ပြောင်းလဲသွားသောအရာများ
Vol. 44 Ch. 640
အာရန်သည် ထရီဆာအား သူမ၏ အခန်းတွင်းသို့ ပြန်လည်ပို့ဆောင်ကာ ကုတင်ပေါ်သို့ ညင်သာစွာ ချပေးထားလိုက်သည်။
"ကောင်းကောင်း အနားယူပါ"
ထို့နောက် အစောပိုင်းအကြောင်းအရာများကို ပြန်စဉ်းစားရင်း စိတ်ရှုပ်ထွေးစွာဖြင့် နောက်သို့ လှည့်လိုက်သည်။
လိုက်ဆန်ဒါသည်သာ ထိုကိစ္စကိုသာ သိသွားမည်ဆိုပါက မည်သည့် အကြောင်းပြချက်ကိုမျှ ဂရုစိုက်လိမ့်မည် မဟုတ်ကြောင်း အာရန်တစ်ယောက် ယောင်္ကျားချင်းမို့ ကောင်းစွာနားလည်ထား၏။
အကယ်၍ လိုက်ဆန်ဒါတွင် ပုံမှန်မဟုတ်သော အာသီသများ ရှိနေခဲ့လျှင်တော့ တစ်မျိုးတစ်မည် ဖြစ်ကောင်းဖြစ်သွားပေလိမ့်မည်။
သို့သော်ပုံမှန်ဆိုပါကမူ သူ၏ ဇနီးဖြစ်သူမှ သမက်ဖြစ်သူအတွက် ထိုကဲ့သို့ ကိစ္စမျိုး ပြုလုပ်မိခဲ့သည်ဟူသော အချက်ကလေးတစ်ချက်ကပင် သူ့အား ရူးသွပ်သွားစေရန် လုံလောက်လေသည်။
အာရန်သည် သူကိုယ်တိုင်သာ လိုက်ဆန်ဒါနေရာတွင် ဆိုပါကလည်း လုံးဝပေါက်ကွဲမိမည်ဖြစ်ကြောင်း သေခြာနေခဲ့၏။
ထို့နောက် အာရန်သည် အခန်းအပြင်သို့ ပြန်ထွက်လာခဲ့ကာ တံခါးအား ညင်သာစွာ ပြန်ပိတ်ထားလိုက်သည်။
ထရီဆာ မျက်စိအောင်မှ လွန်မြောက်ခွင့်ရသွားသည့်အချိန်တွင် သူ့အနေနှင့် လွတ်လပ်မှုအချို့ ခံစားရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုအခါတွင်မူ ဤကိစ္စ တစ်ခုလုံးက သူ၏ စိတ်ခံစားချက်များကို ထိုင်းမှိုင်းစေခဲ့၏။
ထို့နောက်အာရန်သည် လသာဆောင်ရှိရာဆီသို့ လျှောက်သွားပြီး ဤနေရာတွင် သူတစ်ယောက်တည်း ရှိနေကြောင်း သေချာစေရန် ပတ်ဝန်းကျင်အား အာရုံအနည်းငယ် ဖြန့်ကျက်လိုက်သည်။
အာရန်သည် ဤနေရာတွင် သူတစ်ယောက်တည်း ရှိနေကြောင်း အတည်ပြုပြီးမှသာ နောက်ဆုံးတွင် ဝိညာဉ်ဘုရင်မနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
အာရန်သည် သူ၏ လက်ဖမိုးအား စူးစိုက်ကြည့်လိုက်သောအခါ ဝိညာဥ်စာချုပ်အမှတ်အသားမှာ ယခင်အတိုင်း ပြန်လည်တောက်ပနေကြောင်း သိလိုက်ရသည်။
ထို့နောက် ထိုဝိညာဥ်စာချုပ်အမှတ်အသားကို အသက်သွင်းလိုက်ကာ ပထမဝိညာဉ်ဘုရင်မယီလန် နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
"ယီလန်ရေ ငါ့အသံ ကြားရလား"
"ရှင် ဘယ်ရောက်နေတာလဲ။ ရှင်ရဲ့ တည်ရှိမှုကို ဘာလို့ ကျွန်မ အာရုံခံလို့မရတာအတော်ကြာနေပြီ။ ကျွန်မ ဘယ်လောက် စိတ်ပူနေခဲ့တယ်ဆိုတာ ရှင် သိရဲ့လား" ထို့နောက် အလွန်သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်ခု သူ၏ သိစိတ်ပင်လယ်အတွင်မှ ကြားလိုက်ရသည်။
ယီလန်သည် ယခုမှ စိတ်သက်သာရာရသွားခဲ့ခြင်းဖြစ်လေသည်။
သူမသည် အာရန်တစ်ယောက် ငရဲဘုံအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည့် အချိန်မှစ၍ နေ့စဥ်ရက်ဆက် သူမ ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုများကို သူမ၏ စကားသံအတွင်း၌ အတိုင်းသား မြင်တွေ့နိုင်သည်။
အာရန်နှင့် ဆက်သွယ်မှုတစ်ခု ပြုလုပ်နိုင်ရန် သူမ အနေနှင့်တတ်နိုင်သမျှ အရာအားလုံးကို ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း မည်သည့်အရာကမျှ အလုပ်မဖြစ်ခဲ့ပေ။
သူမအနေနှင့် မျှော်လင့်ချက်ကို စတင် လက်လျှော့တော့မည့် ဆဲဆဲအချိန်မှာပင် နောက်ဆုံးတွင် ယခုကဲ့သို့ အာရန်၏ အသံကို ပြန်လည်ကြားလိုက်ရခြင်းဖြစ်လေ၏။
"ရှင်ခုလို အဆင်ပြေနေတာသိလိုက်ရတာနဲ့တင် ကျွန်မကျေနပ်ပါပြီ။"
အာရန်သည် သူအချိန်တိုင်း လွမ်းဆွတ်နေခဲ့ရသော ထို ရင်းနှီးသည့် အသံလေးအား တဖြန်ပြန်လည် ကြားလိုက်ရသဖြင့် လွန်စွာကျေနပ်သွားခဲ့ရသည်။
"ငရဲဘုံမှာ ရှိနေတုန်း ပြဿနာတချို့ ကြုံတွေ့ခဲ့ရလို့ ကိုယ်မင်းကို မဆက်သွယ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ခုတော့ အရာအားလုံး အဆင်ပြေသွားပါပြီ"
ငရဲဘုံအတွင်းသို့ ဝင်ရောက်မိခဲ့သည့်အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမအား ပြန်လည် ပြောပြလိုက်၏။
သူသည် နစ်ခရိုမန်ဆာ မျှော်စင်သခင်ကို သတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုများထဲမှတစ်ခုဟု ယူဆနိုင်သည့် ဇက်ဖာ ကိုပါ ရှင်းပစ်နိုင်ခဲ့ပြီဖြစ်ကြောင်းကိုပါ ပြောပြခဲ့သည်။
ထို့နောက်အာရန်သည် ပထမမူလကြယ်နှင့် သူ၏ ဇနီးသည်တို့မှ ၎င်းတို့၏ သမီးနှင့် သူ့အား အတင်းအကျပ် လက်ထပ်စေလိုခြင်းအပါအဝင် ထိုရှုပ်ထွေးသော ပြသနာများကိုမူ ယီလန်အား မပြောပြလိုခဲ့ပေ။
သို့သော် ၎င်းက သူ့အနေနှင့် အထက်ကမ္ဘာခရီးစဉ်နှင့် သက်ဆိုင်နေသောကြောင့် ထိုအကြောင်းကိုပါ သူမအား ပြောပြခဲ့ရသည်။
"ရှင်က ခု အထက်ကမ္ဘာ တစ်ခုခုမှာ ရောက်နေတာလား"
အထက်ကမ္ဘာဆိုသော အရာကို ကြားရသောအခါ ယီလန်၏ အသံသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။
၎င်းသည် နတ်ဘုရားများ နေထိုင်ရာ ဒေသတစ်ခုဖြစ်နေသည် မဟုတ်ပါလား....။
ယီလန်သည် ဝိညာဉ်ဘုရင်မတစ်ပါး ဖြစ်သော်ငြားလည်း သူမ၏အဆင့်အတန်းသည် အထက်ကမ္ဘာများအတွက် အရေးမပါပေ။
ယခု အာရန်သည် သူ့အား သားမက်တော်ချင်နေသော နတ်ဘုရားတစ်ပိုင်းအဆင့် ရှိသည့် အမျိုးသမီးတစ်ဦးနှင့်အတူ ထိုကဲ့သို့သော နေရာမျိုးသို့ ရောက်ရှိသွားခဲ့လေပြီ။
"ရှင် ပြန်လာလို့ ရဦးမှာလား" ထို့နောက် ယီလန်သည် အာရန်အား သူမအလွန်သိချင်နေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"အဲဒီနေရာက ရှင့်အတွက် လုံခြုံမှုရှိလိမ့်မယ်လို့ ကျွန်မ မထင်ဘူး"
"ကိုယ်လဲ ပြန်လာချင်တာပေ့ါကွာ" အာရန်သည် ထိုသို့ပြန်ပြောလိုက်စဥ်မှာပင် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်များနှင့် ပတ်သက်သော အတွေ့အကြုံများအား အမှတ်ရလိုက်သောအခါ ထိုအရာကပင် သူ့အား တုန်လှုပ်သွားစေခဲ့၏။
အထက်ကမ္ဘာနှင့် ဝိညာဥ်လောက၏ အကွာအဝေးသည် အလွန်များပြားပေလိမ့်မည်။
ငရဲဘုံနှင့် အကွာအဝေးထက်ပင် ပိုမိုကွာဝေးနိုင်ပေ၏။
သူ့အနေနှင့် ထိုနေရာသို့ ပြန်သွားလိုသော်လည်း သူ့အနေနှင့် ဟင်းလင်းပြင်ခရီးစဥ်ကိုမူ ထပ်မံ၍ ဖြတ်သွားလိုခြင်း မရှိတော့ချေ။
"ဒါနဲ့ တိုက်ကြီးလေးခုမှာကော ဘယ်လိုအခြေအနေတွေ ဖြစ်သွားပြီလဲ" အာရန်သည် ခေါင်းစဉ်ကို အလျှင်အမြန် ပြောင်းလဲလိုက်သည်။
နစ်ခရိုမန်ဆာမျှော်စင်သည် လုံးဝဖျက်ဆီးခံလိုက်ရသည်။
ထိုကမ္ဘာတွင် အင်အားစုကြီး သုံးခုသာ ကျန်ရှိတော့ပြီး ၎င်းတို့မှာ သူရဲကောင်း အကယ်ဒမီ၊ မိစ္ဆာဂိုဏ်းနှင့် အာရန်၏ ကိုယ်ပွားမှ ဘုရင်အဖြစ် အုပ်ချုပ်နေသော သန့်စင် အင်ပါယာတို့ ဖြစ်ကြလေသည်။
အာရန်၏ ကိုယ်ပွားဖြစ်သူ သန့်စင်အင်ပါယာသည် နစ်ခရိုမန်ဆာ မျှော်စင်အား ချေမှုန်းနိုင်ခဲ့မှုအတွက် ဂုဏ်ပြုခံရပေလိမ့်မည်။
ထို့နောက် သန့်စင် အင်ပါယာသည် အခြား အင်အားစု နှစ်ခုထံမှ အာရုံစိုက်မှုများ ရရှိသွားမည်မှာ သေချာနေသည့်အတွက် အာရန်အနေဖြင့် ထိုအရာကိုတော့ အနည်းငယ် စိုးရိမ်နေခဲ့မိသည်။
"ဒီက အခြေအနေတွေကတော့..."
ယီလန်သည် တစ်စုံတစ်ရာကို ချီတုံချတုံဖြစ်နေသောကြောင့် သူမ၏ လေသံ ပို၍ပင် အားနည်းလာခဲ့သည်။
"ဘာဖြစ်ခဲ့တယ်ဆိုတာ သေသေခြာခြာလေး ပြောပြပေးပါလား"
သူမ၏ လေသံကြောင့် အာရန်ကိုယ်တိုင်သည်ပင် အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။
အာရန်သည် သူ၏ ကိုယ်ပွားအတွက် စိုးရိမ်သလောက် သူ့အား စောင့်ဆိုင်းနေခဲ့သော ရှုယင် အပါအဝင် မိန်းကလေးများအတွက် ပို၍ပင် စိုးရိမ်မိသွားသည်။
နစ်ခရိုမန်ဆာ မျှော်စင် ပျောက်ကွယ်သွားခြင်းဖြင့် ခြိမ်းခြောက်မှု အများစု ပျောက်ကွယ်သွားသင့်သည်ဟု ယူဆရသော်လည်း ထိုကမ္ဘာတွင် အဓိက ဇာတ်လိုက်နှစ်ဦး ကျန်နေသေး၏။
အာရန်သည် သူမရှိသည့် အချိန်အတောအတွင်း ၎င်းတို့အနေနှင့် မည်သည့် ပြောင်းလဲမှုများကို ပြုလုပ်သွားခဲ့မည်ကို ခန့်မှန်းနိုင်ခြင်းမရှိတော့ချေ။
"လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ပြောင်းလဲသွားခဲ့တာတွေကတော့ အများကြီးပါပဲ" ဟု ယီလန်မှ ပြန်ပြောလိုက်သည်။
" ဘာ...ငါးနှစ်ဟုတ်လား။"
အာရန်သည် ထိုအရာအားကြားလိုက်ရသည်နှင့် ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။
သူမ ဘာကို ဆိုလိုသနည်း။
လွန်ခဲ့သည့် ငါးနှစ်အတွင်း အရာများစွာ ပြောင်းလဲသွားခဲ့သည် ဆိုခြင်းသည် အဘယ်နည်း။
သူသည် ထိုကမ္ဘာကို လွန်ခဲ့သည့် လအနည်းငယ်ခန့်ကမှ ထွက်ခွာလာခဲ့ခြင်းဖြစ်လေသည်။
အာရန်သည် ပြောစရာစကား မဲ့သွားခဲ့ရသည်။
"အချိန် စီးဆင်းမှုကို ငါ ထည့်တွက်ဖို့ မေ့သွားခဲ့တယ်ထင်တယ်"
အာရန်သည် ငရဲဘုံနှင့် တိုက်ကြီးလေးခု ကမ္ဘာအကြား အချိန်စီးဆင်းမှု ကွာခြားချက် အကြောင်းကို မသိထားခဲ့ပေ။
လိုက်ဆန်ဒါမှ ငရဲနှင့် မိခင်ကမ္ဘာမြေကြားတွင် အချိန်စီးဆင်းမှု မတူညီကြောင်း ပြောခဲ့သည့် အချိန်ကလည်း သူ၏ ဒုတိယကမ္ဘာအတွက် ထည့်သွင်းစဉ်းစားရန် မေ့လျော့သွားမိခဲ့၏။
အာရန်အတွက်မူ ထိုနေရာမှ ထွက်ခွာလာခဲ့သည်မှာ လအနည်းငယ်ခန့်သာ ရှိဦးမည်ဟု ထင်ထားခဲ့သည်။
သို့သော် အမှန်တကယ်မှာမူ ငါးနှစ်တိတိ ကုန်လွန်သွားခဲ့ပြီဖြစ်ကာ ၎င်းက ထိုကမ္ဘာတွင် ကျန်ရစ်ခဲ့သော အဓိက ဇာတ်လိုက်နှစ်ဦး ကြီးထွားရန်အတွက် ကောင်းစွာ အချိန်ပေးလိုက်သလို ဖြစ်သွားခဲ့ပေလိမ့်မည်။
"ချီးပဲ"
အာရန်သည် သူ၏ မှားယွင်းတွက်ချက်ခဲ့မှုအပေါ် ကျိန်ဆဲလိုက်မိသည်။
သူသာ စောစီးစွာသိခဲ့ပါက ဇက်ဖာအား သတ်နိုင်ပြီးပြီးချင်း ထိုနေရာမှ ချက်ချင်း ပြန်လှည့်ရန် ကြိုးစားခဲ့မိပေလိမ့်မည်။
ယခုမူ သူသည် အဓိက ဇာတ်လိုက်နှစ်ဦးအား အင်အားပိုမို ကြီးထွားလာရန် လုံလောက်သော အချိန်တစ်ခု ပေးလိုက်မိသလို ဖြစ်သွားခဲ့ရလေသည်။
ထိုအထဲမှ တစ်ဦးသည် သူရဲကောင်း အကယ်ဒမီတွင် တည်ရှိနေခဲ့ပြီး အခြားတစ်ဦးကိုမူ မြောက်ပိုင်းတိုက်ကြီးတွင် တည်ရှိသည်ဟူသော အချက်မှလွဲ၍ အခြားအချက်အလက်များကို ယခုတိုင် မသိရသေးပေ။
"လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံး ကိုယ့်ကို အသေးစိတ် ပြန်ပြောပြပေးပါလာ။ သန့်စင် အင်ပါယာရဲ့ ကံကြမ္မာကကော ဘယ်လိုဖြစ်သွားပြီလဲ။ မိစ္ဆာဂိုဏ်းကကော ဘာဖြစ်သွားလဲ။ ရှုယင်တို့ကော အဆင်ပြေရဲ့လား။ မိစ္ဆာဂိုဏ်းချုပ် ဖန်းယုနဲ့ တခြားသူတွေကော...."
"ပြီးတော့ ဟိုဇာတ်လိုက်နှစ်ယောက်....ဆောရီး ကိုယ်ပြောချင်တာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရုတ်တရက် ထင်ရှားကျော်ကြားလာတဲ့ လူငယ်နှစ်ယောက် ရှိခဲ့ရင် အဲ့အကြောင်းပါ ပြောပြပေး။ သူတို့အကြောင်း အားလုံးကို သိချင်တယ်"