← Chapters

သူမ ဘယ်လိုလုပ် သိသွားရတာလဲ

Vol. 44 Ch. 645

သူမ ဘယ်လိုလုပ် သိသွားရတာလဲ

Vol. 44 Ch. 645

တစ်လခန့်ကြာပြီးနောက် ...

“သူ့ကို ခုထိ ရှာမတွေ့သေးဘူးလား” နှင်းပျိုဖြူနန်းတော် ၌ ထရီဆာသည် သူမ၏ ပလ္လင်ပေါ်တွင် ထိုင်နေခဲ့၏။

သူမ မျက်လုံးများ၌ အညိုရောင် အကွင်းတစ်ကွင်းစီရှိနေခဲ့ကာ ထိုအရာကပင် သူမအား ကာလကြာရှည်စွာ အိပ်စက်ခြင်းမရှိခဲ့ကြောင်း သက်သေပြလျက်ရှိ၏။

“အရိပ်အယောင်လေး နည်းနည်းလောက်တောင် ရှာမတွေ့ရပါဘူး သခင်မ”

အခြားသော အကြီးအကဲများသည်လည်း ထရီဆာနည်းတူပင် ပင်ပန်းနွမ်းနယ်နေကြဟန် ပေါ်လေသည်။

နန်းတော်သခင်မသည် အာရန်အား ရှာဖွေရန်ကျိုးစားနေစဥ်တွင် သူမတို့အား အချိန်တစ်ခဏမျှပင် အနားယူခွင့် မပေးခဲ့ပေ။

သူမတို့သည် ဗဟိုတိုက်ကြီအတွင်းသို့ ဝင်ရောက်နိုင်သည့် အရေးပါသော ဝင်ပေါက်နေရာမှန်းသမျှကို အချိန်ပြည့် စောင့်ကြပ်နေခဲ့ရသည်။

အာရန်အား လွတ်မြောက်စွားစေမည်စိုး၍ တစ်စက္ကန့်မျှပင် ပေါ့လျော့၍ မရခဲ့ပေ။ သို့သော်လည်း ထိုတစ်လလုံး၌ အာရန်၏ အရိပ်အယောင်ကိုပင် သူမတို့ လုံးဝ ရှာမတွေ့ခဲ့ကြပေ။

“သူက ဗဟိုတိုက်ကြီး ကို သွားဖို့ ရည်ရွယ်ထားတာ မဟုတ်ရင်ရော”

“မဖြစ်နိုင်ဘူး။ အဲဒီနေရာက သူ စိတ်ဝင်စားတဲ့ တစ်ခုတည်းသော နေရာပဲ။ အခုချိန်ထိ မမိသေးဘူးဆိုရင်တော့ အဓိပ္ပာယ် တစ်ခုပဲ ရှိတယ်...”

နန်းတော်သခင်မ သည် စိုးရိမ်ပူပန်မှု လွန်ကဲလာကာ သူမ၏ မျက်နှာကို လက်ဖြင့် ပြန်အုပ်ထားလိုက်မိသည်။

“ဘာကို ဆိုလိုတာလဲ” အကြီးအကဲ တစ်ဦးသည် မနေနိုင်တော့ပဲ သခင်မအား ထ၍ မေးလိုက်သည်။

“သူက နင်တို့ တားဆီးထားနေရင်းကနေ လွတ်မြောက်သွားပြီလို့ဆိုလိုတာပဲ။ ခုအချိန်လောက်ဆို သူ့အနေနဲ့ ဗဟိုတိုက်ကြီးရဲ့ တစ်နေရာရာ ကို ရောက်သွားလောက်ပြီ” ဟု နန်းတော်သခင်မမှ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်၏။

သူမအနေနှင့် အထိတ်လန့်ရဆုံး အရာတစ်ခုသည် အမှန်တကယ် ဖြစ်ပျက်သွားခဲ့ပြီဟု ယုံကြည်မိလိုက်သည်။

အာရန် သည် ဗဟိုတိုက်ကြီး အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးဖြစ်ကာ သူမတို့သည် သူ့အား တားဆီးရန် ပျက်ကွက်ခဲ့ကြသည်။

သူ၏ အခြားတစ်ဖက်သည်သာ ထိုအရာကို သိရှိသွားပါက သူမတို့ နန်းတော်တစ်ခုလုံးသည် ထိုအကျိုးဆက်ကို ပြန်လည်ပေးဆပ်ရပေလိမ့်မည်။ ထိုသို့ မဖြစ်မှီ သူမအနေဖြင့် အာရန်အား ပြန်လည်ခေါ်ဆောင်နိုင်ရန် လိုအပ်လေသည်။

ထို့နောက် ထရီဆာသည် ရုတ်တရက် ထရပ်လိုက်ပြီး အကြီးအကဲများအား “ဒီတစ်ခါ ငါ ဗဟိုတိုက်ကြီးကို တစ်ယောက်တည်း သွားမယ်နင်တို့ ခဏ နားဦး” ဟု ပြောလိုက်သည်။

“နန်းတော်သခင်မ...ဒါက”

အကြီးအကဲများသည် နန်းတော်သခင်မ ထရီဆာ၏ စကားကြောင့် အံ့ဩတုန်လှုပ်သွားခဲ့ကြကာ သခင်မအနေနှင့် ဗဟိုတိုက်ကြီးသို့ အဘယ့်ကြောင့် ရုတ်တရက် တစ်ယောက်တည်း သွားချင်ရသည့်အကြောင်းကို နားမလည်နိုင် ဖြစ်သွားခဲ့ကြ၏။

“နောက်တစ်ပတ်လောက်ဆိုရင်ပဲ ကျွန်မတို့ရဲ့ ဒီနှစ် လူသစ်စုဆောင်းရေး အခမ်းအနား စတင်ဖို့ ရှိနေပါတယ်။ သခင်မအနေနဲ့ နန်းတော်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ တခြားဂိုဏ်းတွေနဲ့ ချစ်ကြည်ရေး ပြိုင်ပွဲတွေလည်း ရှိနေပါသေးတယ်။ ပြီးတော့ အော်ရာတည်ဆောက်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကိုလည်း သခင်မ.....”

“တော်လောက်ပြီ”

နန်းတော်သခင်မ၏ တားမြစ်လိုက်သံသည် ခန်းမအတွင်း၌ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

“ငါ ဆုံးဖြတ်ပြီးပြီ။ မင်းတို့ကိုယ်တိုင်ပဲ ဒီကိစ္စတွေကို ကိုယ်တိုင် ကြီးမှူးလိုက်ကြ။ ပြိုင်ပွဲအတွက်ကတော့ လအနည်းငယ်လောက် ထပ်ရွှေ့ဆိုင်းလိုက်ပါ။ အော်ရာတည်ဆောက်မှုနဲ့ပါတ်သတ်တဲ့ ဆွေးနွေးပွဲကိုလည်း နောက်မှ အေးဆေးကျင်းပလို့ ရပါတယ်။ အခုချိန်မှာ ငါ့အတွက် ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေတယ်”

ထရီဆာသည် ဟင်းလင်းပြင်ဂိတ်တံခါးတစ်ခုကို ဖွင့်ကာ ဗဟိုတိုက်ကြီး သို့ ကိုယ်တိုင် ဝင်ရောက်၍ အာရန်အား ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

သူမသည် အကြီးအကဲများ၏ မကျေမနပ် တီးတိုးပြောဆိုသံများကို ဂရုမစိုက်ဘဲ ထိုနေရာမှ ထွက်ခွာသွားတော့၏။

“ဟူး....။ ငါတို့ နန်းတော်သခင်မကတော့လေ..... မြီးကောင်ပေါက်မလေး တစ်ယောက်လို့ အချစ်ရူးရူးပြီး လုပ်ချင်တာတွေ လျှောက်လုပ်နေတော့တာပဲ....”

.................

“ဒီနေရာလား”

ဗဟိုတိုက်ကြီး သို့ ဝင်ရောက်ပြီးနောက် အာရန် သည် သူ၏ အသွင်ပြောင်းလဲခြင်းအစွမ်းကို ပြန်လည် ဖယ်ရှားလိုက်လေသည်။

ဤနေရာသည် နှင်းပျိုဖြူနန်းတော်၏ သြဇာသက်ရောက်မှု လုံးဝ မရှိတော့ပေ။

အာရန်သည် သူ့အား ဖမ်းဆီးရန် သတ်မှတ်ထားသော ဆုကြေးငွေကိစ္စကိုလည်း စိုးရိမ်ပူပန်နေစရာမလိုတော့သဖြင့် ဤဗဟိုတိုက်ကြီး တွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီဖြစ်၏။

“ဒီထိ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

ထို့နောက် အာရန်သည် အော်ရာကျောက်တုံးများဖြင့် ပြည့်နှက်နေသော အိတ်တစ်လုံးအား သူ့အားလိုက်ပါပို့ဆောင်ပေးသူကို ပြန်ပေးလိုက်သည်။

၎င်းတို့သည် အထက်လောကတွင် အသုံးပြုသည့် ငွေကြေးတစ်မျိုးဖြစ်လေသည်။

အာရနတစ်ယောက် ယခု အသုံးပြုလိုက်သော အော်ရာကျောက်တုံးများသည် နှင်းပျိုဖြူနန်းတော် မှ ခိုးယူခဲ့ခြင်းဖြစ်ပြီး တစ်နေ့နေ့တွင်တော့ အတိုးနှင့်တကွ ပြန်ပေးဆပ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကတိပြုထား၏။

“ဒီဗဟိုတိုက်ကြီးက ငါ ဟိုကျူးကျော်သူ သူခိုးကောင်ရဲ့ မှတ်ဉာဏ်ထဲမှာ မြင်ခဲ့ရတာထက် အပြင်မှာ မြင်ရတာက ပိုပြီးတော့တောင် ခမ်းနားကြီးကျယ်နေပါလား...”

‘အိုရိုရာမြို့တော်’ ဟူသော အမည်သည် ခမ်းနားထည်ဝါသော မြို့တော်ဝင်ပေါက်၏ အပေါ်ဘက်၌ တင့်တယ်စွာ ချိတ်ဆွဲထားလေသည်။

ထိုစာလုံးများကို မြင်ရုံဖြင့်ပင် နတ်ဘုရားတစ်ပါးမှ ကိုယ်တိုင် ထွင်းထုထားသည့်နှယ် ခံစားလိုက်ရကာ မြင်လိုက်သူတိုင်းအား ထိုစာလုံးများ၌ ၎င်းနတ်ဘုရား၏ ကောင်းချီးစွမ်းအင်များ ကို သယ်ဆောင်ထားသည်ဟု ခံစားမိလိုက်စေသည်။

ထိုစာလုံးများသည်ပင် သူ့အား အလိုလို ဒူးထောက်ကာ ဝတ်ပြု ကိုးကွယ်ချင်စိတ်များပေါ်လာစေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ထို့နောက် အာရန်သည် ပတ်ပတ်လည်အား ဝေ့ဝိုက် လှည့်ကြည့်လိုက်သောအခါ အားနည်းသော လူအများအပြားသည် ဝင်ပေါက်ဝ၌ ဒူးထောက်နေကြပြီး ရှေ့သို့လည်း မတက်နိုင်၊ နောက်သို့လည်း မဆုတ်နိုင်ဟူသော အခြေအနေမျိုး၌ တစ်နေကြသည်ကို တွေ့လိုက်ရသည်။

“ငါ့ရဲ့ စိတ်ဝိညာဥ်သာ လုံလောက်အောင် အားမကောင်းဘူးဆိုရင် သူတို့လို ဖြစ်သွားခဲ့လိမ့်မယ်ထင်တယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ နေရာလဲ”

ထိုစာလုံးများ၏ စွမ်းအားအား တွန်းလှန်နိုင်လောက်အောင် ခွန်အားကြီးမားသူများကိုသာလျှင် ဤမြို့တော်အတွင်းသို့ ဝင်ရောက်နိုင်ရန် အလိုလို ကန့်သတ်လိုက်သကဲ့သို့ပင်။

ထို့နောက် အာရန်သည် ထိုမြို့တော် အမည်ရေးထိုးထားသော ဆိုင်းဘုတ်အောက်မှပင် အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

“ဒီနေရာက အလင်းဘုရားကျောင်း တည်ရှိခဲ့တဲ့ နေရာလား”

မြို့ထဲသို့ ဝင်ရောက်လိုက်ပြီးနောက် အာရန်အနေနှင့် ပထမဆုံး လုပ်ဆောင်ခဲ့သည်မှာ မြို့၏ အလယ်ဗဟိုသို့ သွားရောက်ခြင်းဖြစ်ပြီး ထိုနေရာ၌ ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခုကို တွေ့ရှိလိုက်သည်။

ဘုရားကျောင်း၏ အရိပ်အယောင်ဟူ၍ အနည်းငယ်မျှပင် မတွေ့ရတော့ပဲ ပျက်စီးယိုယွင်းနေသော အပိုင်းအစအချို့ကိုသာ တွေ့ရလေသည်။

ဘုရားကျောင်းကြီးတစ်ခုလုံးသည် လေထဲ၌ပင် ရုတ်တရက် ပျောက်ကွယ်သွားသည့်နှယ် အုတ်တစ်ချပ် သဲတစ်ပွင့်ပင် မကျန်တော့ဘဲ လုံးဝ ကွယ်ပျောက်ခဲ့ခြင်းဖြစ်လေသည်။

“ဘယ်လို လူမျိုးက ဒီနေရာကို ဒီလောက် အလွယ်တကူ ဖျက်ဆီးပစ်နိုင်ရတာလဲ” အာရန် သည် သူ၏ရှေ့မှ အပျက်အစီးပုံကြီးကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်စွာ ဖြင့် အတွေးပွားလိုက်မိ၏။

“အထက်လောက ဆိုတာက တကယ်ပဲ နတ်ဘုရားနယ်မြေတွေပဲမဟုတ်လား။ အဲ့တော့လဲ ဘာမဆို အချိန်မရွေး ဖြစ်ပျက်သွားနိုင်တာပေါ့လေ”

ထို ချိုင့်ခွက်ကြီးတစ်ခုလုံးသည်ပင် အာရန်၏ မိခင် ကမ္ဘာမြေပေါ်ရှိ မြို့တစ်မြို့လုံးစာလောက် အရွယ်အစား ကြီးမားနေခဲ့ပြီး ၎င်းသည် အလင်းဘုရားကျောင်း တည်ရှိခဲ့သော ဧရိယာတစ်ခုလုံးကို ကာမိလေသည်။

“အလင်းဘုရားကျောင်းဟာ အင်အားကြီးမားတဲ့ တစ်စုံတစ်ယောက်ကို ပြစ်မှားမိခဲ့တာဖြစ်ရမယ်။ တကယ်ကို ကံမကောင်းလိုက်တာ”

ထိုအပျက်အစီးများကို ခဏမျှ ဆက်လက်ကြည့်ရှုနေပြီးနောက် အာရန်သည် ထိုချိုင့်ခွက် အတွင်းသို့ ခုန်ဆင်းလိုက်သည်။

သူသည် ချိုင့်ခွက် အတွင်းသို့ လျှောက်လှမ်းသွားခဲ့ရာ ထိုနေရာတွင် လူထောင်ပေါင်းများစွာဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

သူတို့သည် မြေကြီးများကို တူးဆွနေကြပြီး ပျက်စီးမှုအတွင်း ကျန်ရစ်ခဲ့နိုင်သော ဘုရားကျောင်း၏ အမွေအနှစ်များ အပါအဝင် ရတနာပစ္စည်းများကို ရှာဖွေရန် ကြိုးပမ်းနေကြခြင်းဖြစ်လေသည်။

“ဒီလိုအခြေအနေမျိုးမှာ အသုံးဝင်တဲ့ အရာတွေကို ရှာတွေ့နိုင်ဖို့က တကယ်ပဲ ခက်ခဲလိမ့်မယ်”

ချိုင့်ခွက် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် အာရန်သည် အပေါ်သို့ပြန်တက်လာခဲ့သည်။

သူကိုယ်တိုင် အပင်ပမ်းခံ မရှာဖွေတော့ဘဲ တူးဆွနေကြသော အခြားသူများကိုသာ စောင့်ကြည့်နေရန်ဆုံးဖြတ်လိုက်သည်။

ဤကဲ့သို့သော သောနေရာမျိုးတွင် ကိုယ်တိုင် ရှာဖွေခြင်းထက် အခြားသူများ ရှာဖွေတွေ့ရှိပြီမှ သွားရောက် လုယက်ခြင်းက ပို၍ လွယ်ကူသော အလုပ်တစ်ခု ဖြစ်လေသည်။

ထိုအတောအတွင်း အာရန်သည် အလင်းဘုရားကျောင်း နှင့် ပတ်သက်၍ သူ့ကဲ့သို့ အခြားသော စောင့်ကြည့်လေ့လာနေသူများအနီးသို့ ချဉ်းကပ်သွားခဲ့၏။

“တကယ်ပဲ ကံမကောင်းဘူး။ အလင်းဘုရားကျောင်း ဟာ တစ်ခဏအတွင်းမှာပဲ ပျက်စီးသွားခဲ့ရတယ်”

“အဲ့လိုမပြောနဲ့ တကယ်က သူတို့ ခုလို ပျက်စီးသွားတာ တကယ်က ဝမ်းသာစရာကိစ္စတစ်ခုပဲ။ သူတို့ရဲ့ အရင်ခေါင်းဆောင် သေဆုံးသွားပြီးတဲ့နောက် ဒီဘုရားကျောင်းတစ်ခုလုံးကို နောက်လူတွေက ငရဲခန်းတစ်ခု ဖြစ်အောင် ဖန်တီးခဲ့ကြတာလေ။ အမွေခံ တိုက်ပွဲမှာတင် အသက်ပေါင်းများစွာကို စတေးခဲ့ရတယ်။ ဒီအတောအတွင်းလည်း သူတို့အနေနဲ့ ရန်သူတွေ အများကြီး ဖန်တီးမိခဲ့တာမို့ ဒီလိုဖြစ်သွားတာ အံ့ဩစရာတော့လည်း သိပ်မရှိပါဘူး”

အာရန် သည် ထိုကဲ့သို့သော မှတ်ချက်မျိုးကို ကြားရလိမ့်မည်ဟု တကယ် မမျှော်လင့်ခဲ့ပေ။

ဤနေရာမှ လူများသည် အလင်းဘုရားကျောင်း ပျက်စီးသွားသည့်အတွက် ဝမ်းနည်းနေကြလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။

သို့သော် သူတို့ ဖန်တီးခဲ့သော အရှုပ်ထုပ်များကို သတိရလိုက်သောအခါ ဤကဲ့သို့ ရှုမြင်ကြခြင်းအား နားလည်ပေးနိုင်ခဲ့သည်။

“ဘုရားကျောင်း ကနေ ဘယ်သူမှ မရှင်သန်ခဲ့ဘူးလား” ဟု အာရန်မှ ဘေးနားရှိတစ်ယောက်ကို မေးလိုက်သည်။

“အင်... ကံမကောင်းစွာနဲ့ပဲ အနည်းငယ်တော့ ကျန်နေခဲ့သေးတယ်။ ဒီကိစ္စဖြစ်သွားတဲ့အချိန်မှာ ဒီမှာ ရှိမနေကြတဲ့ လူနည်းစုပေါ့”

“အကိုကြီးခင်ဗျာ သူတို့ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ ဆိုတာ ကျုပ်ကို ပြောပြလို့ ရမလား”

“မင်းက ဘုရားကျောင်း ရဲ့ မိတ်ဆွေလား”

“လုံးဝ မဟုတ်ပါဘူး။ တကယ်တော့ သူတို့ထဲက အချို့က ကျုပ်ကို ငွေကြေးအချို့ အကြွေး တင်နေခဲ့ဖူးတယ်။ ဒီကို အကြွေးပြန်တောင်းဖို့ လာခဲ့တာပါ ဒါပေမဲ့ ဒီရောက်တော့ ခုလိုဖြစ်နေတာတွေ့လိုက်ရတာပဲ။ ကံကောင်းစွာနဲ့ပဲ အချို့က အသက်ရှင်နေသေးတယ်ဆိုတော့ အဲ့ဒီအသက်ရှင်နေတဲ့လူတွေထဲမှာ ကျုပ်ကို အကြွေးပေးစရာရှိတဲ့ လူတွေများပါနေမလားလို့ပါ။ ဒါကြောင့် သူတို့ ဘယ်မှာ ရှိနေလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြလို့ ရမလား”

“အာ ဒါဆို မင်းက သူတို့ကို ပိုပြီး ဒုက္ခပေးဖို့ လာခဲ့တဲ့သူပေါ့ ကောင်းတယ် ကောင်းတယ်” ထိုသူသည် အာရန်စကားကိုကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

သူ မုန်းတီးနေသော ဘုရားကျောင်းမှလူများသည် အရာအားလုံး ဆုံးရှုံးပြီးသည့် နောက်၌ပင် အကြွေးတောင်းမည့်သူနှင့် ထပ်မံရင်ဆိုင်ရဦးမည်တဲ့လား...။

ထိုအရာကပင် သူ့အား အတော်လေးကို စိတ်ကျေနပ်စေခဲ့၏။

ထို့ကြောင့် သူသည် မည်သည့်အရာကိုမျှ မဖုံးကွယ်တော့ဘဲ အာရန်အား ပြန်ဖြေ‌ရန် ပြင်လိုက်သည်။

“သူတို့ ရှိနေမဲ့နေရာကတော့....”

“ရှင်က ဒီမှာကိုး”

ထိုအချိန်မှာပင် သာယာနာ‌ပျော်ဖွယ်ကောင်းလွန်းလှသော အမျိုးသမီးတစ်ဦး၏ စကားသံတစ်ခုကို ကြားလိုက်ရသဖြင့် အာရန်တစ်ယောက် မဲ့လဲကျလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

'ဘယ်လိုလုပ်ပြီး သူမအနေနဲ့ ငါ ဒီမှာ ရှိနေတာကို သိသွားရတာလဲ'

အာရန်သည် သူ၏ နဖူးကို ပြန်လည် ပွတ်သပ်လိုက်ပြီးနောက် သူ၏ ချစ်လှစွာသော ယောက္ခမလောင်းကြီးအား လှည့်ကြည့်၍ ပြုံးပြလိုက်သည်။

All Chapters