ဘေးထွက်ဆိုးကျိုးများ ရှိလာလိမ့်မည်ဟု သူတို့တွေးခဲ့သည်။
သို့သော် ရှောင်ဟိုင်တွင် အချိန်ကန့်သတ်ချက်ရှိပုံမပေါ်။
သူပို၍တိုက်ခိုက်လေလေ၊ သူ့တိုက်ပွဲဆန္ဒက ပိုမြင့်မားလာလေလေပင်။
ဒါ့အပြင် သူက ပြင်းထန်သည့်ဒဏ်ရာများနှင့်အတူ ရန်သူများအား ကြီးမားသည့် နစ်နာမှုများကို ဖြစ်စေသည့် နည်းဗျူဟာနှင့် တိုက်ခိုက်သည်။
သို့သော် အကြိမ်တိုင်းတွင် ရှောင်ဟိုင်၏ နက်ရှိုင်းပြီး အရိုးပင်မြင်ရသည့်ဒဏ်ရာများက နောက်တဒင်္ဂ၌ မြင်နိုင်သည့်အမြန်နှုန်းတစ်ခုနှင့်အတူ ကြောက်စရာကောင်းလောက်အောင် ပျောက်ကင်းသွားတတ်သည်။
"ပြင်းထန်တဲ့တိုက်ချက်တစ်ခုနဲ့ တိုက်ခိုက်မယ်" နဂါးနီတပ်မှူး ကောင်းကင်နဂါးတပ်မှူးအား နက်ရှိုင်းသည့်အသံဖြင့်ပြောပြီး ရှောင်ဟိုင်ထပ်မံပစ်ချခံရတာကို ကြည့်နေသည်။
ကောင်းကင်နဂါးတပ်မှူး လေးနက်စွာ ခေါင်းညိတ်သည်။
အားကောင်းသည့်အင်မော်တယ်အော်ရာစီးကြောင်းများက သူတို့၀န်းကျင်၌ စတင်စုစည်းလာသည်။
နဂါးနီတပ်မှူး၏ကိုယ်တစ်ဝိုက်တွင် ထိုအင်မော်တယ်အော်ရာက မီးတာအိုနိယာမစွမ်းအားအဖြစ် ပြောင်းသွားပြီး သူ့နောက်၌ မီးလျှံတစ်ခုနှင့် တောက်လောက်နေသည့် နဂါးတစ်ကောင်အဖြစ် သိပ်သည်းသွား၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နဂါးတပ်မှူး၏နောက်ဘက်တွင် လေတာအိုနိယာမက ဖွဲ့စည်းထားသည့် နဂါးတစ်ကောင်ရှိသည်။
အဇူရာနဂါးတပ်မှူးရော လျှပ်စီးနဂါးတပ်မှူးပါ ဒီမြင်ကွင်းကိုသတိထားမိသဖြင့် သူတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။
"သတိထား" အဇူရာနဂါးတပ်မှူးကျယ်လောင်စွာအော်ဟစ်သည်။
"ဒါက ကောင်းကင်နဂါးစစ်တပ်ရဲ့ အားအကောင်းဆုံးကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်တဲ့ နဂါးဟိန်းကောင်းကင်ရိုက်ချက်ပဲ"
ရှောင်ဟိုင် နဂါးနှစ်ကောင်ကို စိုက်ကြည့်ရင်း ပြုံးလိုက်၏။
"စိတ်၀င်စားစရာကောင်းသားပဲ၊ ဒါပေမယ့် ဝိဉာဉ်ကင်းမဲ့နေသလို နဂါးဝိဉာဉ်စွမ်းအင် အရိပ်အယောင်လေးတောင်မရှိဘူး၊ ဒါတွေကို နဂါးလို့ ဘယ်လိုခေါ်နိုင်မှာလဲ"
ထိုစကားလုံးများအပေါ် နဂါးနီတပ်မှူးရော ကောင်းကင်နဂါးတပ်မှူးပါ မျက်မှောင်ကြုတ်သည်။
"နဂါးဝိဉာဉ်စွမ်းအင်မရှိဘူးဆိုရင်တောင် မင်းခုခံနိုင်မှာမဟုတ်ဘူး"
"စမ်းကြည့်တာပေါ့"
ထိုသို့ပြောပြီးနောက်တွင် တပ်မှူးနှစ်ဦးစလုံး နက်ရှိုင်းစွာအော်ဟစ်ကာ ရှောင်ဟိုင်ထံ လက်နှစ်ဖက်ကို ပြင်းထန်စွာတွန်းလိုက်ကြ၏။
နဂါးနီနှင့် လေနဂါးတို့က ဧရာမနဂါးခန္ဓာများကို လှုပ်ယမ်းရင်း နဂါးဟိန်းသံနှင့်အတူ ရှောင်ဟိုင်အား တိုက်ခိုက်လိုက်ကြသည်။
နဂါးဂုဏ်ကျက်သရေမရှိသည့်တိုင် ထိုကြောက်စရာကောင်းသည့် တာအိုနိယာမက ဖွဲ့စည်းထားသည့် ဖိအားက အမှန်တကယ်ဖြစ်သည်။
ရှောင်ဟိုင်နောက်မဆုတ်ရန် ရွေးချယ်ခဲ့သည်။
သူ့ကိုယ်ပေါ်၌ သွေးကြောစွမ်းအားက ဖြည်းဖြည်းချင်း စတင်ဆူပွက်လာသည်။
သွေးကြောစွမ်းအားအမျှင်စများက သူ့ညာလက်သီးကိုရစ်ပတ်ထားကြ၏။
သွေးကြောအမျက်ဒေါသ၊ သွေးကြောအရှုပ်အထွေး!
သွေးကြောစွမ်းအားနှစ်ခုစလုံးက အဆုံးစွန်ထိ လှုံ့ဆော်ခံရသည်။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်က ထာ၀ရနတ်ဆိုးကိုယ်ထည်၏ မျဉ်းခုနှစ်ခုနှင့် ညာလက်သီးပေါ်ရှိ ခပ်မှိန်မှန်အဌမမျဉ်းတို့ကလည်း အလင်းရောင်ကို စတင်ထုတ်လွှတ်သည်။
အဇူဂာနဂါးလေးက သူ့ညာလက်သီးကို ရစ်ပတ်သွားပြီး အင်မတန်ကြီးမားသည့် နဂါးနီနှင့် လေနဂါးကို ရင်ဆိုင်ရန်အတွက် ကြောက်ရွှံ့ခြင်းမရှိချေ။
ဤစွမ်းအားသုံးခုက ညာလက်သီး၌ စုဆုံသွားသောအခါ ညာလက်သီး၀န်းကျင်က လေဟာနယ်က ပြင်းထန်စွာ စတင်တုန်ခါလာသည်။
ဤစွမ်းအားအဆင့်ကြောင့် နဂါးနီတပ်မှူးရော ကောင်းကင်နဂါးတပ်မှူးတို့ပါ ထိတ်လန့်တုန်လှုပ်သွားကြ၏။
သူအရင်က အားအပြည့်နဲ့ မတိုက်ခိုက်ခဲ့ဘူးလား!
ထိုအချိန်မှာပင် ဖန်ချန်း ရှောင်ဟိုင်နောက်ဘက်၌ ရောက်လာသည်။
"စီနီယာအစ်ကို၊ ကျွန်တော်ကူညီပါရစေ"
သို့စေကာမူ ရှောင်ဟိုင်၏အမူအရာက ကြမ်းကြုတ်နေပြီး ညာလက်ရှိ လွန်ကျွံနေသည့်စွမ်းအားကို ထိန်းချုပ်ဖို့ရုန်းကန်ရင်း သူ့ခန္ဓာက မခံမရပ်နိုင်လောက်အောင် ဖြစ်နေသည်။
"မလိုပါဘူး၊ ငါကိုယ်တိုင်လုပ်ပါရစေ"
ဒါကိုမြင်သော် ဖန်ချန်းတွင် နောက်ဆုတ်ရန်က လွဲပြီး ရွေးချယ်စရာမရှိတော့။
ရှောင်ဟိုင် သူ့ထံပြေး၀င်လာနေသည့် နဂါးနှစ်ကောင်ကိုကြည့်ရင်း နှာခေါင်းရှုံ့သည်။
"နတ်ဆိုးဆင်းသက်ခြင်း....."
သူ့စကားလုံးများကျဆင်းသွားသည်နှင့် ရှောင်ဟိုင်၏လက်သီးပေါ်၌ နတ်ဆိုးချီအများအပြားစတင်စုစည်းလာသည်။
ရှောင်ဟိုင်နောက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ၎င်း၏ညာလက်ကို ဖြည်းဖြည်းလေးမြှောက်လိုက်စဉ် ၎င်းထဲတွင် အနက်ရောင်ကြိတ်စက်တစ်ခု တိတ်တဆိတ် ပေါ်လာသည်။
များစွာသောနတ်ဆိုးချီများက နဂါးကိုးကောင်တောင်တန်း၏ ကျယ်ပြန့်သည့် မိုင်ချီသောကောင်းကင်အား ဖုံးထားသည့်အလား ကောင်းကင်ထဲသို့ ထိုးတက်သွားကြ၏။
ထိုတဒင်္ဂမှာပင် ရှောင်ဟိုင် နဂါးနှစ်ကောင်အား တိုက်ခိုက်သည်။
သူလက်သီးကျစ်ကျစ်ဆုပ်ရင်း ရုတ်တရက် ထိုးနှက်ပစ်သည်။
ထိုလက်သီးချက်တွင် သူညာလက်သီးရှိ မရေမတွက်နိုင်လောက်သည့်သွေးကြောများက ပေါက်ကွဲသွားကြ၏။
သွေးများပင်လျှင် စိမ့်ထွက်နေသည်။