လဲ့ချင်းဟိုင်
Vol. 41 Ch. 562
တောင်ခြေရှိတောအုပ်များအကြား၌
တောအုပ်များအကြားတွင် များပြားလှသော ပုံရိပ်များရှိနေပြီး ၎င်းတို့ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။ ထိုပုံရိပ်များအားလုံးမှာ တောင်ထိပ်ပေါ်မှ ထွက်ပေါ်နေသော ရောင်စဉ်သုံးသွယ် အလင်းတန်းများအား လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။
ထိုပုံရိပ်များ၏အလယ်၌ လမင်းကို ကြယ်များမှ ဝန်းရံနေသကဲ့သို့ လူများစွာ ဝန်းရံနေကြသော ပုံရိပ်တစ်ခု ရှိနေလေသည်။
ထိုလူငယ်လေးမှာ ငွေရောင်အဝတ်အစားများ ဆင်မြန်းထားကာ နှစ်လိုဖွယ်အပြုံးရှိပြီး သူ၏ခန္ဓာကိုယ်မှာလည်း မိုးကြိုးကဲ့သို့သော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိ၏။
တောအုပ်အနှံ့အပြားတွင် ရှိနေကြသော ပုံရိပ်များမှာ ထိုလူငယ်လေးအားကြည့်၍ စကားစမြည် ပြောဆိုနေကြသည်။ "အဲ့ဒါ လဲ့ချင်းဟိုင်လေ။ မိုးကြိုးတံခါးဝကလန်ရဲ့ မိုးကြိုးအကြီးအကဲသုံးယောက်ထဲက တစ်ယောက်ပေါ့။ ငါကြားတာတော့ သူရဲ့ကျင့်ကြံခြင်းက မူလစဦး နဝမအဆင့်ကိုတောင် ရောက်နေပြီတဲ့။ အင်အားကြီးကလန်ခြောက်ခုက တပည့်ခေါင်းဆောင်တွေနဲ့ အေးအေးဆေးဆေး ယှဉ်တိုက်လို့ရနေပြီ။ အခုဒီမှာ သူရှိနေပြီဆိုမှတော့ ကန်ရွှမ်းကလန်က တပည့်တွေကို ငါတို့ယှဉ်နိုင်မှာ သေချာတယ်။"
အခြားသော ပုံရိပ်များမှာလည်း ထိုလူ၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။ မိုးကြိုးတံခါးဝကလန်မှ မိုးကြိုးအကြီးအကဲသုံးယောက်သည် အလွန်ပင် ထူးချွန်ထက်မြက်သောသူများ ဖြစ်သည်။ ထိုမိုးကြိုးအကြီးအကဲသုံးဦးထဲမှ တစ်ဦးဖြစ်သူ လီချင်းဟိုင်မှာလည်း ဂုဏ်သတင်းကျော်ဇောလှသူတစ်ဦး ဖြစ်၏။
"လူတိုင်းနားထောင်ကြပါ။...."
ထိုငွေရောင်အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်လေးမှ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။
"အခုလက်ရှိ တောင်ထိပ်ပေါ်မှာရှိနေတဲ့ ကန်ရွှမ်းကလန်ရဲ့ တပည့်အုပ်စုကို ငါတို့စုံစမ်းပြီးပါပြီ။ အခုဒီမှာရှိနေတဲ့တပည့်တွေကို ဦးဆောင်နေတဲ့သူက ကန်ရွှမ်းကလန်ရဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်ဖြစ်ပြီးတော့ ဇူယွမ်လို့ခေါ်တယ်တဲ့။"
"မူလသူတော်စင်တောင်ထွတ်လား။" နားထောင်နေကြသောသူများမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
"မူလသူတော်စင်တောင်ထွတ်က ကန်ရွှမ်းကလန်မှာ အားအနည်းဆုံး မဟုတ်ဘူးလား။ အဲ့ဒါကို အဲဒီတောင်ထွတ်ကနေ တပည့်ခေါင်းဆောင် ထွက်လာသေးတယ်ပေါ့လေ။" ၎င်းတို့အားလုံးမှာ ကန်ရွှမ်းကလန်၏ အခြေအနေများနှင့်ပက်သတ်၍ အတော်များများ သိရှိထားကြသူများ ဖြစ်သည်။
"ဇူယွမ်က မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဖြစ်လာတာ မကြာသေးဘူး။ အဲ့ဒါကြောင့် သူဘယ်လောက်သန်မာလဲဆိုတာ ငါတို့တွေ မသိနိုင်ဘူး။ ဒါပေမယ့် ကန်ရွှမ်းကလန်က တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ကိုလျှော့တွက်ထားလို့တော့ မရဘူး။"
"ဟီးဟီး....မူလသူတော်စင်တောင်ထွတ်လို နုံချာတဲ့တောင်ထွတ်တစ်ခုရဲ့ တပည့်ခေါင်းဆောင်က ဘယ်လောက်များ သန်မာမှာမို့လို့လဲ။ သူက အကိုတော်လဲ့ကို ယှဉ်နိုင်မှာတဲ့လား။ အကိုတော်လဲ့ရဲ့ စွမ်းရည်နဲ့ဆိုရင် ကန်ရွှမ်းကလန်မှာတောင် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်တယ်။ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်ဆိုတာကို ထည့်တွက်နေစရာကို မလိုတာ။ ဘာလို့လဲဆိုတော့ ကန်ရွှမ်းကလန်က တပည့်ခေါင်းဆောင်တွေထဲမှာ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က အားအနည်းဆုံးပဲ ဖြစ်မှာပဲလေ။"
အခြားသူများမှလည်း ထိုစကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ယခုတောင်ထိပ်တွင်ရှိနေသော ကန်ရွှမ်းကလန်မှ တပည့်များကို မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်မှ ဦးဆောင်ထားခြင်းဖြစ်သည်ဟူသော သတင်းအချက်အလက်အား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် တောအုပ်အနှံ့အပြားတွင်ရှိနေသော သူများအားလုံးမှာ စိတ်သက်သာရာ ရသွားကြ၏။
၎င်းတို့မှာ ကန်ရွှမ်းကလန်မှ နာမည်ကြီးတောင်ထွတ်များဖြစ်သော ကန်ရွှမ်းတောင်ထွတ်၊ ဓားကပ်ဘေးတောင်ထွတ် အစရှိသော တောင်ထွတ်များမှ တပည့်ခေါင်းဆောင်များနှင့် တွေ့ဆုံရမည်ကိုသာ ကြောက်ရွံ့ကြခြင်း ဖြစ်သည်။
လဲ့ချင်းဟိုင်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်က နုံချာတဲ့တောင်ထွတ်တစ်ခုဆိုပေမယ့် ငါတို့သူ့ကို အရမ်းကြီး လျှော့တွက်ထားလို့တော့ မရဘူး။"
လဲ့ချင်းဟိုင်မှာ ထိုသို့စကားဆိုလိုက်ပါသော်လည်း သူ၏မျက်ဝန်းများမှာမူ အထင်သေးသော အရိပ်အယောင်များဖြင့်သာ ပြည့်နှက်နေ၏။ သူသည် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများ၊ တပည့်ခေါင်းဆောင်များအကြောင်း အခြားသူများထက်ပို၍ ထဲထဲဝင်ဝင် သိရှိသူဖြစ်ပါသော်လည်း ဇူယွမ်ဟူသည့်အမည်အား တစ်ခါမျှပင် မကြားဖူးခဲ့ချေ။ ထိုဇူယွမ်သည် မူလသူတော်စင်တောင်ထွတ်ကဲ့သို့ နုံချာသောတောင်ထွတ်၏ အသစ်စက်စက် တပည့်ခေါင်းဆောင်ဖြစ်သောကြောင့် အနည်းငယ်မျှ ကြောက်ရွံ့နေရန် လိုအပ်လိမ့်မည် မဟုတ်ပေ။
"အခုလူတိုင်းက မိုးကြိုးတံခါးဝကလန်နဲ့ ပူးပေါင်းနေပြီဆိုမှတော့ ငါကပဲ အားလုံးကိုယ်စား မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်နဲ့ သွားတွေ့ပေးရမှာပေါ့။ ဇူယွမ်ဘက်က ခြေတစ်လှမ်းဆုတ်ပေးဖို့ အစီအစဉ်ရှိမယ်ဆိုရင်တော့ ငါတို့လည်း သိပ်ပြီးအချိန်မကုန်တော့ဘူးပေါ့ကွာ။" လဲ့ချင်းဟိုင်မှ ပြုံးကာပြောလိုက်သည်။
"တပည့်ခေါင်းဆောင်ဇူယွမ်က သဘောမတူရင်ရော ဘယ်လိုလုပ်မလဲ။" လူတစ်ဦးမှ အေးစက်သောအသံဖြင့် မေးမြန်းလိုက်သည်။
လဲ့ချင်းဟိုင်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "ကန်ရွှမ်းကလန်က လာတယ်ဆိုတာနဲ့ လူတိုင်းက သူ့ကိုရှိန်မယ်လို့ ထင်နေရင်တော့ အဲ့တပည့်ခေါင်းဆောင်က တကယ်ငတုံးပဲ။ သူသာ ငါ့ကိုငြင်းပယ်ရဲမယ်ဆိုရင်တော့ သူ့အဆုံးသတ်ကိုသူတွေးထားပေါ့ကွာ။"
ထိုစကားအား ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် လဲ့ချင်းဟိုင်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် အနီးတွင်ရှိနေသူများသည်ပင် ကြောက်ရွံ့သွားကြရ၏။ ထို့နောက် လူတိုင်းမှာ လဲ့ချင်းဟိုင်အား ၎င်းတို့အားလုံး၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပေးပါရန် တောင်းဆိုလိုက်ကြတော့၏။
လဲ့ချင်းဟိုင်မှ ကျေနပ်အားရစွာဖြင့်ပြုံးကာ ပြောလိုက်သည်။ "မင်းတို့တွေ ဒီနေရာမှာနေပြီး ငါအချက်ပြတာကို စောင့်နေကြ။ သူ့ဘက်က ခြေတစ်လှမ်းဆုတ်ပေးဖို့ အစီအစဉ်မရှိဘူးဆိုရင် ငါတို့တွေ အားသုံးပြီး ဖြေရှင်းကြရမှာပဲ။ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က ဦးနှောက်မရှိတဲ့ အရူးကောင်တော့ မဟုတ်လောက်ဘူး ထင်ရတာပဲ။"
ထို့နောက် လဲ့ချင်းဟိုင်မှာ တောင်ထိပ်ဆီသို့ ပျံတက်သွားပြီးနောက် အရိုအသေပြုကာ စကားဆိုလိုက်သည်။ "မိုးကြိုးတံခါးဝကလန်က လဲ့ချင်းဟိုင်က ကန်ရွှမ်းကလန်ရဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်ဇူယွမ်ကို တွေ့ချင်ပါတယ်။"
ရှန်းဟွချန်ယင်းအဆီအနှစ်များအား စုဆောင်းနေသော ဇူယွမ်မှာ လဲ့ချင်းဟိုင်၏ပုံရိပ်အားကြည့်ကာ ရေရွတ်လိုက်သည်။ "မိုးကြိုးတံခါးဝကလန်တဲ့လား...အဟက်။"
ဇူယွမ်သည်လည်း ရှန်ဇူတိုက်ကြီးအတွင်း ဂုဏ်သတင်းကျော်ဇောသော မိုးကြိုးတံခါးဝကလန်၏ အမည်နာမအား ကြားဖူးနားဝရှိပေသည်။
ဂူဟွမ်ချီမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကလန်တွေအများကြီး တောင်ခြေမှာ စုနေကြတယ်။ လဲ့ချင်းဟိုင်က သူတို့အားလုံးရဲ့ ခေါင်းဆောင်သဘောမျိုး ဖြစ်လိမ့်မယ်။"
"ကြည့်ရတာ အခုရောက်လာတဲ့ဧည့်သည်က ကောင်းသောလာခြင်းမျိုးနဲ့ လာတာမဟုတ်ဘူးပဲ။" ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် တပည့်တစ်ဦးအားကြည့်ကာ ပြောလိုက်သည်။ "သူ့ကိုသွားခေါ်လာခဲ့။"
မျက်စိတစ်မှိတ်စာမျှသော အချိန်အတွင်းမှာပင် လဲ့ချင်းဟိုင်၏ပုံရိပ်မှာ ဇူယွမ်၏ရှေ့သို့ ရောက်ရှိလာသည်။ လဲ့ချင်းဟိုင်၏ မျက်ဝန်းများသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပဲ စူးရှတောက်ပနေ၏။
"ဒါက မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တဲ့လား။" သူသည် ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ပို၍ပင် အထင်သေးသွားမိသည်။ သူ၏ခန့်မှန်းချက်အရ ဇူယွမ်မှာ မူလစဦး သတ္တမအဆင့်သာ ရှိပေလိမ့်မည်။ ထင်မှတ်ထားသည့်အတိုင်းပင် မူလသူတော်စင်တောင်ထွတ်ကဲ့သို့သော နုံချာလှသည့်တောင်ထွတ်မှ တပည့်ခေါင်းဆောင်မှာလည်း အမှန်တကယ်ပင် အားနည်းလွန်းလှပေသည်။
ဇူယွမ်မှ လဲ့ချင်းဟိုင်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီကိုဘာလို့လာတာလဲ။"
လဲ့ချင်းဟိုင်မှာ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ရောင်စဉ်သုံးသွယ် အလင်းတန်းများအား ကြည့်ရှုလိုက်သည်။
"နင်ကြည့်နေတာ ဘာလို့ထင်လို့လဲ။" ဂူဟွမ်ချီမှာ မကျေမနပ်ဖြစ်နေဟန်ဖြင့် အော်ဟစ်လိုက်၏။
လဲ့ချင်းဟိုင်မှာ တံထွေးတစ်ချက် မြိုချလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။ "တပည့်ခေါင်းဆောင်ဇူယွမ်က တော်တော်ကံကောင်းတဲ့လူပဲ။ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ရှိတဲ့နေရာကိုတောင် ရှာနိုင်တယ်ဆိုတော့။"
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်တုံ့ပြန်ခြင်းမရှိပဲ ခပ်ဖွဖွသာ ပြုံးလိုက်၏။
လဲ့ချင်းဟိုင်မှာလည်း ခပ်ဖွဖွပြုံးကာ ဆက်လက်စကားဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အခုမင်းရဲ့အခြေအနေကတော့ ဒီနေရာကို အပိုင်စီးထားဖို့ မလုံလောက်ဘူးထင်တယ်နော် တပည့်ခေါင်းဆောင်ဇူယွမ်။"
"အော်...ဟုတ်လား။"
"တောင်ခြေမှာ ကလန်တွေအများကြီးကစုဝေးပြီး ဒီနေရာကို စောင့်ကြည့်နေကြတယ်။ ကန်ရွှမ်းကလန်က အင်အားကြီးကလန်တစ်ခုဆိုပေမယ့် အခုဒီမှာရှိနေတာကတော့ မင်းတို့အဖွဲ့လေးတစ်ဖွဲ့ထဲနော်။ ပြီးတော့ ဒီအဖွဲ့ကို ဦးဆောင်ထားတာကလည်း မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဖြစ်နေတယ်လေ။"
"မင်းတို့ရဲ့အင်အားလောက်နဲ့ တောင်ခြေကလူတွေကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား။"
"တကယ်သာတိုက်ကြရင် နစ်နာရမှာ ဘယ်သူလို့ထင်လဲ။ သေချာပေါက် မင်းတို့ပဲပေါ့...အဟက်။" လဲ့ချင်းဟိုင်မှ မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
ဂူဟွမ်ချီမှာ မကျေမနပ်ဖြစ်စွာဖြင့် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "အဲ့ဒါဆိုရင် နင်တို့စမ်းကြည့်လိုက်လေ။"
ဇူယွမ်မှာ ဂူဟွမ်ချီအား လက်ကာပြလိုက်ပြီးနောက် လဲ့ချင်းဟိုင်ကိုကြည့်ကာ ပြောလိုက်သည်။ "အကိုတော်လဲ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူတို့နဲ့ တစ်ဖွဲ့ထဲဆိုရင် ကျွန်တော့်ဆီ ရောက်လာစရာ အကြောင်းမရှိဘူးလေ။ ဟုတ်တယ်မလား။"
လဲ့ချင်းဟိုင်မှ ပြုံးကာပြောလိုက်သည်။ "အဲ့ကလန်သေးသေးလေးတွေက ဘယ်လိုလုပ် ကန်ရွှမ်းကလန်လို အင်အားကြီးကလန်ကြီးနဲ့ ယှဉ်လို့ရမှာလဲ။"
ထို့နောက် ဇူယွမ်အား အထင်သေးဟန်ဖြင့် တစ်ချက်မျှကြည့်ကာ ဆက်လက်ပြောဆိုလိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာရှိနေတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်တွေက အရမ်းကို များပြားလွန်းနေတယ်။ အဲ့ဒါကြောင့် လူတွေကတော့ မျက်စိကျနေကြမှာပဲ။ ကြာလာတဲ့အမျှ ပိုပြီးပြဿနာတက်လာလိမ့်မယ်။"
"အဲ့ဒါကြောင့် ငါတို့ရဲ့ မိုးကြိုးတံခါးဝကလန်က ညီတော်ဇူယွမ်ရဲ့အဖွဲ့နဲ့ ပူးပေါင်းချင်တယ်။ ငါတို့ပူးပေါင်းလိုက်တဲ့ သတင်းကိုသာ ဖြန့်လိုက်မယ်ဆိုရင် ဘယ်သူကမှ ငါတို့ကို လာနှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး။"
"အကိုတော်လဲ့က ဘယ်လောက်လိုချင်တာလဲ။" ဇူယွမ်မှပြုံးကာ မေးမြန်းလိုက်သည်။
လဲ့ချင်းဟိုင်မှ သွားများပေါ်သည်အထိပြုံးရယ်ကာ ပြောလိုက်သည်။ "ငါက လောဘမကြီးပါဘူး ဟဲဟဲ။ ငါးဆယ်ရာခိုင်နှုန်းဆို ရပါပြီ။ ငါတို့ ငါးဆယ်ငါးဆယ် ခွဲယူကြတာပေါ့။"
ဂူဟွမ်ချီမှ မျက်စောင်းထိုးကာ စကားဆိုလိုက်သည်။ "ဘာ...ငါးဆယ်ရာခိုင်နှုန်း ဟုတ်လား။ အဲ့ဒါကို နင်တို့က လောဘမကြီးပါဘူးဆိုပြီး ပြောရဲသေးတယ်ပေါ့လေ။"
ဇူယွမ်မှာလည်း မျက်မှောင်ကျုံ့လျက် လဲ့ချင်းဟိုင်အား ကြည့်ရှုလိုက်သည်။
လဲ့ချင်းဟိုင်မှာ ဇူယွမ်တို့အား လျစ်လျူရှုကာ ဆက်လက်စကားဆိုလိုက်သည်။ "ငါလိုချင်တာ ရှိသေးတယ်။ မင်းတို့ ကန်ရွှမ်းကလန်က တပည့်တွေရဲ့ လက်ထဲမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ မြေပြင်အနေအထားတွေကို မှတ်သားထားတဲ့ မြေပုံရှိနေတယ်လို့ ငါသတင်းရထားတယ်။ အဲ့ဒါကြောင့် အဲ့မြေပုံကိုသာ ငါရမယ်ဆိုရင် ငါတို့မိုးကြိုးတံခါးဝကလန်က မင်းတို့ရဲ့မိတ်ဆွေ ဖြစ်ပေးနိုင်ပါတယ်။ တကယ်လို့ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ပြဿနာတစ်စုံတစ်ခုတွေ့ခဲ့ရင် ငါတို့မိုးကြိုးတံခါးဝကလန်ရဲ့ အကူအညီကို တောင်းခံနိုင်တယ်။"
ဂူဟွမ်ချီမှာ ဒေါသထွက်လွန်းသောကြောင့် မျက်နှာများပင် ရဲတွတ်လာရ၏။
"ကျွန်တော်က သဘောမတူဘူးဆိုရင်ရော။" ဇူယွမ်မှ တည်ငြိမ်စွာပင် မေးမြန်းလိုက်သည်။
လဲ့ချင်းဟိုင်မှာ သက်ပြင်းချလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ညီတော်ဇူယွမ်က ငါတို့နဲ့ မပူးပေါင်ပေးနိုင်ဘူးဆိုရင်တော့ တောင်ခြေမှာရှိနေတဲ့ လူတွေနဲ့အတူ မင်းတို့ကို အင်အားသုံးပြီး ဖြေရှင်းဖို့ပဲရှိတော့တယ်။ တကယ်တိုက်ခိုက်ကြပြီဆိုရင်တော့ မင်းတို့တွေ တော်တော်နစ်နာရမှာနော်။"
"ညီတော်ဇူယွမ် ကန်ရွှမ်းတောင်ထွတ် ဒါမှမဟုတ် တခြားတောင်ထွတ်က တပည့်ခေါင်းဆောင်ဆိုရင်တော့ ငါလည်းဒီလိုအပြုအမူမျိုးကို မလုပ်ရဲပါဘူးကွာ။ ဒါပေမယ့် မင်းက မူလသူတော်စင်တောင်ထွတ်လို နုံချာတဲ့တောင်ထွတ်က တပည့်ခေါင်းဆောင်ဖြစ်နေတယ်။ တစ်ခါတစ်လေမှာ ကံတရားရဲ့ အလိုဆန္ဒကို လိုက်လျောရတယ်ဆိုတာ မင်းသိသင့်တယ်။"
"ငါအချိန်နည်းနည်း ထပ်စောင့်ပေးလို့ ရပါတယ်။ မင်းဆုံးဖြတ်ပြီးပြီဆိုရင် ငါ့ကိုလာပြောပေါ့။ အရမ်းတော့ မကြာစေနဲ့ပေါ့ကွာ။ ငါကအဲ့လောက် စိတ်ရှည်တာ မဟုတ်ဘူး။"
ထို့နောက် လဲ့ချင်းဟိုင်မှာ တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွား၏။
ဇူယွမ်မှာ စိတ်ပင်မထိန်းနိုင်တော့ဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောပစ်လိုက်လေသည်။ "ဟားဟားဟား.....ရယ်ရတာ သေတော့မှာပဲ။"
"အဟမ်း...အဟက်ဟက်....စောင့်နေစရာ မလိုပါဘူး။ ကျွန်တော် ဆုံးဖြတ်ထားပြီးသားပါ။"
"မိုးကြိုးတံခါးဝကလန်က အကိုတော်လဲ့က ဒီရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ မသေချင်ဘူးဆိုရင်တော့ ဒီနေရာက ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို လောဘတက်နေတာတွေ ဖျောက်ပစ်လိုက်ဖို့ အကြံပေးချင်တယ်။ ပြီးရင် ဒီနေရာနဲ့ဝေးဝေးကို ပြေးနိုင်သလောက်သာ ပြေးပေတော့။ ဒါကျွန်တော် အရမ်းစိတ်ကောင်းရှိနေလို့ ပေးတဲ့အကြံနော်။"
လဲ့ချင်းဟိုင်၏ ခြေလှမ်းများ တုန့်ဆိုင်းသွားပြီးနောက် ဇူယွမ်အားလှည့်ကာ ကြည့်ရှုလိုက်သည်။
ဇူယွမ်မှ လဲ့ချင်းဟိုင်အားကြည့်ကာ ထပ်မံပြောဆိုလိုက်၏။ "နောက်ထပ်အကြံပေးချင်တာကတော့ ဘယ်တော့မှ ရန်သူတွေရဲ့နေရာကို တစ်ယောက်ထဲ လက်လွတ်စပယ် မသွားဖို့ပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အကိုတော်နဲ့ ကစားပေးဖို့အတွက် စိတ်မဝင်စားဘူး။"
ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ တပည့်များအားကြည့်ကာ အမိန့်ပေးလိုက်သည်။
"သူ့ကိုတိုက်ခိုက်ကြ။"