အမည်မသိစွမ်းအင်တစ်ခု
Vol. 44 Ch. 631
ထရီဆာသည် သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလျက် ရေခဲပလ္လင်ပေါ်တွင် ထိုင်နေရင်းဖြင့် ဖိတ်ကြားချက်ကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေခဲ့၏။
ငြင်းပယ်လိုက်မည်ဆိုလျှင်လည်း ရိုင်းပြရာ ကျပေလိမ့်မည်။
၎င်းတို့သည် ဗဟိုဒေသမှ မဟုတ်သော်လည်း အလင်း ဘုရားကျောင်းကဲ့သို့ အစွမ်းထက် အင်အားစုကြီးတစ်ခုကို စော်ကားခြင်းသည် ပညာရှိသော လုပ်ရပ်တစ်ခုတော့မဟုတ်ပေ။
"နန်းတော်သခင်မရှင် ကျွန်မတို့ ဖိတ်ကြားချက်ကို လက်ခံလိုက်ရမှာလား" ထရီဆာမှ ငြင်းပယ်မည်ကို စိုးရိမ်နေသော အကြီးအကဲတစ်ဦးက မေးလိုက်၏။
"နန်းတော်သခင်မအနေနဲ့ ကိုယ်တိုင် မသွားရင်တောင် အကြီးအကဲတစ်ဦးကို ပို့လိုက်လို့ရပါတယ်။ ဒီလောက်ဆိုရင်တောင် ကျွန်မတို့ရဲ့ ရပ်တည်မှုကို ပြသဖို့ လုံလောက်ပါတယ်"
"အင်း။ မင်း ပြောတာ အကျိုးအကြောင်း ခိုင်လုံမှု ရှိပါတယ်" ထရီဆာသည် ထိုစကားအား ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
သူမသည် အခြား အကြီးအကဲများဘက်သို့ လှည့်ကာ "ကျန်တဲ့သူတွေကော ဘယ်လို ထင်လဲ" ဟု မေးလိုက်၏။
"ဒါက ပညာရှိတဲ့ ဆုံးဖြတ်ချက်လို့ ကျွန်မတော့ ထင်ပါတယ်။ ကျွန်မတို့ဂိုဏ်းရဲ့ ကိုယ်စားလှယ်အဖြစ် အကြီးအကဲတစ်ဦးဦးကို ပို့သင့်တယ်။ နန်းတော်သခင်မက ကျင့်စဥ်တစ်ခုခု တံခါးပိတ်ကျင့်ကြံနေလို့ အဆက်အသွယ် လုပ်လို့ မရဘူးလို့ ပြောလိုက်လို့ရတယ်။ ဒါက အကြီးအကဲတစ်ဦး ဂိုဏ်းကိုယ်စားရောက်လာတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မာနကိုလည်း ထိပါးမိသလိုမဖြစ်တော့ဘူး"
"ကျွန်မတော့ သဘောမတူဘူး။ အလင်း ဘုရားကျောင်းက လူတွေမှာ ကောင်းမွန်တဲ့ စဥ့်စားတွေးခေါ်နိုင်စွမ်းတွေ ရှိကြတယ်။ သူတို့က ဒီလို လိမ်လည်မှုတွေကို အလွယ်တကူ ခွဲခြားသိမြင်နိုင်လိမ့်မယ်။ ဒါဟာ လိမ်လည်မှုတစ်ခုလို့ သူတို့ ချက်ချင်း သိသွားလိမ့်မယ်။ ဒါကြောင့် နန်းတော်သခင်မ ကိုယ်တိုင် အကြီးအကဲအချို့ကို ဦးဆောင်ပြီး ကိုယ်တိုင်သွားရောက်သင့်တယ်လို့ ကျွန်မတော့ ထင်မြင်မိတယ်"
"ဒါပေမဲ့ နန်းတော်သခင်မ သွားလိုက်လို့ ဒါက ထောင်ချောက်တစ်ခု ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ သူမကို တစ်ခုခု ဖြစ်စေခဲ့ရင် ဘယ်လိုလုပ်မလဲ။ သူမကို ဒီအတိုင်း အန္တရာယ်တောထဲ လွှတ်လိုက်သလို ဖြစ်မနေဘူးလား"
"အလင်း ဘုရားကျောင်းက ဘာလို့ ကျွန်မတို့အတွက် အပင်ပမ်းခံပြီး ထောင်ချောက် ဆင်နေရမှာလဲ။ ကျွန်မတို့ နှင်းပျိုဖြူနန်းတော်က ဒီဒေသမှာ အစွမ်းထက် အင်အားစု တစ်ခုလို့ သတ်မှတ်လို့ရပေမယ့် ဗဟိုဒေသက ပုဂ္ဂိုလ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်လောက်အောင်တော့ ကျွန်မတို့က အဆင့်မမှီသေးပါဘူး"
"ဒါပေမဲ့ ဒါက အရမ်း အန္တရာယ်များလွန်းနေဆဲပဲ"
အကြီးအကဲအားလုံးနီးပါးသည် အလင်း ဘုရားကျောင်း၏ နောက်တက်မည့် ခေါင်းဆောင်သစ်၏ ဘိသိက်ခံယူပွဲအတွင်း နှင်းပျိုဖြူနန်းတော် ကိုယ်စားပြု၌ တစ်စုံတစ်ဦး မဖြစ်မနေ တက်ရောက်ရန်လိုအပ်ကြောင်း ဘုံသဘောတူညီချက်တစ်ခု ရရှိခဲ့ကြသည်။
၎င်းတို့ သဘောတူညီမှု မရသေးသည့် တစ်ခုတည်းသော အရာမှာ ၎င်းတို့ကို ကိုယ်စားပြုသင့်သူ မည်သူဖြစ်သင့်သည် ဆိုသည့်အချက်ပင်ဖြစ်၏။
နှစ်ဖက်စလုံး၏ အငြင်းပွားမှုများတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီရှိနေခဲ့ကြသည်။
နန်းတော်သခင်မသည် သူမရှေ့ရှိ အပြန်အလှန် အငြင်းပွားမှုများကို ကြည့်ပြီး သူမ၏ နဖူးကိုသာ ပြန်လည် ပွတ်သပ်နေလိုက်မိလိုက်သည်။
သူမသည် သူမ၏ သမက်လောင်းဖြစ်သူ အာရန်နှင့်အတူ သူမ၏ သမီးဖြစ်သူတို့အား ဤနန်းတော်၏ ရှုခင်းများကို လှည့်ပတ်ပြပေးမည်ဟု စီစဥ်ထားခဲ့သည်။
၎င်းသည် သူမ၏ သမီးအတွက်လည်း အားလပ်ရက်ခရီးတစ်ခု ဖြစ်သင့်လေသည်။
ကံမကောင်းစွာဖြင့် သူမ ငရဲမှ ထွက်ခွာလာသည့်အချိန်မှစ၍ အရာအားလုံး စတင်၍ ကမောက်ကမများ ဖြစ်ပွားခဲ့ရသည်။
ထိုခရီး၌ အာရန်တစ်ယောက် ဒဏ်ရာရခဲ့ရုံသာမက ဤဖိတ်ကြားချက်ကဲ့သို့ နောက်ကွယ်တွင် ရှုပ်ထွေးသော ပက်သတ်မှုများ ပါရှိနေသည့် ကိစ္စတစ်ခုအတွက်လည်း သူမအနေနှင့် စိုးရိမ်ပူပန်စရာများ ဖြစ်လာခဲ့ရသည်။
"ငြင်းခုံနေတာ တော်ကြတော့"
သူမသည် ထိုကိစ္စအငြင်းပွားနေမှုအား ရပ်တန့်ရန် လက်ဖြင့် အချက်ပြလိုက်သည်။ "ကျွန်မတို့အနေနဲ့ စဉ်းစားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ကျွန်မ နောက်မှ ဆုံးဖြတ်ချက် ချပါ့မယ်။ အခုလောလောဆယ် ကျွန်မရဲ့ စိတ်တွေ နည်းနည်း ရှုပ်ထွေးနေတုံးပဲ"
"ဟုတ်ကဲ့ပါရှင်"
အကြီးအကဲများသည် ထရီဆာ၏ စကားအားကြားပြီးနောက် ပြန်လည် တိတ်ဆိတ်သွားကြသည်။
အချို့သည် အနည်းငယ် အတွေးပွားရင်း အပြစ်ရှိစိတ်အချို့ပင် ဝင်နေခဲ့ကြ၏။ နန်းတော်သခင်မ၏ ခင်ပွန်းသည် ဒဏ်ရာရနေခဲ့လေသည်။
သူမအနေနှင့် ယခုကဲ့သို့ စိုးရိမ်ပူပန်သည်မှာ ပုံမှန်ပင် ဖြစ်၏။
သို့သော် ၎င်းတို့သည် သူမအား ဤကဲ့သို့ ရှုပ်ထွေးသော ကိစ္စရပ်တစ်ခုအတွက် အကြံဉာဏ်ဝိုင်း၍ တောင်းခံနေခဲ့ကြခြင်းဖြစ်လေသည်။
"အဲဒီ ခေါင်းဆောင်သစ်ရွေးပွဲအတွက် စဥ့်စားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို အားလုံးသိအောင် နောက်မှ ပြောပြပါ့မယ်။ အဲဒီအတောအတွင်း ဗဟိုဒေသက သတင်းအချက်အလက်တွေကို တတ်နိုင်သမျှ စုဆောင်းထားဖို့ အကြံပေးချင်တယ်"
သူမသည် ဆွေးနွေးမှုအား အဆုံးသတ်လိုက်ပြီးနောက် ဂိုဏ်းအကြီးအကဲများအား ပြန်နားနိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်။
သူမသည်လည်း ထိုနေရာမှ ထွက်ခွာသွားပြီး သူမ၏ သမီးဖြစ်သူအား ကိုယ်တိုင်သွားတွေ့ကာ အာရန်တစ်ယောက် သက်သာလာပြီဆိုသည့်အကြောင်း ပြောပြလိုနေခဲ့၏။
....
ထိုအချိန် အာရန်မှာမူ ခုတင်တစ်ခုပေါ်တွင် လဲလျောင်းလျက်သားရှိနေခဲ့ပြီး သတိလစ်နေဆဲပင် ဖြစ်၏။
ဆေးပညာရှင် အကြီးအကဲသည် အာရန်အတွက် ပိုမို သင့်လျော်သော အခန်းအပူချိန် အခြေအနေများကို ထိမ်းသိမ်းထားနိုင်သည့် အထူးသီးသန့် အခန်းတစ်ခုတွင် ထားရှိခဲ့သည်။
ဤအခန်းသည် စိတ်ကိုတည်ငြိမ်စေကာ မိမိကိုယ်ကိုယ်ပြန်လည်ကုစားနိုင်စွမ်းအား အရှိန်မြှင့်တင်ပေးနိုင်သော တည်ငြိမ်သည့် အော်ရာတစ်ခုလည်း ရှိနေခဲ့၏။
ဆေးပညာရှင် အကြီးအကဲသည် အာရန်၏ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်ရင်း သူ့ဘေးတွင် တစ်ချိန်လုံး ထိုင်နေခဲ့သည်။
နန်းတော်သခင်မထရီဆာ၏ အပေါ်ဝတ်ရုံသည် အာရန်၏ ခါးအောက်ပိုင်းတွင် ပုံကျနေဆဲ ဖြစ်ရာ ထိုအရာကပင် အစောပိုင်း သူမ မြင်ခဲ့ရသည့် မြင်ကွင်းများကို ပြန်လည် သတိရစေခဲ့၏။
ဆေးပညာရှင် အကြီးအကဲသည် အာရန်၏ ထိုဝတ်ရုံအောက်ရှိ ဖောင်းကြွနေသော အရာတစ်ခုကို ခဏခဏ ခိုးကြည့်မိပြီး သူမ၏ ပါးပြင်ထက်တွင် အကြိမ်ကြိမ် နီမြန်းခဲ့ရသည်။
'အာရုံပြန်စိုက်စမ်'
သူမသည် သူမကိုယ်သူမ ပြန်လည် ဆုံးမနေမိ၏။
'သူက နန်းတော်သခင်မရဲ့ ခင်ပွန်းပဲ'
ထို့နောက် အကြီးအကဲသည် အာရန်၏ သွေးခုန်နှုန်းကို စစ်ဆေးရင်း သူ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
ယခုအခါ အာရန်၏ အခြေအနေသည် ယခင်ထက်များစွာ ပို၍ တည်ငြိမ်လာခဲ့ပြီဖြစ်သည်။
သူ့အား တစစီ ဆုတ်ဖြဲနေသကဲ့သို့ ပြင်းထန်သော သက်ရောက်မှုများသည် တဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့ပုံရသည်။
"သူ သေချာပေါက် ပြန်ကောင်းလာမှာပါ"
ဆေးပညာရှင် အကြီးအကဲသည် တိုးတိုးလေး ရေရွတ်ကာ အားပေးစကား ပြောလိုက်သည်။
"ဒါပေမဲ့ မေးခွန်းက သူ ဘယ်တော့ နိုးလာမှာလဲ"
သူမသည် နန်းတော်သခင်မ ထရီဆာ၏ မျက်နှာပေါ်မှ စိတ်သက်သာရာရသွားသည့် သွင်ပြင်ကို မြင်ခဲ့စဥ်က သူမအနေနှင့် အဆုံး မသတ်ဖြစ်ခဲ့သော စကားလုံးကို ပြန်သတိရလိုက်သည်။
'ဒါမှမဟုတ်... သူ့ရဲ့ ဝိညာဉ်က ဒဏ်ရာရနေတုန်းပဲလား...'
ဤနေရာသည် အထက်ကမ္ဘာတစ်ခု ဖြစ်နေဆဲဖြစ်သော်လည်း လူတစ်ဦး၏ ဝိညာဉ်ကို ကုသရန်အတွက်မူ အခက်အခဲများရှိနေဆဲပင်။
ထို့ပြင် အာရန်၏ ခန္ဓာကိုယ်သည် သာမန်အတိုင်းမဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်တွင်းသို့ ပို့လွှတ်လိုက်သည့် စွမ်းအင် အဆီအနှစ် မှန်သမျှကို ဝါးမျိုပစ်နိုင်လောက်အောင် ထူးဆန်းနေလေသည်။
ဆေးပညာရှင် အကြီးအကဲသည် ခန္ဓာကိုယ်တည်ဆောက်မှုများအကြောင်းနှင့် ၎င်းခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ဖြစ်တည်မှုများအကြောင်းကို နှံ့စပ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လေသည်။
သို့တိုင် အာရန်အား ကူညီရန် နည်းလမ်းကိုမူ သူမအနေနှင့် ယခုတိုင် စဉ်းစားမရနိုင်သေးပေ။
သူမ လုပ်နိုင်သည့် အရာအားလုံးကို သူမ လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်၏။ ကျန်သည့် အရာအားလုံးသည် အာရန်ပေါ်တွင်သာ မူတည်တော့သည်။
ခန္ဓာကိုယ်ထိခိုက်မှုသည် လျင်မြန်စွာ ပြန်လည်သက်သာလာနိုင်သော်လည်း စိတ်ဝိညာဥ်ထိခိုက်မှုမှာမူ ပို၍ နူးညံ့သိမ်မွေ့ကာ ရှုပ်ထွေးသော အခြေအနေတစ်ခု ဖြစ်လေသည်။
စိတ်ဝိညာဉ် ထိခိုက်မှုသည် ပြန်လည်ကုစားနိုင်ရန် အချိန်ပိုကြာညောင်းလေ့ရှိပြီး တစ်ခါတစ်ရံတွင် လုံးဝ ပြန်လည် မကောင်းလာတော့ခြင်းမျိုးပင် ရှိတတ်လေသည်။
သူမသည် အာရန်၏ စိတ်ဝိညာဥ်ထိခိုက်မှုအား ပိုမို၍ နက်ရှိုင်းစွာ စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူမသည် သူမ၏ ကိုယ်ပိုင် အဆီအနှစ်မှ သေးငယ်သော အစိတ်အပိုင်းတစ်ခုကို အာရန်၏ ခန္ဓာကိုယ်အတွင်းသို့ သတိထား၍ ပို့လွှတ်လိုက်၏။
ကံမကောင်းစွာဖြင့် ယခင်အကြိမ်များကဲ့သို့ပင် ထပ်မံ ဖြစ်ပွားခဲ့ပြီး သူမသည် နောက်ထပ် ကျရှုံးမှုတစ်ခုကို ထပ်မံရင်ဆိုင်ခဲ့ရပြန်သည်။
အာရန်၏ ခန္ဓာကိုယ်အတွင်းရှိ အမည်မသိ စွမ်းအားတစ်ခုသည် သူ့အား စူးစမ်းရန်ကျိုးစားလာမှုတိုင်းအား ပြင်းပြင်းထန်ထန်တုံ့ပြန်လေ့ရှိ၏။
နှင်းပျိုဖြူနန်းတော်တွင် ယခု ဆေးပညာရှင်အကြီးအကဲသည် အာရန်ထက် ပိုမို၍ စွမ်းအားကြီးလေသည်။
နှင်းပျိုဖြူနန်းတော်တစ်ခုလုံးတွင် နန်းတော်သခင်မအပါအဝင် သူမထက် ပို၍ စွမ်းအားကြီးသူမှာ လူတစ်စုစာမျှသာ ရှိလေ၏။
သို့သော် အာရန်၏ ခန္ဓာကိုယ်အတွင်းမှ ထို ကြောက်မက်ဖွယ် စွမ်းအားသည် မည်သို့သောအရာမျိုးဖြစ်ကြောင်းကိုမူ သူမအနေနှင့်ပင် နားမလည်နိုင်ခဲ့ပေ။
သူမသည် အာရန်၏ စိတ်ဝိညာဉ်အား စစ်ဆေး၍ မရနိုင်တော့သောကြောင့် အာရန် ပြန်နိုးလာသည်အထိ ဤနေရာတွင် ဆက်လက်စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်ရသည်။
အာရန်၏ စိတ်ဝိညာဉ်သည် အမှန်တကယ် ဒဏ်ရာရခဲ့ခြင်းဟုတ်မဟုတ်ကိုပင် သူမ အနေနှင့် မသိနိုင်ခဲ့ပေ။
ရှုပ်ထွေးသော ဟင်းလင်းပြင် စွမ်းအင်များသည် အာရန်၏ စိတ်ဝိညာဉ်ပေါ်တွင် အက်ကြောင်းများ ချန်ရစ်ခဲ့လေသည်။
ပုံမှန်အားဖြင့် လူတစ်ဦး ဟင်းလင်းပြင်မှတစ်ဆင့် ခရီးသွားလာသည့်အခါ ၎င်းတို့၏ ခန္ဓာကိုယ်များသည် စိတ်ဝိညာဥ်များအား အကာအကွယ်ပေးထားနိုင်သောကြောင့် ရှုပ်ထွေးသော ဟင်းလင်းပြင် အဆီအနှစ်သည် ထိုစိတ်ဝိညာဉ်များအပေါ်တွင် သက်ရောက်နိုင်ခြင်းမရှိပေ။