ဗရမ်းဗတာ ရန်ပွဲ
Vol. 1 Ch. 124
ရွှေရောင်စေတီကြီး၏ အောက်ဘက် မြေပြင်နှင့် မိုင်တစ်ရာခန့်ဝေးသော နေရာမှ လူအုပ်တစ်အုပ်သည် လျင်မြန်စွာ ပြေးလာနေကြသည်။ ထိုလူအုပ်သည် မိုင်တစ်ရာ အကွာအဝေးရှိ ထူးဆန်းသည့် ရုန်းရင်းဆန်ခတ်မှုကို သတိပြုမိခဲ့သည်ထင်သည်။ ထို့ပြင် မီးဝိညာဉ် ကျောက်တုံး၏ ထွက်ပေါ်လာမှုကြောင့် ထိုအားကောင်းသည့် တည်ရှိမှုကို သူတို့ရှိနေသည့် နေရာကပင် ခံစားမိခဲ့သည်။
"ဝှစ်"
အဝေးမှ အမှုထမ်း တစ်ယောက်သည် ပြေးလာခဲ့ပြီး အဖိုးတန် အဝတ်အစားများကို ဝတ်ဆင်ထားသော သခင်လေး နှစ်ယောက်ရှေ့တွင် ဒူးထောက်ထိုင်ချ၍ ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။
"အရှင့်သား ... သခင်လေးကျန်းစွန်း ... ဒီနေရာရဲ့ ကောင်းကင် အထက်ကနေ ရတနာသုံးခု ကျဆင်းလာခဲ့ပါတယ် ... အဲဒါက လူတွေ အများကြီးကို ဒီနေရာမှာ စုလာစေပြီးတော့ လူတစ်ထောင်ကျော်ပါတဲ့ ရန်ပွဲကြီး တစ်ခု ဖြစ်လာစေပါတယ် ... "
"အမ်"
ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ မူလက သူတို့တွင် ရတနာရှာဖွေရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူတို့သည် ကျန်းရီ သေဆုံးသွား၍ စုလောရွှယ်ကို ဖမ်းမိထားကြောင်း သိလိုက်သည်နှင့် ကျန်းရိလျှိုသည် နားတောင်မနားဘဲ ကူရှန်းဟယ်ဆီ သွားနေခဲ့သည်။ လက်ရှိတွင် သူတို့သည် ကူရှန်းဟယ်တို့ အုပ်စုနှင့် ဆုံတော့မည် ဖြစ်သည်။
ယခုတွင် ရတနာ အနည်းငယ်သည် လူအများအကြား ပြင်းထန်သော ရန်ပွဲတစ်ခုကို အစပျိုးပေးခဲ့ရာ သူတို့ နှစ်ယောက်လုံးသည် စိတ်လှုပ်ရှား လာကြလေသည်။ သူတို့နှစ်ယောက်သည် ပုံမှန် ရတနာများဆိုလျှင် စိတ်မဝင်စားသော်လည်း ကောင်းကင်အဆင့် သို့မဟုတ် နတ်ဘုရားအဆင့် ရှိနေလျှင် သူတို့ နှစ်ယောက်လည်း တစ်ပွဲတစ်လမ်း ဝင်နွှဲချင်ပေသည်။
ကျန်းရိလျှိုသည် ဘေးသို့ ကြည့်လိုက်သော် သွေးနီစစ်သားများသည် မည်သို့မျှ စိတ်လှုပ်ရှားဟန် မပြသော်လည်း သူတို့နောက်သို့ လိုက်လာသော ဂိုဏ်းသားများနှင့် ကျောင်းသားများသည် စိတ်လှုပ်ရှားနေသည့် ဟန်များကို သတိပြုမိလိုက်သည်။ သူသည် သူ့ဟာသူ တီးတိုးပြောလိုက်ပြီး အမိန့် ပေးလိုက်လေသည်။
"ငါတို့တွေ အကုန်လုံး အဲဒီကို သွားကြတာပေါ့ ... ကူရှန်းဟယ်ကို သူ့လူတွေ ခေါ်လာပြီး ငါတို့နဲ့ ပူးပေါင်းဖို့ သတင်းပို့လိုက် ... ဘယ်လို ရတနာမျိုးက လူအများကြီး တိုက်ခိုက်ရအောင် စွမ်းဆောင်နိုင်လဲ ဆိုတာ သွားကြည့်ရအောင်"
"သွားကြစို့"
ကျန်းစွန်းဝူကျိသည်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် သူ့ဂိုဏ်းသားများကို ထိုနေရာသို့ သွားကြရန် လက်ဟန်ပြလိုက်သည်။
***
"ဟိုး ... နောက်ဆုံးတော့ လုံးဝကို ပေါက်သွားပြီ"
ကောင်းကင် ဧကရာဇ်၏ အုတ်ဂူထဲတွင် ကျန်းရီသည် သူ့ခြေထောက် အောက်ရှိ အပေါက်ငယ်အား ငုံ့ကြည့်လိုက်သည်။ အပေါက်မှ တစ်ဆင့် ခပ်ဝါးဝါး မြင်ကွင်းကို ကြည့်ရင်း သူသည် လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။
သူသည် မီးဝိညာဉ်ကျောက်တုံး အခုနှစ်ဆယ်လောက်ကို အသုံးပြုထားရ၍ တော်တော်လေး ရင်နာနေပေသည်။ ထိုကျောက်တုံးများသည် ကောင်းကင် ဧကရာဇ် ထားခဲ့သော တားမြစ် အစီအရင်များကိုပင် လောင်ကျွမ်းနိုင်သည့် တန်ဖိုးရှိ ပစ္စည်းများ ဖြစ်ကြသည်။ ၎င်း မလောင်ကျွမ်းနိုင်သော အရာ ရှိပါဦးမည်လား စုစုပေါင်း ကျောက်တုံး ခြောက်ဆယ်ခန့်သာ ရှိရာ တစ်ကြိမ် သုံးလိုက်ရုံနှင့် သုံးပုံတစ်ပုံ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
"အိုး ... ဟုတ်သား"
ကျန်းရီသည် တစ်ခုခုကို သတိရသွားခဲ့သည်။ သူ့မျက်လုံးများသည် ထိုအတွေးကြောင့် တောက်ပသွားခဲ့သည်။ သူ၏ မီးဝိညာဉ် ကျောက်တုံးများသည် ကြမ်းပြင်ပေါ်ရှိ အစီအရင်များကို လောင်ကျွမ်းနိုင်သည်ဆိုလျှင် ရတနာများပေါ်ရှိ တားမြစ် အစီအရင်များကိုရော ... သူသာ ပျံသန်းနိုင်သည့် ရတနာတစ်ခုကို ရှာတွေ့နိုင်ခဲ့လျှင် ဤစေတီထံမှ သူအလွယ်တကူ ပျံသန်း၍ ထွက်နိုင်ပေလိမ့်မည်။
သူသည် ထိုအကြောင်းအရာကို တွေးမိသည်နှင့် စိတ်လှုပ်ရှားလာရသည်။ သူသည် ကျန်းရိလျှို၏ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးနှင့် အလားတူ ပျံသန်းနိုင်သည့် စွမ်းရည်ရှိသော ရတနာကို စတင် ရှာဖွေတော့သည်။
သို့သော် ဤနေရာတွင် ရတနာများ တစ်ရာကျော် ရှိနေသော်လည်း တစ်ခုမှ ကျန်းရိလျှို၏ ရှေးဟောင်းစစ်တပ်သုံး ရထားလုံးနှင့် ဆင်တူမနေခဲ့ပေ။ အများစုသည် လက်နက်များသာ ဖြစ်ကြလေသည်။ ကျန်းရီသည် ထပ်ကာထပ်ကာ ရှာဖွေလိုက်ပြီး နောက်ဆုံးတွင်တော့ သူ့အကြည့်သည် ဝဲဘက်နံရံရှိ ကျောက်စိမ်း လှေလေးထံတွင် ရပ်တန့်သွားခဲ့လေသည်။
ထိုကျောက်စိမ်းလှေသည် မကြီးလွန်းသော်လည်း ၎င်းအပေါ်တွင် လူတစ်ယောက်သည် အသာလေး မတ်တပ် ရပ်နိုင်လေသည်။ ထိုလှေ၏ ကိုယ်ထည်သည် တောက်ပကာ အရည်လဲ့နေသော ကျောက်စိမ်းနှင့် ပြုလုပ်ထားပြီး အလင်းဖျော့ဖျော့ ထုတ်လွှတ်နေလေသည်။ ရတနာများ အားလုံးတွင်မှ ထိုတစ်ခုကသာ ယာဉ်ပျံနှင့် ခပ်ဆင်ဆင်တူလေသည်။
"ငါ မီးဝိညာဉ် ကျောက်တုံးကို ကျောက်စိမ်းလှေဆီ ဘယ်လို ပစ်ရမှာလဲ"
ကျန်းရီသည် စိုးရိမ်နေခဲ့သည်။ သူသည် မီးဝိညာဉ် ကျောက်တုံးကဲ့သို့ ပူပြင်းသော အရာတစ်ခုကို မထိရဲပါချေ။ ထို့ပြင် သူ့တွင် ထိန်းချုပ်နိုင်စွမ်း မရှိပါလျှင် မီးဝိညာဉ်ကျောက်တုံးသည် ကြမ်းပြင်ပေါ် ပြုတ်ကျကာ စွမ်းအင်များ ပျက်ပြယ် သွားပေလိမ့်မည်။
"ငါလုပ်မယ်"
သူလက်လျှော့လိုက်သည်နှင့် သေသွားနိုင်သောကြောင့် ကျန်းရီသည် မျှော်လင့်ချက်များ အားလုံးကို မီးဝိညာဉ် ကျောက်တုံး အပေါ်တွင်သာ ပုံအပ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ မီးဝိညာဉ် ပုလဲသည် သူ့အား မီးဝိညာဉ် ကျောက်တုံး၏ အပူဒဏ်ကို ခံနိုင်ရည်ရှိသော အမည်မသိ စွမ်းရည်တစ်မျိုး လွှဲပြောင်း ပေးနိုင်သည်ဆိုလျှင် ပုံသေနည်းအရ မီးဝိညာဉ် ကျောက်တုံးကို သူထိ၍ ရပေသည်။
မီးဝိညာဉ်ပုလဲသည် အနီရောင်တစ်ချက် လက်သွားပြီး ကျောက်တုံးတစ်ခု ထွက်လာခဲ့သည်။ ကျန်းရီသည် ဆုံးဖြတ်ထားသည့် အမူအရာနှင့် လက်ချောင်း တစ်ချောင်းကို ဆန့်ထုတ်ကာ ကျောက်တုံးအား လျှပ်စီးအလျင်နှင့် ထိလိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ"
ကျန်းရီ၏ လက်ချောင်းသည် မီးဝိညာဉ် ကျောက်တုံးကို ထိလိုက်သော်လည်း မည်သည့် အပူကိုမှ မခံစားမိပေ။ သူသည် သာမန် ကျောက်တုံး တစ်ခုကိုသာ ထိလိုက်မိသည့် အလား ...
"ဝှစ်"
မီးဝိညာဉ် ကျောက်တုံးသည် အစိမ်းရောင် အလင်းများ တောက်၍ ကျောက်စိမ်းလှေထံ ပျံသန်း သွားခဲ့သည်။ ကျန်းရိ၏ မျက်လုံးများသည်လည်း ကြယ်များကဲ့သို့ တစ်လက်လက် တောက်ပလာခဲ့သည်။
ရုတ်တရက် ကျောက်စိမ်းလှေအား ချိတ်ဆွဲထားသော နံရံသည် အဖြူရောင် အလင်းများ တောက်ပလာခဲ့သည်။ ကျောက်စိမ်းလှေသည် နံရံမှ လျှောကျကာ ကြမ်းပြင်နှင့် ထိတွေ့သွားလေသည်။
"အောင်မြင်ပြီ"
ကျန်းရီသည် ပျော်ရွှင်သွားခဲ့သည်။ သို့သော် သူစိတ်ငြိမ်သွား၍ ငုံ့ကြည့်လိုက်သည့် အခါတွင် ဆွံ့အသွားခဲ့ရသည်။ ကျောက်စိမ်းလှေတွင် အပေါက်တစ်ခု ရှိနေခဲ့သည်။ ၎င်းသည် အစက အလင်းများ တောက်နေသေးသော်လည်း ယခုမူ ထိခိုက်မှုကြောင့် လုံးဝ မှိန်ဖျော့ သွားတော့သည်။ မီးဝိညာဉ် ကျောက်တုံးသည်ကား နံရံကို အပေါက် ဖြစ်သွားသည် အထိ ဆက်လက် လောင်ကျွမ်း လေတော့သည်။
"သေစမ်း"
ကျန်းရီသည် သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။ နတ်ဘုရားအဆင့် သို့မဟုတ် ကောင်ကင်အဆင့်၊ ပြိုင်ဘက်ကင်း ပစ္စည်း ဟုတ်လား ... ဘာလို့ ဒီလောက်တောင် အထိမခံရတာလဲ သူသည် ရင်နာနာဖြင့်သာ ကျောက်စိမ်းလှေထံ လျှောက်သွားကာ ကောက်ယူ၍ သေချာ ကြည့်လိုက်သည်။ သူသည် သူ၏ အနက်ရောင်နှင့် အပြာရောင် အတွင်းအားကိုတောင် စီးဆင်း စေလိုက်သေးသည်။ သို့သော် ကျောက်စိမ်းလှေသည် တုံ့ပြန်မှု မရှိခဲ့ပေ။ ဤရတနာသည် မီးဝိညာဉ် ကျောက်တုံးကြောင့် လုံးဝ ပျက်စီး သွားခဲ့လေပြီ ...
"ငါအခု ဘာလုပ်သင့်လဲ"
ကျန်းရီသည် ပူဆွေးသောက ရောက်ကာ သက်ပြင်း ချလိုက်သည်။ သူသာ မီးဝိညာဉ် ကျောက်တုံးကို မသုံးလျှင် တားမြစ် အစီအရင်များကို ဖယ်ရှားရန် နည်းလမ်းမရှိပေ။ သို့သော် သူသုံးလျှင်လည်း ရတနာများ ပျက်စီး သွားပေလိမ့်မည်။
မီးဝိညာဉ် ကျောက်တုံး၏ အဖိုးတန်မှုကို မြင်တွေ့ထားပါသော ကျန်းရီသည် အလျင်စလိုလည်း မသုံးဝင့်ပါချေ။ သူသည် ကြမ်းပြင် အပေါက်မှ ပေါ်နေသော မှုန်ဝါးဝါးမြင်ကွင်းကိုသာ အကူအညီမဲ့စွာ ကြည့်လိုက်မိသည်။
"ကိစ္စမရှိဘူး ... ဒီမှာ ဝိညာဉ် စွမ်းအင်တွေ အများကြီး သိပ်သည်းနေတာ ငါသဏ္ဌာန် သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမ အဆင့်ကို အရင်ရောက်အောင် ကျင့်လိုက်မယ် ... ရွေးချယ်စရာ မရှိတော့ရင်တော့ ငါခုန်ချပြီး ကောင်းကင်က သတ်မှတ်ပေးတဲ့ ကံတရားကိုပဲ လက်ခံလိုက်တော့မယ်"
ရေရွတ်လိုက်ပြီးနောက် ကျန်းရီသည် စိတ်ဆုံးဖြတ်ကာ တွင်းပေါက်ကြီး နားတွင် ထိုင်၍ ကျင့်ကြံရန် ပြင်လိုက်သည်။ သူသည် မြေကမ္ဘာအဆင့် အတွင်းအား တိုးဆေးကို စားလိုက်ပြီး အနက်ရောင် အတွင်းအားနှင့် ပေါင်းစပ်ကာ ဆေးစွမ်း မြှင့်တင်၍ ကျင့်ကြံတော့သည်။
ကျန်းရီသည် အစတည်းက သဏ္ဌာန်သုံးဆင့်အသွင်ပြောင်းခြင်း သတ္တမအဆင့်ကို ရောက်တော့မည် ဖြစ်သည်။ သူသည် ဤကဲ့သို့ ကောင်းကောင်းကျင့်ကြံရန် အခွင့်အရေးကို မဖြုန်းတီးလိုပေ။ သူပို၍ အားကောင်းလာလျှင် ခုန်ချသည့်အခါ အသက်ရှင်နိုင်ချေ ပိုမြင့်လိမ့်မည်။
လေးနာရီကျော်ကြာပြီးနောက် ကျန်းရီ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားခဲ့ပြီ ဖြစ်လေသည်။
"ခုန်ချရမယ့် အချိန်ရောက်ပြီ … ငါနောက်မှပဲ ဒီကို ထပ်ဝင်ဖို့ နောက်ထပ် အခွင့်အရေး တစ်ခုရှာပြီး ရတနာတွေ အကုန်လုံးကို လာသယ်မယ်"
ကျန်းရီသည် အခန်းငယ်အား ကြည့်လိုက်ပြီး အခန်းထဲ လှည့်ပတ်ကာ သူသယ်သွားနိုင်မည့် ပစ္စည်းမရှိကြောင်း သေချာအောင် ကြည့်လိုက်သည်။ သူသည် နောင်တရသည့် သက်ပြင်း တစ်ချက် ရှိုက်လိုက်ကာ အပေါက်ဆီ ဦးတည်သွား၍ သူ့အသက်အား အလောင်းအစား လုပ်ရန် ပြင်လိုက်သည်။
ဤနေရာမှ မြေပြင်နှင့် အကွာအဝေးသည် အနည်းဆုံး ပေတစ်သောင်းခန့် ရှိလိမ့်မည် ဖြစ်သည်။ တွင်းပေါက်၏ အဝတွင် ရပ်ရင်း ကျန်းရီသည် တွေဝေနေမိသည်။ ခဏ ကြာပြီးနောက် သူသည် ဆုံးဖြတ်ချက် ချလိုက်ပြီး ခုန်ရန် ပြင်လိုက်သည်။
"ဝှစ်"
ထိုအချိန်တွင် လေတိုးသံစူးရှရှသည် အောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ရပ်တန့်ကာ ငုံ့ကြည့်လိုက်သော်လည်း မှုန်ဝါးဝါး အစက် တစ်ခုကိုသာ မြင်နေရသည်။
"အနက်ရောင် အတွင်းအား"
ကျန်းရီသည် အနက်ရောင် အတွင်းအားကို မျက်လုံးဆီ ပို့ဆောင်လိုက်ပြီး အနက်ရောင် အစက်လေးကို ပြန်ကြည့်လိုက်သည်။ သူကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်လာပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။
"ရှေးဟောင်း စစ်တပ်သုံး ရထားလုံး ... ကျန်းရိလျှို "
ကျန်းရိလျှို၏ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးသည် သူ့အောက်ရှိ လေထုအလယ်တွင် ရှိနေခဲ့သည်။
"အခွင့်အရေး တစ်ခုပဲ"
ကျန်းရီသည် အကြံတစ်ခု ရသွား၍ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် ခန်းမထဲသို့ ပြန်သွား၍ ပျက်စီးနေသော ကျောက်စိမ်းလှေကို ကောက်ယူလိုက်သည်။ ထို့နောက် တွင်းပေါက်ဆီသို့ ပြန်လာကာ ခြေထောက် နှစ်ချောင်းကို သုံး၍ ကျောက်စိမ်းလှေကို မြဲမြဲမြံမြံ ညှပ်လိုက်ပြီး ခုန်ချလိုက်သည်။
သူ့ကိုယ်သည် တွင်းပေါက်ကို ဖြတ်သန်းသွား၍ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ တွင်းဝကို ဆုပ်ကိုင်ထားလိုက်သည်။ သူသည် ကျောက်စိမ်းလှေကို ခြေထောက်ဖြင့် ညှပ်ကာ လှေထဲတွင် တွဲလောင်း ချထားခြင်း ဖြစ်လေသည်။
သူသည် ငါးမျှားချင်နေ၍ ကျောက်စိမ်းလှေသည် ငါးစာဖြစ်သည်။ ငါးသည်မူကား ... ကျန်းရိလျှိုပင် ဖြစ်ချေတော့သည်။
ကျန်းရိလျှိုသည် ဆွဲဆောင်ခံရ၍ သူ၏ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးအား မောင်းနှင်လာလျှင် ကျန်းရီသည် လက်ကိုလွှတ်ကာ ရထားလုံးတွင်းသို့ ခုန်ဝင်လိုက်မည် ဖြစ်သည်။
***