← Chapters

ဘယ်လိုလုပ်လိုက်တာလဲ

Vol. 44 Ch. 638

ဘယ်လိုလုပ်လိုက်တာလဲ

Vol. 44 Ch. 638

ထရီဆာသည် အလင်းဘုရားကျောင်း လုံးဝဖျက်ဆီးခံလိုက်ရသည့် သတင်းကို ကြားလိုက်ရ၏။

တရားခံ မည်သူမည်ဝါဖြစ်သည်နှင့် ပတ်သက်၍ အတည်ပြုချက် မရရှိသေးသော်လည်း ၎င်းသည် အာရန်၏ အခြားတစ်ဖက်မှ စေလွှတ်လိုက်သော ဝိညာဥ်ကဲ့သို့ အာရန်တစ်ယောက်နှင့် ဆက်စပ်နေ‌ကြောင်းကိုမူ သူမအနေနှင့် လုံးဝသေချာနေခဲ့သည်။

အာရန်၏အခြားတစ်ဖက်သည် နှင်းပျိုဖြူနန်းတော်အား စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်လောက်အောင် ခွန်အားကြီးမားကြောင်း သူမ အနေနှင့် သိရှိထားပြီးဖြစ်သော်လည်း အလင်းဘုရားကျောင်းကဲ့သို့သော တည်ရှိမှုကြီးကိုပါ အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိတော့ သူမအနေနှင့် စိတ်ကူးပင် မယဥ်မိခဲ့ချေ။

ထိုအရာက အကယ်၍ အာရန်သည်သာ ဗဟိုတိုက်ကြီးသို့ ခြေချခဲ့မည်ဆိုလျှင်ပင် သူ့အတွက် အန္တရာယ်ရှိနိုင်သည့် အင်အားစုဟူ၍ အနည်းငယ်မျှသာ ရှိတော့မည်ဟု ဆိုလိုနေသည် မဟုတ်ပါလား....။

အလင်းဘုရားကျောင်းထက် ပိုမိုအင်အားကြီး‌သော အင်အားစုများ သို့မဟုတ် ရှေးဟောင်းမျိုးနွယ်စုအချို့မှလွဲ၍ သူ့အား ခြိမ်းခြောက်နိုင်မည့် အဖွဲ့အစည်းဟူ၍ များများစားစား မရှိတော့ပေ။

၎င်းသည် ဤမျှအထိ အစွမ်းထက်သည်ဆိုပါက အဘယ်ကြောင့် ထိုအာရန်၏ အခြားတစ်ဖက်သည် ယခုအာရန်အား ဗဟိုတိုက်ကြီးဆီသို့ ခြေမချစေချင်ရသည့် အကြောင်းအရင်းမှာ အဘယ့်ကြောင့်နည်း။

သူသည် စိတ်အနှောင့်အယှက်ဖြစ်စရာများကို တတ်နိုင်သမျှ ရှောင်ရှားရန်နှင့် ဤနေရာတွင် သက်တောင့်သက်သာ ဘဝမျိုးကို ဇိမ်ခံကာ နေထိုင်ချင်၍လော...။

သို့မဟုတ် ပိုမိုကြီးမားသော အကြောင်းရင်း တစ်ခုခုများ ရှိနေ၍လော....။

ထရီဆာသည် သူမကိုယ်သူမပင် မည်သည့် အရှုပ်ထုပ်တစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်သည်အား အတိအကျ မသိနိုင်ခဲ့ပေ။

သူမ အတည်ပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ သူမအနေဖြင့် ဤကိစ္စကို ကောင်းစွာ မကိုင်တွယ်နိုင်ပါက ကြီးမးသည့် အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရနိုင်သည်ဆိုသည့် အချက်ပင်။

ထို့နောက် ထရီဆာသည် သူမ၏ ဟန်ချက်ကိုပင် မထိန်းနိုင်တော့ဘဲ သတင်းကြားသည်နှင့် ချက်ချင်းပင် မူးလဲချင်သလို ဖြစ်သွားခဲ့ရသည်။

အာရန်သည် ရှေ့သို့ တိုးလာပြီး သူမအား ဆက်လက် မတ်မတ်ရပ်နိုင်စေရန်အတွက် သူမ၏ ခါးအား လက်နှစ်ဖက်ဖြင့် ထိန်းထားလိုက်ရသည်။

"အဆင်ပြေရဲ့လား"

ကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ကြောက်လန့်တကြားဖြစ်နေသော ထရီဆာ၏ ပုံစံကို နားမလည်နိုင်တော့သဖြင့် အာရန်သည် ထုတ်ဖော်၍ မေးလိုက်မိသည်။

"ကျွန်တော် ထင်ထားတာ နန်းတော်သခင်မအနေနဲ့ အလင်းဘုရားကျောင်းနဲ့ နီးစပ်ပုံလည်းမရပါဘူး။ ဒါမှမဟုတ် အဲဒီနေရာမှာ ဂရုစိုက်ရမယ့် တစ်စုံတစ်ယောက်များ ရှိနေလို့လား"

ထရီဆာသည် အလင်းဘုရားကျောင်း၏ ယခင်ခေါင်းဆောင်ဟောင်း သေဆုံးခြင်းအကြောင်း ပြောဆိုခဲ့စဉ်က သဘောကျပုံမရသည်ကို အာရန်တစ်ယောက် အမှတ်ရနေဆဲပင်။

ထို့ပြင်ထိုစဥ်က သူမသည် ထိုဖြစ်ရပ်ကို ပြောပြနေစဥ်တွင် ပျော်ရွှင်နေဟန်ပင် ရလေသည်။

ထိုအရာက သူမ၏ လက်ရှိ တုံ့ပြန်မှုနှင့် ဆက်စပ်ကြည့်သောအခါ ပို၍ပင် အံ့အားသင့်စရာ ဖြစ်သွားစေခဲ့၏။

"အဲ့လို‌တော့ မဟုတ်ပါဘူး။ အဲ့ဒီ သတင်းကြားတော့ နည်းနည်းထိတ်လန့်သွားရုံပါ။ အလင်းဘုရားကျောင်း ဖျက်ဆီးခံလိုက်ရတာနဲ့ ဗဟိုတိုက်ကြီးက ကိစ္စတွေ ပိုပြီးတော့ ရှုပ်ထွေးပွေလီလာလိမ့်မယ်။ မကြာခင် တကယ့်ကို ပရမ်းပတာ အခြေအနေတွေ ဖြစ်လာတော့မယ်"

ထရီဆာသည် အရာအားလုံးသည် အာရန်ကြောင့်သာ ဖြစ်ကြောင်း အာရန်ကို မသိစေလိုသဖြင့် သူမ၏ မျက်နှာအမူအရာကို ပြန်လည် ထိန်းချုပ်လိုက်ရသည်။

"ကြည့်ရတာ ငါတို့အနေနဲ့ ဗဟိုတိုက်ကြီးကို သွားဖို့ အကြောင်းပြချက် မရှိတော့ဘူးထင်တယ်" သူမသည် အလင်းဘုရား‌ကျောင်း၏ ခေါင်းဆောင်သစ် ဘိသိက်ခံ အခမ်းအနားအတွက် ဖိတ်ကြားထားသည့် ဖိတ်စာကို ထုတ်ယူလိုက်သည်။

အလင်းဘုရားကျောင်း ဖျက်ဆီးခံလိုက်ရခြင်းကြောင့် ထို ဖိတ်စာသည် ၎င်း၏ တန်ဖိုးများအားလုံးကို ဆုံးရှုံးသွားခဲ့ပြီဖြစ်၏။

သူတို့သည် အလောင်းများကြားမှ ထိုကဲ့သို့ ဘိသိက်ခံယူပွဲကို ကျင်းပနိုင်မည် မဟုတ်သည်မှာ ထင်ရှားလေသည်။

သူမသည် ဖိတ်စာကို သူမ၏ လက်ထဲတွင်ပင် ကိုယ်တိုင်မီးရှို့လိုက်ပြီး ပြာမှုန့်အဖြစ်သို့ ပြောင်းသွားသည်ကို စောင့်ကြည့်နေလိုက်သည်။

"ဟင်"

စာပျက်စီးသွားသည်နှင့်အမျှ မီးတောက်များ ဖြည်းညင်းစွာ ငြိမ်းသွားသည်ကို စောင့်ကြည့်နေစဉ် အတွေးတစ်ခု သူမ၏ ခေါင်းထဲသို့ ဖြတ်ခနဲ ပေါ်လာခဲ့၏။

'ဒါက သူ့အခြားတစ်ဖက် စီစဉ်ခဲ့တဲ့ အရာတစ်ခုများ ဖြစ်နေနိုင်မလား။ သူက ငါတို့ ဗဟိုတိုက်ကြီးထဲ သွားရောက်မဲ့ အကြောင်းပြချက်မှန်သမျှကို ဖျက်ဆီးပစ်လိုက်တာ... ဟုတ်တယ် အဲဒါကပဲ။ ဒါကသူ အတိအကျလိုချင်နေတဲ့ အရာပဲ မဟုတ်လား။'

သူမ၏ ယူဆချက် မည်မျှ မှန်ကန်သည်ကို သူမ မသေခြာသေးသော်လည်း ၎င်းသည် အမှန်တကယ်ကို ကြောက်စရာကောင်းလွန်းနေခဲ့၏။

အာရန်ကို ဗဟိုတိုက်ကြီးသို့ ခြေမချစေရန် တားဆီးဖို့အတွက်နှင့် အလင်းဘုရားကျောင်းကဲ့သို့သော အင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခုကိုပင် အချိန်တိုအတွင်း ဖျက်ဆီးပစ်လိုက်သည်တဲ့လား....။

"ငါ အဆင်ပြေပါတယ်။ နည်းနည်းလောက် အနားယူဖို့ လိုအပ်မယ်ထင်တယ်" ထရီဆာသည် သူမ၏ နဖူးကို ပြန်လည် ပွတ်လိုက်ရင်း ထိုအတွေးများသည် သူမအား ပိုမို၍ လွှမ်းမိုးလာခဲ့၏။

သူမသည် သူမ၏ ဘဝတွင် ဤကဲ့သို့ ခေါင်းကိုက်ခြင်းမျိုးကို မခံစားရသည်မှာ အတော်ကြာပြီဖြစ်သော်လည်း အာရန်ရောက်လာပြီးနောက် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမအနေဖြင့် ထိုကဲ့သို့သော ခေါင်းကိုက်ဝေဒနာမျိုးကို မကြာခဏ ခံစားလာခဲ့ရသည်။

ယခုအခါ သူမ၏ ခေါင်းတစ်ခုလုံးပင် ထူပူကာ မူးနောက်နေပြီဖြစ်၏။

သူမ၏ ပရမ်းပတာဖြစ်နေသော ဦးခေါင်းကို ပြန်လည်တည်ငြိမ်စေရန်အတွက် အခန်းအတွင်း ပြန်လည် အနားယူရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် ပြဿနာတစ်ခုတော့ ရှိနေခဲ့သည်။

သူမအတွက် ပတ်ဝန်းကျင် ကမ္ဘာကြီးတစ်ခုလုံး ခြာခြာလည်နေသကဲ့သို့ ဖြစ်နေပြီး သူမသည် လမ်းပင် ဖြောင့်ဖြောင့် မလျှောက်နိုင်တော့ပေ။

သူမ၏ ခြေလှမ်းများသည် မတည်ငြိမ်နိုင်တော့ဘဲ မည်သည့်အချိန်တွင်မဆို လဲကျသွားနိုင်သည့်အလား ထင်မှတ်ရလေသည်။

"ကျွန်တော်တော့ သခင်မကို အဆင်ပြေတယ်လို့ မထင်မိဘူး"

ထရီဆာသည် အာရန်၏ ထိုစကားလုံးအချို့ကို ကြားလိုက်ရပြီးနောက် လက်တစ်ဖက်မှ သူမ၏ ပခုံးတစ်ဝိုက်တွင် လာရောက်ထိမ်းပေးထားသည်ကို ခံစားလိုက်ရသည်။

အခြားလက်တစ်ဖက်ကမူ သူမ၏ ဒူးအောက်ပိုင်းသို့ ရောက်ရှိသွားပြီး သူမအား မင်းသမီးတစ်ပါးအလား ပွေ့ချီလိုက်လေသည်။

"ဒီအတိုင်းဆိုရင် နန်းတော်သခင်မ ဒီမှာပဲ လဲကျသွားလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် အခန်းထဲကို လိုက်ပြီးပို့ဆောင်ပေးပါ့မယ်" အာရန်သည် ထရီဆာအား ခိုင်မာစွာ ပွေ့ချီထားရင်း ပြောလိုက်သည်။

သူသည် ထရီဆာ၏ အခန်းကို မြင်ဖူးထားပြီးဖြစ်သောကြောင့် သူမအား ပြန်ပို့ရန်အတွက် ပိုမိုလွယ်ကူစေခဲ့သည်။

ဟင်းလင်းပြင်ခရီးသွားခြင်းနည်းလမ်းကို အသုံးမပြုနိုင်သောကြောင့် ခရီးလမ်းသည် အနည်းငယ်တော့ နှောင့်နှေးသွားခဲ့၏။

အကြီးအကဲများသည်လည်း လင်မယားနှစ်ယောက်ကြား အနှောင့်အယှက် မဖြစ်စေလိုသဖြင့် လျင်မြန်စွာ ဆုတ်ခွာထွက်ခွာသွားခဲ့ကြသည်။

"င့ါကို အကြီးအကဲတွေကြည့်နေတဲ့အကြည့်က နဲနဲထူးဆန်းနေတယ်လို့ ခံစားမိတယ်။ ဘာကြောင့်လဲတော့ မသိဘူး" အာရန်သည် အကြီးအကဲ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

၎င်းတို့ကြားတွင် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို သူ မသိသော်လည်း သူတို့၏ အကြည့်များသည် ဂျူနီယာတစ်ဦးကို ကြည့်နေခြင်းထက် သူတို့ထက်ကြီးသော စီနီယာတစ်ယောက်ကို ကြည့်နေခြင်းမျိုးနှင့် ပို၍ တူသည်ဟု ခံစားမိနေသည်။

ထိုအရာက နန်းတော်သခင်မနှင့်အတူ ရှိနေသောအခါ ပို၍ပင် သိသာလွန်းခဲ့သည်။

သူသည် နန်းတော်သခင်မ၏ သားမက်တစ်ဦး ဖြစ်နေသောကြောင့်ပင်လော...။

ထို ဖြစ်နိုင်ချေအတွက်ဆိုလျှင်ပင် ၎င်းတို့၏ တုံ့ပြန်မှုများသည် အနည်းငယ် လွန်ကဲနေသည်ဟု ခံစားနေရဆဲပင်။

"ငါ့ဘာသာ လျှောက်နိုင်ပါတယ်။ မင်း ဒီလိုခေါ်လာစရာ မလိုပါဘူး။ ငါ့အခန်းက နဲနဲဝေးသေးတယ်" နန်းတော်သခင်မသည် အာရန်အား တွန်းထုတ်ရန်ကျိုးစားရင်း ပြောလိုက်သည်။

"ခေါင်းမာမနေပါနဲ့။ သခင်မ ဘယ်လောက် အားနည်းနေတယ်ဆိုတာ ကျွန်တော် မြင်ပြီးသားပဲလေ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်ပဲ ပို့ဆောင်ပေးပါရစေ"

အာရန်သည် သူမ၏ ရုန်းကန်မှုကြောင့် လဲကျမသွားစေရန် မနဲထိမ်းလိုက်ရသည်။

"သခင်မကို ကျွန်တော် တစ်ခု မေးလို့ရမလား။ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း စနိုးစနှောင့်ဖြစ်နေတဲ့ မေးခွန်းတစ်ခု ရှိနေတယ် ဒါပေမဲ့ မေးဖို့ အခွင့်မသာခဲ့ဘူး"

ထရီဆာသည် သူ့အား နှစ်ဦးတည်းရှိချိန်များမှသာ ဒေါ်လေးဟု ခေါ်ဆိုခွင့်ပေးထားလေသည်။

သာမန်အချိန်များတွင် နန်းတော်သခင်မဟုသာ အများခေါ်ဆိုသည့်အတိုင်းခေါ်ဆိုရန် ညွှန်ကြားထား၏။

"ဘယ်မေးခွန်းလဲ" ထရီဆာသည် ရုံးကန်နေမှုအား အနည်းငယ် အားလျော့လိုက်ကာ အာရန်အားပြန်ပြောလိုက်၏။

"ကျွန်တော် ဒီကို ပထမဆုံး ရောက်လာတုန်းက အလွန်ဆိုးရွားတဲ့ အခြေအနေတစ်ခုထဲ ကျရောက်သွားခဲ့တာ အမှတ်ရသေးတယ်။ ကျွန်တော်ရဲ့ စိတ်ဝိညာဥ်ကိုသာ အဲ့တုံးက ဆေးအဆီအနှစ်အချို့နဲ့ ကုသမပေးနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်ခုချိန်ထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ဆေးပညာရှင် အကြီးအကဲက ပြောပြခဲ့တယ်"

အာရန်သည် ထရီဆာအနေနှင့် သူ၏ အခြေအနေအား မေးမြန်းနေစဉ် အကြီးအကဲနှင့် ပြောခဲ့သော စကားများကို ပြန်သတိရရင်း ပြောလိုက်ခြင်းဖြစ်သည်။

"သူမက ကျွန်တော့် ခန္ဓာကိုယ်က တကယ်ကို ထူးခြားနေပြီး ဆေးအဆီအနှစ်တွေကို တိုက်ရိုက် လွှဲပြောင်းပေးလို့ မရဘူးလို့ပြောခဲ့တယ်။ ဒါဆိုရင် သခင်မအနေနဲ့ ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုခဲ့သလဲဆိုတာ သိခွင့်ရမလား။ အဲ့တုံးက ကျွန်တော့်အနေနဲ့ ဆေးပညာရှင် အကြီးအကဲကို မေးကြည့်ခဲ့ပေမယ့် သူမက ဘာမှ ပြန်မဖြေခဲ့ဘူး။ သူမက နန်းတော်သခင်မကို ကိုယ်တိုင် မေးကြည့်လို့ပဲ ပြောလိုက်တယ်"

"ဒါကြောင့် ပြောပြပေးပါလား အဲ့တုံးက ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ" အာရန်မှမေးလိုက်သည်။

သူသိချင်နေသည်မှာ သူ၏ သွေးမျိုးဆက် အကာအကွယ်လွှာကို ဖြတ်ကျော်နိုင်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်တွင် မည်သို့သော အားနည်းချက်များ ရှိနေမည်နည်းဟု တွေးမိလိုက်သောကြောင့်ပင်။

All Chapters