မေ့ပစ်၍မရသော
Vol. 44 Ch. 635
ထရီဆာသည် အာရန် ပြောနေသည့် စကားများအား တစ်လုံးတစ်ပါဒမျှ နားမလည်နိုင်ခဲ့ပေ။
သူမအား ယခုသူကိုယ်တိုင် ပြောနေသည့် အရာများကို နောင်တစ်ချိန်တွင် သူ့အား ပြန်မပြောရဘူးတဲ့လား...။
နောက်ထပ်တစ်ချက်မှာ ဗဟိုဒေသ တိုက်ကြီးသို့ သူ့အား မည်သည့်နည်းနှင့်မျှ ခေါ်မသွားရဟူသော အချက်ပင်ဖြစ်၏။
ထိုအာရန်ဆိုသော လူငယ်လေးတွင် လူတစ်ဦးတည်းနှင့် စိတ်အမျိုးမျိုးကွဲပြား တည်ရှိနေခြင်းများလား...။
အနည်းဆုံးတော့ သူမအား ထိုသို့ ထင်မြင်သွားစေခဲ့သည်။
"ကျွန်မ သေခြာ မှတ်ထားပါ့မယ်" ဟု ထရီဆာမှ ခေါင်းညိတ်၍ လက်ခံလိုက်ရသည်။
သူမသည် အစကတည်းက အာရန်အား ဗဟိုတိုက်ကြီးသို့ ခေါ်ဆောင်သွားရန် စိတ်ကူးမရှိခဲ့ပေ။
၎င်းသည် အန္တရာယ်များသော နေရာတစ်ခုဖြစ်ပြီး သူမ၏ သမက်လောင်းအနေဖြင့် ထိုနေရာတွင် ဘေးကင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သို့သော် အာရန်၏ လက်ရှိခွန်အားကို မြင်တွေ့ပြီးနောက်တွင် ၎င်းက အာရန်၏ ဘေးကင်းရေးကို စိုးရိမ်ရခြင်းထက် ဗဟိုတိုက်ကြီး၏ ဘေးကင်းရေးကို စိုးရိမ်ရခြင်းနှင့် ပို၍ တူနေခဲ့တော့၏။
"နှစ် စက္ကန့်ပဲ ကျန်တော့တယ်..." အာရန်သည် အချိန်တဖြည်းဖြည်း နည်းလာနေသည်ကို ကြည့်ရင်း ငြီးလိုက်မိသည်။
"ပြီးတော့ နောက် တစ်ခုက..."
"ဟူး ထားလိုက်ပါတော့"
အနာဂတ်အာရန်သည် သူ၏ နဖူးကို ပြန်ပွတ်သပ်လိုက်ပြီးနောက် အခြား ဘာမှ ထပ်မပြောတော့ပေ။
ထိုအာရန်သည် ထရီဆာအား သူမ သမီးနှင့် သူ့ကို အတင်းအကြပ်ပေးစားစေမည့် အကြံအား စွန့်လွှတ်ရန်ပြောချင်နေခဲ့သည်။
သို့သော် သူ့အနေနှင့် အနည်းငယ်လွန်လွန်ကျူးကျူး ဝင်ရောက်စွက်ဖက်မိသလို ဖြစ်သွားမည်ကို တွေးမိလိုက်သဖြင့် ထိုအရာကို မပြောဖြစ်ခဲ့ချေ။
"ဘာလဲဟ"
ထိုစဥ် အာရန်သည် တစ်စုံတစ်ရာကို သတိထားမိလိုက်သဖြင့် အမူအရာများ မှောင်မိုက်သွားခဲ့ကာ ဗဟိုတိုက်ကြီး ရှိရာဆီသို့ လှည့်ကြည့်လိုက်မိသည်။
"အဲဒီ ငမိုက်သားကတော့လေ ငါက သူ့ကို ခြေရာအတုအချို့ ဖန်တီးခဲ့ဖို့ပဲမှာလိုက်တာ ခုတော့သူက..."
အနာဂတ် အာရန်သည် မယုံကြည်နိုင်ခြင်းများစွာနှင့် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။
ထိုစဥ် သတ်မှတ်ချိန်သည်လည်း ပြည့်သွားခဲ့ပြီဖြစ်သဖြင့် သူ၏ စကားကိုပင် အဆုံးသတ်နိုင်ခြင်း မရှိခဲ့ပေ။
....
ထို့နောက် အာရန်သည် မျက်လုံးများ ဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့သည်။
ဤတစ်ခါတွင်မူ အစောပိုင်းကနှင့် လုံးဝကွာခြားသွားခဲ့ကာ အခြားတစ်ယောက်ဖြစ်သွားသည့်အတိုင်းပင်။
သူ့အမူအရာတွင် အစောပိုင်း အေးစက်မှုများကို မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
ထို့နောက် အာရန်သည် သူ့ရှေ့တွင် စိတ်ရှုပ်ထွေးစွာ ငူငူကြီး ဖြစ်နေသော နန်းတော်သခင်မအား မြင်တွေ့လိုက်ရသည်။
သူမ၏ ပါးစပ်ထောင့်မှ သွေးအနည်းငယ် ယိုစီးကျနေဆဲပင် ဖြစ်၏။
"ယောက္ခမ"
အာရန်သည် သူ၏ အနာဂတ် စိတ်ဝိညာဥ်မှ ထရီဆာအား တစ်စုံတစ်ရာ ထိခိုက်စေခဲ့မည်ကို ရုတ်တရက်စိုးရိမ်မိသွားခဲ့သည်။
သူ၏ အနာဂတ်စိတ်ဝိညာဥ်သည် သူ၏ လက်ရှိ စိတ်ဝိညာဉ်ကို ကုသရန် စက္ကန့် သုံးဆယ်အတွင်း အသဲအသန်ကျိုးစားရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ယခုကဲ့သို့ နန်းတော်သခင်မ ထရီဆာအား ထိခိုက်စေသည်အထိ အဘယ့်ကြောင့် အချိန်များစွာ ရရှိသွားခဲ့ရသနည်း။ အဘယ်ကြောင့် ထိုသို့ ပြုမူခဲ့ရသနည်း စသည့်အရာများကို အာရန်ကိုယ်တိုင်ပင် မတွေးတတ်တော့ပေ။
သူ၏ အနာဂတ် စိတ်ဝိညာဥ်သည် အဘယ်ကြောင့် ထိုသို့ လုပ်ဆောင်ခဲ့ရသနည်း။
သူ ရူးများသွားခြင်းလား....။
ထိုသို့ နန်းတော်သခင်မအား ထိခိုက်စေခဲ့သဖြင့် ထိုစိတ်ဝိညာဥ် ထွက်ခွာသွားသောအခါ သူမမှ သူ့အား ပြန်လည်အငြိုးထားတော့မည်ကို ထိုငနဲသား စိတ်ဝိညာဥ် မသိခဲ့ပေဘူးလား..။
ဤ ဖြစ်စဉ်တစ်လျှောက်လုံးအား သုံးသပ်ကြည့်ချက်အရ သူ၏ အနာဂတ် စိတ်ဝိညာဥ်သည် နန်းတော်သခင်မထက် ပိုမို အစွမ်းထက်ကြောင်းကိုတော့ သေခြာသွားခဲ့ရသည်။
ပထမတစ်ခေါက်က ထိုသူသည် နတ်ဘုရားမ ဖရေယာကို သတ်ခဲ့သည်။
ယခုလည်း ထိုအာရန်သည် နန်းတော်သခင်မကို သွားစပြန်ပြီတဲ့လား....။
ဒါပေမဲ့ ဘယ်လိုလဲ။
ဤကဲ့သို့အခြေအနေမျိုးတွင် သူသည် ထို အနာဂတ်မှ သောက်ကြမ်းကြီး ဖြစ်လာသည်အထိ အသက်ရှင်နေနိုင်ပါဦးမလား....။
'သူမရဲ့ ခွင့်လွှတ်မှုကို တောင်းဆိုဖို့ အရမ်း နောက်ကျသွားပြီလား'
ထိုသို့တွေးလိုက်မိသော ခဏတွင် အာရန်၏ စိတ်၌ လုံးဝ ရှုပ်ထွေးသွားခဲ့သည်။
'ငါ ဒီအတိုင်း မသိကျိုးကျွန်ပြုပြီး ဟန်ဆောင်နေလိုက်ရမလား'
"အဟမ်း ဒေါ်လေးကို ဘယ်သူက ထိခိုက်စေခဲ့တာလဲ။ ကျွန်တော်တို့ ခုနကမှ ငရဲဘုံက ထွက်လာတာ မဟုတ်လား။ အခု ဘာတွေဖြစ်သွားတာလဲ"
အာရန်သည် အစောပိုင်း ဖြစ်ပျက်ခဲ့သည့် အရာများအတွက် တာဝန်ခံလိုခြင်း မရှိသောကြောင့် မီးစင်ကြည့်ကရန်သာ ဆုံးဖြတ်လိုက်သည်။
နန်းတော်သခင်မသည် ထိုစကားကြောင့် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သဖြင့် အာရန်အား ပို၍ပင် ကြောက်ရွံ့စေခဲ့၏။
သူသည် ယနေ့ အမှန်တကယ်ပင် သေရတော့မည်လား...။
သူသည် ထာဝရ ပဲ့တင်သံအစွမ်းကိုလည်း ယခုအချိန်တွင်ထပ်မံအသုံးပြုနိုင်တော့မည် မဟုတ်ပေ။
"အဟမ်း စိတ်မပူပါနဲ့။ ကျွန်မတို့ အထက်ကမ္ဘာကို ရောက်လာပါပြီ။ ကံမကောင်းစွာနဲ့ပဲ ကျွန်မတို့ ဒီကို ရောက်လာတဲ့အချိန်မှာ တစ်စုံတစ်ဦးက ကျွန်မကို စပြီး လုပ်ကြံတိုက်ခိုက်ဖို့ ကျိုးစားခဲ့တယ်။ ဒါပေမဲ့စိတ်မပူပါနဲ့ ကျွန်မ အဲဒီ လူသတ်သမားကို သတ်လိုက်ပြီးပြီ ဒါကြောင့် ကျွန်မတို့ အခုလုံခြုံပြီလို့ ပြောလို့ရတယ်"
အာရန်ရှေ့တွင် မယုံနိုင်စရာကောင်းလောက်အောင်ပင် နန်းတော်သခင်မသည် လိုက်လျောညီထွေ ပြောဆိုပေးခဲ့ပြီး သူ့အား ဖော်ထုတ်ခြင်း မရှိခဲ့ပေ။
အကြောင်းတစ်စုံတစ်ရာကြောင့် သူမသည် အာရန်ရှေ့တွင် အနည်းငယ် ပို၍ပင် သတိထားနေပုံရပြီး သူမ၏ မာနကြီးသော အေးစက်စက်ဟန်ပန်သည် ဘယ်နေရာတွင်မှ မမြင်ရတော့ပေ။
ထရီဆာသည် အာရန်အား သူမအနေနှင့် လွယ်ကူစွာ ရိုက်နှက်သတ်ပစ်နိုင်သော ဂျူနီယာတစ်ဦးထက် သူမနှင့်တန်းတူ သို့မဟုတ် သာလွန်သူတစ်ဦးနှင့် စကားပြောနေသကဲ့သို့ပင် အလေးထားပြုမူဆက်ဆံနေခြင်းဖြစ်လေသည်။
ထရီဆာအတွက်မူ ယခုအာရန်မှာ ဟန်ဆောင်နေခြင်းများလား သို့မဟုတ် ၎င်းသည် အမှန်တကယ် ကွဲပြားသော အခြားတစ်ယောက်များလား ဆိုသောအချက်သည် လုံးဝ ပဟေဠိ ဖြစ်နေခဲ့ရသည်။
သူမသည် အစောပိုင်း အာရန်၏ ဘက်ခြမ်းအား ထပ်မံ၍ ဆင့်ခေါ်မိသလို ဖြစ်သွားမည်ကို အနည်းငယ် ကြောက်ရွံ့နေသောကြောင့် ယခုအာရန်အား သတိလက်လွတ် မဆက်ဆံဝံ့ချေ။
အာရန်ကိုယ်တိုင်သည်လည်း လွန်ခဲ့သော အခိုက်အတန့်က သူ၏ အနာဂတ် အာရန်မှ ပြုလုပ်ခဲ့သော အရာများကို တာဝန်ယူလိုခြင်း မရှိပေ။
ထရီဆာအတွက်လည်း ထိုအာရန်နှင့် ဖြစ်ပျက်ခဲ့သမျှအရာများကို ယခုအာရန်ရှေ့တွင် ထုတ်ဖော်ပြောဆိုလိုခြင်းမရှိချေ။
တစ်ခုတည်းသော ကွာခြားချက်မှာ ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးသည်သာ အစောပိုင်း ဖြစ်ပျက်သွားခဲ့သည့် ကြောက်မက်ဖွယ် အရာများကို ပြည့်စုံစွာ သိရှိထားခြင်းပင်။
ထိုစဥ် အာရန်၏ မျက်လုံးများသည် ဖျက်ဆီးခံထားရသော ပတ်ဝန်းကျင်မြင်ကွင်းများအား ယခုမှ သတိထားမိလိုက်ကာ ပြုးကျယ်သွားခဲ့ရသည်။
ရေခဲနန်းတော်၏ အဆောက်အဦး အပိုင်းအစများသည် နေရာတိုင်းတွင် ပြန့်ကျဲလျက်ရှိနေခဲ့၏။
သူနှင့် မဝေးသော နံရံတွင် ဖြစ်ပေါ်နေသော အပေါက်ကြီးတစ်ပေါက်ကိုပင် အာရန်အနေနှင့် မြင်တွေ့နိုင်လေသည်။
"ဒါက အတော်ကြောက်ဖို့ကောင်းတဲ့ ရန်သူတစ်ဦး ဖြစ်ရမယ်။ ဒေါ်လေး ဖြေရှင်းနိုင်လိုက်လို့ တော်လေးတာပေါ့"
အာရန်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူလိုက်ပြီးနောက် နန်းတော်သခင်မဆီသို့ အလျင်အမြန် သွားကာ သူမ၏ နှုတ်ခမ်းမှ ယိုစီးကျနေသော သွေးအချို့ကို သုတ်ပေးရန်ပြင်လိုက်၏။
နန်းတော်သခင်မသည် မသိစိတ်၏လှုံ့ဆော်မှုဖြင့် နောက်သို့ ရုတ်တရက် ဆုတ်သွားခဲ့မိကာ သူမ၏ လက်များသည် ယခုတိုင် အနည်းငယ် တုန်ယင်နေဆဲပင် ဖြစ်လေသည်။
အာရန်သည် ထရီဆာ၏ အပြုအမူကို မသိချင်ယောင်ပြုကာ သူမဘေးတွင် ထပ်မံ ထိုင်လိုက်ပြီး ထိုလက်ကိုင်ပဝါကို အသုံးပြု၍ပင် သူမ၏ မျက်နှာမှ သွေးစအချို့ကို ထပ်မံ၍ သုတ်ပေးလိုက်သည်။
သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာများမှာ ပြန်လည် သက်သာသွားပြီဖြစ်ကာ သွေးစအနည်းငယ်သာ ကျန်နေတော့သည်။
ထိုအချိန် နှင်းပျိုဖြူနန်းတော်မှ အကြီးအကဲများအပါအဝင် ဂိုဏ်းသူများစွာသည် ကောင်းကင်မှ အစောပိုင်း မိုးကြိုးသွားမျးကို မြင်တွေ့ပြီးသည့်နောက် ယခုအချိန်ထိ အနည်းငယ် ကြောက်ရွံ့နေကြဆဲပင် ဖြစ်လေ၏။
ထိုသို့ထိတ်လန့်ဖွယ်ရာကိစ္စများဖြစ်ပွားခဲ့ခြင်းသည် နှင်းပျိုဖြူနန်းတော်တစ်ခုတည်း မဟုတ်ခဲ့ပေ။
အထက်ကမ္ဘာရှိ ဗဟိုတိုက်ကြီးတွင်လည်း လွန်ခဲ့သော မိနစ်အနည်းငယ်အတွင်း ပြင်းထန်သော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည်။
တစ်စုံတစ်ဦးသည် အာရန်၏ ခြေရာအတုများ ဖန်တီးရန် ဗဟိုတိုက်ကြီးသို့ စေလွှတ်ခြင်းခံခဲ့ရသည်။
သို့သော် ကံမကောင်းစွာဖြင့် ထိုသူ လုပ်ဆောင်ခဲ့သည်မှာ ခြေရာအတုများဖန်တီးရုံမျှ မကခဲ့ပေ။
ယင်းအစား ထိုသူသည် လွန်လွန်ကျူးကျူးအတိုင်းအတာတစ်ခုအထိပင် ပါဝင် စွက်ဖက်ခဲ့လေသည်။
"ကျေးဇူး... ကျေးဇူးတင်ပါတယ်"
ထရီဆာသည် သူမ၏ မျက်နှာမှ သွေးအချို့အား တယုတယသုတ်ပေးနေသော အာရန်အား ကျေးဇူးတင်စကားအချို့ ဆိုလိုက်သော်လည်း ဤ ရိုးရှင်းပုံရသော လူငယ်၏ အခြားတစ်ဖက်၌ ပုန်းအောင်းနေသော ဘီလူးသရဲတစ်ကောင် ရှိနေသည်ကိုမူ သူမအနေနှင့် လုံးဝ မေ့ပစ်လို့ရမည် မဟုတ်တော့ပေ။
ထရီဆာသည် သူမ၏ သမီးအား ဤကဲ့သို့ လူငယ်မျိုးနှင့် ထိမ်းမြားပေးရန် အဆင်ပြေနိုင်ပါ့မလားဟု စတင် တွေးမိလာခဲ့သည်။
အထူးသဖြင့် ပို၍ ဆိုးရွားသည်မှာ အာရန်နှင့် ပတ်သက်သော ကိစ္စရပ် အတော်များများသည် သူမအတွက် ပဟေဠိများပမာ ဖြစ်နေသောကြောင့်လည်း ဖြစ်လေသည်။