လွန်ခဲ့သောနှစ်များ.....
Vol. 44 Ch. 641
ယီလန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး လေးပင်စွာဖြင့် စတင်ပြောပြတော့သည်။
"ခုဖြတ်သန်းခဲ့ရတဲ့ ငါးနှစ်ဆိုတဲ့အချိန်ကာလက ကျွန်မအတွက်တော့ အတော်ကို ကြာမြင့်တဲ့ အချိန်ကာလတစ်ခုပဲ။ ဒီကာလအတွင်းမှာ ဘယ်က စပြောရမှန်း မသိအောင် များပြားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်သွားခဲ့တယ်။ အဲ့အချိန်တွေ ရှင်သာ ဒီမှာ ရှိနေခဲ့ရင် အတော်ကောင်းလိမ့်မယ်"
ထို့နောက် ယီလန်၏ အသံသည် အနည်းငယ် ပုံမှန်ပြန်ဖြစ်လာခဲ့ကာ သူမစကားကို ဆက်လိုက်သည်။
"သန့်စင် ဧကရာဇ်ဟန်ဆောင်ထားတဲ့... ရှင်ရဲ့ ကိုယ်ပွားအကြောင်းနဲ့စလိုက်ရအောင်။ သူက ပထမပိုင်းမှာ အတော်လေး အဆင်ပြေပြေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နစ်ခရိုမန်ဆာ မျှော်စင် ကျဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ သန့်စင်အင်ပါယာတစ်ခုလုံးကို သူရဲ့ ဩဇာအာဏာတွေ အလျင်အမြန်ပဲ ချဲ့ထွင်နိုင်ခဲ့တယ်"
"သူက အနောက်ဘက် တိုက်ကြီးတစ်ခုလုံးမှာ အင်ပါယာကို ခြိမ်းခြောက်လာနိုင်သူ မှန်သမျှကို အမြစ်ဖြတ် ခြေမှုန်းပြီး သူရဲ့ အာဏာကို ပိုမိုခိုင်မာလာစေခဲ့တယ်။ သူက သန့်စင်ဧကရာဇ်ရဲ့ ညီတော် နာသန်နီယယ် ကိုတောင် စစ်သူကြီး ရာထူးကို ခန့်အပ်လိုက်ပြီး တော်ဝင်မိသားစုရဲ့ ထောက်ခံမှုကိုပါ အပြည့်အဝ ရယူနိုင်ခဲ့တယ်"
'ဒါဆို င့ါကိုယ်ပွားက အတော်လေးအဆင်ပြေပြေဆောင်ရွက်နိုင်ခဲ့တာပဲ။ ငါ ကိုယ်တိုင် သူ့နေရာမှာသာဆိုရင်တောင် အတော်လေး ကျိုးစားရလိမ့်မယ်။ သန့်စင် ဧကရာဇ်ရဲ့ ညီတော်ဆိုတာကလည်း ခေသူမှမဟုတ်တာ။ အနောက်တိုက်ဝတ္ထုထဲမှာ တကယ် အရေးပါတဲ့ ဇာတ်လိုက်တစ်ယောက်ပဲလေ'
'သူဟာ အဓိက ဇာတ်လိုက်တွေလောက်ထိတော့ မဟုတ်ပေမဲ့ အတော်ကို အရည်အချင်းရှိတဲ့ ဇာတ်ပို့တစ်ယောက်ဆိုတာတော့ ငြင်းလို့မရဘူး"
အာရန်သည် ထိုသို့တွေးမိလိုက်သဖြင့် သူ့ကိုယ်ပွား၏ ဆောင်ရွက်ချက်များကို လွန်စွာ ကျေနပ်သွားခဲ့၏။
ယခုအချိန်အထိမူ အရာအားလုံးသည် ပုံမှန်အတိုင်း ဆက်လက်ဖြစ်ပွားနေဟန် ရလေသည်။
သန့်စင် အင်ပါယာကိုသာ တည်ငြိမ်အောင်စွမ်းဆောင်နိုင်ခဲ့ပါက အခြား အင်အားစု နှစ်စုအနေဖြင့် တိုက်ပွဲဖော်ဆောင်ရန်အတွက်လည်း တွန့်ဆုတ်သွားစေမည် ဖြစ်သောကြောင့် ထိုအရာသည် အတော်လေးကောင်းမွန်သော လုပ်ရပ်တစ်ခုဟု ပြော၍ရလေသည်။
ထိုအချိန်တွင် အာရန်အနေဖြင့် ယီလန်မှ မပြောပြခင်မှာပင် သူ့အနေနှင့် ခန့်မှန်းကြည့်နိုင်သည့် နောက်ထပ် ပြဿနာ တစ်ခုတော့ ရှိနေသေး၏။
သန့်စင် ဧကရာဇ်သည် သူ၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်လေသည်။
ရှုယင်နှင့်အတူ သန့်စင် အင်ပါယာတွင် ကျန်နေခဲ့သော မိစ္ဆာဂိုဏ်းမှလူအချို့ကြောင့် သန့်စင်အင်ပါယာနှင့် မိစ္ဆာဂိုဏ်းတို့သည် ရင်းနှီးမှုတစ်ခု ထူထောင်နိုင်လိုက်ပြီဟု ပြော၍ရလေ၏။
အင်အားစုကြီး လေးစု ရှိခဲ့စဥ်က တစ်စုနှင့်တစ်စု အပြန်အလှန် ထိန်းသိမ်းထားသဖြင့် အဆင်ပြေနေခဲ့သည်။
သို့သော် ထို အင်အားစု လေးစုထဲမှ တစ်စုအား ထုတ်ပယ်ပစ်လိုက်သောအခါတွင်မူ ပိုမို ရှုပ်ထွေးသော အခြေအနေတစ်ခု ကြိမ်းသေ ဖြစ်သွားတော့မည် ဖြစ်လေသည်။
သူရဲကောင်း အကယ်ဒမီ၏ အမြင်တွင် မိစ္ဆာဂိုဏ်းသည် သန့်စင်အင်ပါယာနှင့် ရင်းနှီးမှုတစ်ခု တည်ဆောက်နိုက်လိုက်ပြီဟု မြင်သွားပေလိမ့်မည်။
"ကိုယ်သာ သူရဲကောင်း အကယ်ဒမီ နေရာမှာဆိုရင် သန့်စင် အင်ပါယာနဲ့ မိစ္ဆာဂိုဏ်း ပူးပေါင်းပြီး ကိုယ်တို့ကို လာတိုက်မှာကို ကတယ်ပဲ စိုးရိမ်မိခဲ့မှာပဲ" အာရန်သည် မျက်မှောင်ကြုတ်၍ ယီလန်အား ပြန်ပြောလိုက်သည်။
ထိုအချိန်သည် သန့်စင် အင်ပါယာအတွက် အဆိုးရွားဆုံး အချိန်တစ်ခုဟု ပြော၍လည်းရလေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မြောက်ပိုင်း တိုက်ကြီးနှင့် ပြင်းထန်သော စစ်ပွဲတစ်ခု ဆင်နွှဲပြီးကာစ အချိန် ဖြစ်လေ၏။
သူရဲကောင်း အကယ်ဒမီသည် အင်ပါယာ ပြန်လည်နာလန်ထူလာမည့်အချိန်ကို သည်အတိုင်း လက်ပိုက်ကြည့်နေလိမ့်မည် မဟုတ်ပေ။
"ဒီလိုဆိုရင်တောင်မှ သူတို့အနေနဲ့ အများကြီးတော့ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူးမလား။ မိစ္ဆာဂိုဏ်းရဲ့ ထောက်ခံမှုနဲ့သာဆိုရင် အင်ပါယာက ပြန်လည်နာလန်ထူလာနိုင်ဖို့ အချိန်လုံလောက်အောင် ရခဲ့လိမ့်မယ်လို့ထင်တယ်။ ကိုယ်ခန့်မှန်းတာ ဘယ်လိုလဲ" အာရန်သည် ယီလန်အား မေးခွန်းပြန်ထုတ်လိုက်၏။
အာရန်သည် ထိုကမ္ဘာတွင် မရှိနေသော်လည်း ဖြစ်ပျက်လာနိုင်သည့် အခြေအနေများကို ခန့်မှန်းကြည့်ခဲ့ပြီးဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် အဖွဲ့အစည်းအားလုံး၏ အခြေအနေကို ကောင်းစွာ သိရှိထားသောကြောင့်ပင်။
သူ ခန့်မှန်း၍ မရနိုင်သည့် အရာများမှာ အဓိက ဇာတ်လိုက်များ၏ လှုပ်ရှားမှုများသာ ဖြစ်လေသည်။
အာရန်အနေနှင့် ထိုမျှလောက်အထိ ခန့်မှန်းနိုင်ခဲ့ခြင်းကြောင့် ယီလန်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
"ရှင်ခန့်မှန်းတာ အတော်လေးနီးစပ်ပါတယ်။ ပေါ်တင်ကြီး မဟုတ်ပေမယ့် မိစ္ဆာဂိုဏ်းဟာ ရှင်လုပ်ထားခဲ့တဲ့ အရာတွေကြောင့် သန့်စင် အင်ပါယာနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါပေမယ့်...."
ယီလန်သည် သူမ၏ စကားအားခေတ္တမျှ ရပ်လိုက်ပြီး အာရန်အား အနည်းငယ် အပြစ်တင်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
"ပြဿနာက ရှင် ချန်ထားခဲ့တဲ့ အရှုပ်ထုတ်တစ်ခုကနေ စတင်ခဲ့တာ ဖြစ်တယ်..." ဟု ယီလန်မှ ဆက်လက်၍ ပြောလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ။ ကိုယ် ဘာအရှုပ်ထုတ်တွေ ချန်ထားခဲ့မိလို့လဲ"
"..."
"ရှင် သန့်စင်ပရောဟိတ်မ ဆီကနေ ကယ်တင်ခဲ့တဲ့ မိန်းကလေးကို သတိရသေးလား"
"အဲဒီ မိန်းကလေးက... "
ထိုစကားကို ကြားလိုက်ရသည်နှင့် အာရန်၏ မျက်နှာအမူအရာများ လုံးဝ မှောင်မိုက်သွားခဲ့ရသည်။
အာရန်သည် အဓိက ဇာတ်လိုက်နှစ်ဦး အကြောင်းသာ တစ်ချိန်လုံး စိတ်ပူနေခဲ့သော်လည်း အမှန်တကယ် သူကိုယ်တိုင် ကယ်တင်ထားခဲ့သော နောက်ထပ် ဇာတ်လိုက်တစ်ဦး ထပ်မံရှိနေသေးသည်ကိုမူ မေ့လျော့နေခဲ့၏။
အနောက်ဘက်တိုက်ကြီး၏ ဇာတ်လမ်းတွင် အဓိက ဗီလိန်ခေါင်းဆောင်အဖြစ် အတုအယောင်ပရောဟိတ်မ မှ အုပ်ချုပ်နေခဲ့ခြင်းဖြစ်လေသည်။
ထိုဇာတ်လိုက်မသည် အတုအယောင်ပရောဟိတ်မအား ကိုယ်တိုင် ဖြုတ်ချပစ်ကာ သန့်စင် အင်ပါယာကို အလင်းရောင်များ ပြန်လည် ဆောင်ကျဥ်းပေးမည့်သူ အဖြစ်မူရင်းဇာတ်လမ်း၌ ဖန်တီးထားခြင်းဖြစ်လေသည်။
အာရန်သည် အစပိုင်း၌ ထိုမိန်းကလေးအား အယောင်ဆောင် သန့်စင် ပရောဟိတ်မထံမှ ကယ်ဆယ်ပေးခဲ့ပြီး သူမအား သန့်စင် အင်ပါယာ ပြန်လည်ထူထောင်ရေး၌ အသုံးချရန် ရည်ရွယ်ထားခဲ့ခြင်းလည်း ဖြစ်လေ၏။
အာရန်သည် ထိုအချိန်က နိုးထလာခဲ့သော သွေးမျိုးဆက်အသစ်နှင့် ပင်လယ်နဂါးဧကရီတို့ကြောင့်လည်း သူ၏ အစီအစဉ်များသည် အနည်းငယ် ကွဲပြားသွားခဲ့ရသည်။
ထို့ပြင် အချိန်ကိုက်အဖြစ် နောက်ထပ်အသစ်ရောက်လာသော ကမ္ဘာကူးလာသူထံမှ သန့်စင်ဧကရာဇ် ရာထူးကို ထပ်မံ ရယူနိုင်လိုက်သောကြောင့် ကိစ္စရပ်များသည် ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။
ထို့ကြောင့် ထိုအချိန်မှစ၍ အစစ်အမှန် ပရောဟိတ်မအတွက် သူ့အနေနှင့် အသုံးချစရာ အကြောင်းပြချက်မရှိတော့ပေ။
အာရန်သည် သန့်စင် ဧကရာဇ်အဖြစ် အယောင်ဆောင်ကာ ကိစ္စရပ်များစွာအား အာရုံစိုက်နေခဲ့ရသဖြင့် အစစ်အမှန် သန့်စင် ပရောဟိတ်မအကြောင်း မေ့လျော့နေခဲ့မိခြင်းဖြစ်သည်။
ထို့နောက် နစ်ခရိုမန်ဆာ မျှော်စင်နှင့် ပတ်သက်၍ အာရန်သည် ငရဲဘုံသို့ အစီအစဥ်မရှိပါဘဲနှင့် ပြုန်းစားကြီး ရောက်ရှိသွားခဲ့ရသည်။
"သူမ ဘာတွေလုပ်ခဲ့လို့လဲ"
အာရန်သည် ထိုကဲ့သို့သော အရေးကြီးပုဂ္ဂိုလ်တစ်ယောက်အား မေ့လျော့နေခဲ့မိခြင်းအတွက် သူ့ကိုယ်သူ ထရိုက်ပစ်ချင်စိတ်ပင်ဝင်လာမိခဲ့သည်။
သူသည် အသက်လုပွဲများဖြင့် အချိန်ပြည့် ရုန်းကန်နေခဲ့ရသည် ဆိုသော်ငြားလည်း သူ၏ အစီအစဉ်များ၌ ထိုကဲ့သို့ ကြီးမားသည့် အမှားအယွင်းတစ်ခုကို လုပ်မိခြင်းမှာ အတော်လေးခွင့်မလွှတ်နိုင်စရာ ကိစ္စတစ်ခုပင်ဖြစ်လေသည်။
"အဲ့ဒီမိန်းကလေးက သန့်စင် ဧကရာဇ်ဟာ နတ်ဆိုးတစ်ပါး ထိန်းချုပ်ထားတဲ့ ဆိုးယုတ်သူ တစ်ဦးဖြစ်တယ်လို့ စွတ်စွဲပြောဆိုခဲ့ပြီး သန့်စင် ဧကရာဇ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့တယ်။ သူမက သန့်စင် ဘုရားကျောင်းကို ပြန်လည်တည်ထောင်ဖို့နဲ့ အင်ပါယာကို အစဉ်အလာအတိုင်း ဘာသာရေးရဲ့ အဆုံးအမအောက်ကို ပြန်လည်ရောက်ရှိဖို့ တိုက်ပွဲဝင်ခဲ့တယ်"
ထို လှုပ်ရှားမှုသည် တဖြည်းဖြည်း ပို၍ အားကောင်းလာခဲ့ကာ ပထမနှစ်အတွင်းမှာပင် တိုင်းပြည်အတွင်း အုံကြွမှု အများအပြား ဖြစ်ပေါ်လာခဲ့သည်။
"ကိုယ့်အနေနဲ့ အတုအယောင်ပရောဟိတ်မကို ဖယ်ရှားပြီးတဲ့နောက် အဲ့ဒီမိန်းကလေးဟာ ဦးတည်ရာမဲ့ ဖြစ်သွားလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဇာတ်လမ်းက ကိုယ့်ကိုယ်ပွားကို ဗီလိန်နေရာမှာ အစားထိုးပြီး သူမရဲ့ ဇာတ်လမ်းကို အလိုလို ဆက်သွားပေးလိမ့်မယ်လို့ တကယ့်ကို မမျှော်လင့်ခဲ့မိဘူး"
အာရန်သည် စိတ်ပျက်သွားမှုကြောင့် လသာဆောင်၏ လက်ရန်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိခဲ့သည်။
ထို လှုပ်ရှားမှုသည် အတုအယောင် ပရောဟိတ်မအား ဆန့်ကျင်ရန် ပေါ်ပေါက်လာခဲ့သင့်ပေသည်။
ထိုအချိန် သန့်စင် ဧကရာဇ်၏ ညီတော်ဖြစ်သူနှင့် အခြား သူရဲကောင်းများစွာသည် ထိုဇာတ်လိုက်မအား ထောက်ခံခဲ့ကြကာ ကြီးမားသော တိုက်ပွဲများဖြစ်ပွားခဲ့ကာ ခမ်းနားသော ဇာတ်လမ်းတစ်ခု ဖြစ်သွားခဲ့ရမည်ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ဇာတ်လမ်းသည် ပြောင်းလဲသွားခဲ့ကာ သူ၏ ကိုယ်ပွားသည် ပစ်မှတ်တစ်ခု ဖြစ်သွားခဲ့ရသည်။
အာရန်အနေနှင့် သန့်စင် အင်ပါယာအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုသည် သူရဲကောင်း အကယ်ဒမီသာ ဖြစ်ဖြစ်ဟု ယူဆထားခဲ့မိ၏။
သို့သော် ယခုမူ အခြေအနေများသည် သူလုံးဝ မထင်ထားသည့်အရာများ ဖြစ်သွားခဲ့ဟန်ပင်။
"သန့်စင်အင်ပါယာဟာ မြောက်ပိုင်း တိုက်ကြီးနဲ့ စစ်ပွဲမှာ ဆုံးရှုံးမှုတွေ အများကြီး ခံစားခဲ့ရပြီးပြီ။ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေရဲ့ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက်လည်း မြောက်ပိုင်း တိုက်ကြီးမှာ အစောင့်တပ်သား အတော်များများ ချန်ထားခဲ့ရသေးတယ် အဲဒါတွေကပဲ..."
"... အဲဒါတွေကပဲ ဟိုမိန်းကလေးကို အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့တယ်ဆိုပါတော့"
အာရန်သည် ယီလန်၏ စကားကို ဖြည့်စွက်ပေးလိုက်သည်။
အာရန်သည် သူ၏ စကားလုံးများအတွင်းရှိ စိတ်ပျက်နောင်တရနေမှုအား မဖုံးကွယ်နိုင်ခဲ့ပေ။
သူသာ ထိုနေရာတွင် ရှိနေခဲ့ပါက ထို ခုခံမှုအား ကိုယ်ပိုင်အင်အားသုံး၍ ဖိနှိပ်နိုင်ခဲ့ပေလိမ့်မည်။
သို့သော် ယခုအမှန်တကယ်ရင်ဆိုင်ခဲ့ရသူသည် သူ၏ အားနည်းသော ကိုယ်ပွားလေးတစ်ဦးသာ ဖြစ်နေခဲ့၏။
ထို ကိုယ်ပွားတွင် ထိုကဲ့သို့အရာများလုပ်ဆောင်နိုင်စွမ်း မရှိသည့်အပြင် အာရန်အဝေးတွင်ရောက်နေချိန် မိမိကိုယ်ကိုယ် ပျောက်ကွယ်မသွားရန်ပင် အတော်လေး ရုန်းကန်နေရသည့် အခြေအနေမျိုးဖြစ်လေသည်။
သန့်စင်ဧကရာဇ် အနေနှင့် ပိုင်ဆိုင်ထားသည့် ယုံကြည်မှုဆိုင်ရာ ကောင်းချီးစွမ်းအင်များသည်ပင် အာရန်အတွက်သာဖြစ်ပြီး သူ၏ ကိုယ်ပွားမှ ထိုစွမ်းအင်များကို အသုံးမပြုနိုင်ပေ။
ထို့ပြင် ထိုကိုယ်ပွားသည် အနည်းငယ်ထိခိုက်မိရုံဖြင့်ပင် ချက်ချင်း ပျောက်ကွယ်သွားပေလိမ့်မည်။
ထို့ကြောင့် အာရန်သည် ထိုကိုယ်ပွားအား နစ်ခရိုမန်ဆာ မျှော်စင်သခင်အား တိုက်ခိုက် အနိုင်ယူ၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သတင်းလွှင့်ကာ သူပြန်ရောက်လာချိန်အထိ အခန်းတွင်၌ ပုန်းအောင်း အနားယူနိုင်စေရန် စီစဥ်ပေးခဲ့ခြင်းလည်း ဖြစ်လေသည်။
၎င်းက ဤကဲ့သို့ ကိစ္စများ ဖြစ်လာမည်ဟု ထည့်သွင်းစဉ်းစားမိခဲ့ခြင်း မရှိသောကြောင့်လည်း ဖြစ်၏။
ထိုအရာကပင် ဇာတ်လိုက်မဖြစ်သည့် အစစ်အမှန်သန့်စင် ပရောဟိတ်မအား သူမအတွက် မှန်ကန်သော အချိန်ဟုယဆစေခဲ့ကာ သန့်စင် ဧကရာဇ် ပြန်လည် နာလန်မထူလာနိုင်ခင်အချိန်အတွင်း အနိုင်တိုက်ရမည်ဟု ယုံကြည်သွားစေခဲ့ခြင်းဖြစ်သည်။
"ဒီကိစ္စမှာ သူတို့တွေ မိစ္ဆာဂိုဏ်းကိုကော အကူအညီ မတောင်းခဲ့ဘူးလား" ဟု အာရန်မှ ဆက်လက်၍ မေးလိုက်သည်။
"ဘယ်လောက်တုံးအလိုက်တဲ့ ငါလဲ။ မိစ္ဆာဂိုဏ်းက ကူညီနိုင်မှာ မဟုတ်ဘူးလေ။ သူတို့မှာလည်း သူရဲကောင်း အကယ်ဒမီကို ထိန်းထားဖို့ ပြသနာတွေရှိနေဦးမှာပဲ။ အထူးသဖြင့် ဒါက ပြည်တွင်း အုံကြွမှု ဖြစ်နေတာမို့ သူတို့ရဲ့ ကာကွယ်ရေးကိုလည်း ဒီလို မတည်မငြိမ် အခြေအနေမျိုးမှာ လျစ်လျူရှုထားလို့ မဖြစ်ဘူးလေ"
"ရှင်ပြောတာမှန်တယ်။ ရှုယင်နဲ့ တခြား အကြီးအကဲကြီးအချို့လည်း ကူညီဖို့ ကြိုးစားခဲ့ပေမယ့် အနောက်တိုက်ရဲ့ တော်လှန်ရေးဖြစ်စဥ်က နိုင်ငံအနှံ့ ပြန့်ကျဲနေတာမို့ သူတို့ကို တစ်ပြိုင်နက်တည်း ဖိနှိပ်နိုင်ဖို့ဆိုတာ ပြင်ပ အင်အားစုတစ်ခုအနေနဲ့ မဖြစ်နိုင်ခဲ့ဘူး။ ပြီးတော့ ဒီလှုပ်ရှားမှုမှာ နာမည်ကြီးလာတယ်ဆိုရမဲ့ ထူးဆန်းတဲ့ လူတစ်ယောက်လည်း ရှိနေခဲ့တယ်"
"ဘယ်လို ထူးဆန်းတဲ့ လူလဲ"
"သူက ရူးသွပ်နေတဲ့ လူတစ်ယောက်ပဲ။ တိုက်ပွဲမှာ သူ့ကို တစ်စုံတစ်ယောက်က သတ်လိုက်တိုင်း တအောင့်နေ ပြန်ရှင်လာပြီး ပိုပြီး ခွန်အားကြီးလာခဲ့တယ်။ ဒါက ဘယ်လို ကျင့်စဥ်မျိုးလဲဆိုတာ ကျွန်မလဲ မသိတော့ဘူး။ ပြီးတော့သူက ဒီလှုပ်ရှားမှုမှာ အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။ အော် ပြီးတော့ မြောက်ဘက်တိုက်မှာတုံးက ရှင့်ကို မချေမငံဆက်ဆံခဲ့တဲ့ မိန်းကလေးလည်း သူ့နဲ့အတူ တွေ့ခဲ့ရတယ်"
"အဲဒီမိန်းကလေးက....သူမ မသေသေးဘူးလား" အာရန်သည် ကြားလိုက်ရသောအရာများကြောင့် သူ၏လေသံသည် အနည်းငယ်ကျယ်လောင် သွားခဲ့၏။
အာရန်သည် နစ်ခရိုမန်ဆာ မျှော်စင်၌ ဘယ်လက်ရုံးအစောင့်အရှောက်မှ သူ့အား တပည့်အဖြစ် ခေါ်ယူခဲ့စဉ်အချိန်တွင် သူ၏ စီနီယာအစ်မ ဖြစ်ခဲ့ဖူးသော မာနကြီးသည့် မိန်းကလေးတစ်ယောက်အား သတိရလိုက်သည်။
အရာအားလုံးကို ထောက်ရှုကြည့်ခြင်းအားဖြင့် ထိုလူငယ်သည် မြောက်ဘက်တိုက်တွင် ရှိနေခဲ့သည့် သူကိုယ်တိုင်ပင် မသိရသေးသော နောက်ထပ် ဇာတ်လိုက်တစ်ယောက် ဖြစ်မည်ဟု အာရန်တစ်ယောက် သေခြာသွားခဲ့၏။
"သူက တစ်ခါ အသတ်ခံရတိုင်း ပိုပြီး အားကောင်းလာနိုင်တဲ့ လူမျိုးပေ့ါ ဟုတ်လား။ ဒါက ဘယ်လို ကလိန်ကကျစ်ကျတဲ့ စွမ်းရည်မျိုးလဲ။ ဒီလို စွမ်းရည်မျိုးနဲ့လူကို ဘယ်သူကများ အနိုင်ယူနိုင်တော့မလဲ" ဟု အာရန်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိ၏။
၎င်းသည် ရင်ဆိုင်ရ အခက်ဆုံးသော ရန်သူများထဲတွင်ပါဝင်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်သည် သတ်၍မရနိုင်သောကြောင့်ပင်ဖြစ်၏။
သူ့ကို သတ်လိုက်ခြင်းက သူ့အား ပို၍ သန်မာလာစေရန် ကူညီပေးသလိုသာ ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ထိုချာတိတ်၌ ထူးခြားသော စနစ်တစ်မျိုးမျိုးပါလာမည်ဆိုပါက သူ့အား သတ်လိုက်သူ၏ ခွန်အားပေါ်မူတည်၍ စွမ်းအားများပင် ဆထက်ထမ်းပိုး တိုးပွားလာနိုင်သေး၏။
"သူ့လိုလူမျိုးကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သူ့ကို မသတ်ဘဲ ဒီအတိုင်း ဖမ်းဆီးထားဖို့ပဲ။ ကိုယ့်ကိုယ်ပွားက အဲဒါကို မကြိုးစားခဲ့ဘူးလား"
"ရှင်ရဲ့ ကိုယ်ပွားက အဲဒီလိုလုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့အချိန်မှာ ဟင်းလင်းပြင် ခုန်ကူးနိုင်တဲ့ အစွမ်းရှိသူတစ်ယောက်လည်း သူတို့ဘက်မှာ ရှိနေသေးတယ်။ အဲ့ဒီလူက ဟိုလူငယ်ကိုဖြစ်ဖြစ်၊ ပရောဟိတ်မကိုဖြစ်ဖြစ် ဖမ်းဆီးဖို့ ကျိုးစားလာတိုင်းမှာ တစ်နေရာကနေ ရုတ်တရက်ပေါ်လာပြီး ကယ်တင်ပေးလေ့ရှိတယ်။ ပရောဟိတ်မနဲ့ အဲ့လိုထူးခြားတဲ့သူတွေ ပူးပေါင်းတိုက်စစ်ဆင်မှုကြောင့် သန့်စင်အင်ပါယာဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ သူတို့ရဲ့ နယ်မြေ ခုနစ်ဆယ် ရာခိုင်နှုန်းလောက်ကို လက်လွှတ်ပေးလိုက်ရတယ်"
အနောက်ဘက်တိုက်သည် ထိုကဲ့သို့သော အခြေအနေများကြောင့် အခြေခံအားဖြင့် အင်အားစု နှစ်စုအဖြစ် ကွဲထွက်သွားခဲ့ပြီး သန့်စင် အင်ပါယာသည် အခြားတိုက်ကြီးများနှင့် နှိုင်းယှဥ်ပါက အစောပိုင်းကကဲ့သို့ အင်အားကြီးမားသော အားသာချက်မျိုး ရှိမနေနိုင်တော့ပေ။
ထို့ပြင် သန့်စင် အင်ပါယာ၏ နယ်မြေပိုင်ဆိုင်မှုသည် တဖြည်းဖြည်းချင်း ကျုံ့ဝင်နေခဲ့၏။
"အဲဒါက အနောက် တိုက်ကြီးတစ်ခုတည်းမှာ ဖြစ်ပျက်သွားခဲ့တဲ့ အရာတွေပဲ ရှိသေးတယ်။ ကျွန်မအနေနဲ့ တခြား တိုက်ကြီးနှစ်ခုအကြောင်းတောင် မပြောရသေးဘူး" ဟုယီလန်မှ ပြန်ပြောလိုက်သည်။
"ဒါဆို မိစ္ဆာဂိုဏ်းမှာလည်း မကောင်းတာ တစ်ခုခု တစ်ချိန်တည်း ဖြစ်ပျက်နေခဲ့တယ်လို့တော့ ကိုယ့်ကို မပြောနဲ့နော်...." ဟု အာရန်မှ အနည်းငယ် ထိတ်လန့်နေသော လေသံဖြင့် တိုးတိုးလေး ထပ်မေးလိုက်သည်။