တင်းမာလာမှုများ
Vol. 44 Ch. 636
အာရန်သည် ထရီဆာတစ်ယောက် သူ့ရှေ့တွင် ကျိုးစားဖုံးကွယ်နေသည့်တိုင် သူ၏ အစောပိုင်း ပုံစံအား ယခုတိုင် ကြောက်ရွံ့နေဆဲဖြစ်ကြောင်း သတိပြုမိလိုက်၏။
ထိုအရာက အနာဂတ် စိတ်ဝိညာဥ်သည် သူမအပေါ်၌ မည်သည့်အရာများ ပြုလုပ်ခဲ့သနည်းဆိုသည်အား အာရန်အနေနှင့်ပို၍ပင် အတွေးပွားစေခဲ့သည်။
သို့သော် ၎င်းသည် အနာဂတ်မှ စိတ်ဝိညာဥ်သက်သက်မျှသာ ဖြစ်လေသည်။
၎င်းသည် သူ၏ ခန္ဓာကိုယ်အား ယာယီလွှမ်းမိုးထားနိုင်မည် ဆိုသော်လည်း သူ၏လက်ရှိ ခွန်အားအရ အကန့်အသတ်များ ရှိနေရမည်သာ ဖြစ်သည်။
သို့ဆိုလျှင် ထိုအနာဂတ်အာရန်သည် ထရီဆာကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးအား မည်သည့်နည်းဖြင့် ဖိနှိပ်နိုင်ခဲ့ရသနည်း။
သူ့စိတ်ထဲတွင် မတင်မကျ ခံစားချက်တစ်ခု ကပ်ငြိနေသည်။
သို့သော်အာရန်သည် ထိုခံစားချက်ကို အတိအကျ လက်ညှိုးထိုးပြနိုင်ခြင်းတော့ မရှိခဲ့ပေ။
သူသည် ထရီဆာကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးနှင့် အဆင့်များစွာ ကွာခြားမှုအား ကျော်လွန်ကာ အနိုင်ယူနိုင်လောက်အောင် အမှန်ကတယ်ပင် ထိုမျှအထိ အင်အားကြီးမားသွားခဲ့ခြင်းများလား...။
သူ၏ အနာဂတ်စိတ်ဝိညာဥ်သည် မည်သည့်နည်းလမ်းများကို သိရှိထား၍များ သူ၏ လက်ရှိခန္ဓာကိုယ်ကို မည်သို့ အသုံးချသွားနိုင်ခဲ့ရသနည်း။
'တစ်ခါတလေကျရင် ငါ့ကိုယ်ငါ အနာဂတ်မှာ ဘယ်လို ဘီလူးသရဲမျိုး ဖြစ်လာမလဲဆိုတာကို တကယ်ပဲ စိတ်ကူးယဥ်မိစေတယ်။ ဒီလို အားနည်းတဲ့ ခန္ဓာကိုယ်ကို ခဏဝင်လာတဲ့ စိတ်ဝိညာဉ်လေးတစ်ခု သက်သက်ကတောင် ထရီဆာ လို နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်တည်မှုမျိုးကို အနိုင်ယူနိုင်တယ်တဲ့လား။'
ထိုစဥ်မှာပင်....
"နန်းတော်သခင်မ"
အကြီးအကဲများ၏ အော်ခေါ်သံကြောင့် အာရန်သည် ငေးမောနေရာမှ သတိပြန်ဝင်လာပြီး သူတို့ဘက်သို့ အကြီးအကဲများ အလျင်အမြန် ပြေးလာနေသည်ကို မြင်လိုက်ရသည်။
"သခင်မ ထိခိုက်မိသွားသေးလား"
ထရီဆာအား အာရန်အနနှင့် ဘေးမှ ကူညီပေးနေသည်ကို မြင်လိုက်ရသောအခါ အကြီးအကဲများ တုန်လှုပ်သွားကြသည်။
ထို့ပြင် ဤနေရာတွင် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည့် အရိပ်အယောင် အချို့လည်း ရှိနေခဲ့၏။
"ကျွန်မ အဆင်ပြေပါတယ်"
နန်းတော်သခင်မသည် အကြီးအကဲများ၏ အမေးကို ပြန်လည် ဖြေကြားလိုက်သည်။ ထို့နောက် သူမအားတွဲထားသော အာရန်အား တွန်းထုတ်ပစ်ရန် ကြံရွယ်မိလိုက်သော်လည်း အစောပိုင်း အာရန်၏ ပုံစံအား သတိရလိုက်သောအခါ ထိုသို့ပြုလုပ်ချင်စိတ်ကို ပြန်လည် ချုပ်တီးထားလိုက်ရသည်။
သို့သော် အကြီးအကဲများ၏ အမြင်တွင်မူ အာရန်သည် နန်းတော်သခင်မအား မတ်တပ်ရပ်နိုင်ရန် ပခုံးကို ရိုးရှင်းစွာ ပွေ့ဖက်ထားသည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။
"နှင်းပျိုဖြူနန်းတော်တစ်ဝိုက်မှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိသေးလား" နန်းတော်သခင်မသည် သူမ၏ မျက်လုံးထောင့်ဖြင့် အာရန်အား တစ်ချက်စွေကြည့်ရင်း မေးလိုက်၏။
"ကံကောင်းစွာနဲ့ အစောပိုင်းကိစ္စမှာ ဘယ်သူမှ မသေဆုံးခဲ့ပါဘူး။ ပြင်းထန်တဲ့ အော်ရာ ဖိအားကို မခံနိုင်ဘဲ သတိလစ်သွားသူ အများအပြားတော့ရှိခဲ့ပေမဲ့ ဘာမှကြီးကြီးမားမားတော့ မဖြစ်ခဲ့ကြဘူး။ သူတို့ ခဏလောက် အနားယူပြီးရင် ပြန်အဆင်ပြေသွားပါလိမ့်မယ်"
"တော်သေးတာပေ့ါ" ထရီဆာသည် သက်ပြင်းချရင်းပြောလိုက်သည်။
အာရန်၏ အခြားတစ်ဖက်သည် သူမအား ကြီးမားစွာ ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ဤနေရာရှိ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်မိအောင် မပြုလုပ်ခဲ့ပေ။
ထိုအရာက ထရီဆာအား အနည်းငယ် စိတ်သက်သာရာရစေခဲ့၏။
သို့သော် သူမကိုယ်တိုင် ကိုင်ပေါက်ခံခဲ့ရပုံကို ပြန်လည်သတိရမိသောအခါတွင်မူ ဒေါသများ အလိပ်လိပ်ပြန်ထွက်လာခဲ့သည်။
သူမလက်အောက်မှ မည်သူတစ်ဦးတစ်ယောက်မှ မထိခိုက်ခဲ့သည့်အတွက် ဝမ်းသာသင့်သလော သို့မဟုတ် သူမကိုယ်တိုင်တိုက်ခိုက်ခံခဲ့ရသည့်အတွက် ဒေါသထွက်သင့်သလော....။
"ကျွန်မတို့ကို တိုက်ခိုက်ခဲ့တဲ့လူကို... သတ်ပစ်လိုက်ပြီလား"
အကြီးအကဲများသည် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည့် အမှတ်အသားများကို ဤအခန်းအတွင်း၌ မြင်လိုက်ရသောကြောင့် ထရီဆာအား မေးလိုက်မိခြင်းဖြစ်သည်။
ထိုကျူးကျော်ဝင်ရောက်လာသူအား မည်သည့်နေရာတွင်မျှ မတွေ့ရတော့သော်လည်း ထိုအရာအတွက် အာရန်ကိုမူ မည်သူမျှ သံသယမဝင်မိခဲ့ကြပေ။
သူမတို့ သိထားသည်မှာ အာရန်သည် နန်းတော်သခင်မ၏ ခင်ပွန်းသည် ဖြစ်နေသော်ငြားလည်း ထိုမျှအထိ အင်အားကြီးမားသူတစ်ဦးတော့ မဟုတ်ခဲ့ပေ။ ထို့ပြင် သူ့အနေနှင့်လည်း ကိုယ့်မိန်းမအား ပြန်လည်တိုက်ခိုက်ရန် အကြောင်းပြချက် မရှိပေ။
ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းကိုသာ ကောက်ချက်ချလိုက်မိကြသည်။
နန်းတော်သခင်မသည် ထိုကျူးကျော်လာသူအား ရုပ်အလောင်းပင် မကျန်တော့သည်အထိ ဖျက်ဆီးမိခဲ့ပြီးဖြစ်ပေလိမ့်မည်။
ဤနေရာရှိအပျက်အစီးများသည် သူမတို့၏ သခင်မအနေဖြင့် ထိုကျူးကျော်သူအား တိုက်ခိုက်ရာတွင် ထိခိုက်မိသွားခဲ့ခြင်းများသာဖြစ်ရမည်ဟု သူမတို့အား တညီတညွတ်တည်း ယုံကြည်မိလိုက်ကြသည်။
"သခင်မကတော့ တကယ့်ကို အံ့သြစရာပဲ။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ကျူးကျော်သူကိုတောင် အချိန်တိုအတွင်းမှာ လွယ်လွယ်လေး သတ်ပစ်လိုက်နိုင်တယ်"
အကြီးအကဲများသည် ထရီဆာဆီမှ အတည်ပြုချက်ကိုပင် မစောင့်ဆိုင်းတော့ဘဲ ချီးကျူးဂုဏ်ပြုစကားများ စတင်ပြောလာကြသည်။
'သတ်ပစ်လိုက်နိုင်တယ်ဟုတ်လား။ နင်တို့တွေ တုံးအလှချည်လား။ အဲ့ဒီတရားခံက နင်တို့ရှေ့မှာ ရပ်နေတာကိုတောင် မမြင်နိုင်ဘူးလား။ ပြီးတော့ သူက နင်တို့ အသက်တွေကို ငါ့အပေါ် ဖိအားပေးဖို့ အသုံးချချင်လို့သာ နင််တို့အားလုံးကို မတိုက်ခိုက်ပဲ ဒီတိုင်း လွှတ်ပေးခဲ့တာလေ'
ထရီဆာ၏ နှုတ်ခမ်းများသည် စိတ်ပျက်မှုကြောင့် တုန်ယင်လာခဲ့သော်လည်း သူမသည် ထိုသို့ နားလည်မှုလွဲမှားနေခြင်းအား ထိုအတိုင်းသာ ထားလိုက်ရန် ဆုံးဖြတ်လိုက်ရသည်။
၎င်းတို့အနေဖြင့် ကျူးကျော်သူ သေဆုံးသွားပြီဟု ယူဆထားပါက ကျူးကျော်သူအား ရှာဖွေခြင်းသည်လည်း အဆုံးသတ်သွားပေလိမ့်မည်။
ထိုအရာက အာရန်၏ အခြားတစ်ဖက်အားလည်း အနည်းငယ် စိတ်အနှောင့်အယှက် လျော့နည်းစေလိမ့်မည်ဟု ယူဆမိလိုက်၏။
နန်းတော်သခင်မသည် ကြောက်မက်ဖွယ်ကောင်းသော ကျူးကျော်သူကို သတ်ပစ်လိုက်ပြီဆိုသည့် သတင်းသည် နှင်းပျိုဖြူနန်းတော်တစ်ဝိုက်တွင် ပျံ့နှံ့စပြုလာခဲ့သည်။
နန်းတော်သခင်မအား ထိုနန်းတော်အတွင်းရှိလူတိုင်း ချီးမွမ်းခန်းဖွင့်ခဲ့ကြသည်။
အစောပိုင်း အော်ရာဖိအားအောက်တွင် မေ့မြောသွားခဲ့သူများသည်လည်း နာရီအနည်းငယ် အနားယူပြီးနောက် ပြန်လည် နိုးထလာခဲ့ကြ၏။
နှင်းပျိုဖြူနန်းတော်သည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားခဲ့ကာ အကာအကွယ်လွှာများကိုလည်း ပြန်လည်ပိတ်ပစ်လိုက်သည်။
သို့သော် ထိုအလစ်ဝင်ရောက် တိုက်ခိုက်မှုနှင့် ပတ်သက်သော စကားဝိုင်းများမှာမူ အချိန်အတော်ကြာသည်အထိ ရပ်တန့်တော့မည်မဟုတ်ပေ။
....
"နန်းတော်သခင်မက တကယ်ပဲ အချစ်ကြီးလွန်းနေသလိုပဲ။ ဒီရက်ပိုင်းအတွင်းမှာ သူမသွားတဲ့နေရာတိုင်း သူ့ယောင်္ကျားက မပါမဖြစ်ပဲ"
"ဟုတ်တယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် ကော်နဲ့ကပ်ထား သလိုပဲ။ တို့သခင်မက ဒီလိုကျ အရမ်းချစ်ဖို့ကောင်းနေသလိုပဲ"
ထိုတိုက်ခိုက်မှု ဖြစ်ပြီးနောက် နေ့ရက်အချို့ ကုန်လွန်သွားခဲ့ကာ နှင်းပျိုဖြူနန်းတော်တစ်လျှောက် စကားဝိုင်းများတွင် အထူးသဖြင့် အကြီးအကဲများကြားတွင် ပြောင်းလဲမှုအချို့ ရှိလာခဲ့၏။
တိုက်ခိုက်မှုဖြစ်ပြီးကတည်းက ၎င်းတို့သည် နန်းတော်သခင်မအား အာရန်မပါဘဲ တစ်ခါမှ မမြင်ခဲ့ကြပေ။
ထိုအမျိုးသမီးသည် သူမ၏ ခင်ပွန်းဖြစ်သူနှင့် တစ်စက္ကန့်လေးမျှပင် ခွဲမနေချင်ပုံပင်။
"သခင်မက သူ့ကို ဂိုဏ်းအစည်းအဝေးဆီတောင် ခေါ်လာသေးတယ်။ ဒီလိုအစည်းအဝေးမျိုးတွေက အပြင်လူ ဘယ်သူမှ တက်ခွင့်မရှိဘူးလေ ဒါပေမယ့် သခင်မကတော့ သူ့ယောင်္ကျားကို ဒီလို ဂိုဏ်းတွင်း လျှို့ဝှက်အချက်အလက်တွေကို နားထောင်ဖို့တောင် ခွင့်ပြုထားခဲ့တယ်။"
"နှင်းပျိုဖြူနန်းတော်ကို အမြဲတမ်း အမျိုးသမီးတွေကပဲ အစဥ်အဆက် အုပ်ချုပ်ခဲ့ကြ တာမဟုတ်လား။ ကျင့်ကြံခြင်းမှာ ဘယ်လောက်ပါရမီရှိပါစေဦးတော့။ အမျိုးသားဆိုရင် တပည့်အဖြစ်တောင် ဘယ်တုံးကမှ လက်ခံခဲ့ကြတာမဟုတ်ဘူး။ ခုသူက ဒီနေရာမှာ တစ်ဦးတည်းသော အမျိုးသားဖြစ်နေပြီး နန်းတော်သခင်မက သူ့ကို တတ်နိုင်သမျှ ဂိုဏ်းတွင်း အခွင့်အာဏာအားလုံး လွှဲပေးဖို့တောင် စီစဉ်နေသလား မှတ်ရတယ်"
"ဒီလိုလုပ်လို့တော မဖြစ်သေးဘူးလေ။ သခင်မရဲ့ ယောင်္ကျားဖြစ်နေပါစေဦးတော့ ကျွန်မတို့အနေနဲ့....အင်း အနည်းဆုံးတော့ နန်းတော်သခင်မနဲ့ ဒီကိစ္စဆွေးနွေးသင့်ပြီထင်တယ်"
"မှန်တယ်။ သူ့ကို ဧည့်သည်အဖြစ် လက်ခံနိုင်ပေမယ့် အကြီးအကဲတစ်ဦးအဖြစ် လက်ခံဖို့အတွက်ကျ အဆင်ပြေမှာ မဟုတ်ဘူး"
"နင်တို့က ငတုံးမတွေလား...။ သူ့အနေနဲ့ အကြီးအကဲရာထူးကိုတောင် လိုအပ်နေသေးလို့လား။ အဲဒါက အမည်နာမတစ်ခု သက်သက်ပဲ မဟုတ်လား။ အရှင်မရဲ့ ခင်ပွန်းသည် အနေနဲ့ သူ့မှာ အခွင့်အာဏာဆိုလို့ တောင်းဆိုဖို့တောင် လိုမယ်မထင်ဘူး။ သူ့အနေနဲ့ အစည်းအဝေးခန်းမထဲ မလာဘူးဆိုရင်တောင် ကျွန်မတို့ တင်ပြတဲ့ အချက်အလက်တိုင်းကို သခင်မက သူ့ကို အမြဲတမ်း ပြန်ပြောပြနိုင်တယ်လေ။ သူ့အတွက်က အဲဒါက သာမန်လိုတောင် ဖြစ်နေပြီ မဟုတ်ဘူးလား"
"တော်ပြီ။ ဒီလို အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနေတာ ရပ်လိုက်ကြစမ်း။ နန်းတော်သခင်မ ကြားသွားရင် အချောင်သက်သက် အပြစ်ပေးခံနေရဦးမယ်"
ထိုအချိန်မှစ၍ နှင်းပျိုဖြူနန်းတော်တွင် အုပ်စုနှစ်စုအဖြစ် ကွဲသွားခဲ့သည်။
အုပ်စုတစ်စုသည် ဂိုဏ်းတွင်း စည်းမျဉ်းစည်းကမ်းများထက်ပင် ကျော်လွန်နေသော နန်းတော်သခင်မ၏ လင်ထိပ်ထားစံအပြုအမူများအား ထောက်ခံပေးလာကြသည်။
ဤသို့ဖြင့် တင်းမာမှုရေချိန်သည် နှင်းပျိုဖြူနန်းတော်အတွင်း၌ စတင်ဆူပွက်စပြုလာ ခဲ့တော့၏။