← Chapters

တစ်ချက်တည်းဖြင့် အဆုံးသတ်သွားခြင်း

Vol. 41 Ch. 563

တစ်ချက်တည်းဖြင့် အဆုံးသတ်သွားခြင်း

Vol. 41 Ch. 563

"သူ့ကိုတိုက်ခိုက်ကြ။"

ဇူယွမ်၏အမိန့်အား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် တပည့်များ၏မျက်ဝန်းများမှာ ရက်စက်ခက်ထန်မှုများနှင့် ပြည့်နှက်သွားရသည်။ ၎င်းတို့မှာ လဲ့ချင်းဟိုင်အား မျက်စိစပါးမွှေးစူးနေကြပြီပင် ဖြစ်၏။

မိုးကြိုးတံခါးဝကလန်မှာ ပထမတန်းအဆင့်ရှိသည့် ကလန်တစ်ခုဖြစ်ပါသော်လည်း ကန်ရွှမ်းကလန်ကဲ့သို့ အင်အားကြီးကလန်မျိုးနှင့် မည်သို့မျှနှိုင်းယှဉ်မရနိုင်ပေ။ ထိုသည်ကိုပင် လဲ့ချင်းဟိုင်မှာ ရိုကျိုးရကောင်းမှန်းမသိပဲ အလွန်မောက်မာနေသေး၏။

ဝုန်း....

တပည့်များထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် လဲ့ချင်းဟိုင်အား တိုက်ခိုက်လိုက်ကြသည်။

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းဂယက်များကြောင့် မြေပြင်သည်ပင် ကွဲအက်ကုန်ရ၏။

လဲ့ချင်းဟိုင်မှာ စွမ်းရည်ပြည့်ဝသူတစ်ဦး ဖြစ်ပါသော်လည်း ထိုမျှပြင်းထန်သော တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ တပည့်များမှာ ဖုန်တထောင်းထောင်းထနေသော နေရာဆီသို့ အကြည့်ပင်မခွာပဲ ကြည့်ရှုနေကြ၏။

လေပြေနှင့်အတူ ဖုန်မှုန့်များ လွင့်စင်သွားပြီးနောက် တပည့်များမှာ မြင်ကွင်းအား ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

သို့သော် ထိုနေရာ၌ လဲ့ချင်းဟိုင်၏ပုံရိပ် ရှိမနေပဲ မိုးကြိုးများဖြင့် ပြည့်နှက်နေသော ငွေရောင်အလင်းလုံးတစ်ခုသာ ရှိနေလေသည်။ ထိုငွေရောင်အလင်းလုံးမှာလည်း မျက်စိတစ်မှိတ်စာမျှသော အချိန်အတွင်းမှာပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားသည်။

တိုက်ခိုက်မှု စတင်သည့် အချိန်မှစ၍ ယခုအချိန်ထိ ဇူယွမ်၏ အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပဲ တည်ငြိမ်နေလျက်သာ ရှိ၏။ ထို့နောက် ကောင်းကင်အားကြည့်ရှုကာ စကားဆိုလိုက်သည်။ "မင်းတစ်ယောက်ထဲလာရဲတာ အံ့သြစရာ မရှိတော့ပါဘူး။ ကြည့်ရတာ မင်းမှာ အရည်အချင်း ရှိသားပဲ။"

ဂူဟွမ်ချီ၊ ဇူထိုက်၊ လုယန်းနှင့် အခြားတပည့်များမှာလည်း ဇူယွမ်ကြည့်ရှုရာနေရာသို့ လိုက်၍ကြည့်ရှုလိုက်ကြသည်။ ထိုအခါမှသာ ကောင်းကင်ထက်တွင်ပျံဝဲနေသော လဲ့ချင်းဟိုင်၏ပုံရိပ်အား တွေ့ရှိလိုက်ကြရ၏။

လဲ့ချင်းဟိုင်မှ အေးစက်ခက်ထန်စွာဖြင့် စကားဆိုလိုက်သည်။ "ဟားဟား....ကန်ရွှမ်းကလန်က ဒီလိုလား။ အင်အားကြီးကလန်တစ်ခုဖြစ်ပြီး မျက်နှာပျက်မှာတောင် မစိုးရိမ်ဘူးပေါ့လေ။"

လဲ့ချင်းဟိုင်သည် ဇူယွမ်မှ တပည့်များအား သူ့အားတိုက်ခိုက်ရန် အမိန့်ပေးရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်တစ်ဦးသည် မိုးကြိုးတံခါးဝကလန်မှ မိုးကြိုးအကြီးအကဲတစ်ဦးဖြစ်သူကိုပင် တိုက်ခိုက်ရန် အမိန့်ပေးရဲသည်တဲ့လား။

ဇူယွမ်မှာ လဲ့ချင်းဟိုင်အား ကြည့်ရှုလိုက်ပြီးနောက် ဂရုပင်မစိုက်ဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်လေသည်။ လဲ့ချင်းဟိုင်သည် ၎င်းတို့ကန်ရွှမ်းကလန်အား စကားလုံးများစွာဖြင့် စော်ကားပြီးခဲ့ပြီပင် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ မည်သည့်ကလန်၏ မျက်နှာကိုမှ ထောက်ရှုနေစရာအကြောင်း မရှိတော့ပေ။

ထို့အပြင် လဲ့ချင်းဟိုင်မှာ မူလစဦး နဝမအဆင့်သို့ စတင်ရောက်ရှိကာစသာ ရှိသေးသဖြင့် ဇူယွမ်မှ ဂရုစိုက်နေစရာ အကြောင်းမရှိချေ။

ဇူယွမ်၏ အလေးမထားသော အမူအရာအား တွေ့ရှိလိုက်ရပြီးနောက် လဲ့ချင်းဟိုင်မှာ အလွန်ပင် ဒေါသထွက်သွားရ၏။

"မင်းက ဘယ်လိုလုပ်ပြီး မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဖြစ်လာလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် မင်းလိုမျိုး မူလစဦး သတ္တမအဆင့်ပဲရှိတဲ့ကောင်ကများ ငါ့ကိုမလေးမစား ဆက်ဆံရဲတယ်ပေါ့လေ။ မင်းရဲ့ တပည့်ခေါင်းဆောင်ဆိုတဲ့ရာထူးက ဒီရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ အသုံးဝင်မယ် ထင်နေတာလား။" လဲ့ချင်းဟိုင်မှ အံကြိတ်ကာ ပြောလိုက်သည်။

လဲ့ချင်းဟိုင်မှာ ဇူယွမ်သည် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်နေသောကြောင့် ယုံကြည်ချက် လွန်ကဲနေခြင်းဖြစ်သည်ဟု ယူဆထားသည်။

"အစတုန်းကတော့ ငါက ကန်ရွှမ်းကလန်ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ မင်းနဲ့ကောင်းကောင်းမွန်မွန် ဆွေးနွေးညှိနှိုင်းမလို့ပဲ။ ဒါပေမယ့် အခုကြည့်ရတာတော့ မင်းလိုကောင်မျိုးက ကောင်းကောင်းပြောလို့ နားဝင်မယ့်ပုံ မဟုတ်ဘူးပဲ။"

"အဲ့ဒါကြောင့် ကန်ရွှမ်းကလန်ကို မျက်နှာမထောက်ဘူးဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့တော့။"

လဲ့ချင်းဟိုင်၏ဦးခေါင်းထက်မှ လင်းလက်တောက်ပနေသော မိုးကြိုးချီများ ပေါက်ကွဲထွက်ပေါ်လာ၏။ တောင်ခြေတွင် စောင့်ဆိုင်းနေကြသူများမှာလည်း ထိုမိုးကြိုးချီများအား တွေ့မြင်လိုက်ကြရသည်။ ကြည့်ရသည်မှာ ဇူယွမ်နှင့် ဆွေးနွေးညှိနှိုင်းခြင်း ကျဆုံးခဲ့ပုံ ရ၏။

"အဟက်...ကြည့်ရတာ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က ကန်ရွှမ်းကလန်က လာတယ်ဆိုတာနဲ့ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ အဆင်ပြေနိုင်မယ် ထင်နေပုံပဲ။" လူတစ်ဦးမှ မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။

"ဒီကောင်လေးက တော်တော်တုံးတာပဲ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ အားကိုးလို့ရတာ ကိုယ်ပိုင်စွမ်းရည်ပဲရှိတယ်။ သူ့ဟာသူ ဘယ်ကပဲလာလာ အရည်အချင်းမရှိဘူးဆိုရင်တော့ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက သူ့ရဲ့သင်္ချိုင်းမြေပဲ။"

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ အရည်အချင်းရှိသူကသာ အသက်ရှင်ကျန်ရစ်လိမ့်မည် ဖြစ်သည်။ မည်သည့်ကလန်မှ လာသူဖြစ်ပါစေ အရည်အချင်း မပြည့်မှီပါက အသက်သေဆုံးသွားလျှင်ပင် မည်သူ့ကိုမှ အပြစ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

ဝှစ်....ဝှစ်....

တောင်ခြေတွင် စောင့်ဆိုင်းနေကြသော ကလန်အသီးသီးမှ တပည့်များမှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် တောင်ထိပ်ပေါ်သို့ ပျံတက်သွားလိုက်ကြသည်။

ကန်ရွှမ်းကလန်၏ တပည့်များမှာ ထူးချွန်ကြပါသော်လည်း ၎င်းတို့နှင့် အဆပေါင်းများစွာ ကွာခြားလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့၏ လူအင်အားဖြင့်ဆိုပါက ကန်ရွှမ်းကလန်မှ တပည့်များအား ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ချေ။

ကန်ရွှမ်းကလန်မှ တပည့်များမှာ ရောက်ရှိလာသော လူအုပ်ကြီးအား ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ် ကြောက်ရွံ့သွားရ၏။ တစ်ဖက်အုပ်စု၏ လူအင်အားမှာ ၎င်းတို့ခန့်မှန်းထားသည်ပင် အဆပေါင်းများစွာ သာလွန်နေလေသည်။

"ဒီနေရာကို မျက်စိကျနေတဲ့သူတွေ တော်တော်များတာပဲ။" ဇူယွမ်မှ မျက်မှောင်ကျုံ့ကာ စကားဆိုလိုက်သည်။ ကြည့်ရသည်မှာ ၎င်းတို့ရှာဖွေတွေ့ရှိခဲ့သော ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်သည်ပင် ဤအပြင်ဖက်ကျသော ဧရိယာ၌ အလွန်ရှားပါးပုံ ရ၏။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်လာလိမ့်မည်ကို ကြိုတင်သိရှိထားပြီးပင် ဖြစ်သည်။ ထို့ကြောင့် ယခုအခြေအနေအား ရင်ဆိုင်ကာ သူ့အဖွဲ့၏ ဂုဏ်သတင်းအား မြှင့်တက်ရန် တွေးတောထားလိုက်၏။

ကောင်းကင်ထက်တွင်ရှိနေသော လဲ့ချင်းဟိုင်အား မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ် ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ငါတို့ကို ရှန်းဟွချန်ယင်းအဆီအနှစ်ကို စုပ်ယူဖို့ ခွင့်ပြုရမယ်။ ပြီးတော့ မင်းတို့စုပ်ယူထားတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကိုပါ ငါတို့ကို ပေးရမယ်။"

ကန်ရွှမ်းကလန်မှ တပည့်များမှာ အလွန်ပင် ဒေါသထွက်နေကြပြီ ဖြစ်၏။

"ဟာ...ဒီကောင်က တော်တော်တရားလွန်တာပဲ...တောက်။" ဂူဟွမ်ချီမှ အံကြိတ်ကာ ပြောလိုက်သည်။

"ထားလိုက်ပါ။ သူကငါ့ကို မူလစဦး သတ္တမအဆင့်လောက်ပဲ သန်မာလိမ့်မယ်လို့ တွေးနေတာဖြစ်မယ်။" ဇူယွမ်မှာ ဂူဟွမ်ချီအားကြည့်၍ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

ထို့နောက် ခေါင်းအားခါယမ်းကာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။ ကောင်းကင်ဘုံယွမ်စုတ်တံမှာ အလျင်အမြန်ပင် ကြီးမားလာပြီးနောက် လှံတစ်ချောင်းအရွယ်အစားသို့ ရောက်ရှိသွား၏။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် လဲ့ချင်းဟိုင်အားကြည့်ကာ စကားဆိုလိုက်သည်။ "ငါလည်းမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ မင်းအသက်နဲ့ခန္ဓာ မြဲချင်သေးတယ်ဆိုရင် အခုချက်ချင်း ဒီနေရာကနေ ထွက်သွားလိုက်။ ငါတို့ကန်ရွှမ်းကလန်က အားနည်းတဲ့သူတွေကို အနိုင်မကျင့်တတ်ဘူး။ အေး...ဒါပေမယ့် အရူးလိုလို အပေါလိုလိုနဲ့ ငါတို့ကို စော်ကားလာတဲ့သူကိုတော့ ဘယ်သူပဲဖြစ်ဖြစ် သက်ညှာမယ်မထင်နဲ့။"

ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ရယ်မောသံများ ထွက်ပေါ်လာပြီးနောက် လူတစ်ဦးမှ ပြောလိုက်သည်။ "ကောင်လေး။ ဒီလိုစကားတွေက ကန်ရွှမ်းတောင်ထွတ် ဒါမှမဟုတ် မိုးကြိုးအကျဉ်ထောင်တောင်ထွတ်လိုနေရာမျိုးက တပည့်ခေါင်းဆောင် ပြောတာဆိုရင်တော့ ငါတို့ကြောက်ကြမှာပါ။ ဒါပေမယ့် မင်းလိုမျိုး မူလစဦး သတ္တမအဆင့်ပဲရှိသေးတဲ့ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က ပြောတာတဲ့လား...ဟားဟားဟား။ ကိုယ့်အဆင့်ကိုယ်သိစမ်းကွာ။"

ဇူယွမ်မှာ လှောင်ပြောင်သရော်သော စကားများအား ကြားနေရပါသော်လည်း တည်ငြိမ်နေလျက်သာ ရှိ၏။

ဝှစ်....

ထို့နောက် ဇူယွမ်၏ပုံရိပ်မှာ ဒြပ်မဲ့သဏ္ဍာန်သို့ ပြောင်းလဲသွားကာ ထိုပုံရိပ်ရှေ့သို့ ရုတ်ချည်းဆိုသလိုပင် ရော​က်ရှိသွား၏။

"မင်းက သေချင်နေတဲ့ပုံပဲ။"

ထိုပုံရိပ်မှာ ဇူယွမ်ရောက်ရှိလာခြင်းအား အနည်းငယ်မျှပင် ကြောက်ရွံ့သွားကြခြင်း မရှိပေ။ ဇူယွမ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများအရ မူလစဦး သတ္တမအဆင့်သာရှိသေးသည်မှာ သိသာထင်ရှားနေသောကြောင့်ပင် ​ဖြစ်သည်။

ထိုပုံရိပ်ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာကာ ဇူယွမ်အား ထိုးချလိုက်သည်။

သို့သော် ဇူယွမ်မှာ မျက်တောင်ပင်တစ်ချက်မခတ်သွားချေ။ ထို့နောက် သူ၏အသားအရေမှာ ကျောက်စိမ်းရောင်များ လင်းလက်လာပြီးနောက် အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် တောက်ပလာ၏။ ဇူယွမ်မှာ လက်တစ်ဖက်အားမြှောက်၍ ဖြည်းညင်းစွာပင် လွှဲရိုက်ချလိုက်သည်။

ဒုန်း....

လက်သီးနှင့် လက်ဝါးတို့ လေထုထဲတွင် တွေ့ဆုံသွားကြပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ လေထုများပင် ပေါက်ကွဲကုန်ရ၏။ ထို့နောက် ထိုပုံရိပ်မှာ သွေးအလိမ်းလိမ်းဖြင့် လေထုထဲသို့ မြောက်တက်သွားကာ တောအုပ်ထဲသို့ ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားလေသည်။ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် စောင့်ကြည့်နေသော လူများအားလုံး အလွန်ပင် အံ့အားသင့်သွားကြရ၏။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရသည်။

ဇူယွမ်မှာ ချီစွမ်းအင်ကိုပင် အသုံးပြုခြင်းမရှိပဲ ထိုလူအား တစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်ခြင်းပင် ဖြစ်သည်။ လူတိုင်းမှာ ကြောက်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။

၎င်းတို့မှာ မူလစဦး သတ္တမအဆင့်သာရှိသေးသော မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူသည် အဘယ့်ကြောင့် ထိုမျှမရိုးရှင်းပဲ အလွန်သန်မာနေရသည်ကို တွေးတော၍မရနိုင်အောင်ပင် ဖြစ်နေရလေတော့သတည်း။

All Chapters