ငါ့ရဲ့ ထာဝရပဲ့တင်သံလေး
Vol. 44 Ch. 633
"မင်းသိလား ငါ့အတွက်တော့ ဒီအချိန်မှာ အံ့အားသင့်စရာ အမှတ်တစ်ခုကို ကျော်လွန်နေပြီလို့ ထင်မိလာတယ်"
အာရန်သည် သူ၏ ရှေ့တွင် ပေါ်ထွက်လာနေသော ရွေးချယ်စရာ လေးခုကို ကြည့်ကာ သက်ပြင်းချရင်း စနစ်အားပြောလိုက်သည်။
"မင်း ငါနဲ့အတူ ရှိနေတာကိုပဲ ငါတကယ် ကျေးဇူးတင်ပါတယ်"
အာရန်သည် သူ့အား မကြာခဏ အနိုင်ကျင့်နေခဲ့သော်လည်း သူအမှန်တကယ် လိုအပ်သည့်အချိန်တိုင်းတွင်မူ သူ့နှင့်အတူ ရှိနေခဲ့သော စနစ် မျက်နှာပြင်လေးအား ကျေးဇူးတင်စွာ စိုက်ကြည့်လိုက်မိ၏။
[ရွေးချယ်မှု တစ်- အမည်မသိစွမ်းအင်ဖြင့် ပေါင်းစည်းပါ။ (အသက်ရှင်နိုင်ခြေ - ၅၀ ရာခိုင်နှုန်း)
ဆုလာဘ်: စိတ်ဝိညာဥ် ကုသခြင်း အဆောင်]
[ရွေးချယ်မှု နှစ် - ထိုအမည်မသိ စွမ်းအင်ကို ဖျက်ဆီးပစ်ပါ။
ဆုလာဘ်: မေးခွန်း ဘောက်ချာ]
[ရွေးချယ်မှု သုံး - သင်၏ စိတ်စိတ်ဝိညာဥ်ကို သဘာဝအတိုင်း ပြန်လည်သက်သာစေရန် သုံးလခန့် စောင့်ဆိုင်းပါ။
ဆုလာဘ်: ခွန်အား နှစ်ဆ]
[ရွေးချယ်မှု လေး - ထာဝရ ပဲ့တင်သံအစွမ်းကို အသုံးပြုပါ။
ဆုလာဘ်: ကျပန်း အဆင့်နိမ့် သွေးမျိုးဆက် တစ်ရာ]
"စိတ်ဝိညာဥ် ကုသခြင်း ဆိုပါလား မင်း ဒီမှာ ရှိနေတာ မထူးဆန်းတော့ပါဘူး။ ငါ တကယ် မသေသေးဘူးကိုး..."
အာရန်သည် တတိယ ရွေးချယ်မှုကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အရာအားလုံးကို သဘောပေါက်လိုက်သည်။
အာရန်တစ်ယောက် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်ထဲသို့ ခြေချမိလိုက်သည့် အချိန်မှာပင် စတင်၍ သူ၏ စိတ်စိတ်ဝိညာဥ်သည် ဒဏ်ရာရသွားခဲ့သည်။
သူသာ ပထမဆုံး ရွေးချယ်မှုကို ရွေးချယ်ပါက သူ၏ စိတ်စိတ်ဝိညာဥ်ကို ချက်ချင်း ပြန်လည်ကုသနိုင်စွမ်းရှိလေသည်။
သို့သော် အမည်မသိ စွမ်းအင်ကို စုပ်ယူခြင်းသည် သူသိမထားသော လုပ်ရပ်တစ်ခုဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် အာရန်အနေဖြင့် ၎င်းစွမ်းရည်ကို ဘာဆိုသည်ကိုပင် ဖော်ထုတ်နိုင်ခြင်း မရှိပေ။
အာရန်အနေဖြင့် စနစ်ကို ယုံကြည်နေသော်လည်း ယခုကဲ့သို့ သူ၏ စိတ်ဝိညာဥ် ဒဏ်ရာရနေစဉ် ထို စွမ်းအင်ကို စုပ်ယူခြင်းသည် အနည်းငယ် အန္တရာယ် မကင်းသကဲ့သို့ ခံစားနေရဆဲပင်။
အထူးသဖြင့် စနစ်မှဖော်ပြထားချက်အရ အသက်ရှင်နိုင်ခြေသည် ငါးဆယ် ရာခိုင်နှုန်းသာ ရှိနေသောအချိန်တွင် ဖြစ်လေသည်။
မေးခွန်း ဘောက်ချာသည်လည်း သူ အလိုချင်ဆုံးအရာများထဲမှ တစ်ခု ဖြစ်နေသေးသော်လည်း ၎င်းသည်လည်း စဥ့်စားကြည့်မည်ဆိုပါက အလွန် သံသယဖြစ်ဖွယ်ကောင်းနေဆဲပင်။
ပုံမှန်အတိုင်းဟု သတ်မှတ်၍ရသောအရာဟူ၍ တစ်ခုတည်းသာရှိကာ ၎င်းသည် သုံးလ စောင့်ဆိုင်းပြီး သူ၏ စိတ်ဝိညာဥ်ကို သဘာဝအတိုင်း ပြန်လည်သက်သာစေခြင်း နည်းလမ်းပင် ဖြစ်လေ၏။
ရွေးချယ်မှု သုံးခုစလုံးသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် သူ့အား တန်ဖိုးရှိသောအရာများအား ဆုအဖြစ် ပေးအပ်ထားလေသည်။
ဤနေရာတွင် အနည်းငယ်ထူးဆန်းနေသော ရွေးချယ်စရာဟူ၍ တစ်ခုတည်းသာ ကျန်ရှိတော့၏။
၎င်းမှာ စတုတ္ထမြောက်ရွေးချယ်မှုပင် ဖြစ်လေသည်။
ထိုရွေးချယ်မှုမှ ဆုလာဘ်အဖြစ် အဆင့်မြင့် သွေးမျိုးဆက်များ ဖြစ်နေခဲ့ပါက အဆင်ပြေပေဦးမည်။
သို့သော် ဆုလာဘ်သည် အဆင့်နိမ့် သွေးမျိုးဆက်များသာ ဖြစ်လေသည်။
အဆင့်နိမ့် သွေးမျိုးဆက် တစ်ထောင်ဆိုလျှင်ပင် အဆင့်မြင့် သွေးမျိုးဆက် တစ်ခုနှင့် မနှိုင်းယှဉ်နိုင်ပါ ယခုကဲ့သို့ အဆင့်နိမ့် သွေးမျိုးဆက် တစ်ရာဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
သူ့အနေဖြင့် အဆင့်အမြင့်ဆုံး သွေးမျိုးဆက်အချို့ကို ပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့် အဆင့်နိမ့် သွေးမျိုးဆက်များသည် သူ့ရှေ့တွင် အမှိုက်ကဲ့သို့သာ ဖြစ်နေပြီဖြစ်ကာ ဆုလာဘ်ဟုပင် သတ်မှတ်၍ ရနိုင်ပါသေးလော...။
အာရန်သည် ထိုမျှဆိုးရွားသော ဆုလာဘ်ကို ယခုသည် ပထမဆုံးအကြိမ် ရရှိခဲ့ခြင်း မဟုတ်သော်လည်း ထို ရွေးချယ်မှုတွင် တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားနေရဆဲ ဖြစ်လေသည်။
ထာဝရ ပဲ့တင်သံအစွမ်းသည် အမှန်တကယ်တွင် လောင်းကစားတစ်ခုနှင့် တူညီလေသည်။
စနစ်သည် သူ့အား လောင်းကစားတစ်ခု ပြုလုပ်ရန် ပြောဆိုနေခြင်းများလား...။
ဤရွေးချယ်မှုအတွက် ဖြစ်ပျက်သွားနိုင်သည့် အဆိုးဆုံး အခြေအနေသည် အဘယ်အရာနည်း။
အကယ်၍ သူသည်သာ အနာဂါတ်စိတ်ဝိညာဥ်ကို ဆင့်ခေါ်ရန် ပျက်ကွက်ခဲ့ပြီး သူ၏ အချိန်ကို ဖြုန်းတီးမိခဲ့လျှင်ပင် သူ့အနေနှင့် သုံးလ ထပ်မံစောင့်ဆိုင်းပြီး သူ၏ စိတ်ဝိညာဥ်ကို သဘာဝအတိုင်း ပြန်လည်သက်သာစေနိုင်သေးသည်မဟုတ်ပါလော...။
တစ်ခုတည်းသော ကွာခြားချက်မှာ ထိုအရာအတွက် ဆုလက်ဆောင်တစ်ခုကို ရရှိတော့မည် မဟုတ်ခြင်းပင်။
"ဒါပေမဲ့ ငါ့အနေနဲ့သာ အနာဂါတ်စိတ်ဝိညာဥ်ကို ဆင့်ခေါ်နိုင်ခဲ့မယ်ဆိုရင်..."
အာရန်သည် သူ၏ ပင်ကိုဗီဇအရ မလိုလားအပ်သော အန္တရာယ်များကို မယူလိုသဖြင့် ထိုနောက်ဆုံး ရွေးချယ်မှုသည်သာ သူ့အား ပို၍ မျက်စိကျစေခဲ့၏။
အာရန်သည် ၎င်းအား သူ၏ အထင်အမြင်လွဲမှားမှု သက်သက်ပင်လားဟု မသေချာနေသော်လည်း နောက်ဆုံး ရွေးချယ်မှု မျက်နှာပြင်ထက်တွင် အနည်းငယ် ပို၍ တောက်ပနေသည်ဟု ရေးတေးတေး ခံစားမိနေခဲ့သည်။
"ကောင်းပြီ။ ငါ နောက်ဆုံး ရွေးချယ်မှုကို ရွေးမယ်"
အာရန်သည် သူ့ကိုယ်သူ စိတ်ပြန်ပြောင်းသွားမည်ကို စိုးရိမ်နေသောကြောင့် သူ၏ လက်ကို ဆန့်တန်းလိုက်သည်။
ထို့နောက် အာရန်တစ်ယောက် နောက်ဆုံးကို လျင်မြန်စွာ ရွေးချယ်လိုက်သောအခါတွင်မူ စနစ်မျက်နှာပြင်နှင့်အတူ အခြားသော ဆုလာဘ်များအားလုံး ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
"ငါ့ရဲ့ ထာဝရပဲ့တင်သံလေးရေ ဒီတစ်ခါတော့ အသုံးဝင်ပါစေ"
အာရန်သည် မျက်လုံးများကို ပိတ်လိုက်ပြီး သူ၏ ရင်ဘတ်ပေါ်တွင် လက်တစ်ဖက်ကို တင်ထားလိုက်ကာ "ထာဝရ ပဲ့တင်သံ" ဟု တီးတိုးရေရွတ်လိုက်သည်။
[သင့်အား အဆင့်နိမ့် သွေးမျိုးဆက် တစ်ရာအား ဆုအဖြစ် ချီးမြှင့်လိုက်ပါသည်။]
အာရန်တစ်ယောက် ထိုအစွမ်းကို အသုံးပြုလိုက်သည့် အချိန်၌ သူ၏ အသိစိတ်သည် စတင်၍ မှေးမှိန်စပြုလာခဲ့ကာ ထိုအသိပေးချက်ကိုမူ ကြားဖြစ်အောင် ကြားလိုက်သေး၏။
"ဘာလဲ.."
အပြင်ဘက်ကမ္ဘာတွင် ဆေးပညာရှင် အကြီးအကဲသည် အာရန်အား စောင့်ကြည့်နေသည်။
ထိုစဥ် ရုတ်တရက် အာရန်၏ ကိုယ်တွင်းမှ ထွက်ပေါ်လာနေသော ပြင်းထန်သည့် အော်ရာများကြောင့် နောက်သို့ တွန်းပို့ခြင်းကို ခံလိုက်ရသည်။
ဆေးပညာရှင် အကြီးအကဲကိုယ်တိုင်သည်ပင်လျှင် ထိုအရာဆီမှ ခြိမ်းခြောက်မှုတစ်ခုကို ခံလိုက်ရသည်။
သူမ၏ ထိုင်ခုံသည်ပင် နောက်သို့ လွင့်ထွက်သွားပြီး နံရံအား တိုက်မိကာ အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့တော့သည်။
"ခု ငါ့ အလှည့်ရောက်ပြီလား"
အာရန်၏ သိစိတ်ပင်လယ်အတွင်း၌ သူ၏ အော်ရာနှင့် စိတ်ဝိညာဥ်တစ်ခုလုံးသည် လုံးဝကို ပြောင်းလဲသွားခဲ့သည်။
၎င်းသည် စက္ကန့်ပိုင်းအတွင်း နှစ်ပေါင်း ထောင်ချီ ပိုမို အိုစာသွားသကဲ့သို့ပင် တူညီနေခဲ့၏။
အရာရာကို ခဏတာ စူးစမ်းလိုက်ပြီးနောက် အခြေအနေများကို ပြန်လည် သဘောပေါက်လိုက်သည်။
အာရန် ၏ အနာဂါတ်စိတ်ဝိညာဥ်သည် အစောပိုင်း ဆုအဖြစ်ရရှိထားသော သွေးမျိုးဆက်တစ်ရာကို စနစ် မျက်နှာပြင်ဆီမှနေ၍ ကြည့်နေခဲ့သည်။
"မင်းက အမြဲတမ်းလိုလို အသုံးဝင်နေတုန်းပဲ"
ထိုသို့ပြောပြီးနောက် အာရန်သည် သူ၏ လက်တစ်ဖက်ဖြင့် ထိုစနစ်မျက်နှာပြင်ကို ပေါ့ပေါ့ပါးပါးပင် ထိတွေ့လိုက်၏။
ပစ္စုပ္ပန် အာရန်သည် ထိုကဲ့သို့ အရာမျိုးကို ပြုလုပ်နိုင်မည် မဟုတ်သော်လည်း လက်ရှိ သူ၏ နေရာကို ဝင်ယူထားသော အနာဂတ်အာရန်မှာမူ ထိုစနစ်အား ကောင်းမွန်စွာ ပြန်လည် အသုံးချနိုင်နေသည့်ပုံပင်။
ကံမကောင်းစွာဖြင့် ပစ္စုပ္ပန် အာရန်သည် ၎င်းကို သိရှိနိုင်ခြင်းမရှိခဲ့ပေ။
"ငါ့ရဲ့ ပစ္စုပ္ပန်ကကောင်က မင်းကို ဒုက္ခပေးထားတာမျိုးရှိသေးလား" ဟု အာရန်သည် စနစ်အား မေးလိုက်သည်။
"ငါ ဘာတွေ လျှောက်မေးနေမိတာလဲ ဟုတ်တာပေ့ါ သူက..."
အနာဂါတ်အာရန်သည် သူ့တွင် အချိန်အနည်းငယ်သာ ကျန်တော့ကြောင်း သတိချပ်လိုက်မိသဖြင့် သူ၏ ဝါကျကို အဆုံးသတ်ခြင်း မရှိခဲ့ပေ။
"ငါ ဒါကို အရင် ပြီးအောင် လုပ်မှဖြစ်မယ်"
"အဆင့်နိမ့် သွေးမျိုးဆက် ငါးဆယ်ကို စတေးလိုက်"
အာရန်တစ်ယောက် ထိုသို့ ရေရွတ်လိုက်ပြီးသည်နှင့် သူအစောပိုင်း ရရှိထားသော အဆင့်နိမ့် သွေးမျိုးဆက်တစ်ရာထဲမှ တစ်ဝက်ခန့်သည် ချက်ချင်း လောင်ကျွမ်းသွားခဲ့ကာ သူ၏ ခွန်အားအား ယာယီ မြှင့်တင်ပေးလိုက်သည်။
ထိုကဲ့သို့ ခွန်အား မြှင့်တင်မှုသည် သူ၏ စိတ်ဝိညာဥ်အတွက်သာမက သူ၏ ခန္ဓာကိုယ် အတွက်ပါ အကျုံးဝင်လေသည်။
၎င်းသည် အစစ်အမှန် နတ်ဘုရားတစ်ပါး နှင်းပျိုဖြူနန်းတော် အတွင်းသို့ ဆင်းသက်ရောက်ရှိလာနေသကဲ့သို့ပင်။
နန်းတော်သခင်မသည်လည်း ရုတ်တရက်ပေါ်ထွက်လာသော ထိုခြိမ်းခြောက်မှု ပြင်းထန်သော အော်ရာတစ်ခုကို ခံစားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
၎င်းသည် သူမ၏ အော်ရာအောက်ပင် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပေ။
'မဟုတ်ဘူး ဒါက ပိုပြီး စွမ်းအားကြီးနေတယ်။'
ထိုအော်ရာသည် အာရန်အား ထိမ်းသိမ်းထားရာ နေရာလောက်မှ လာနေကြောင်း သူမ သေချာနေခဲ့၏။
"ဘယ် စီနီယာများ ကိုယ်တိုင် ရောက်လာတာလဲ"
ထရီဆာသည် ဟင်းလင်းပြင်ဂိတ်တံခါးပေါက်တစ်ခုကို လျင်မြန်စွာ ဖွင့်လှစ်လိုက်သည်။
ထို့နောက် ခြေတစ်လှမ်းတည်းနှင့် သူမသည် အော်ရာ ဖြစ်ပေါ်နေသော အခန်းသို့ ရောက်ရှိသွားခဲ့၏။
သူမသည် ထို အော်ရာထွက်ပေါ်လာသည့် ရင်းမြစ်အား မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
၎င်းသည် ခုတင်ပေါ်တွင် လဲလျောင်းလျက်ရှိနေသော လူငယ်လေးတစ်ဦးဆီမှ ထွက်ပေါ်လာနေခြင်း ဖြစ်လေသည်။
ထိုလူငယ်လေးသည် အခြားမဟုတ် အာရန်ပင် ဖြစ်လေ၏။
သူမအနေဖြင့် အာရန်အား မြင်ရပုံမှာ သည်အတိုင်း ရိုးရှင်းစွာ အိပ်ပျော်နေပုံပင်။
"နန်းတော်သခင်မ သူက ဘယ်လိုလူလဲ။ ဒီ ခွန်အားက..."
'ဒါက အောက်ကမ္ဘာ လူတစ်ယောက်အနေနဲ့ သက်ဆိုင်တဲ့ ခွန်အားမျိုးတော့ မဟုတ်ဘူး။ သူမှာ ဒဏ်ရာရတဲ့အခါ အလိုအလျှောက် အသက်ဝင်လာနိုင်တဲ့ အထူး ကောင်းကင်ခန္ဓာ တစ်မျိုးမျိုးများ ပိုင်ဆိုင်ထားလို့လား' ဟု ထရီဆာ မှ တွေးမိလိုက်သည်။
ကောင်းကင်ဘုံအောက်တွင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံထားရသော ကောင်းကင်သားတော်များဟု ခေါ်ဆိုနိုင်သည့် လူများစွာ ရှိလေသည်။
၎င်းတို့သည် ရွှေဇွန်း ကိုက်လျက် မွေးဖွားလာကြသူများဟု ဆိုနိုင်ပြီး ကျန်လူများနှင့် ကွဲပြားစေသော အစွမ်းထက်ဆုံး ထူးခြားသည့် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြလေသည်။
ထရီဆာသည် အာရန်၏ ဤကဲ့သို့ ရုတ်တရက် ခွန်အားများ အဆမတန် တက်လာခြင်း၏ အကြောင်းအရင်းအား နားမလည်နိုင်သောကြောင့် ၎င်းသည် ထိုကဲ့သို့ ကောင်းကင်ခန္ဓာ နိုးထလာခြင်းများလားဟု တွေးမိလိုက်သည်။
"နန်းတော်တစ်ခုလုံးကို ချိတ်ပိတ်လိုက်တော့ ဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိစေနဲ့"
ထရီဆာမှ အမိန့်ပေးလိုက်သည်နှင့် ဆေးပညာရှင် အကြီးအကဲသည် ဂိုဏ်း၏ ကာကွယ်ရေး ဝင်္ကဘာပုံစံကွက်အား အသက်သွင်းလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် အနီးအနားရှိ အင်အားစုအချို့မှ ထိုအော်ရာ၏ ဇစ်မြစ်ကို လာရောက်စစ်ဆေးမည်ကို စိုးရိမ်မိသောကြောင့်ပင်ဖြစ်သည်။
အနာဂါတ်အာရန်မှာမူ အပြင်ဘက်ကမ္ဘာတွင် ဖြစ်ပေါ်နေသော အရာများကို သတိမပြုမိဘဲ သူ၏ ပစ္စုပ္ပန်မှ စိတ်ဝိညာဥ်အား ထိခိုက်စေခဲ့သည့် ရှုပ်ထွေးသော ဟင်းလင်းပြင် စွမ်းအင်များ၏ ရင်းမြစ်နေရာကို လက်ဖြင့် ဖမ်းဆုတ်ထားလိုက်သည်။