ဆင်းသက်ခြင်း
Vol. 44 Ch. 642
"မကောင်းတာတစ်ခုခုဖြစ်မယ် ဆိုတဲ့စကားလုံးကတောင် နည်းနည်းလျော့ပြောရာ ရောက်နေမလားပဲ"
ဟု ယီလန်မှ ပြန်ပြောလိုက်သဖြင့် အာရန်အား ပို၍ပင် စိုးရိမ်ပူပန်စေခဲ့သည်။
သန့်စင်အင်ပါယာသည် သူ၏ ထိန်းချုပ်နိုင်မှုအောက်တွင် ရှိနေသော အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သည် ဆိုသော်ငြားလည်း မိစ္ဆာဂိုဏ်းသည် သူ့အတွက် နေအိမ်ကဲ့သို့ နေရာမျိုးဟုခေါ်ဆိုနိုင်လေသည်။
သူ့အနေနှင့် တစ်စုံတစ်ရာအမှားအယွင်းပြုလုပ်မိခဲ့ပါက သူ့အတွက် စိတ်ချစွာ ခိုလှုံနိုင်သော တစ်ခုတည်းသော နေရာလည်း ဖြစ်၏။
၎င်းသည် သူ၏ ပထမဆုံး ကမ္ဘာကူးပြောင်း ရောက်ရှိလာခဲ့သော နေရာလည်းဖြစ်ကာ ပထမဆုံး အဓိက ဇာတ်လိုက်ရဲ့လန်အား သူကိုယ်တိုင် ခြေမှုန်းနိုင်ခဲ့သော သူ့အတွက် ယုံကြည်မှုများစွာ ခိုင်မာစေခဲ့သောနေရာလည်း ဖြစ်လေ၏။
ပိုအရေးကြီးသည်မှာ ထိုနေရာတွင် ဖန်းယု အပါအဝင် သူ့အတွက် အရေးပါသော အမျိုးသမီးများစွာ ရှိနေလေသည်။
ဖန်းယု၏ သွေးကိုယ်တိုင်ကပင် ရန်နစ်ခရိုလိုင်း ၏ ချိတ်ပိတ်ထားသော ကျင့်ကြံမှုများအား ချိတ်စည်းဖြေပေးနိုင်မည့် နောက်ဆုံးသော့ဟု ခေါ်ဆိုနိုင်လေသည်။
အကယ်၍ ဖန်းယုသာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက သူသည် ရန် နစ်ခရိုလိုင်း၏ အစစ်အမှန် ကျင့်စဥ်အဆင့်ကို ပြန်လည်ရရယူရန်ဟူသော အိမ်မက်ကို မေ့ပစ်လိုက်ရုံသာ ရှိတော့ပေမည်။
ရန် နစ်ခရိုလိုင်းသည် သူ၏ လက်ရှိ အဆင့်ထက် ပိုမိုအားကောင်းနေလိမ့်မည်ဟု အမှန်တကယ် မမျှောင်လင့်ထားသော်လည်း ၎င်းသည် သူ၏ ဝှက်ဖဲတစ်ခုဖြစ်နေဆဲပင်။
အာရန်သည် စနစ်ဆီမှ ချမှတ်ပေးထားသည့် ချစ်သူ လမ်းကြောင်းအား အပြီးသတ်နိုင် ရန်အတွက်လည်း ဖန်းယုအား ကြိမ်းသေပေါက် လိုအပ်နေသေး၏။
"ဖန်းယုကော....." အာရန်သည် စိတ်ပူသောလေသံဖြင့် မေးလိုက်သည်။
"သူမ အသက်ရှင်နေပါသေးတယ်" ဟု ယီလန်မှ ပြောလိုက်သောအခါမှသာ အာရန်တစ်ယောက် သက်ပြင်းချလိုက်နိုင်သည်။
"သူမ အသက်ရှင်နေသရွေ့ အဆင်ပြေတယ်။ ဒါနဲ့ မင်းခုနက ပြောတဲ့ အရှေ့ဘက် တိုက်ရဲ့ ပြဿနာက ဘာများလဲ"
"အရှေ့ဘက် တိုက်ကြီးဟာ တောင်ပိုင်း တိုက်ကြီးနဲ့ စစ်ဖြစ်နေတယ်။ နှစ်ဖက်စလုံးကလည်း အရေးပါတဲ့သူ အတော်များများကို ဆုံးရှုံးထားရကြတယ်။ မိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲအတော်များများဟာ သူရဲကောင်း အကယ်ဒမီရဲ့ ပါမောက္ခတွေနဲ့အတူ တိုက်ပွဲမှာ အပြန်အလှန်တိုက်ခိုက်ရင်း သေဆုံးခဲ့ကြတယ်"
"မင်း အစောပိုင်းကပြောတော့ သူရဲကောင်း အကယ်ဒမီက ဘာမှ မလုပ်ခဲ့ဘူးဆို။ နှစ်ဖက်စလုံး အချင်းချင်း ထိမ်းထားနိုင်တယ်လို့ ပြောခဲ့တယ်မလား....။"
"အဲဒါက အစပိုင်းနှစ်တွေကပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အရှေ့တိုက်အတွင်းမှာပဲ အကြီးအကဲတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ပြီး အဲ့ဒီကိစ္စမှာ သူရဲကောင်း အကယ်ဒမီ ဝင်ရောက်ပတ်သတ်နေတဲ့ အချက်တွေကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အခြေအနေတွေ ပိုပြီး တင်းမာလာခဲ့တယ်"
"အဲဒီကိစ္စဖြစ်ပွားပြီးမကြာဘူး တောင်ပိုင်းတိုက်က အရှေ့ဘက် တိုက်ကို ပထမဆုံး ကျူးကျော်စစ် စတင်ခဲ့တယ်။ သူရဲကောင်း အကယ်ဒမီက အရင်ဦးဆုံး မိစ္ဆာဂိုဏ်းကို စတင် အပြစ်တင်လာခဲ့တယ်။ သူတို့ရဲ့ ပါမောက္ခတစ်ဦးကို မိစ္ဆာဂိုဏ်းဝင်တစ်ဦးက သတ်ခဲ့တယ်လို့ စွတ်စွဲချက်နဲ့ပေ့ါ"
"ဘယ်ဘက်က အမှန်ပြောနေတယ်ဆိုတာကိုတော့ ကျွန်မ အနေနဲ့မသိနိုင်ခဲ့ဘူး။ ဘယ်သူကမှလည်း ဒီကိစ္စကို မှန်ကန်ကြောင်း စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိခဲ့ဘူး။ ဒါပေမယ့် စစ်ပွဲစတင်ပြီဆိုတာနဲ့ ဘယ်ဘက်ကမှ တွန့်ဆုတ်မနေခဲ့ကြဘူး"
ယီလန်၏ ရှင်းပြချက်အား ကြားလိုက်ရသောအခါ အာရန်တစ်ယောက် ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။
သူရဲကောင်း အကယ်ဒမီသည် လိမ်ဆင်တစ်ခုဖန်တီးကာ သန့်စင် အင်ပါယာ ပြန်လည်နာလန်မထူနိုင်မီ မိစ္ဆာဂိုဏ်းအား လက်ဦးမှုရယူကာ တိုက်ခိုက်ရန် အကြောင်းပြချက်အဖြစ် ဖန်တီးခဲ့ခြင်းလား....။
သို့မဟုတ် ဤဖြစ်ရပ်များတွင် အရိပ်ထဲမှနေ၍ အရာအားလုံးကို ကြိုင်းကိုင် ခြယ်လှယ်နေသူ တစ်စုံတစ်ဦး အမှန်တကယ် ရှိနေခဲ့သည်လား....။
ထိုစဥ်အာရန်သည် ပရောဖက်ဆိုသည့် ကမ္ဘာကူးပြောင်းလာသူတစ်ယောက် အကြောင်းကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။
အာရန်သည် ထိုသူအား ကမ္ဘာကူးပြောင်းလာသူတစ်ဦး ဖြစ်မှန်း အစောကတည်းက သံသယရှိခဲ့သော်လည်း အခွင့်အရေးမရခဲ့သဖြင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။
"ကိုယ်သာ အဲဒီမှာ ရှိနေခဲ့ရင် သူရဲကောင်း အကယ်ဒမီဆီက သတင်းအချက်အလက် တွေပိုပြီး စုဆောင်းနိုင်ခဲ့မှာပဲ။ ဒါပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူး။ ဒါနဲ့ ထပ်ပြောပါဦး လက်ရှိစစ်ပွဲရဲ့ အခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ"
"အင် အခြေအနေက မိစ္ဆာဂိုဏ်းအတွက်ဆိုးဝါးနေတယ်ဆိုရမယ်။ သူရဲကောင်း အကယ်ဒမီရဲ့ လက်ရှိ ခေါင်းဆောင်အသစ်က တကယ်ကို လိမ္မာပါးနပ်ပြီး ခွန်အားလည်း အတော်ကြီးမားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ မိစ္ဆာဂိုဏ်းဘက်က ဆုံးရှုံးမှု အတော်များခဲ့တယ်"
"ဂိုဏ်းချုပ်ဖန်းယုကိုယ်တိုင်တောင် တိုက်ပွဲရဲ့ အခြေအနေကို မပြောင်းလဲနနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူမ ပေါ်လာတိုင်း အကယ်ဒမီရဲ့ ခေါင်းဆောင်သစ်က သူမကို ထိန်းချုပ်ထားနိုင်လို့ပဲ။ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံး တိုက်ပွဲတောင် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတင် ဖြစ်သွားခဲ့သေးတယ်။ ခုလောလောဆယ်တော့ နှစ်ယောက်စလုံး ပြင်းထန်တဲ့ ဒဏ်ရာကိုယ်စီနဲ့ ပြန်ပြီးကုသမှုခံယူနေကြရတယ်"
" အကယ်ဒမီရဲ့ ခေါင်းဆောင်အသစ်လို့ မင်း ပြောလိုက်တာလား။ အဲဒါက..."
အာရန် မည်သည့်အရာများဖြစ်ပျက်သွားသည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်လိုက်ပြီဖြစ်၏။
အာရန်သည် ထိုတောင်ဘက်တိုက်ရှိ ဇာတ်လိုက်အား ရင်ဆိုင်ရန်အတွက် အချိန်များစွာ ရခဲ့လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိသည်။
ထိုဇာတ်လိုက်သည် သူရဲကောင်း အကယ်ဒမီ၏ ကျောင်းအုပ် မစ်ထ်ထံမှ သစ္စာဖောက်ခြင်းကို ခံခဲ့ရသော ပထမသူရဲကောင်းမှ လူပြန်ဝင်စားထားသူလည်း ဖြစ်လေသည်။
ငါးနှစ်တာအချိန်သည် ထိုဇာတ်လိုက်၏ ရည်မှန်းချက်များပြည့်ဝရန်အတွက် လုံလောက်သော အချိန်ကာလတစ်ခု ဖြစ်သည်။
'ကံကောင်းလို့ မစ်ထ်ရဲ့ သွေးကို အစောပိုင်းကတည်းက ယူထားနိုင်ခဲ့တယ်။ တကယ်လို့ ခုထိမရယူနိုင်သေးဘူးရင်တော့ ခုလိုအခြေအနေတွေနဲ့ အခွင့်အရေးရဖို့ မလွယ်တော့ဘူး'
အာရန်သည် သူ၏ နဖူးကို ပြန်လည်ပွတ်သပ်ရင်း တွေးလိုက်မိ၏။
ထို့နောက် ယီလန်ဆက်ပြောလာမည့်စကားများကို နားစွင့်နေလိုက်သည်။
"သူရဲကောင်း အကယ်ဒမီရဲ့ ခေါင်းဆောင်သစ်က လူငယ်တစ်ယောက်ပါ။ သူက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ အကယ်ဒမီကို ဝင်ရောက်ခဲ့တဲ့သူလို့လဲ သိရတယ်။ သူက ထူးထူးခြားခြား S-အဆင့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး အဲဒီအစွမ်းနဲ့ပဲ မစ်ထ်ကို ဖိနှိပ်နိုင်ခဲ့ပြီး အကယ်ဒမီရဲ့ ခေါင်းဆောင်ရာထူးကို လက်လွှဲရယူနိုင်ခဲ့တယ်လို့ ပြောကြတာပဲ"
"သူက မစ်ထ်ကို သတ်ခဲ့သေးလား"
"လူအများစုကတော့ သူသတ်လိုက်ပြီလို့ ယုံကြည်ကြပေမယ့် ဘယ်သူမှတော့ တပ်အပ်မပြောနိုင်ခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ သူ့ ရုပ်အလောင်းကို ဘယ်သူမှ မမြင်ခဲ့ရလို့ပဲ။ ပြီးတော့ သူက မစ်ထ်ကို ကိုယ်တိုင် ဖမ်းချုပ်ထားတယ်ဆိုတဲ့ ကောလာဟလအချို့လည်း ရှိနေတယ်။"
"နောက်ထပ် ပိုပြီး အရေးးပါတဲ့ ကောလာဟလအချို့ကတော့ ခုတက်တဲ့ ခေါင်းဆောင်အသစ်ဟာ အထက်ကမ္ဘာကပုဂ္ဂိုလ်တွေနဲ့ပါ ဆက်စပ်မှု ရှိနေတယ်ဆိုတဲ့အချက်ပဲ"
"မင်း ကိုယ့်ကို သတင်းအသစ်တစ်ခုပြောပြတိုင်း အခြေအနေက ပိုပြီးတော့ ဆိုးရွားလာသလိုပဲ။ ဒါပေမယ့် အဲဒီခေါင်းဆောင်သစ်က ဖန်းယုထက် ပိုပြီး ခွန်အားမကြီးလာသေးပဲ တော်သေးတယ်ပြောရမယ်။ သူတို့ နှစ်ဦးစလုံးတိုက်ခိုက်ရင်း ဒဏ်ရာရသွားခဲ့တယ်ဆိုတော့ နှစ်ယောက်စလုံး နာလန်ပြန်ထူဖို့ အချိန်အတော်လေး ယူရလိမ့်ဦးမယ်လို့ ဆိုလိုတယ်မလား။ ဒါက ကိုယ့်အတွက် အချိန်နဲနဲ ပိုပေးလိုက်သလိုပဲထင်တယ်"
ယခုအခြေအနေအရ အင်အားအကြီးဆုံး နှစ်ဖက် ခေါင်းဆောင်နှစ်ဦးသည် စစ်ပွဲမှ ယာယီ ထွက်ခွာသွားခဲ့ပြီဖြစ်သဖြင့် စစ်ပွဲ၏ မျှခြေသည် ချက်ချင်း ပြောင်းလဲသွားရန် အခွင့်အရေး နည်းသွားခဲ့ပြီဖြစ်၏။
၎င်းက ကံကောင်းစွာဖြင့် တည်ငြိမ်သော အခြေအနေအချို့ကို ဆောင်ကျဥ်းပေးနိုင်လေသည်။
အကယ်၍ သူ၏ ကိုယ်ပွားသည်သာ ပြည်တွင်း ပုန်ကန်မှုကို အချိန်မီ အဆုံးသတ်နိုင်၍ သန့်စင် အင်ပါယာအား ပြန်လည်သိမ်းပိုက်နိုင်မည်ဆိုပါက အရှေ့တိုက်နှင့် တောင်ဘက်တိုက် စစ်ပွဲတွင် သွားရောက်ကူညီကာ အခြေအနေများကို ပြောင်းလဲစေနိုင်လိမ့်မည်။
'ဒါပေမယ့် သူက င့ါရဲ့ ကိုယ်ပွားအဆင့်ပဲ ရှိတာလေ။ ဒီ ကိစ္စကြီးတစ်ခုလုံးကို ဖြေရှင်းဖို့ သူမှာ လုံလောက်တဲ့ ခွန်အားတွေ ရှိမနေဘူး။ သူ့မှာ မီးမောင်းထိုးပြနိုင်တဲ့ အားနည်းချက်ကြီးကြီးမားမားလည်း ရှိနေသေးတယ်။ ဒ့ါကြောင့် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။ ငါသာ တစ်ခုခု ပြုလုပ်ချင်မယ်ဆိုရင် အဲဒီကို ကိုယ်တိုင် သွားရောက်နိုင်ဖို့ လိုနေတယ်။ ဒါပေမယ့် ဘယ်လိုသွားရမလဲ'
အာရန်သည် ထိုအရာအတွက် စိတ်ဖိစီးမှုအချို့ကို စတင်ခံစားနေရပြီဖြစ်သည်။
ဂိတ်တံခါးပေါက်မှတစ်ဆင့် ကိုယ်တိုင် ပြန်သွားစရာမလိုဘဲ လက်ရှိ အခြေအနေကို ထိန်းချုပ်နိုင်မည့် နည်းလမ်းတစ်ခုခု ရှာတွေ့ရန် လိုအပ်နေလေပြီ။
"ဂိတ်တံခါးပေါက်မသုံးပဲ အောက်ကမ္ဘာတွေကို ပြန်ဆင်းသက်နိုင်တော့မှာမဟုတ်ဘူး"
အာရန်တစ်ယောက် စိတ်ပျက်စွာ ညီးတွားလိုက်မိသည်။
သို့သော် ထိုသို့ပြောလိုက်မိသည့် အချိန်ခဏမှာပင် သူ၏ မျက်လုံးအရောင်များ ပြန်လည်လင်းလက်လာခဲ့၏။
"ဆင်းသက်ခြင်း"
အလင်းနတ်ဘုရားမသည် အောက်ကမ္ဘာများနှင့် ဆက်သွယ်မှုများပြုလုပ်ရန်နှင့် သန့်စင် ပရောဟိတ်မ၏ ခန္ဓာကိုယ်အတွင်းသို့ စိတ်ဝိညာဥ် ပူးကပ်နိုင်ရန် "ဆင်းသက်ခြင်း" အစွမ်းကို အသုံးပြုခဲ့လေသည်။
သူမ၏ ဝိညာဉ်သည် အလွန် အားကောင်းလွန်းနေပြီး သာမန်လူသားတစ်ဦး၏ ဝိညာဉ်ထဲတွင် အချိန်ကြာကြာ မနေနိုင်ခဲ့ပေ။
သို့သော် အာရန်မှာမူ ကွဲပြားလေသည်။
အာရန်၏ သန့်စင်ဧကရာဇ်အဖြစ်ဟန်ဆောင်ထားသော ကိုယ်ပွားသည် အာရန်၏ ခန္ဓာကိုယ်မှ တိုက်ရိုက်ပွားယူထားခြင်းဖြစ်သဖြင့် ၎င်းတို့နှစ်ဦးစလုံးသည် လုံးဝတစ်ထေရာတည်းနီးပါး တူညီသည်ဟု ဆို၍ရလေသည်။
သူသည်သာ ထိုအစွမ်းကို ကောင်းစွာ သင်ယူနိုင်မည်ဆိုပါက အခြေအနေများကို ယာယီ ထိန်းချုပ်ရန်အတွက် သူ၏ ကိုယ်ပွားထံသို့ စိတ်ဝိညာဥ် ထိမ်းချုပ်မှု အချို့ပြုလုပ်ကာ အောက်ကမ္ဘာသို့ ခေတ္တပြန်သွားနိုင်ပေလိမ့်မည်။
ထို့ပြင် အာရန်သည် သူ၏ စနစ်ကိုပါ အပါယူသွားနိုင်ချေရှိလေသည်။
'ကံမကောင်းစွာနဲ့ ဒီအစွမ်းကို အသုံးပြုနိုင်တဲ့ အလင်းဘုရားကျောင်းက ဘယ်ကမှန်းမသိတဲ့ ကလေကချေ တစ်ကောင်ကြောင့် ပျက်စီးသွားခဲ့ရပြီ။ င့ါအနေနဲ့ ဒီ ဆင်းသက်ခြင်း အစွမ်းကို သင်ယူချင်ရင်တယ်ဆိုရင်တောင် မရနိုင်တော့ဘူး။ ဒါပေမယ့် နေဦး…. အဲ့မှာ အသက်ရှင်ကျန်ရစ်သူတချို့တော့ ရှိနိုင်ကောင်းပါရဲ့။ ငါကိုယ်တိုင် သူတို့ကို သွားရှာကြည့်မှပဲ အဖြေကို သိနိုင်လိမ့်မယ်'