ပထမနှစ် ပြီးဆုံးခြင်း
Vol. 10 Ch. 133
အန်လင်းတို့သည် သင်အန်းမြို့ဆီသို့ လမ်းလျှောက်ကာဖြင့် ပြန်လာကြသည်။ သူတို့အနေဖြင့် အချိန်၅ရက် ကုန်ဆုံးသွားပြီ ဖြစ်သည်။
အမွေအနှစ်များအား ရရှိပြီးနောက်တွင် လူတိုင်း၏ စွမ်းအားများ သိသိသာသာ တိုးတက်လာကြသည်။ သင်အန်းမြို့သို့ အပြန်လမ်းတွင် သူတို့သည် သူတို့၏ သွေးမျိုးဆက် စွမ်းအားများနှင့် အသားကျလာကြပြီ ဖြစ်သည်။
ပိုင်လင်း ရွေးချယ်ပေးလိုက်သည့် သွေးမျိုးဆက်များနှင့် အမွေအနှစ်များသည် သူတို့နှင့် အလွန်သင့်လျော်ခြင်း ဖြစ်သည်။
သတ္တုအမွေအနှစ် ရရှိပြီးနောက်တွင် စွန်းရှန့်လျန်သည် ဓားအသုံးပြုရာတွင် တိုးတက်လာလေသည်။ ဓားနဂါး၏ သွေးမျိုးဆက် အမွေအနှစ်နှင့် ပေါင်းစပ်လိုက်သည့် အခါတွင် သူမ၏ ခွန်အားမှာ နှစ်ဆတိုးသွားပြီး ဓားခုတ်ချက်များတွင် နဂါးတစ်ကောင်၏ ခွန်အား ပါဝင်နေလေသည်။
မုန့်ထျန်း၏ ငွေယုန်ဖြူ အမွေအနှစ်သည် သူမအား ပိုမိုလျင်မြန် သွက်လက်စေသည်။ သူမသည် မည်သည့်လက်နက်ကို အသုံးပြုစေကာမူ သူမ၏ တိုက်ခိုက်မှုများ အားလုံးသည် ပိုမိုတိကျလာပြီး သေစေနိုင်လေသည်။
ကျုံးရုံရန်မှာမူ လေအင်မော်တယ် မန္တန်ကို အသုံးပြုသူ ဖြစ်သည့်အတွက်ကြောင့် သူရရှိသည့် အမွေအနှစ်သည် သူနှင့် အလိုက်ဖက်ဆုံး ဖြစ်လေသည်။ လေပေါ်ပျံဝဲဖျံ အမွေအနှစ်သည် ရိုးရှင်းကာ ရက်စက်ပြီး သူ၏ အင်မော်တယ် မန္တန်များ၏ စွမ်းအားများကို တိုးလာစေသည်။
လောင်ကျိပင်ရရှိသည့် နတ်ဆိုးလူဝံ အမွေအနှစ်သည် သူ့အား ပိုမိုကြီးထွား သန်မာ ရှည်လျားစေသည်။
အင်း ဒါပါပဲ။
အန်လင်း၏ လေ့လာမှုများအရ သူ့အဖွဲ့သားများ၏ ခွန်အား တိုးတက်လာမှုသည် အင်မော်တယ် အဆင့်ဇယားပေါ်ရှိ ထိပ်တန်း ကျင့်ကြံသူများနှင့် ယှဉ်နိုင်စွမ်းရှိလာပြီ ဖြစ်သည်။
ကန့်သတ်မဲ့တိုက်ပွဲတွင် တန်းခွဲ၁မှ ကျောင်းသား အနည်းငယ်သာလျှင် အင်မော်တယ် အဆင့်ဇယားသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှမ်ယွမ်ချန်နှင့် စုချန်းရန်တို့မှအပ ကျန်ရှိသည့် သူများမှာ အန်လင်း၊ စုရှောင်လန်၊ လုကျန့်နှင့် လုယီချင်တို့ ဖြစ်ကြသည်။
ထို့ကြောင့် ယခုရရှိသည့် အမွေအနှစ်များသည် သူတို့၏ ခွန်အားများကို အဆင့်တစ်ခုအထိ တိုးတက်သွားစေပြီ ဖြစ်သည်။
မကြာတော့သည့် အချိန်တွင် သူတို့အားလုံးသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်ဝင်ရောက် နိုင်ကြပေလိမ့်မည်။
ရှောင်ချိုး၏ အမှောင်နတ်ဘုရား အမွေအနှစ်မှာ သူ့အား မည်သို့ ပြောင်းလဲ ပေးနိုင်မည်ကို ဖော်ပြ၍ မရနိုင်ချေ။ သို့သော်လည်း ထိုအမွေအနှစ်ကြောင့် သူ့အနေဖြင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် အရန်အတားအား ထိတွေ့မိနေပြီ ဖြစ်သည်။
ရှောင်းဟုန်၏ အမွေအနှစ်မှာ သူမသည် စွမ်းအားများစွာ ထုတ်ဖော်လာနိုင်ပြီ ဖြစ်သည်။ သူမ၏ ပြောကြားချက်အရ နေရောင်ခြည်အား စုပ်ယူနိုင်ပြီးနောက် နေရောင်ခြည်လှိုင်းများ ပြုလုပ်နိုင်သည်ဟူ၍ ဖြစ်သည်။ ရောင်ခြည်လုံးများ ထုတ်လုပ်ကာဖြင့် မီးလောင်ကျွမ်း စေနိုင်သည်။
အဆုံးတွင် လူသားများသည် သဘာဝတရားကြီးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သင့်ပေသည်။ အန်လင်းတို့သည် မီးသတ်သမားများဖြစ် အင်မော်တယ် မန္တန်များအား အသုံးပြုကာ မိုးသည်းထန်စွာ ရွာသွန်းစေပြီး မီးငြှိမ်းသတ်ရလေသည်။
ရှောင်းဟုန် အသုံးပြုသည့် မန္တန်သည် သူမရရှိသည့် သွေးမျိုးဆက် အမွေအနှစ်ဖြစ်သော ရွှေကျီးကန်းနှင့် ဆက်နွှယ်နေပေသည်။ ပေါင်းစပ်ပုံရိပ် အမွေအနှစ်မှာမူ သူမကိုယ်တိုင် နားမလည်နိုင်ဆဲ ဖြစ်သည်။
ထိုသို့ဖြင့် သူတို့သည် သင်အန်းမြို့သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာကြသည်။
***
ခြံဝန်းအတွင်း၌ အန်လင်းတို့သည် ဓားအင်မော်တယ် လင်းရှောင်အား ပြီးခဲ့သည့်ရက်များ အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တင်ပြလျက် ရှိပေသည်။
နှစ်ဆုံးစာမေးပွဲတွင် သူတို့အဖွဲ့၏ လိုအပ်ချက်မှာ သန္ဓေပြောင်းသားရဲ ၃၀၀၀အား သတ်ဖြတ်ရန် ဖြစ်သည်။ အဖွဲ့များအဖြစ် ပြန်လည်ခွဲခြမ်းလိုက်သည့် အခါတွင် တစ်ဖွဲ့လျှင် သန္ဓေပြောင်းသားရဲ ၁၅၀ သာလျှင် သတ်ဖြတ်ရန် လိုအပ်ပေသည်။
သို့သော်လည်း ယခုအခါတွင် အန်လင်း၏ အဖွဲ့သည် သန္ဓေပြောင်းသားရဲ ၅၁၂ ကောင်အား သတ်ဖြတ်ခဲ့လေသည်။ သူတို့၏ ရလဒ်သည် အဖွဲ့၂၀ ရှိသည့်အနက် ပထမနေရာတွင် ရှိနေသည်ကြောင့် သူတို့၏ အတန်းပိုင်ဆရာပင်လျှင် အနည်းငယ် အံ့ဩသွားမိသည်။
သို့သော်လည်း ဓားအင်မော်တယ် လင်းရှောင်သည် ထိုရလဒ်အား လက်ခံလိုက်သည်။ အန်လင်းနှင့် ရှောင်ချိုးတို့သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်များ ဖြစ်ကြသည်ကြောင့် ထိုသို့သော ရလဒ်မျိုး ရရှိခြင်းမှာ ပုံမှန်သာလျှင် ဖြစ်သည်။ ထို့အပြင် အခြားသော အဖွဲ့သားများ၏ အော်ရာများသည်လည်း ယခင်ကထက် အနည်းငယ် ကွဲပြားနေသည်ဟု ခံစားမိလေသည်။
ဓားအင်မော်တယ် လင်းရှောင်သည် သူတို့အား ကြည့်ကာဖြင့် မှတ်ချက်ပြုလေသည်။ “မင်းတို့ကောင်တွေက ဒီခရီးမှာ အရမ်းကို အကျိုးကျေးဇူး ဖြစ်ခဲ့ကြပုံပဲ”
“ဒီအတိုင်းဆို ကျွန်တော်တို့အဖွဲ့က ချန်ပီယံ ဖြစ်တော့မှာပေါ့” အန်လင်းသည် ဓားအင်မော်တယ် လင်းရှောင်၏ မှတ်ချက်အား လျစ်လျူရှုလျက် ပြောလိုက်သည်။
သူတို့၏ စွန့်စားခန်းများအား တင်ပြပြီးသည့် နောက်တွင် အန်လင်းနှင့် သူ၏အဖွဲ့သည် ခြံဝန်းအတွင်းမှ ထွက်ခွာကာ ကိုယ်ပိုင်အခန်း အသီးသီးသို့ ပြန်ကြလေသည်။
နှစ်ဆုံးစာမေးပွဲသည် နှစ်ရက်အကြာတွင် ပြီးဆုံးမည် ဖြစ်သည့်အတွက် အန်လင်းတို့သည် အသင်္ချေတောင်တန်း နယ်မြေသို့ မသွားတော့ပဲ သင်အန်းမြို့ ပတ်ဝန်းကျင်တွင်သာ လှည့်လည် နေကြတော့သည်။
သို့တိုင်အောင် နှစ်ဆုံးစာမေးပွဲ ပြီးဆုံးသည့်အခါတွင် အန်လင်း၏ အဖွဲ့သည် ပထမနေရာတွင် ရပ်တည်နေဆဲ ဖြစ်သည်။
လုကျန့်၏ အဖွဲ့သည် ပင့်ကူသိုက်အား တွေ့ရှိခဲ့ခြင်းကြောင့် ဒုတိယနေရာတွင် ရှိနေသည်။
သူ၏နောက်တွင် ရွှမ်ယွမ်ချန်၊ စုချန်းရန်နှင့် စုရှောင်လန်တို့၏ အဖွဲ့များ အသီးသီး ဖြစ်ကြသည်။
ဤစာမေးပွဲတွင် ခွန်အားသည် အရေးကြီးသည့် အစိတ်အပိုင်း၌ ပါဝင်ကြောင်း ဝန်ခံရပေမည်။
အံ့ဩစရာ မလိုသည်မှာ ဝမ်ရှောင်ပိုင်၏ အဖွဲ့သည် နောက်ဆုံးနေရာမှာ ရပ်တည်လျက်ရှိသည်။ ကောလာဟလများ အရ ဝမ်ရှောင်ပိုင်သည် အတန်းပိုင်ဆရာ၏ ရိုက်နှက်ခြင်းအား ခံခဲ့ရသည်ဟူ၍ ဖြစ်သည်။
သူတို့အတန်းသည် သန္ဓေပြောင်းသားရဲ ၅၁၀၀ကျော်အား သတ်ဖြတ်နိုင်ခဲ့ပြီး ကျောင်းတော်မှ သတ်မှတ် ပေးလိုက်သည့် အရေအတွက်ထက် များစွာ ပိုလျှံနေသေးသည်။
အများစုမှာ သားရဲအုပ်မှ ရရှိခြင်းဖြစ်သည်။ အဖွဲ့အချို့မှလွဲ၍ အဖွဲ့အများစုသည် မျှော်မှန်းထားသည်ထက် ကျော်လွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။
ဓားအင်မော်တယ် လင်းရှောင်သည် ယခုရလဒ်အား လွန်စွာ ကျေနပ်လျက်ရှိသည်။ ထို့ကြောင့် ကျောက်နဂါး ပြည်နယ်သို့ ပြန်ရာတွင် ကျောင်းသားများအား မိုင်ပေါင်းများစွာ လမ်းလျှောက်ခိုင်းခြင်း မပြုတော့ပေ။
အန်လင်းသည် ထိုသတင်းအား ကြားလိုက်သည့် အခါတွင် အတော်လေး စိတ်ပျက်မိသည်။
သူ၏ အုတ်ခဲပျံ စီးနင်းခြင်းအား ပြသလိုနေခြင်း ဖြစ်သော်လည်း သူ၏ ကျွမ်းကျင်မှုများအား ပြသဖို့ရန် အခွင့်အရေး မရှိတော့ချေ။
များမကြာမီမှာပင် သူတို့အားလုံးတို့သည် စုစည်း ညီညွတ်ကျင့်ကြံခြင်း ကျောင်းတော်သို့ ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်သည်။
သူတို့အတန်း၏ ရလဒ်မှာ ထူးချွန် ပြောင်မြောက်လှသည့် အတွက် ဒု-ကျောင်းအုပ် ယူဟွာသည် တစ်ကျောင်းလုံး၏ ရှေ့တွင် ချီးကျူး ဂုဏ်တင်ပေးခဲ့လေသည်။ ဆုလာဘ်များကို ချီးမြှင့်ခဲ့ပြီး ဆေးလုံးများ၊ ဆေးရည်များ၊ စိတ်ဝိညာဉ် ကျောက်တုံးများနှင့် သတ္တုကုန်ကြမ်းများ ဖြစ်ကြသည်။
အန်လင်း၏ အဖွဲ့သည် ဆုလာဘ်များစွာအား ရရှိလေသည်။
တိုင်ကွန်းအန်သည် ထိုဆုလာဘ်များအား စိတ်ဝင်စားခြင်း မရှိသည်ကြောင့် သူ၏ အဖွဲ့သားများအား ပေးကမ်း လိုက်လေသည်။
သူ၏ အဖွဲ့သားများမှာ အလွန်စိတ်လှုပ်ရှားမိပြီး အနာဂတ်တွင် အစ်ကိုကြီးအန်၏ နောက်သို့ လိုက်ပါရန် ဆန္ဒများ ဖြစ်ပေါ် လာကြလေသည်။
စတုတ္ထနှစ် တန်းခွဲ၁သည်လည်း ကျောင်းတော် တစ်ခုလုံး၏ရှေ့တွင် ချီးကျူး ဂုဏ်ပြုခြင်းအား ခံရလေသည်။
မဟူရာ စိမ့်တောနယ်မြေတွင် သွေးမျိုးနွယ်စုနှင့် တိုက်ပွဲဖြစ်ပွားပြီး စတုတ္ထနှစ် တန်းခွဲ၁မှ ကျောင်းသားအချို့သည် သေစေနိုင်သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည် ဟူ၍ဖြစ်သည်။
ထိုတိုက်ပွဲတွင် ဝမ်ရွှမ်ကျန့်သည် တိုက်ပွဲပြင်မှာပင် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ချိုးဖြတ် ဝင်ရောက်သွားသည်။ တစ်ချက်တည်းနှင့် သွေးနတ်ဘုရား ၂ကောင်အား သတ်ဖြတ်ကာ သွေးမျိုးနွယ်စု စစ်တပ်အား နောက်ဆုတ်ရန် ဖိအား ပေးနိုင်ခဲ့သည်ကြောင့် တိုက်ပွဲ အနေအထားသည် ကျောင်းသားများဘက်မှ ပြန်လည် ဦးမော့လာနိုင်ခဲ့သည်။
ထိုအောင်မြင်မှုကြောင့် သူ၏နာမည်သည် ကောင်းကင်ဘုံ ပိုင်နက်တစ်ဝှမ်းတွင် ပြန်လည် ကျော်ကြားလာပြီး ကျောင်းသားများ အကြားတွင် သူ၏ စွမ်းဆောင်မှုသည် ပုံပြင်တစ်ခုအသွင် လူပြောများလာတော့သည်။
စာသစ်နှစ်တစ်ခု ပြီးဆုံးသွားပြီ ဖြစ်သည်ကြောင့် ပဉ္စမနှစ် ကျောင်းသားများသည် ကျောင်းတော်မှ ထွက်ခွာရမည် ဖြစ်သည်။
ကျောင်းသားအချို့သည် ကောင်းကင်ဘုံ ပိုင်နက်တွင် နေထိုင်ကာဖြင့် အလုပ်လုပ်ကြမည် ဖြစ်သည်။
အချို့မှာ သက်ဆိုင်ရာ မျိုးနွယ်စုများ ဂိုဏ်းများသို့ ပြန်ကြမည် ဖြစ်သည်။
ကျောင်းတော်အနေဖြင့် သူတို့၏ ရွေးချယ်မှုများအား ဝင်ရောက် စွက်ဖက်လေ့ မရှိချေ။
အန်လင်းအနေဖြင့် ထိုအကြောင်းများအား စဉ်းစားရန် မလိုအပ်သေးပေ။ သူဂရုစိုက်ရန် လိုအပ်သည်မှာ သူသည် စီနီယာတစ်ဦး ဖြစ်လာပြီး ချစ်စဖွယ် ညီမငယ်လေးများသည် ကျောင်းတော်သို့ ဝင်ရောက် လာကြတော့မည် ဖြစ်သည်ဆိုသော အချက်ပင် ဖြစ်သည်။
ထိုအကြောင်းအား တွေးမိသည့်အခါ အန်လင်းမှာ စိတ်လှုပ်ရှား လာတော့သည်။
ရှောင်ချိုးသည် အန်လင်းနှင့်အတူ ကျောင်းတွင် နေထိုင်လေသည်။
ရှောင်ချိုးသည် လက်ဖဝါးအရွယ်ရှိ မျောက်တစ်ကောင်အသွင် ပြောင်းလဲ ထားသော်လည်း အရုပ်ဆိုး အကျည်းတန်နေဆဲ ဖြစ်သည်။
ကြီးမားသည့် မျက်လုံးကြီးများ၊ အထက်သို့လန်နေသည့် နှာခေါင်း၊ ကောက်ကွေးနေသည့် ပါးစပ်၊ အစက်အပြောက် အပြည့်နှင့် မျက်နှာသည် သူ့အနေဖြင့် ပြောင်းလဲလို့မရသည့် အရာများ ဖြစ်ပေသည်။ မည်သို့ပင် ပြောင်းလဲစေကာဖြင့် ထိုအရာများအား ပြောင်းလဲနိုင်ခြင်း မရှိချေ။
တစ်ခုတည်းသော ကောင်းသည့်အချက်မှာ သူ့မျက်နှာသည် ခန္ဓာကိုယ်အတွင် ကျုံ့ဝင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် ကြောက်မက်ဖွယ် အကျည်းတန်ရှောင်ချိုး မဟုတ်တော့ချေ။ ယခုအခါတွင် သူသည် ချစ်စဖွယ် ရုပ်ဆိုးလေး ရှောင်ချိုးဖြစ်နေချေပြီ။
ပျင်းရိလာသည့်အခါတွင် ရှောင်ချိုးသည် အန်လင်း၏ ပခုံးပေါ်တွင် လဲလျောင်းကာဖြင့် အနားယူလေသည်။
သူ၏ အချိန်အများစုမှာမူ လပြည့်ဝန်းတောင်တွင် ကျင့်ကြံလျက် ရှိပေသည်။
စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်၏ ချီစွမ်းအင်သည် ပန်းမန် သစ်သီးတောင်ထက် ပိုမိုများပြားသည့် အတွက် ဤနေရာအား အလွန်သဘောကျ နှစ်ခြိုက်လျက် ရှိသည်။
ခဏအတွင်းမှာပင် အန်လင်း၏ ပထမနှစ် ကျောင်းသားဘဝသည် ကုန်ဆုံးသွားလေသည်။
ပဉ္စမနှစ် စီနီယာများသည်လည်း ကျောင်းတော်မှ စတင် ထွက်ခွာကြလေသည်။
အန်လင်းသည် ချန်းချန်း၏အကြောင်း မေးမြန်းကြည့်သည့် အခါတွင် ချန်းချန်းသည် ကောင်းကင်ဘုံ ပိုင်နက်မှ ထွက်ခွာသွားပြီဖြစ်သည်။
သူ၏ မျိုးနွယ်စုနှင့် ဂိုဏ်းကို မည်သူကမှ သိရှိခြင်း မရှိသလို ဂရုပြုခြင်းလည်း မရှိကြချေ။ ထိုသို့ဖြင့် ချန်းချန်းသည် ကောင်းကင်ဘုံပိုင်နက်မှ လျှို့ဝှက်စွာ ထွက်ခွာသွားတော့သည်။
ကနဦးတွင် အန်လင်း တွေးထင်ခဲ့သည်မှာ ချန်းချန်းသည် ကောင်းကင်တာအို၏ လက်ချောင်းနှင့် ပတ်သက်သည့် ကိစ္စရပ်ကြောင့် သူ့အား ရှာဖွေလိမ့်မည်ဟူ၍ ဖြစ်သည်။
အန်လင်းသည် သူ၏နည်းစနစ်အား ခိုးယူခဲ့သူ မဟုတ်ပါလား။ သည်းခံနိုင်စွမ်း မရှိသည့်သူများသည် ထိုသို့သော အဖြစ်အပျက်များအား ခွင့်ပြုမည် မဟုတ်ကြချေ။
ချန်းချန်းမှာမူ ထိုသို့မဟုတ်ချေ။ ကျောင်းပြီးသွားသည့် တိုင်အောင် အန်လင်းရှာ တစ်ကြိမ်တစ်ခါမှပင် ရှာဖွေခြင်း မပြုခဲ့ချေ။
ထိုသည်က ပို၍ ကောင်းသွားသေးသည်။ မဟုတ်လျှင် အန်လင်းအနေဖြင့် ထိုအဖြစ်အပျက်အား မည်သို့ ဖြေရှင်းရမည်ကို မသိချေ။
ကျောင်းပိတ်ရက်များ စတင်ပြီဖြစ်ကာ ကျောင်းပြန်မဖွင့်ရန် တစ်လလိုသေးသည်။
ထိုတစ်လသည် ကျောင်းသားများ အတွက် အားလပ်ချိန်ဖြစ်ပြီး အန်လင်းသည်လည်း ထိုအချိန်အား အကျိုးရှိရှိ အသုံးချရန် လိုအပ်ပေသည်။
ဘာလုပ်ရင် ကောင်းမလဲ။
ရုတ်တရက်ဆိုသလို သူ၏မျက်လုံးများ တလက်လက် တောက်ပလာသည်။
တုန်ရွှာနန်းတော်သို့ သွားမည်။
***