အခန်း (၁၅၆-၁၆၀))
Vol. 16 Ch. 156-160
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၅၆ - ၁၅၇ - ၁၅၈ - ၁၅၉ - ၁၆၀)
စကြာဝဠာတစ်ခုလုံး၏ လည်ပတ်လှုပ်ရှားမှုတို့သည် ခလုတ်ပိတ်လိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွား၏။
ကြယ်တာရာတို့၏ အလင်းသည် လမ်းခုလတ်တွင် တန့်နေပြီး၊ အချိန်၏မြစ်ရေသည် လုံးဝခဲသွားလေသည်။ ဤသည်မှာ ထျန်ရှင်းလုအတွက်တော့ ရိုးအီနေသော အဖြစ်အပျက်တစ်ခုသာ။
သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်ရပြီး အဆုံးအစမရှိသော အဖြူရောင်ကမ္ဘာကြီးတစ်ခုထဲသို့ ရောက်ရှိနေခဲ့သည်။
အပြင်တွင် ဂွေးတန်းလန်းဖြစ်နေသည်မို့၊ မူလဝိညာဉ်အခြေအနေအတိုင်း အဝတ်ဗလာ ဂွေးတန်းလန်းဖြင့် ထျန်ရှင်းလုသည် မျက်နှာသေကြီးနှင့် သူ၏ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေမိသည်။
အတောင်ပံလေးများပါသော နတ်သမီးပိစိလေးငါးယောက်သည် သူ၏ရှေ့တွင် ပျော်မြူးစွာ ကခုန်နေကြ၏။
သူတို့၏ သီချင်းသံက လန်းဆန်းတက်ကြွပြီး မြူးကြွစရာကောင်းလှသည်။ သို့သော် နေ့စဉ်ရက်ဆက် ကြားနေရသော ထျန်ရှင်းလုအတွက်တော့ ဤအရာသည် ဆူညံသံတစ်ခုအဖြစ်သာ နားထဲစွဲနေတော့သည်။
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေးတွေဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်ဟိတ်”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”
နတ်သမီးလေးများ၏ လေထဲတွင် ဝဲပျံကခုန်နေပုံမှာ အလွန်အနုစိတ်လှပပြီး သူတို့၏ အသံသေးသေးလေးများကလည်း ကြည်လင်လှသည်။
သီချင်းသံအဆုံးတွင် နတ်သမီးလေးငါးယောက်သည် လေထဲတွင် အသည်းပုံအနမ်းများ ခြွေလိုက်ကြပြီး၊ သူတို့၏ ကိုယ်လေးများမှာ ရွှေရောင်နှင့် ပလတ်တီနမ်ရောင် အလင်းအမှုန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထိုအလင်းမှုန်များသည် လေထဲတွင် ဝေ့ဝဲပေါင်းစပ်သွားပြီးနောက် လက်ဖဝါးအရွယ်အစားခန့်ရှိသော ကဒ်ငါးကဒ်အဖြစ် ဖွဲ့စည်းတည်ရှိလာသည်။
“ဒီကနေ့ရဲ့ ဂါချာကဒ်လေးကတော့ အသုံးအဆောင်ပစ္စည်းကဒ်လေးပဲဖြစ်ပါတယ်ရှင်” ဟူသော ချိုမြိန်သည့်အသံလေးတစ်ခုက အဖြူရောင်ကမ္ဘာထဲတွင် ပဲ့တင်ထပ်သွားသည်။
ရွှေရောင်တောက်ပနေသော ကဒ်သုံးကဒ်နှင့် စိန်ကဲ့သို့လက်နေသော ပလတ်တီနမ်ကဒ်နှစ်ကဒ်။
ထျန်ရှင်းလုက ပျင်းရိစွာ သမ်းဝေလိုက်ရင်း ရွှေရောင်ကဒ်သုံးကဒ်၏ အချက်အလက်များကို သူ၏စိတ်အာရုံဖြင့် လျင်မြန်စွာ ဖတ်ရှုလိုက်သည်။
ကဒ်များသည် အတော်လေးကောင်းမွန်သော်လည်း သူ၏အဆင့်နှင့်မကိုက်ညီတော့သော အသုံးမဝင်သည့်ပစ္စည်းများသာဖြစ်သည်။
သူ၏အာရုံသည် တန်ဖိုးကြီးမားလှသော ပလတ်တီနမ်ကဒ်နှစ်ကဒ်ဆီသို့သာ စုစည်းလိုက်သည်။
ပထမကဒ်ကို သူကြည့်လိုက်သည်နှင့် သူ၏မျက်ဝန်းများ အနည်းငယ် အရောင်လက်သွားသည်။
[ဂါချာကဒ်အမျိုးအစား - အသုံးအဆောင်ပစ္စည်း]
[ရုပ်ပုံ - နက်မှောင်နေသော ပုတီးစေ့များဖြင့် သီထားသည့် လည်ဆွဲ]
[အဆင့်သတ်မှတ်ချက် - ပလတ်တီနမ်]
[ကြယ် - ⭐⭐]
[အမည် - ဇော်ဂျီနတ်ဘုရား၏လည်ဆွဲ]
[စွမ်းရည် - ရုပ်ခန္ဓာပုတီး]
[ရုပ်ခန္ဓာပုတီးစွမ်းရည် အသုံးပြုပုံ - ဝတ်ဆင်သူ၏ ခွန်အားကန့်သတ်ချက်အပေါ်မူတည်၍ ပုတီးများ၏ အလေးချိန်အား လွတ်လပ်စွာ ချိန်ညှိနိုင်သည်။]
[ရှင်းလင်းချက် - ဥပမာ၊ သင်၏ရုပ်ခန္ဓာခွန်အားသည် ကီလို ၁၀၀၀၀ အား မနိုင်လျှင် ပုတီး၏အလေးချိန်ကို ပေါင် ကီလို အထိ လေးလံအောင် ချိန်ညှိနိုင်သည်။ ဤသည်မှာ ရုပ်ခန္ဓာကျင့်ကြံသူများအတွက် အကောင်းဆုံး လေ့ကျင့်ရေးအထောက်အကူ ဖြစ်သည်။]
[Passive 1 - ဝတ်ဆင်ထားလျှင် ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုများကို ရန်သူ၏အဆင့်ပေါ်မူတည်၍ အလုံးစုံကာကွယ်ခြင်းမှ အနည်းငယ်လျော့ချပေးခြင်းအထိ ကာကွယ်ပေးသည်။]
[Passive 2 - ဝတ်ဆင်ထားလျှင် ပြင်ပအပူဒဏ်၊ အအေးဒဏ်တို့ကို ခံနိုင်ရည်အား အလွန်အမင်း မြှင့်တင်ပေးသည်။]
[Passive 3 - ဝတ်ဆင်ထားလျှင် ဝတ်ဆင်သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှု၊ ပြန်လည်ကုသနိုင်စွမ်းရည်နှင့် ခွန်အားတို့ကို များစွာ မြှင့်တင်ပေးသည်။]
[အသုံးအဆောင်နှင့်ပတ်သက်သော သတင်းအချက်အလက် - ဤလည်ဆွဲသည် ဇော်ဂျီနတ်ဘုရား၏ အသုံးအဆောင်များထဲမှ တစ်ခုသာဖြစ်သည်။ ဇော်ဂျီနတ်ဘုရား၏ အသုံးအဆောင်အစုံအား စုစည်းဝတ်ဆင်နိုင်ပါက ဖုံးကွယ်ထားသော အစွမ်းထက်စွမ်းရည်များစွာကို ရရှိလိမ့်မည်။]
[စျေးနှုန်း - အသက်စွမ်းအင် နှစ် ၁ သိန်းခွဲ]
ထျန်ရှင်းလုက မျက်ခုံးပင့်လိုက်သည်။ “ဇော်ဂျီနတ်ဘုရား...” သူကစိတ်ထဲတွင် ရေရွတ်လိုက်ပြီး သူ၏ကိုယ်ရေးအချက်အလက်မှ အသက်စွမ်းအင်စုဆောင်းမှုကို ဖွင့်ကြည့်လိုက်သည်။
[အမည် - ထျန်ရှင်းလု]
[အသက်စွမ်းအင် - ၁၅၀,၀၂၁ နှစ်၊ ၃ လ၊ ၂ ပတ်၊ ၆ ရက်၊ ၄ နာရီ၊ ၃၂ မိနစ်၊ ၅၆ စက္ကန့်]
“အင်း... လောက်တော့လောက်ပါတယ်။” ထျန်ရှင်းလုက ဖျော့တော့သောလေသံဖြင့် ပြောလိုက်သည်။ သူ၏အသံထဲတွင် နှမြောခြင်းအရိပ်အယောင်များ ပါဝင်နေသည်။
ဤအသက်စွမ်းအင်များသည် သူ၏သွေး၊ ချွေး နှင့် သေမင်းခံတွင်းဝမှ ရုန်းကန်ရှာဖွေထားရသော သက်တမ်းများဖြစ်သည်။
ယခုကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတော့မည်ကို သိလိုက်ရသောအခါ ရင်ဘတ်ထဲတွင် ဟာတာတာကြီး ဖြစ်သွားရသည်။
ထျန်ရှင်းလု စုပ်သပ်လိုက်ပြီး နောက်ထပ် ပလတ်တီနမ်ကဒ်အား ကြည့်လိုက်၏။
ဤကဒ်သည်အလွန်ထူးဆန်းလွန်းပြီး ထိုကဒ်ကိုမြင်လိုက်ရသောအခါ ထျန်ရှင်းလု၏ မျက်နှာသည်ပင် အရောင်ပြောင်းသွားသည်။
သူက အနည်းငယ်ထူးဆန်းနေသော မျက်နှာဘေးဖြင့် ကဒ်၏စျေးနှုန်းကိုကြည့်သောအခါ အနည်းငယ်စိတ်ဓာတ်ကျသွားလေ၏။
ဤကဒ်၏စျေးနှုန်းမှာ အံဩစရာကောင်းလှစွာပင် အသက်စွမ်းအင်နှစ် ၅ သိန်းပင်ရှိလေသည်။
ထိုစျေးနှုန်းသာ မဟုတ်လျှင် သူကျိန်းသေပေါက်ဝယ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဤကဒ်ကို သူ၏စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး နောက်တစ်ကြိမ်ထပ်တွေ့ပါက အသက်စွမ်းအင်လုံလောက်လျှင် ကျိန်းသေပေါက်ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဇော်ဂျီနတ်ဘုရား၏လည်ဆွဲ ဂါချာကဒ်ကိုသာ သူ၏လက်ဖြင့် နှိပ်လိုက်၏။
“ဝှစ်”
ဇော်ဂျီနတ်ဘုရားလည်ဆွဲဂါချာကဒ်၏ ပလတ်တီနမ်အရောင်များသည် မျက်စိကျိန်းလောက်အောင် တောက်ပလာပြီးနောက် အလင်းမှုန်များအဖြစ်သို့ ပြိုကွဲသွားသည်။
ထိုအလင်းမှုန်များသည် သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာကာ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်ပေါင်းစပ်သွားလေ၏။
ချက်ချင်းပင်၊ အချက်အလက်များက သူ၏စိတ်ထဲသို့ ရေစီးကြောင်းကဲ့သို့ ဒလဟော ဝင်ရောက်လာသည်။
ထျန်ရှင်းလုတစ်ယောက် ဇော်ဂျီနတ်ဘုရား၏လည်ဆွဲအကြောင်းကို တစ်စက်ကလေးမှမချန်၊ တစ်စမှမကျန်၊ ခရေစေ့တွင်းကျ သိရှိနားလည်သွားတော့သည်။
သူစိတ်အာရုံပြုလိုက်သောအခါတွင် အနက်ရောင်ပုတီးစေ့များဖြင့် သီထားသော လည်ဆွဲတစ်ခုက သူ၏လည်ပင်းတွင် ပေါ်လာသည်။
ပုတီးစေ့တိုင်းသည် နက်ရှိုင်းသောစွမ်းအင်များကို သိုလှောင်ထားသကဲ့သို့ အေးစက်နေသည်။ ပြီးနောက်တွင် သူနောက်ထပ်အာရုံပြုလိုက်သောအခါ လည်ဆွဲသည် ပြန်လည်ပျောက်ကွယ်သွားလေသည်။
သို့သော် ထိုလည်ဆွဲက ကိုယ်ပျောက်သွားခြင်းသာဖြစ်ပြီး၊ သူ၏ဝိညာဉ်နှင့် ရုပ်ခန္ဓာနှစ်ခုလုံးတွင် တည်ရှိနေဆဲဖြစ်ကြောင်း သူကောင်းကောင်းသိလိုက်သည်။
“အင်း၊ ပလတ်တီနမ်ကဒ်တွေရဲ့ စွမ်းရည်က တကယ်ကို မဆိုးဘူး။ ဒီထက်အဆင့်မြင့်တဲ့ ဂါချာကဒ်တွေဆိုရင် ဘယ်လိုတောင် အစွမ်းထက်မလဲဆိုတာ သိချင်သေးတယ်။”
ထျန်ရှင်းလုက ပေါ့ပေါ့ပါးပါးရေရွတ်လိုက်ပြီးနောက် ဤအဖြူရောင်ကမ္ဘာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် သူ့ကိုယ်သူ “နတ်သမီးရှန်” ဟုခေါ်သည့် ဂါချာစနစ်၏ အုပ်ချုပ်သူအသေးလေးအား မတွေ့သောကြောင့် အနည်းငယ်လောက် ဇဝေဇဝါဖြစ်သွားရသည်။
ပုံမှန်ဆိုလျှင် သူကဒ်တစ်ခုဝယ်ယူပြီးတိုင်း သူမက ချက်ချင်းရောက်ချလာပြီး စျေးသည်တစ်ယောက်ကဲ့သို့ “နောက်လည်းလာဝယ်ဦးနော်၊ စနစ်ရှင်ကြီး” ဆိုပြီး ချွဲနွဲ့ပြောတတ်သည်။
သို့သော် ဤအရာသည် သူ့အတွက် အရေးပါသောကိစ္စလည်းမဟုတ်သောကြောင့် ထျန်ရှင်းလုက ဤအတိုင်းသာ ကျော်သွားရန်လုပ်လိုက်သည်။
သူထွက်ခွာရန် စိတ်အာရုံပြုလိုက်သည့်အချိန်မှာပင်၊ သူ၏ဘေးတွင် လေဟာနယ်တစ်ခု ရုတ်တရက်ကွဲအက်သွားပြီး ပေါ်တယ်တစ်ခုပွင့်လာသည်။ ထိုထဲမှ နတ်သမီးရှန်အသေးလေး ထွက်ပေါ်လာ၏။
“ဂေ့...” သူမကဦးစွာ လေချဥ်တတ်လိုက်၏။ သူမ၏ပါးစပ်သေးသေးလေးမှ ထွက်လာသော ပြင်းထန်လှသော ဝိုင်အနံတို့ကြောင့် ထျန်ရှင်းလု၏ မျက်နှာက ရှုပ်မဲ့သွားပြီး သူ၏နှာခေါင်းအား မသိစိတ်မှ ကာလိုက်မိသည်။
သူမ၏ ကိုယ်သေးသေးလေးထံမှလည်း ဝိုင်နံ့များက ထောင်းခနဲနံဟောင်နေသည်။ သူမ၏ ချစ်စဖွယ်ပန်းရောင်ညအိပ်ဝတ်စုံလေးမှာ ဖရိုဖရဲဖြစ်နေပြီး၊ ဆံပင်စိမ်းလေးများမှာလည်း ကပိုကရိုနှင့်ပင်။
ကြည့်ရသည်မှာ ဤနေရာသို့မလာခင် သူမ အသည်းကွဲ၍သောက်နေသည့်ပုံရသည်။
သူမ၏ အစိမ်းရောင်မျက်လုံးသေးသေးလေးမှာ ရီဝေဝေဖြစ်နေကာ နှာတရှုံ့ရှုံ့ဖြင့် ငိုမဲ့မဲ့ဖြစ်နေသည်။ သူမ၏လက်ထဲတွင်လည်း အနီရောင်ဝိုင်ထည့်ထားသည့် ဖန်ခွက်သေးသေးလေးတစ်ခုကို ကိုင်ထားသေးသည်။
သူမက ကိုယ်တုံးလုံးဂွေးတန်းလန်းဖြင့် ရပ်နေသော ထျန်ရှင်းလုအား မြင်လိုက်သောအခါ၊ ဝမ်းနည်းမှုများ ပေါက်ကွဲထွက်သွားဟန်ဖြင့် မျက်ရည်များ အတောင့်လိုက်ကျလာပြီး ငိုယိုကာ သူ့ထံသို့ ပြေးဝင်လာလေသည်။
“အဟင့်... စနစ်ရှင်ကြီး...” သူမက ငိုမဲ့မဲ့အသံဖြင့် အော်ပြောလိုက်ပြီး လက်နှစ်ဖက်အား ဆန့်တန်း၍ ထျန်ရှင်းလုအား ဖက်ရန်ကြိုးစားသည်။
ထျန်ရှင်းလုကတော့ သူမထံမှ ထွက်လာသော နံဟောင်နေသည့်ဝိုင်နံ့ကြောင့် မျက်နှာရှုံ့မဲ့ကာ နှာမှုတ်လိုက်ပြီး တစ်ချက်ကလေးမှ တုံ့ဆိုင်းမနေဘဲ အဖြူရောင်ကမ္ဘာကြီးထဲမှ မိမိ၏စိတ်အာရုံကို ရုပ်သိမ်းကာ ထွက်ခွာသွားလိုက်သည်။
ထိုအခါတွင် အသေးလေးက တစ်ယောက်တည်း လက်ကားယား၊ ကိုယ်ကားယားဖြင့် လေထဲတွင် ကျန်ခဲ့တော့သည်။
အသေးလေး “....”
တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက်...
“ဗြဲ......”
သူမ၏ ဝမ်းနည်းပက်လက်ငိုသံကြီးက အဖြူရောင်ကမ္ဘာတစ်ခုလုံးကို ပဲ့တင်သံထပ်သွားတော့သည်။
“အကျင့်မကောင်းတဲ့ စနစ်ရှင်စုတ်။ ငါလို ချောမောလှပပြီး ချစ်စရာအရမ်းကောင်းတဲ့ နတ်သမီးကိုက အရင်လာဖတ်တာကိုတောင် ထွက်သွားတယ်ပေါ့။ ငါနင့်ရဲ့ကဒ်စျေးနှုန်းတွေကို ဆယ်ဆ တင်ပစ်မယ်! ဗြဲ.....”
သူမက လက်ထဲမှ ဝိုင်နီခွက်အား ဒေါသတကြီး မြေပြင်ပေါ်သို့ ပစ်ခွဲလိုက်ကာ မျက်ရည်လည်ရွဲဖြင့် သူမ၏လက်သီးသေးသေးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မကျေမနပ် အော်ဟစ်ကျန်ခဲ့လေတော့သည်။
ထျန်ရှင်းလု အပြင်သို့ပြန်ထွက်လာသည်နှင့် ကမ္ဘာလောကကြီးသည်လည်း ပြန်လည်စတင်လာသည်။
အေးခဲနေသည့် လင်းရှောင်ကလည်း ပြန်လည်လှုပ်ရှားလို့ရလာကာ သူ၏ဦးတည်ရာသို့ထွက်ခွာသွားလေသည်။ တောထဲမှအင်းစက်များ၏ အသံသည်လည်း နားဆူစွာဖြင့် ပြန်လည်မြည်လာသလို တောထဲမှ မိတ်လိုက်နေသော မျောက်သည်လည်း ရှေ့တိုးနောက်ဆုတ်လုပ်နေသည်။
တောဘုရင်ကျားကြီးသည်လည်း သမင်ငယ်လေးကို ခုန်အုပ်ပြီး ဂုတ်ကိုကိုက်ကာ တစ်ချက်တည်းဖြင့်အသေသတ်လိုက်သည်။
အခြားသောအနီးရှိဝပ်ကာ အိပ်စက်နေသည့် သမင်များသည်လည်း ထလာကြကာ ကြောက်ရွံစွာဖြင့် အလန့်တကြား ပြေးသွားကြသည်။
တစ်ချိန်တည်းတွင် ဝံပုလွေအူသံကြီးကလည်း ထွက်ပေါ်လာလေပြီး တိတ်ဆိတ်နေသယောင်ရှိသည့် တောအုပ်ကြီးတစ်ခုလုံးတွင် ဟိန်းထွက်လာသည်။
ခနအကြာတွင် ရာနှင့်ချီသော စိတ်လှုပ်ရှားနေသည့် ဝံပုလွေများသည်လည်း လိုက်ပါ၍အူကြကာ တောအုပ်ကြီးတစ်ခုလုံးတွင် ပဲ့တင်သံထွက်ပေါ်လာသည်။
တောဘုရင်ကျားသည်တော့ ဘေးပတ်လည်ကို စိမ်းဖန့်ဖန့်သားရဲမျက်လုံးဖြင့်အကဲခတ်လိုက်ပြီး သမင်ငယ်လေးအား ကိုက်လျက်ထွက်ခွာသွားသည်။
ဝံပုလွေတစ်ကောင် နှစ်ကောင်ဆိုလျှင် သူအနိုင်ရနိုင်သော်လည်း ရာနှင့်ချီသော ဝံပုလွေများနှင့်ဆိုပါက မနက်ရောင်လျှင် သူ၏ခန္ဓာကိုယ်က အရိုးပါမကျန်ဖြစ်သွားပေလိမ့်မည်။
ည ၁၂ အချိန်လောက်ဖြစ်သည်။ မိုးရွာသွန်းထားသောကြောင့် ညကောင်းကင်ကြီးက တိမ်များရှင်းလင်းနေသည်။
ထို့အတွက်ကြောင့် လမင်းကြီးက ညကောင်းကင်၏ အထက်တွင် လှပတင့်တယ်စွာထွန်းလင်းတောက်ပနေလျက်ရှိသည်။
ထျန်ရှင်းလုသည်တော့ အဝတ်ဗလာကိုယ်တုံးဖြင့် ငိုကြွေးနေသည့် ရှောင်ယွဲ့၏ တင်ပါးဖြူဖြူလုံးလုံးလေးကို အားပါပါဖြင့် တစ်ချက်လောက်ရိုက်လိုက်သည်။
“ဖြန်းးး”
ချက်ချင်းပဲ သူမ၏အသားစိုင်ကြီးသည် ဂျယ်လီကဲ့သို့ တုန်ခါသွားလေပြီး နီရဲလာကာ လက်ဝါးရာကြီးထင်လာသည်။
သူမက တစ်ချက်လောက် နှာရှိုက်လိုက်ပြီး ထျန်ရှင်းလုအား နီရဲနေသော မျက်လုံးတို့ဖြင့် မျက်စောင်းထိုးလိုက်သည်။
ပြီးနောက်တွင် စောင်အားဆွဲယူလိုက်ပြီး ခေါင်းမှအစ၊ ခြေထောက်အထိအဆုံး တစ်ကိုယ်လုံးကိုမမြင်ရတော့အောင် ခြုံလိုက်သည်။
ထျန်ရှင်းလုသည်တော့ သူမကို လျစ်လျှူရှုလိုက်ပြီး ပေါ့ပေါ့ပါးပါးရှိသော အနက်ရောင်ဝတ်ရုံတစ်ထည်အား နှင့် အနက်ရောင်ဘောင်းဘီအား ကောက်ဝတ်လိုက်ကာ ခေါင်မိုးထပ်သို့ပြန်တတ်သွားလိုက်သည်။
ခေါင်မိုးထပ်သို့ရောက်သောအခါ ထျန်ရှင်းလုက အသက်ကိုအားရပါးရ ရှုရှိုက်လိုက်ပြီး လေပူများကိုမှုတ်ထုတ်ကာ စိတ်ကြည်လင်အောင်လုပ်လိုက်သည်။
ပြီးနောက်တွင် သူစိတ်အာရုံပြုလိုက်သောအခါ သူ၏လည်ပင်းတွင် အနက်ရောင်ပုတီးဖြင့်သီကုံးထားသော ဆွဲကြိုးတစ်ကုံးပေါ်လာလေသည်။
ပုတီးအရေအတွက်သည်စုစုပေါင်း ၆၉ လုံးဖြစ်ပြီး အလေးချိန်မှာ မရှိသလောက်ကို ပေါ့ပေါးလေသည်။ ထိုပုတီး ၆၉ လုံးကို ဆွဲထားသည့်ကြိုးဟူ၍လည်းမရှိချေ။
နားလည်လွယ်အောင်ပြောရလျှင် ထိုပုတီးလုံးများသည် သံလိုက်ကဲ့သို့တစ်ခုနှင့်တစ်ခုကပ်နေသည်ဖြစ်လေပြီး ကြိုးဖြင့်ဆွဲထားခြင်းမဟုတ်ချေ။
ထျန်ရှင်းလုက စိတ်ဖြင့်အမိန့်ပေးလိုက်သောအခါ အနက်ရောင်ပုတီး ၆၉ လုံးက သူ၏လည်ပင်းမှထွက်ခွာလာကာ လေထဲတွင်ပျံသန်းလာသည်။
“အာ့...” ထျန်ရှင်းလု ညီးတွားလိုက်ရသည်။
ချက်ချင်းပဲ သူ၏ခေါင်းက တူဖြင့်အထုခံနေရသလိုကို ကိုက်ခဲလာလေပြီး ပုတီး ၆၉ ခုလုံးကို တစ်ပြိုင်တည်းမထိန်းချုပ်နိုင်ပဲ မြေပေါ်သို့ပြုတ်ကျကုန်တော့သည်။
ပုတီးလုံး ၆၉ ခုလုံးကို ထိန်းချုပ်ဖို့ကြိုးစားသည်မှာအလုပ် ၆၉ ခုကို တစ်ပြိုင်တည်း လုပ်ဖို့ကြိုးစားနေသည်နှင့် ညီမျှလေသည်။
ထို့အတွက်ကြောင့် ယခုလောလောဆယ် ထျန်ရှင်းလုအတွက်တော့ ထိုသည်မှာ မဖြစ်နိုင်သေးချေ။ ထျန်ရှင်းလုက ထွက်လာသော နှာခေါင်းသွေးများကို သုတ်လိုက်ပြီး အာရုံပြန်စိုက်လိုက်သည်။
ချက်ချင်းပဲ ပုတီးလုံး ၆၈ လုံးက သူ၏လည်ပင်းတွင် ပြန်ရောက်လာပြီး လည်ဆွဲတစ်ခုကဲ့သို့ဖြစ်သွားသည်။ အနက်ရောင်ပုတီးတစ်လုံးသည်တော့ ထျန်ရှင်းလု၏ စိတ်အလိုအတိုင်း ပျံသန်းသွားလေနေသည်။
အမြန်ဆုံး အရှိန်မှာလည်း အတော်လေးမြန်ဆန်ပြီး သေချာတွက်ချက်ကြည့်သောအခါ သူအမြန်ဆုံးလှုပ်ရှားနိုင်သော အလျင်နှင့်ထပ်တူညီနေကြောင်း သတိထားလိုက်မိသည်။
ထျန်ရှင်းလုက သဘောတကျဖြင့် ခေါင်းညိတ်လိုက်ပြီး အနက်ရောင်ပုတီးလုံးအား သူ၏အရှေ့ ၅ ပေအကွာတွင်ရပ်တန့်စေလိုက်၏။
ပြီးနောက်တွင် သူ၏ရုပ်ခန္ဓာပုတီးစွမ်းရည်အား စမ်းသပ်အသုံးပြုလိုက်၏။ ပထမဦးဆုံး ပုတီးနက်၏ အလေးချိန်အား ၁၀၀ ကီလိုရောက်သည်အထိ အသုံးပြုလိုက်သည်။
တစ်ပြိုင်နက်ထဲတွင် ထျန်ရှင်းလု သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိအားတစ်ခုကျရောက်လာကြောင်း ခံစားလိုက်မိသည်။
သူသည် မြေဆွဲအားအခန်းသို့ မကြာခနဝင်ရောက်တတ်သည်မို့ ယခုကျရောက်လာသည့် ဖိအားသည် ၁၀၀ ကီလိုဝန်းကျင်ခန့်ရှိမည်ကြောင်း ခန့်မှန်းလိုက်မိ၏။
“အိုး..ဒီလိုအလုပ်လုပ်တာလား။ စိတ်ဝင်စားစရာပဲ။”
ထျန်ရှင်းလု၏ နှုတ်ခမ်းထောင့်တို့က စိတ်ဝင်စားဟန်ဖြင့် ကော့တတ်သွားလေသည်။ ပြီးနောက်တွင် ချက်ချင်းပဲ သူ့လက်ရှိခန္ဓာကိုယ်၏အကန့်အသတ်အား စမ်းသပ်လိုက်သည်။
ထျန်ရှင်းလုသည် စိတ်ရှည်တတ်သောလူမဟုတ်ချေ။ ထို့အတွက်ကြောင့် သူက အချိန်ဆွဲနေခြင်းမရှိလေပဲ ပုတီးနက်၏ အလေးချိန်အား ကီလို ၁၀၀၀ သို့မဟုတ် တစ်တန်အထိ မြင့်တင်လိုက်သည်။ (ကီလို ၁၀၀၀ = တစ်တန်။)
“ရှင်းးး”
ချက်ချင်းပဲ ပုတီးနက်၏သိပ်သည်းဆက တစ်တန်သို့ရောက်ရှိသွားကာ အားကောင်းသော ကိုယ်ပိုင်ဒြပ်ဆွဲအားတစ်ခုဖြစ်တည်လာသည်။
ပုတီးနက်အနားရှိ ဖုန်မှုန့်လေးများ နှင့် အခြားသောအမှုန်လေးများသည် ပုတီးနက်ထံသို့ပြေးဝင်လာကြကာ ကပ်တွယ်သွားကြ၏။
ထျန်ရှင်းလု၏ မျက်လုံးများက အသိဉာဏ်အလင်းရောင်တို့ဖြင့် တောက်ပသွားသည်။ သူ၏စိတ်အာရုံတစ်ခုလုံးသည် မိန်းကလေးလက်သန်းတစ်ဆစ်၏ တစ်ဝက်ခန့်သာရှိသော ထိုပုတီးနက်လုံးလေးပေါ်တွင် စုစည်းနေ၏။
သူ၏ရှေ့မှမြင်ကွင်းသည် ရိုးရှင်းသော်လည်း၊ ထိုရိုးရှင်းမှုထဲတွင် စကြာဝဠာ၏ အခြေခံအကျဆုံးနှင့် အနက်ရှိုင်းဆုံး နိယာမတရားတစ်ခု ကိန်းအောင်းနေသည်ကို သူချက်ချင်းသဘောပေါက်လိုက်သည်။
ဆွဲငင်အား။
မည်သည့်အရာဝတ္ထုမဆို ဒြပ်ထု (mass) ရှိလျှင် ဆွဲငင်အားရှိသည်။ ဤသည်မှာ သူငယ်စဉ်ကတည်းက သင်ယူခဲ့ရသော အခြေခံရူပဗေဒသဘောတရားတစ်ခုဖြစ်သည်။
သို့သော် သူသည် သိပ္ပံပညာသည် ကျင့်ကြံခြင်းလောကတွင် အသုံးမဝင်ဟု သူအမြဲမှတ်ယူခဲ့သည်။ သို့သော် ယနေ့တွင်မူ၊ ထိုအတွေးသည် မှားယွင်းကြောင်း သူသိလိုက်ရသည်။
နည်းပညာဖြစ်စေ၊ သိုင်းပညာဖြစ်စေ၊ မှော်ပညာဖြစ်စေ၊ အရာအားလုံး၏ အဆုံးစွန်ပန်းတိုင်သည် လောက၏နိယာမတရားများကို နားလည်ပြီး ထိန်းချုပ်နိုင်စွမ်းရရှိရေးပင် မဟုတ်ပါလော။
ကမ္ဘာမြေကြီးတွင် ကြီးမားသောဒြပ်ထုရှိသောကြောင့် သက်ရှိအားလုံးကို သူ၏မျက်နှာပြင်ပေါ်တွင် ဆွဲငင်ထားနိုင်သည်။
နေမင်းတွင် ကမ္ဘာထက်အဆပေါင်းများစွာကြီးမားသော ဒြပ်ထုရှိသောကြောင့် နေအဖွဲ့အစည်းတစ်ခုလုံးကို သူ၏ပတ်လမ်းထဲတွင် လှည့်ပတ်စေနိုင်သည်။
ဒါဆိုလျှင်... Black Hole (တွင်းနက်) များကော။
တွင်းနက်များသည် အလွန်တရာကြီးမားသော ကြယ်ကြီးများ၏ နောက်ဆုံးသောဘဝဇာတ်သိမ်းဖြစ်သည်။
ကြယ်တစ်လုံး၏ ဒြပ်ထုအားလုံးသည် အတိုင်းအဆမဲ့သိပ်သည်းသောအစက်လေးတစ်စက် (singularity) အဖြစ်သို့ ပြိုကျသွားသောအခါ၊ ထိုအစက်လေး၏ ဆွဲငင်အားသည် အလင်းတန်းကိုပင် လွတ်မြောက်ခွင့်မပြုတော့သည်အထိ အားကောင်းသွားသည်။
ယခု သူ၏ရှေ့မှ ပုတီးနက်လုံးလေးသည်လည်း ထိုသဘောတရားပင်ဖြစ်သည်။
သူ၏အရွယ်အစားသည် လက်တစ်ဆစ်စာသာရှိသော်လည်း၊ သူ၏အလေးချိန် (ဒြပ်ထု) မှာမူ ကားတစ်စီးစာ (တစ်တန်) ရှိနေသည်။
ဤမျှသေးငယ်သောနေရာလေးတွင် ကြီးမားသောဒြပ်ထုတို့ စုစည်းနေသောအခါ၊ သူ၏သိပ်သည်းဆသည် အလွန်အမင်းမြင့်တက်သွားပြီး သူ့ပတ်ဝန်းကျင်တွင် ထင်ရှားသော ဒြပ်ဆွဲအားနယ်မြေ (gravitational field) တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ဖုန်မှုန့်များနှင့် လေထုထဲမှ မမြင်နိုင်သောအမှုန်အမွှားများက ပုတီးနက်လေးထံသို့ ဆွဲငင်ခံနေရခြင်းဖြစ်သည်။
“ဒါ... ဒါက လေ့ကျင့်ရေးအထောက်အကူပစ္စည်းသက်သက်မဟုတ်တော့ဘူး။ ဒါက စကြာဝဠာရဲ့ နိယာမတရားတစ်ခုကို သင်ကြားပေးနေတဲ့ လက်တွေ့ကျကျ ကိရိယာတစ်ခုပဲ။”
ထျန်ရှင်းလု၏ ရင်ဘတ်ထဲသို့ စိတ်လှုပ်ရှားမှုလှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်လာသည်။ သူသည် ဤလည်ဆွဲ၏ တန်ဖိုးအစစ်အမှန်ကို ယခုမှသာ မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
‘ဇော်ဂျီနတ်ဘုရား’ ဆိုသူသည် ရုပ်ခန္ဓာခွန်အားကိုသာ အားကိုးသော ကြမ်းတမ်းသည့်နတ်ဘုရားတစ်ပါးမဟုတ်ဘဲ၊ လောက၏နက်နဲသောသဘောတရားများကို ကောင်းစွာနားလည်သဘောပေါက်ထားသူတစ်ဦးဖြစ်ရမည်ဟု သူကောက်ချက်ချလိုက်သည်။
အတွေးများက သူ၏ခေါင်းထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသည်။ သူ၏မျက်လုံးများက ပို၍ပို၍ တောက်ပလာသည်။
“စမ်းကြည့်ရသေးတာပေါ့။”
သူက မျက်လုံးတို့ကိုမှိတ်လိုက်ပြီး သူ၏သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်အား အသက်သွင်းလိုက်သည်။ ယခင်တုန်းက သူအသက်သွင်းချင်လျှင် လုံလောက်သော စွမ်းအင်များမရှိသောကြောင့် သူများရိုက်တာကို ခံပြီး စွမ်းအင်စုဆောင်းခဲ့ရသည်။
သို့သော် ယခုတွင်တော့ အကြောင်းအရင်းတစ်ခုခုကြောင့် လုံလောက်သော စွမ်းအင်များရှိနေပြီး သူတိုက်ရိုက်ပဲ အသက်သွင်းလို့ရနေပြီဖြစ်သည်။
ထျန်ရှင်းလုသည်တော့ ထိုအကြောင်းအရင်းသည် မိုးပြာကုန်းမြေတိုက်ကြီး၏ အမွေခံကောင်းချီးကြောင့်ဖြစ်မည်ဟူ၍ ယုံကြည်ထားလေသည်။
ချက်ချင်းပဲ ညကောင်းကင်ကြီးသည် အနီရောင်အလင်းတစ်ချက်လက်သွားပြီး အားလုံး၏အာရုံကိုဆွဲဆောင်လိုက်ကြသည်။
အရိပ်လုပ်ကြံသူ ၂ ယောက်က လီနာအားကြည့်လိုက်ပြီး အမိန့်ပေးရန် အကြည့်ဖြင့်တောင်းဆိုလိုက်သည်။ ထိုအနီရောင်အလင်းသည် သူတို့သခင်ကြောင့်ဖြစ်ပေါ်လာသည်မှန်း သူတို့ကောင်းကောင်းသိကြသည်။
လီနာကတော့ အပေါ်ကိုတစ်ချက်သာကြည့်လိုက်ပြီး သူမတို့အား ဤအတိုင်းသာရပ်နေရန် အချက်ပြလိုက်၏။ အနောက်မှ ညီမ ၅ သည်တော့ အလွန်ပျင်းရိနေသောကြောင့် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေလေသည်။
ခေါင်မိုးထက်မှ ထျန်ရှင်းလုသည်တော့ စိတ်ထဲမှ ကြုံးဝါးလိုက်ပြီး ပုတီးနက်၏အလေးချိန်ကို ဆက်လက်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
“လာစမ်း။”
“တန်ချိန် ဆယ်တန်!”
“ဝှီး...”
ပုတီးနက်လုံးလေးသည် မျက်စိဖြင့်မမြင်နိုင်အောင် တစ်ချက်တုန်ခါသွားပြီးနောက် သူ၏အရောင်သည် ပို၍နက်မှောင်သွားသည်။
သူ၏ပတ်လည်မှ လေထုသည် သိသိသာသာ လှိုင်းထသွားပြီး အာကာသဟင်းလင်းပြင်ကိုယ်တိုင်ကပင် ထိုပုတီးလုံးလေး၏ဒြပ်ဆွဲအားကြောင့် အနည်းငယ် ကွေးညွှတ်သွားသကဲ့သို့ ထင်မှတ်မှားလောက်သည်။
“ဂလု...”
ထျန်ရှင်းလုတစ်ယောက် တံတွေးကို အားကုန်မျိုချလိုက်မိသည်။ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ဖိအားသည်လည်း ချက်ချင်းပင် ဆယ်ဆတိုးသွားသည်။
သူ၏အရိုးအဆစ်များက ကျွတ်စီကျွတ်စီမြည်သံပေးလာပြီး သူ၏ကြွက်သားများကလည်း အလိုအလျောက် တင်းမာလာသည်။ သူ၏လှံတစ်ချောင်းလိုဖြောင့်မှတ်နေသော ခန္ဓာကိုယ်ကြီး၏ ဒူးများပင် အနည်းငယ်ကွေးညွတ်သွားရသည်။
သူ၏အရေပြားများဆိုလျှင် တင်းမာလာကုန်ပြီး အက်ကွဲကာ အနီရောင်သွေးများပင် စိမ့်ထွက်လာ၏။ တန်ချိန် ၁၀ တန်ဆိုသောအလေးချိန်သည် ကီလို ၁၀၀၀၀ ဖြစ်ပြီး၊ ပေါင်ချိန် ၂၂၀၀၀ နှင့်ညီမျှသည်။
နှိုင်းယှဥ်ရလျှင် ကားလေး ၁၀ စီးနှင့်ညီမျှသော အလေးချိန်တစ်ခုဖြစ်သည်။
ထိုဖိအားကြောင့် သူ၏တစ်ကိုယ်လုံးသည် အလွန်အမင်းနာကျင်နေလျက်ရှိသည်။
သို့သော် သူ၏အာရုံမှာ ထိုနာကျင်မှုအပေါ်တွင်မရှိ။ သူ၏အာရုံအားလုံးသည် ပုတီးနက်လုံးလေးထံတွင်သာရှိသည်။
ယခုအခါတွင် ပုတီးနက်၏ဆွဲအားသည် ဖုန်မှုန့်များကိုသာမက၊ ခေါင်မိုးပေါ်ရှိ အုတ်ကျိုးအစအနအသေးလေးများ၊ သစ်ရွက်ခြောက်များနှင့် အခြားသောမြင်နိုင်သည့်အရာဝတ္ထုငယ်များကိုပါ ဆွဲငင်လာသည်။
ထိုအရာများအားလုံးသည် ပုတီးနက်ကို ဗဟိုပြု၍ ဂြိုဟ်ရံလများကဲ့သို့ ဖြည်းညင်းစွာ လှည့်ပတ်နေကြသည်။
ထျန်ရှင်းလုက အသက်ကိုအောင့်ထားလိုက်ပြီး သူ၏စိတ်စွမ်းအင်ကို အသုံးပြု၍ ပုတီးနက်လုံးအား ဘေးဘက်သို့ အနည်းငယ်ရွှေ့ကြည့်လိုက်သည်။
“ဝှစ်”
ပုတီးနက်လုံးလေးသည် သူ၏စိတ်အလိုကျ ရွေ့လျားသွားသော်လည်း၊ သူ၏ရွေ့လျားပုံမှာ သာမန်ပျံသန်းခြင်းနှင့် လုံးဝမတူညီတော့။
သူရွေ့လျားသွားရာလမ်းကြောင်းတစ်လျှောက်ရှိ လေထုကိုပါ ဆွဲငင်ခေါ်ဆောင်သွားသဖြင့် လေဟာနယ်လမ်းကြောင်းလေးတစ်ခု အချိန်ခဏတာဖြစ်ပေါ်သွားသည်။
အနီးရှိအရာဝတ္ထုငယ်များကလည်း ထိုပုတီးနက်နောက်သို့ အစုလိုက်အပြုံလိုက် ပါသွားကြသည်။
“အား... ကောင်းလိုက်တာ။”
ထျန်ရှင်းလု၏ နှုတ်ဖျားမှ ချီးကျူးသံထွက်ပေါ်လာသည်။ ဤသည်မှာ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုမဟုတ်တော့။ ဤသည်မှာ ဒြပ်ဆွဲအားကို အသုံးပြု၍ ရန်သူကို ချေမှုန်းခြင်းဖြစ်သည်။
သာမန်ရန်သူတစ်ယောက်ကို ဤပုတီးလုံးဖြင့် ပစ်ပေါက်တိုက်ခိုက်လိုက်သည်ဆိုပါစို့။ ထိုရန်သူသည် ပုတီးလုံး၏ လေးလံလှသော အလေးချိန်ကို မခံစားရသေးခင်မှာပင်၊ ပုတီးလုံး၏အားကောင်းသောဒြပ်ဆွဲအားကြောင့် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုတို့ အနှောင့်အယှက်ဖြစ်သွားမည်။
သူ၏သွေးသားများ၊ ကိုယ်တွင်းအင်္ဂါများနှင့် ဝိညာဉ်စွမ်းအင်များပင်လျှင် ထိုဆွဲအားကြောင့် ပုံမှန်အလုပ်လုပ်နိုင်တော့မည်မဟုတ်။
အကယ်၍ ပုတီးလုံး၏အလေးချိန်ကို တန်ချိန်တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းအထိ မြှင့်တင်နိုင်မည်ဆိုလျှင်ကော။
ထိုအခါတွင် ဤပုတီးလုံးလေးသည် ရွေ့လျားနိုင်သော တွင်းနက်အသေးစားလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်မဟုတ်လော။
သူ့လမ်းကြောင်းပေါ်ရှိ မည်သည့်အရာကိုမဆို ဖျက်ဆီးပြီး၊ အာကာသကိုပင် ကွေးညွှတ်စေကာ၊ ရန်သူ၏တိုက်ခိုက်မှုအားလုံးကို လမ်းကြောင်းလွှဲဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ထိုမျှသာမကသေး။
သူ၏စိတ်ထဲတွင် ပို၍ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုပေါ်လာသည်။ အကယ်၍ သူသည် ပုတီး ၆၉ လုံးလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ပြီး၊ တစ်လုံးချင်းစီ၏အလေးချိန်ကို တန်ချိန်များစွာအထိ မြှင့်တင်နိုင်မည်ဆိုပါက...။
သူသည် ထိုပုတီးလုံးများကို သူ၏ပတ်လည်တွင် စေခိုင်းကာ ဒြပ်ဆွဲအားကွန်ရက်တစ်ခု ဖန်တီးနိုင်သည်။ ထိုကွန်ရက်ထဲသို့ ဝင်ရောက်လာသော မည်သည့်ရန်သူမဆို၊ သူတို့၏ လှုပ်ရှားမှုသည် လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးသွားမည်။
သူတို့၏တိုက်ခိုက်မှုများသည်လည်း လမ်းခုလတ်တွင်ပင် အားပျော့ပျက်ပြယ်သွားလိမ့်မည်။ သူကတော့ ထိုကွန်ရက်ထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာရင်း ရန်သူများကို အလွယ်တကူ ချေမှုန်းနိုင်ပေလိမ့်မည်။
ဤသည်မှာ အဆုံးစွန်သော တိုက်ခိုက်ရေးပုံစံနှင့် ကာကွယ်ရေးပုံစံပင်ဖြစ်သည်။
ထိုသီအိုရီကိုစဥ်းစားကြည့်လိုက်သောအခါတွင် ဖြစ်နိုင်ချေအလွန်များကြောင်း သတိထားလိုက်မိသည်။ သူသည် ငယ်စဥ်ကတည်းက မိသားစုမှ သိပ္ပံပညာအား အတင်းသင်ခိုင်းခဲ့သောအခါ ညီးတွားခဲ့မိသည်။
သို့သော် ယခုအခါတွင်တော့ သူ၏မိသားစုကို သူအလွန်ကျေးဇူးတင်မိသွားပြီဖြစ်သည်။ သူသာ သိပ္ပံပညားအားမသင်ယူခဲ့လျှင် ယခုအခါတွင် ဘာဖြစ်လို့ဖြစ်နေမှန်း မသိပဲ၊ ငတုံးတစ်ကောင်ကဲသို့ ဖြစ်နေပေလိမ့်မည်။
ထျန်ရှင်းလုက သူ၏အားလပ်ချိန်များကို သိပ္ပံအကြောင်းလေ့လာရန်အတွက် အသုံးပြုမည်ဟူ၍ သူစဥ်းစားလိုက်မိသည်။
“ဇော်ဂျီနတ်ဘုရားရဲ့ အသုံးအဆောင်အစုံ...” ထျန်ရှင်းလုက တိုးညင်းစွာရေရွတ်လိုက်သည်။ “လည်ဆွဲတစ်ခုတည်းကတောင် ဒီလောက်စွမ်းအားကြီးနေရင်၊ ကျန်တဲ့အသုံးအဆောင်တွေကကော ဘယ်လိုနိယာမတရားတွေကို ထိန်းချုပ်နိုင်စွမ်းရှိမလဲ။ အချိန်လား။ အာကာသလား။ဒါမှမဟုတ် အလင်းလား။”
သူ၏အတွေးများက အဆုံးအစမရှိသော စကြာဝဠာထဲသို့ လွင့်မျောသွားသည်။ သူ၏အမြင်အာရုံသည် ယခင်ကထက် ပိုမိုကျယ်ပြန့်သွားခဲ့ပြီ။ သူလျှောက်လှမ်းရမည့် ကျင့်ကြံခြင်းလမ်းသည်လည်း ပိုမိုရှင်းလင်းပြတ်သားလာသည်။
ခွန်အားဆိုသည်မှာ ကြွက်သားများ သို့မဟုတ် ဝိညာဉ်စွမ်းအင်များ ပေါများခြင်းသက်သက်မဟုတ်။ ခွန်အားအစစ်အမှန်ဆိုသည်မှာ လောကကြီးကို လည်ပတ်စေသော အခြေခံနိယာမတရားများကို နားလည်သဘောပေါက်ပြီး မိမိစိတ်ကြိုက်အသုံးချနိုင်ခြင်းပင်ဖြစ်သည်။
ထျန်ရှင်းလုက အသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး စိတ်လှုပ်ရှားနေသောနှလုံးသားကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
သူက ပုတီးနက်လုံး၏အလေးချိန်ကို မူလအတိုင်းပြန်လည်လျှော့ချလိုက်ပြီး၊ ထိုပုတီးလုံးသည်လည်း သူ၏လည်ပင်းရှိ လည်ဆွဲထဲသို့ ငြင်သာစွာ ပြန်လည်ဝင်ရောက်သွားသည်။
သူ၏ခန္ဓာကိုယ်ပေါ်မှ ဖိအားများအားလုံး ချက်ချင်းပျောက်ကွယ်သွားသောအခါ ပေါ့ပါးလန်းဆန်းသောခံစားချက်ကို သူရရှိလိုက်သည်။
ချက်ချင်းပဲ သူ၏ကွဲသွားသော အရေပြားသို့သည်လည်း လျင်မြန်စွာပဲ ပြန်လည်ပျောက်ကွယ်သွားကာ အနီရောင်သွေးများသာ မကျန်ရစ်ခဲ့လျှင် ဘယ်တော့ကမှ ဒါဏ်ရာမရခဲ့သကဲ့သို့ထင်မှတ်ရပေလောက်မည်။
ထျန်ရှင်းလုက အကြောဆန့်လိုက်သောအခါ သူ၏ဖိသိပ်ထားခံရသော အရိုးအဆစ်များက ပြန်ဟလာပြီး တစ်ဖြောက်ဖြောက်မည်လာကြသည်။
ဒါဏ်ရာများနှင့် နာကျင်နေသောကြွက်သားများကို ပြန်လည်ကုသပြီးနောက် ထျန်ရှင်းလုက သူ၏ကိုယ်ရေးအချက်အလက်မျက်နှာပြင်အား ကြည့်လိုက်လိုက်သည်။
သူ၏ ခွန်အား၊ အမြန်နှုန်း နှင့် ခံနိုငရည်များက ၁၀ မှတ်စီတတ်သွားသည်ကို မြင်လိုက်ရ၏။
ဤဇော်ဂျီနတ်ဘုရား၏ ပုတီးနက်သည် ရုပ်ခန္ဓာကျင့်ကြံသူများအတွက် အလွန်အသုံးဝင်ကြောင်း စနစ်မှဖော်ပြထားသည်မှာ အမှန်တရားပင်ဖြစ်သည်။
မိမိနှင့်အချိန်ပြည့်သယ်ဆောင်သွားလို့ရသော မြေဆွဲခန်းတစ်ခုကြီးဖြစ်သလို၊ တစ်ချိန်တည်းတွင် ကုသခန်းကြီးလည်းဖြစ်နေသေး၏။
ဤဖြစ်စဥ်တစ်ခုလုံးသည် ထျန်ရှင်းလုအတွက် အသစ်အဆန်းတော့မဟုတ်ပေ။ သို့သော် ဤမျှလောက် ထိရောက်မြန်ဆန်သောနှုန်းဖြင့် ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
သူ၏ခန္ဓာကိုယ်က ကြွက်သားများ ကြီးထွားသန်မာလာပုံ၏ နိယာမတရားကို သူ၏စိတ်ထဲတွင် ရှင်းလင်းစွာမြင်ယောင်လာသည်။
သာမန်လူတစ်ယောက် လေ့ကျင့်ခန်းလုပ်သည့်အခါဖြစ်စေ၊ အလေးအပင်မသည့်အခါဖြစ်စေ၊ သူတို့၏ကြွက်သားမျှင်များတွင် မမြင်နိုင်သော အဏုစိတ်စုတ်ပြဲမှုများ (micro-tears) ဖြစ်ပေါ်လာသည်။
ဤသည်မှာ ကြွက်သားများနာကျင်ကိုက်ခဲရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ ထို့နောက်တွင် ခန္ဓာကိုယ်၏ သဘာဝကုသရေးစနစ်က ထိုစုတ်ပြဲသွားသော ကြွက်သားမျှင်များကို ပြန်လည်ပြုပြင်သည်။
အရေးကြီးသောအချက်မှာ ခန္ဓာကိုယ်သည် ထိုကြွက်သားမျှင်များကို မူလအခြေအနေသို့ ပြန်လည်ပြုပြင်ခြင်းမျှသာမဟုတ်ဘဲ၊ နောက်တစ်ကြိမ်ထိုကဲ့သို့သော ဖိအားဒဏ်ကို ခံနိုင်ရည်ရှိစေရန်အတွက် ယခင်ကထက် ပိုမိုထူထဲသန်မာအောင် အစားထိုးတည်ဆောက်ခြင်းဖြစ်သည်။
ဤဖြစ်စဥ်ကို အကြိမ်ကြိမ်ထပ်လုပ်ခြင်းဖြင့် ကြွက်သားများသည် တဖြည်းဖြည်း ကြီးထွားလာပြီး ခွန်အားများလည်း တိုးတက်လာခြင်းဖြစ်သည်။
ယခု ထျန်ရှင်းလု၏ဖြစ်စဥ်သည် ထိုအခြေခံသဘောတရားပေါ်တွင် တည်ဆောက်ထားသော်လည်း အဆပေါင်းထောင်ချီ၍ ပိုမိုသာလွန်သည်။
ဇော်ဂျီနတ်ဘုရား၏လည်ဆွဲက သူ၏ခန္ဓာကိုယ်အပေါ်သို့ တန်ချိန်ဆယ်တန်မျှသော ဖိအားကို သက်ရောက်စေလိုက်သည့်အခါ၊ သူ၏ကြွက်သားမျှင်တိုင်း၊ တစ်မျှင်ချင်းစီတိုင်းသည် အလွန်အမင်းဖိညှစ်ခံရပြီး ပြင်းထန်စွာ စုတ်ပြဲသွားခဲ့သည်။
ဤသည်မှာ ပထမအဆင့်ဖြစ်သော ‘ဖျက်ဆီးခြင်း’ ဖြစ်သည်။
ထို့နောက်တွင် သူ၏ “သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်” ၏ အစွမ်းနှင့် ဇော်ဂျီနတ်ဘုရားလည်ဆွဲ၏ ‘Passive 3’ စွမ်းရည် ပြန်လည်ကုသနိုင်စွမ်းရည်ကို များစွာမြှင့်တင်ပေးခြင်း တို့က ချက်ချင်းအလုပ်လုပ်လာသည်။
သူ၏ခန္ဓာကိုယ်ထဲရှိ သွေးချီစွမ်းအင်များနှင့် အတွင်းအားစွမ်းအင်များသည် အလွန်တရာ အစွမ်းထက်သော ဆေးတစ်မျိုးကဲ့သို့ စုတ်ပြဲနေသော ကြွက်သားမျှင်များဆီသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားကြသည်။
ထိုစွမ်းအင်များသည် စုတ်ပြဲနေသောနေရာများကို ပြုပြင်ရုံသာမက၊ ပိုမိုသန်မာသော၊ ပိုမိုသိပ်သည်းသော ကြွက်သားမျှင်အသစ်များကို လျင်မြန်စွာ တည်ဆောက်ပေးသည်။
သံတစ်ချောင်းကို မီးဖုတ်၊ ထုနှက်ပြီး ရေစိမ်သည့်နှယ် သူ၏ကြွက်သားများသည် အဖန်တလဲလဲ ဖျက်ဆီးခံရပြီး ပိုမိုသန်မာအောင် ပြန်လည်တည်ဆောက်ခံနေရသည်။ ဤသည်မှာ ဒုတိယအဆင့်ဖြစ်သော ‘ပြန်လည်တည်ဆောက်ခြင်း’ ပင်။
ဤ ‘ဖျက်ဆီးခြင်း’ နှင့် ‘ပြန်လည်တည်ဆောက်ခြင်း’ သံသရာသည် သာမန်လူများ ရက်နှင့်ချီ၍ အနားယူရမည့်ဖြစ်စဥ်ကို သူက မိနစ်ပိုင်းအတွင်း အဆုံးသတ်နိုင်ခဲ့သည်။
ထို့ကြောင့်ပင် သူ၏ရုပ်ပိုင်းဆိုင်ရာအခြေခံအချက်အလက်များက ဤမျှတိုတောင်းသောအချိန်အတွင်း သိသိသာသာ ခုန်တက်သွားခြင်းဖြစ်သည်။
သိပ္ပံပညာသည် အစွမ်းထက်လှ၏။ သာမန်လူတစ်ယောက်အနေနဲ့ လေ့ကျင့်ခန်းလုပ်ရာတွင် ကြွက်သားများနာကျင်သည်ကို သိရှိကြသည်။
ကြွက်သားများနာကျင်ပြီး ပြန်လည်ပျောက်ကင်းသွားသောအခါ သူတို့ယခင်ထက် ပိုပြီး သန်မာလာသည်ကိုလည်း သိရှိကြသည်။
သို့သော် မည်သို့ဖြစ်သွား၍၊ မည်သို့သန်မာလာသနည်းကို မသိကြချေ။ သိပ္ပံပညာသည် အစွမ်းထက်လှ၏။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၅၆ - ၁၅၇ - ၁၅၈ - ၁၅၉ - ၁၆၀) ပြီး
(စာရေးဆရာ၏ရှင်းပြချက်)
Passive ရဲ့အဓိပ္ပါယ်ကို Game ဆော့တဲ့သူတွေဆိုရင် နားလည်ကြပါလိမ့်မယ်။ သူမာ အဓိပ္ပါယ်အမျိုးမျိုးရှိပေမဲ့ ဒီနေရာမှာတော့ အလိုအလျောက်အသက်ဝင်နေတဲ့ စွမ်းရည် ဆိုပြီးတော့အဓိပ္ပါယ်သက်ရောက်ပါတယ်ဗျ။
ပိုပြီးတော့ ရှင်းပြရမယ်ဆိုရင်၊ လက် ၂ ချောင်းတရုတ်ကြီး Game ထဲမာ Purple buff စားပြီးရင် Mana or energy ကို 15% ကုန်ဆုံးတာ နည်းစေတဲ့ Passive တစ်ခုကိုရတယ်ဗျ။
အခြားဘာမှလုပ်စရာမလိုဘူး။ Buff ကိုသတ်လိုက်ရုံနဲ့ Passive ကိုရပါပြီ။ ပုတီးနက်လည်ဆွဲကိုလည်း ထျန်ရှင်းလု ဝတ်ထားသရွေ့ သူ့ရဲ့ Passive ၃ ခုက အမြဲတမ်းအလိုအလျောက် သူဘာမှလုပ်စရာမလိုပဲ အသက်ဝင်နေမာဖြစ်ပါတယ်။
အလိုအလျောက်အသက်ဝင်နေတဲ့စွမ်းရည် ဆိုတဲ့ စာကြောင်းက ရှည်လွန်းလို့ Passive ဆိုပြီးသုံးထားတာဖြစ်ပါတယ်ဗျ။
အဆင်မပြေသလိုဖြစ်သွားရင် တောင်းမပန်ပါဘူး။ ခွေးလည်းမလွတ်ကြပါနဲ့။ 🤪🫶