အခန်း (၁၇၄-၁၈၀)
Vol. 18 Ch. 174-180
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၇၄ + ၁၇၅ + ၁၇၆ + ၁၇၇ + ၁၇၈ + ၁၇၉ + ၁၈၀)
တန်ခိုးသြဇာကြီးမားသော ချီကလန်နှင့် မိုင်ပေါင်းခုနစ်ရာကျော် ကွာဝေးသောနေရာ၌ လူသူမသိသေးသည့် ကမ္ဘာငယ်လေးတစ်ခုသည် တသီးတခြား တည်ရှိနေလေ၏။
ထိုကမ္ဘာငယ်လေးသည် တောင်တန်းကြီးများ၏ အကာအကွယ်ကိုယူကာ တည်ဆောက်ထားသည့် သာမန်သေမျိုးတို့၏ ရွာငယ်လေးတစ်ရွာမျှသာ ဖြစ်သည်။
ရွာ၏အမည်ကို ‘စိမ်းလန်းသောတောင်ကြားရွာ’ ဟု ရိုးစင်းစွာ မှည့်ခေါ်ထားကြ၏။ ဤရွာလေးသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်လုံးဝပြတ်သလောက်ရှိပြီး မိမိတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုတို့ကိုသာ တန်ဖိုးထားကာ မျိုးဆက်ပေါင်းများစွာ အေးချမ်းစွာ ဖြတ်သန်းလာခဲ့ကြသော နေရာတစ်ခုဖြစ်ပေသည်။
ယခုအချိန်သည် နွေကုန်၍ ဆောင်းသို့ ကူးပြောင်းတော့မည့် ဩဂုတ်လ၏ အစောပိုင်းကာလ ဖြစ်သည်။
ညသည် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့ပြီး သန်းခေါင်ယံကိုပင် ကျော်လွန်ကာ နံနက်တစ်နာရီသို့ ချဉ်းကပ်နေချေပြီ။
သို့သော်လည်း စိမ်းလန်းသောတောင်ကြားရွာလေးသည် အမှောင်ထုထဲ၌ အိပ်စက်ခြင်းမရှိသေးဘဲ အသက်ဝင် လှုပ်ရှားလျက်ရှိသည်။
ညနေပိုင်းက မိုးစက်တို့သည် ကောင်းကင်မှ သည်းထန်စွာ ရွာသွန်းခဲ့၏။
ရွာသူရွာသားများသည် သူတို့၏ နှစ်စဉ်အရေးကြီးဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်သော ‘ဆောင်းဦးအကြိုပွဲတော်’ ကို ကျင်းပရန် အားခဲထားခဲ့ကြသော်လည်း မိုးနတ်မင်း၏ အလိုကြောင့် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ကြရသည်။
မိုးရေတို့သည် အိမ်ခေါင်မိုးများကို တဒေါက်ဒေါက် ရိုက်ခတ်၍ မြေပြင်ကို စိုစွတ်စေခဲ့သည်။
သို့သော် ညသန်းခေါင်ယံအချိန်သို့ ရောက်သောအခါ ကောင်းကင်သည် မျက်နှာသာပေးလာခဲ့သည်။
မည်းမှောင်သော တိမ်စိုင်မိုးသားတို့သည် လွင့်ပါးကွယ်ပျောက်သွားခဲ့ပြီး စင်ကြယ်လှပသော လဝန်းကြီးသည် သူမ၏အေးစက်သောငွေရောင်အလင်းကို အပြည့်အဝ ပေးစွမ်းလျက်ရှိသည်။
မိုးရေဖြင့် ဆေးကြောထားသော ကောင်းကင်သည် ပို၍ပင် ကြည်လင်နေပြီး နဂါးငွေ့တန်းလမ်းကြောင်းနှင့်အတူ ကြယ်ပွင့်လေးများသည် စိန်ပွင့်များကဲ့သို့ တဖျပ်ဖျပ် တောက်ပနေကြသည်မှာ ရှုမငြီးဖွယ် မြင်ကွင်းတစ်ခုပင်တည်း။
ရွာလယ်ကောင်ရှိ ကွင်းပြင်ကျယ်ကြီး၌ ကြီးမားလှသော မီးပုံကြီးတစ်ပုံကို ဖိုထား၏။ ထိုမီးပုံကြီးမှ ထွက်ပေါ်လာသော လိမ္မော်ရောင်မီးတောက်တို့သည် ညအမှောင်ကို ခွင်းလျက် အနီးပတ်ဝန်းကျင်တစ်ခုလုံးကို နွေးထွေးမှုနှင့် အလင်းရောင် ပေးစွမ်းလျက်ရှိသည်။
မီးပုံမှ ထွက်ပေါ်လာသော ထင်းခြောက်များ လောင်ကျွမ်းသည့် တဖျစ်ဖျစ်အသံသည် ရွာသူရွာသားတို့၏ ရယ်မောသံ၊ စကားပြောသံများဖြင့် ရောယှက်ကာ သာယာသော ည၏တေးသံတစ်ခုကို ဖန်တီးနေသကဲ့သို့ ရှိသည်။
လူကြီးမိဘ အရွယ်စုံ နှစ်ရာခန့်နှင့် ကလေးငယ်တစ်ရာခန့်သည် ထိုမီးပုံကြီးကို ဝန်းရံကာ ပျော်ရွှင်စွာဖြင့် ပွဲတော်ကို ဆင်နွှဲနေကြသည်။
သူတို့သည် နှစ်စဉ်နှစ်တိုင်း မိမိတို့ကိုယ်တိုင် စိုက်ပျိုးထားသော တောင်ပေါ်စပါးကို အချဉ်ဖောက်၍ ပြုလုပ်ထားသည့် ‘ကြယ်ရောင်’ ဟုအမည်တွင်သော ရိုးရာဝိုင်ကို သောက်သုံးနေကြသည်။
ထိုအမည်တွင်ရသည့်အကြောင်းအရင်းသည်တော့ ဆောင်းဦးပွဲတော်ညဘက်တွင် သောက်သုံးရင်း ကြယ်များကိုကြည့်ကာ စလာခြင်းဖြစ်ပေ၏။
ထိုဝိုင်သည် ပြင်းရှသောအရသာမရှိဘဲ သောက်လိုက်လျှင် လည်ချောင်းထဲ၌ ပန်းရနံ့သင်းသင်းလေးနှင့်အတူ ချိုမြမြအရသာကို ခံစားရစေပြီး တစ်ကိုယ်လုံးသို့ နွေးထွေးမှုကို ပျံ့နှံ့စေနိုင်စွမ်းရှိ၏။
တောင့်တင်းသန်မာသော ရွာသားယောကျ်ားများသည် ဝိုင်ခွက်များကို မြှောက်ကာ အချင်းချင်း တိုက်ခတ်ရင်း အားရပါးရ ရယ်မောကြသည်။
အမျိုးသမီးများသည်လည်း ၎င်းတို့၏ ပါးပြင်များ နီမြန်းလာသည်အထိ ဝိုင်ကို သောက်သုံးကြပြီး လက်ချင်းချိတ်ကာ မီးပုံကိုလှည့်ပတ်၍ ရိုးရာအကများဖြင့် ကခုန်နေကြသည်။
ကလေးငယ်များသည်လည်း လူကြီးများ၏ ခြေထောက်များကြားမှ တိုးဝှေ့ပြေးလွှားရင်း ပျော်ရွှင်စွာ ဆော့ကစားနေကြသည်မှာ ကြည်နူးဖွယ် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
မီးပုံ၏ အလင်းရောင်အောက်၌ ရွာ၏အလှပဂေးဟု တင်စားခံရသော မိန်းမပျိုလေးတစ်စုသည် သီးသန့်နေရာတစ်ခု၌ စုဖွဲ့ကာ တခစ်ခစ်ရယ်မောရင်း စကားစမြည် ပြောဆိုနေကြသည်။
ထိုအထဲတွင် လီရှောင်ယင်နှင့် မေလီတို့သည် အထင်ရှားဆုံးဖြစ်၏။
လီရှောင်ယင်သည် ဆယ့်ရှစ်နှစ်အရွယ်ခန့်ရှိပြီး လခြမ်းသဖွယ် ကွေးညွတ်သော မျက်ခုံး၊ ကြယ်ရောင်ကဲ့သို့ တောက်ပသော မျက်ဝန်းများနှင့်အတူ ကျစ်လစ်သော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည်။
သူမ၏ ပန်းနုရောင်ဝတ်စုံလေးသည် မီးရောင်အောက်တွင် ပို၍ပင် တောက်ပနေသကဲ့သို့ ထင်မှတ်ရသည်။ သူမ၏ဘေးတွင်ရှိသော မေလီသည်လည်း နူးညံ့အိစက်သော အသားအရေနှင့်အတူ ရွှန်းလဲ့သော မျက်လုံးများဖြင့် ချစ်စဖွယ်ကောင်းလှသည်။
“ရှောင်ယင်... နင် ကြည့်စမ်း... ဟိုနားက အမဲလိုက်သမား အာဖန်လေ... သူ ငါတို့ကို ခိုးကြည့်နေတာ တစ်နာရီလောက်ရှိပြီ...”
မေလီက သူမ၏နှုတ်ခမ်းလေးကို လက်ဖြင့်ကာ၍ လီရှောင်ယင်၏နားအနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
လီရှောင်ယင်သည် မသိမသာလေး လှည့်ကြည့်လိုက်ရာ တောင့်တင်းသော ကြွက်သားများဖြင့် ပြည့်နေသည့် လူငယ်တစ်ဦးက သူတို့ကို ကြည့်နေရင်း အကြည့်ချင်းဆုံသွားသောအခါ ရှက်ရွံစွာဖြင့် မျက်နှာလွှဲသွားသည်ကို တွေ့လိုက်ရ၏။
“သူက နင့်ကိုကြည့်နေတာပါ မေလီရယ်... ငါ့ကို မဟုတ်ပါဘူး...”
လီရှောင်ယင်က ပြုံးစစဖြင့် ပြန်ပြောလိုက်သည်။ သူမတို့၏ စကားဝိုင်းသည် ရွာထဲမှ လူငယ်လူရွယ်များ၏ အကြောင်း၊ အိမ်ထောင်ရေးအကြောင်းများဖြင့် သာယာစိုပြေနေခဲ့သည်။
ဤသည်မှာ ဤသို့သော ပွဲတော်ညများ၏ အနှစ်သာရများထဲမှ တစ်ခုပင် မဟုတ်ပါလော။
အခြားတစ်ဖက်တွင်မူ အသက်သုံးဆယ်အရွယ်ခန့်ရှိသော တာလီဆိုသည့် ယောကျ်ားတစ်ဦးသည် သူ၏မိတ်ဆွေများနှင့်အတူ ဝိုင်ကို အရှိန်ပြင်းစွာ သောက်သုံးရင်း ဂုဏ်ယူစွာဖြင့် ကြွေးကြော်နေလေသည်။
“ဟား... ဟား... ဟား... ငါ့ဘဝမှာ ဒီလောက်ပျော်စရာကောင်းတဲ့နေ့ မရှိနိုင်တော့ဘူးကွ... ငါ့မိန်းမ ရှုယင်မှာ ကိုယ်ဝန်ရှိနေပြီ... ငါ အဖေဖြစ်တော့မယ်ကွ... နောက် ၃ နှစ် ဒီအချိန်ဆို ငါ့သားလေးက ဒီနားမှာ ပြေးလွှားဆော့ကစားနေလောက်ပြီ... ဟား... ဟား...”
တာလီ၏ ကျယ်လောင်သော အသံကြောင့် လူအချို့က သူ့ကို လှည့်ကြည့်ကြပြီး ပြုံးကာ ခေါင်းညိတ်ပြကြသည်။
သူ၏ဇနီးဖြစ်သူ ရှုယင်ဆိုသော အမျိုးသမီးငယ်လေးမှာမူ မီးပုံနှင့် မနီးမဝေးရှိ သစ်လုံးခုံတန်းတစ်ခုပေါ်တွင် ထိုင်နေရင်း ခင်ပွန်းသည်၏ အပြုအမူကြောင့် မျက်နှာတစ်ခုလုံး နီရဲကာ ရှက်သွေးဖြာနေလေသည်။
သူမသည် ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း ချစ်ခင်မြတ်နိုးသောအကြည့်ဖြင့် တာလီကို လှမ်းကြည့်နေ၏။ သူမ၏မျက်ဝန်းထဲ၌ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်များ အပြည့်ရှိနေသည်။
ရွာသူရွာသားအားလုံးသည် ပစ္စုပ္ပန်၏ ပျော်ရွှင်မှု၌ နစ်မျောနေကြသည်။ သူတို့၏ ရိုးသားပွင့်လင်းသော ရယ်သံများသည် တောင်ကြားရွာလေး၏ ညကို အသက်ဝင်စေ၏။
သို့သော်... ထိုပျော်ရွှင်ဖွယ် မြင်ကွင်းနှင့် ဆန့်ကျင်ဘက်အဖြစ် လူအများ သတိမထားမိသော ထူးဆန်းမှုတစ်ခုသည် တိတ်တဆိတ် ဖြစ်ပေါ်လျက်ရှိသည်။
ထိုအရာသည်ကား ရွာသူကြီးဖြစ်သူ အကြီးအကဲမု၏ အခြေအနေပင်တည်း။
အကြီးအကဲမုသည် အသက်ခုနစ်ဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦးဖြစ်ပြီး သူ၏ဘဝတစ်လျှောက်လုံး ဤရွာလေး၏ အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သူ ဖြစ်သည်။
သူ၏မျက်နှာထက်မှ အရေးအကြောင်းများသည် သူဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံတို့ကို သက်သေခံနေသကဲ့သို့ ရှိ၏။
ပုံမှန်အားဖြင့်ဆိုလျှင် ဤသို့သော ပွဲတော်အချိန်အခါ၌ သူသည် ရွာသားများနှင့်အတူ ရောနှောကာ ဝိုင်သောက်လိုက်၊ ရိုးရာပုံပြင်များ ပြောပြလိုက်ဖြင့် အပျော်ရွှင်ဆုံးသူများထဲမှ တစ်ဦးဖြစ်လေ့ရှိသည်။
သို့သော် ယနေ့ညတွင်တော့ သူသည် ပုံမှန်နှင့်မတူဘဲ ထူးခြားစွာ ငြိမ်သက်နေသည်။
သူသည် မီးပုံ၏ အလင်းရောင်နှင့် အမှောင်ထုတို့ ထိစပ်နေသော နေရာရှိ သီးသန့်ကျောက်ဖျာကြီးတစ်ခုပေါ်တွင် ထိုင်နေသည်။
သူ၏ရှေ့တွင် ‘ကြယ်ရောင်’ ဝိုင်တစ်ခွက်ကို ချထားသော်လည်း တစ်ငုံမျှပင် သောက်သုံးထားခြင်း မရှိချေ။ သူ၏လက်များသည် ဒူးနှစ်ဖက်ပေါ်တွင် တင်ထားပြီး မလှုပ်မယှက် တောင့်တင်းနေသည်။
သူ၏မျက်နှာသည် ပြုံးနေသယောင် ရှိသော်လည်း ထိုအပြုံးသည် အသက်ဝင်သော အပြုံးမျိုးမဟုတ်ဘဲ မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသကဲ့သို့ တင်းမာနေ၏။
အဓိကအချက်မှာ သူ၏မျက်လုံးများပင် ဖြစ်သည်။ သူ၏မျက်လုံးများသည် ရှေ့တည့်တည့်မှ တောက်လောင်နေသော မီးပုံကို စိုက်ကြည့်နေသော်လည်း ထိုမျက်ဝန်းများထဲတွင် မီးရောင်များ၏ ရောင်ပြန်ဟပ်မှုမှလွဲ၍ အခြားမည်သည့် အရိပ်အယောင်မှ မရှိချေ။
ထိုသည်မှာ နက်ရှိုင်းသော ချောက်ကမ်းပါးတစ်ခုကဲ့သို့ ဟာလာဟင်းလင်းဖြစ်ကာ ဗလာကျင်းနေသည်။ အသက်မဲ့နေသည်။
သူသည် ဝိညာဉ်မရှိသော ခန္ဓာကိုယ်တစ်ခု၊ သို့မဟုတ် ကြိုးဆွဲရာကရသည့် အရုပ်တစ်ရုပ်ကဲ့သို့ အသက်မဲ့စွာ ထိုင်နေခြင်းသာ ဖြစ်သည်။
ရွာသားများသည် ပျော်ရွှင်မှုနှင့် ဝိုင်၏အရှိန်ကြောင့် မိမိတို့၏ ကမ္ဘာငယ်လေးထဲ၌သာ နစ်မျောနေကြသဖြင့် သူတို့၏အလေးစားရဆုံး ရွာသူကြီး၏ ဤထူးဆန်းသော အခြေအနေကို မည်သူတစ်ဦးတစ်ယောက်မျှ သတိပြုမိခြင်း မရှိခဲ့ချေ။
ရံဖန်ရံခါ အနားသို့ ရောက်လာပြီး အရိုအသေပေးသော ရွာသားများကို သူသည် ခေါင်းတစ်ချက် ညိတ်ပြကာ အသက်မဲ့သောအပြုံးဖြင့် တုံ့ပြန်လေ့ရှိသည်။
ထိုသူတို့သည်လည်း ရွာသူကြီးသည် အသက်အရွယ်ကြောင့် မောပန်းနေသည်ဟုသာ ရိုးစင်းစွာ ထင်မှတ်ကာ မိမိတို့၏ ပျော်ပွဲဆီသို့ ပြန်လည်ထွက်ခွာသွားကြသည်။
လီရှောင်ယင်သည် သူငယ်ချင်းများနှင့် စကားပြောနေရာမှ ရေသောက်ရန်အတွက် ရေအိုးများထားရာသို့ ထသွားစဉ် ရွာသူကြီး၏အနားမှ ဖြတ်သွားခဲ့သည်။
ထိုစဉ်အတွင်းမှာပင် သူမ၏ကျောထဲသို့ အေးစက်သော ခံစားမှုတစ်ခု ရုတ်တရက် တိုးဝင်လာခဲ့သည်။ သူမသည် အလိုလိုနေရင်း ကြက်သီးမွေးညင်းများ ထသွားပြီး ရွာသူကြီးထိုင်နေသော နေရာသို့ လှည့်ကြည့်လိုက်မိသည်။
သူမမြင်လိုက်ရသည်မှာ မီးရောင်အောက်တွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်နေသော အကြီးအကဲမု၏ ပုံရိပ်ပင်ဖြစ်သည်။
ထိုအခိုက်အတန့်၌ မီးပုံမှထွက်လာသော မီးတောက်တစ်ခုသည် လေပြင်းတစ်ချက်ကြောင့် အရှိန်ဖြင့် ရုတ်တရက်တောက်လောင်သွားပြီး ရွာသူကြီ၏မျက်နှာပေါ်သို့ အလင်းရောင်စူးစူးတစ်ခု ကျရောက်သွားခဲ့သည်။
လီရှောင်ယင်သည် ရွာသူကြီး၏မျက်လုံးများထဲရှိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဗလာကျင်းနေသော အကြည့်ကို တစ်စက္ကန့်မျှ ဖျတ်ခနဲ မြင်လိုက်ရသည်။
ထိုအကြည့်သည် လူသားတစ်ဦး၏ အကြည့်နှင့်မတူဘဲ အလွန်တရာ အေးစက်နက်ရှိုင်းလှသည်။
“ရှောင်ယင်... ဘာလုပ်နေတာလဲ... ရေအိုးက ဒီဘက်မှာ...”
မေလီ၏ ခေါ်သံကြောင့် လီရှောင်ယင်သည် အသိဝင်လာပြီး အကြီးအကဲမုထံမှ အကြည့်ကို ခွာလိုက်သည်။ သူမသည် ရင်ဘတ်ကိုဖိကာ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။
“ဘာ... ဘာမှမဖြစ်ပါဘူး... ငါအတွေးလွန်သွားလို့...”
သူမသည် ထိုသို့သာ ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်တော့ စောစောကမြင်လိုက်ရသော အေးစက်သည့်အကြည့်ကို ဖယ်ရှား၍မရခဲ့ပေ။
‘ငါ မျက်စိမှားတာ ဖြစ်မှာပါ... အကြီးအကဲက အသက်ကြီးလာတော့ ပင်ပန်းနေလို့ နေမှာပေါ့’ သူမကိုယ်သူမ ဖြေသိမ့်လိုက်သည်။ သို့သော် သူမ၏စိတ်အစဉ်ထဲ၌ သံသယ၏ မျိုးစေ့ငယ်လေးတစ်ခုသည် စတင်အမြစ်တွယ်သွားခဲ့လေပြီ။
ညသည် တဖြည်းဖြည်းနှင့် ပို၍နက်လာသည်။ မီးပုံသည်လည်း တဖြည်းဖြည်း အရှိန်လျော့ကာ မီးခဲနီနီများအဖြစ်သို့ ပြောင်းလဲစပြုလာသည်။
ကခုန်သူများ၊ သီချင်းဆိုသူများသည်လည်း မောပန်းနွမ်းနယ်လာကြပြီး မိမိတို့၏ နေအိမ်များဆီသို့ တစ်သုတ်ပြီးတစ်သုတ် ပြန်သွားကြလေပြီ။
ကလေးငယ်လေးများသည်လည်း မိဘများ၏ ကျောပေါ်တွင် အိပ်မောကျနေကြချေပြီ။
မကြာမီမှာပင် ကွင်းပြင်ကျယ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ကျန်ရှိနေသည်မှာ မီးခဲနီနီများ၏ တဖျစ်ဖျစ်အသံနှင့် ည၏အင်းဆက်ပိုးကောင်များ၏ တေးဆိုသံများသာ ဖြစ်သည်။
လူအများ ထွက်ခွာသွားကြသည့်တိုင်အောင် အကြီးအကဲမုသည် သူ၏နေရာမှ တစ်လက်မမျှပင် ရွေ့လျားသွားခြင်း မရှိခဲ့ပေ။
သူသည် ထိုနေရာ၌ပင် မလှုပ်မယှက် ဆက်လက်ထိုင်နေဆဲ။ သူ၏မျက်ဝန်းများသည် ငြိမ်းလုဆဲဆဲ မီးခဲများ၏ အနီရောင်အလင်းကို ရောင်ပြန်ဟပ်နေသော်လည်း ထိုမျက်ဝန်းများအတွင်း၌မူ မည်သည့်ခံစားချက်မျှ မရှိဘဲ အဆုံးမဲ့သော အမှောင်ထုကသာ ကြီးစိုးလျက်ရှိသည်။
ထိုစဉ် လေပြေအေးတစ်ချက်သည် တောင်ကြားထဲသို့ တိုးဝှေ့တိုက်ခတ်လာခဲ့သည်။
ထိုလေပြေနှင့်အတူ လူသားတို့၏ အာရုံဖြင့် ခံစားသိရှိနိုင်စွမ်းမရှိသော အလွန်တရာ သိမ်မွေ့လှသည့် မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုသည် အကြီးအကဲမု၏ ခန္ဓာကိုယ်မှ ဖြည်းညင်းစွာ ပျံ့လွင့်ထွက်ပေါ်လာသည်။
ထိုအငွေ့အသက်သည် ငြိမ်းချမ်းစွာ အိပ်စက်နေသော စိမ်းလန်းသောတောင်ကြားရွာလေးတစ်ခုလုံးကို တိတ်ဆိတ်စွာဖြင့် ဖုံးလွှမ်းသွားခဲ့လေတော့သတည်း။
တောင်ကြားလေအေးတစ်ချက်သည် ငြိမ်းလုဆဲဆဲမီးခဲများ၏ ပြာမှုန်တို့ကို လေထဲသို့ ဝေ့ဝဲပျံတက်စေသည်။
ထိုလေပြေနှင့်အတူ ရောယှက်ပါလာသော မကောင်းဆိုးဝါးအငွေ့အသက်တို့သည် အကြီးအကဲမု၏ ခန္ဓာကိုယ်မှ ပင့်ကူအိမ်အမျှင်တန်းများသဖွယ် တိတ်တဆိတ်ပျံ့လွင့်ထွက်ပေါ်လာပြီး၊ ငြိမ်းချမ်းစွာအိပ်စက်နေသော စိမ်းလန်းသောတောင်ကြားရွာလေးတစ်ခုလုံးကို အမှောင်ထုအာဏာစက်ဖြင့် သိမ်းကျုံးဖုံးလွှမ်းသွားခဲ့လေသည်။
ထိုအငွေ့အသက်သည် သာမန်မျက်စိဖြင့် မမြင်နိုင်၊ သာမန်အာရုံဖြင့် မခံစားနိုင်သော်လည်း ထိုအငွေ့အသက်၏တည်ရှိမှုသည် ပတ်ဝန်းကျင်တစ်ခုလုံး၏ သဘာဝစည်းချက်ကို ဖောက်ပြန်စေ၏။
ညအိပ်တန်းတက်နေသော ငှက်များသည် အိပ်မက်ဆိုးများမက်၍ ထိတ်လန့်တကြား အော်မြည်ကာ အကိုင်းအခက်များပေါ်မှ ပြုတ်ကျကုန်ကြသည်။
တောထဲမှ သားရဲတိရစ္ဆာန်များသည်လည်း အကြောင်းအရင်းမသိသော ကြောက်ရွံ့မှုဖြင့် မိမိတို့၏ အသိုက်များထဲတွင် တုန်ယင်စွာ ပုန်းအောင်းနေကြတော့သည်။
လူသားတို့၏ အိပ်စက်ခြင်းသည် အနက်ရှိုင်းဆုံးအချိန်သို့ ရောက်ရှိနေစဉ်...
ကျောက်ဖျာကြီးပေါ်တွင် နာရီပေါင်းများစွာ မလှုပ်မယှက်ထိုင်နေခဲ့သော အကြီးအကဲမုသည် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။
သူ၏လှုပ်ရှားမှုသည် သက်ရှိတစ်ဦး၏ လှုပ်ရှားမှုနှင့်မတူ။ သံချေးတက်နေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းပြီး တကျွိကျွိမြည်သံများနှင့်အတူ သူ၏လည်ပင်းသည် ဒီဂရီတစ်ခုချင်းစီ လှည့်လာသည်။
သူ၏မျက်နှာသည် ရွာလယ်ကောင်မှသည် အမှောင်ဖုံးနေသော ရွာ၏အစွန်အဖျားရှိ အိမ်ငယ်လေးများဆီသို့ ဦးတည်သွားသည်။
သူ၏မျက်ဝန်းများသည် ဗလာနတ္ထိဖြစ်နေဆဲပင်။
သို့သော် ထိုဗလာကျင်းနေသော မျက်ဝန်းများ၏ နက်ရှိုင်းသော အတွင်းဘက်တစ်နေရာ၌မူ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းသေးသေးလေးတစ်ခုက တဖျပ်ဖျပ်လက်နေသည်။
ထိုအရာသည်ကား... အငမ်းမရဖြစ်နေသော ဆာလောင်မှု၏ အရောင်ပင်တည်း။
“ကျီး...ကျီး...ကျီး...”
အရိုးများ အချင်းချင်းထိခတ်သံကဲ့သို့သော အသံများ သူ၏ကိုယ်ထဲမှ ထွက်ပေါ်လာပြီးနောက် အကြီးအကဲမုသည် သူ၏နေရာမှ မတ်တပ်ထရပ်လိုက်သည်။
သူ၏ခန္ဓာကိုယ်သည် ပုံမှန်သက်ကြီးရွယ်အိုတစ်ဦး၏ ကိုင်းညွတ်နေသော ခန္ဓာကိုယ်မျိုးမဟုတ်တော့ဘဲ မယုံနိုင်လောက်အောင် မတ်မတ်မားမားဖြစ်နေသည်။
သူ၏အရေပြားအောက်တွင် တစ်စုံတစ်ခုက တွားသွားလှုပ်ရှားနေသကဲ့သို့ပင်။
“အချိန်... ကျပြီ။”
သူ၏နှုတ်ခမ်းများသည် လှုပ်ရှားခြင်းမရှိသော်လည်း သူ၏လည်ချောင်းထဲမှ လေသံခြောက်ကပ်ကပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအသံသည် လူသားတစ်ဦး၏ အသံမဟုတ်ဘဲ သံချောင်းနှစ်ချောင်း ပွတ်တိုက်လိုက်သည့်အသံနှင့် ပို၍တူသည်။
“ဒီနားမာလာစောင့်ကြည့်တဲ့ ကျင့်ကြံသူ... သွားပြီ။ အခု... ငါ့ရဲ့ အစာစားပွဲတော်... စတင်တော့မယ်။”
စကားဆုံးသည်နှင့် သူ၏ခြေထောက်သည် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။
သူ၏ခြေလှမ်းသည် မြေပြင်နှင့်ထိတွေ့လိုက်သည့်အခါ “ဖလပ်” ဟူသော အသံနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အနီးဆုံးရှိ အိမ်တစ်လုံးဆီသို့ လျှပ်စီးလက်သကဲ့သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ထိုအိမ်သည် နေ့ခင်းကပင် အဖေဖြစ်တော့မည်ဟု ဝမ်းသာအားရ ကြွေးကြော်ခဲ့သော ‘တာလီ’ ၏ အိမ်ပင်ဖြစ်သည်။
တာလီနှင့် သူ၏ကိုယ်ဝန်ဆောင်ဇနီး ရှုယင်တို့သည် ပွဲတော်၏ ပင်ပန်းနွမ်းနယ်မှုနှင့် ကြယ်ရောင်ဝိုင်၏အရှိန်ကြောင့် အိပ်ရာထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။
ရှုယင်၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုရှိနေပြီး သူမ၏လက်တစ်ဖက်သည် သူမ၏ဖောင်းကြွစပြုနေသော ဝမ်းဗိုက်လေးကို ညင်သာစွာ ပွတ်သပ်ထားသည်။ သူမသည် အနာဂတ်၏ ချိုမြိန်သောအိပ်မက်များကို မက်နေသည်မှာ သေချာသည်။
“ချောက်...”
သစ်သားတံခါးသည် အသံမမြည်ဘဲ ပွင့်သွားပြီး အနက်ရောင်အရိပ်သည် အခန်းထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာသည်။
အခန်းထဲရှိ လေထုသည် ချက်ချင်းပင် အေးခဲသွားပြီး အပူချိန်သည် ရေခဲမှတ်အောက်သို့ပင် ရောက်ရှိသွားသကဲ့သို့ ထင်မှတ်ရသည်။
အရိပ်သည် အိပ်စက်နေသော လင်မယားနှစ်ဦး၏ ကုတင်ဘေးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် အရိပ်သည် တဖြည်းဖြည်း လူသဏ္ဌာန်ပြန်လည်ဖြစ်လာပြီး အကြီးအကဲမု၏ ပုံစံသို့ ပြန်ပြောင်းသွားသည်။
သို့သော် ယခုမြင်နေရသော အကြီးအကဲမုသည် ရွာသားများသိသော ကြင်နာတတ်သည့် အဘိုးအိုမဟုတ်တော့ချေ။
သူ၏ပါးစပ်သည် မဖြစ်နိုင်လောက်အောင် ကျယ်ပြန့်စွာ ဟသွားပြီး ချွန်ထက်သောအစွယ်များက သွားတန်းများကြားမှ ထိုးထွက်လာသည်။
သူ၏လက်ချောင်းများသည် ရှည်ထွက်လာပြီး လက်သည်းများသည် ဓားသွားများကဲ့သို့ ချွန်မြနေသည်။ သူ၏မျက်လုံးများသည်လည်း သွေးကဲ့သို့ နီရဲတောက်လောင်နေတော့သည်။
သူသည် ရှုယင်၏ ဝမ်းဗိုက်ကို တပ်မက်စွာ စိုက်ကြည့်လိုက်သည်။
“လတ်ဆတ်တဲ့... ဝိညာဉ်စွမ်းအင်... နှစ်ခု... တစ်ခုက နုနယ်ပြီး... တစ်ခုက အားနည်းနေတယ်။ အကောင်းဆုံး... အမြည်းပဲ။”
သူ၏လက်သည်းချွန်များပါသော လက်သည် ရှုယင်၏ ဝမ်းဗိုက်ဆီသို့ ဖြည်းညှင်းစွာ... ဖြည်းညှင်းစွာ... ထိုးစိုက်ရန် ရွယ်လိုက်သည်။
ထိုအခိုက်အတန့်၌...
“ရွှစ်!”
လေကို ထိုးဖောက်၍ဖြတ်သန်းလာသော အသံတစ်ခုသည် ည၏တိတ်ဆိတ်မှုကို ရိုက်ချိုးလိုက်ပြီး ငွေရောင်အလင်းတန်းတစ်ခုသည် ပြတင်းပေါက်ကို ဖောက်ထွင်းဝင်ရောက်လာကာ အကြီးအကဲမု၏ လည်ပင်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။
အကြီးအကဲမု၏ တုံ့ပြန်မှုသည် လူသားတစ်ဦး၏ တုံ့ပြန်မှုထက် အဆပေါင်းများစွာ သာလွန်သည်။
သူ၏ခေါင်းသည် မဖြစ်နိုင်သော ဒီဂရီတစ်ခုအထိ နောက်သို့ ကွေးညွတ်သွားပြီး ငွေရောင်အလင်းတန်းသည် သူ၏လည်ချောင်းကို လက်မပိုင်းမျှအကွာမှ လွဲချော်သွားကာ အနောက်ဘက်နံရံတွင် “စိုက်” ခနဲ စိုက်ဝင်သွားသည်။
နံရံတွင် စိုက်ဝင်သွားသောအရာမှာ သာမန်ဓားတစ်ချောင်းမဟုတ်။ ထူးဆန်းသော အစီအရင်စာလုံးများ ရေးထွင်းထားသည့် ငွေရောင်သံမဏိဓားတစ်ချောင်းသာ ဖြစ်သည်။
“ဘယ်... ဘယ်သူလဲ”
အကြီးအကဲမု၏ လည်ချောင်းထဲမှ အက်ကွဲကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
သူသည် အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏အမဲလိုက်ပွဲကို အနှောင့်အယှက်ပေးသောသူကို ရှာဖွေရန် အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင်ပင် တာလီတို့အိမ်၏ ခေါင်မိုးပေါ်၌ ပုံရိပ်တစ်ခုသည် လရောင်ကို နောက်ခံထားလျက် ထင်ရှားစွာ ပေါ်ထွက်လာသည်။
ထိုသူသည် အသက် ၁၇ နှစ်အရွယ်ခန့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူ၏တစ်ကိုယ်လုံးတွင် သွေးများစွန်းထင်းနေပြီး သူ၏မျက်နှာသည် အေးစက်တည်ငြိမ်နေသည်။
သူ၏အဝတ်အစားတို့သည် စုတ်ပြတ်သပ်နေပြီး သူတောင်းစားတစ်ယောက်နှင့်မခြားနားပေ။
သူ၏မျက်ဝန်းများသည် ညအမှောင်ထက်ပင် ပို၍နက်ရှိုင်းပြီး ထိုမျက်ဝန်းများထဲတွင် စကြဝဠာတစ်ခုလုံး၏ ပျက်စီးခြင်းကို မြင်တွေ့ခဲ့ရဖူးသည့် အထီးကျန်မှုနှင့် သတ်ဖြတ်လိုစိတ်တို့က ရောယှက်နေသည်။
သူကား လင်းရှောင်ပင်တည်း။
လင်းရှောင်သည် အောက်မှ သွေးနီရောင်မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသော အကြီးအကဲမုကို လျစ်လျူရှုလိုက်သည်။
သူ၏အကြည့်သည် ရွာ၏အခြားတစ်ဖက်၊ မီးပုံကြီး၏ အလင်းရောင်နှင့် မလှမ်းမကမ်းရှိ အိမ်ငယ်လေးတစ်လုံးဆီသို့ ရောက်ရှိသွားသည်။
ထိုအိမ်သည် လီရှောင်ယင်၏ အိမ်ဖြစ်သည်။
သူ၏စိတ်အစဉ်ထဲတွင် ဘဝပေါင်းများစွာက မြင်ကွင်းများက ရုပ်ရှင်ပြကွက်များသဖွယ် တဖျပ်ဖျပ် ပြန်ပေါ်လာသည်။
ရွာတစ်ရွာလုံး သွေးချောင်းစီးနေသော မြင်ကွင်း... သွေးများကြားတွင် ဒေါသတကြီး အော်ဟစ်နေသော လီရှောင်ယင်... သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် သွေးနတ်ဆိုးအရှိန်အဝါ... ထို့နောက် ထိုအရှိန်အဝါ၏ဒဏ်ကို မခံနိုင်ဘဲ ကြေမွသွားသော သူမ၏ခန္ဓာကိုယ်...။
ဤရွာလေးသို့ မတော်တဆရောက်လာသည့် ဘဝ ၆ ကြိမ်မြောက်မှစ၍ သူသည် ဤမြင်ကွင်းကို အကြိမ်ကြိမ် ပြန်တွေ့ခဲ့ရသည်။
အကြိမ်တိုင်းတွင် သူသည် အချိန်မမှီခဲ့။ အကြိမ်တိုင်းတွင် သူသည် သူမ၏အလောင်းကိုသာ တိတ်တဆိတ် ကောက်ယူသင်္ဂြိုဟ်ပေးနိုင်ခဲ့သည်။
‘ဒီတစ်ခါတော့... မဖြစ်စေရတော့ဘူး။’
လင်းရှောင်၏ မျက်ဝန်းများထဲတွင် အေးစက်သော အရောင်တစ်ခု လက်ခနဲဖြစ်သွားသည်။
သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏လက်ထဲတွင် အနက်ရောင်စာလုံးများဖြင့် ရှုပ်ထွေးစွာ ရေးဆွဲထားသော အဝါရောင်အစီအရင်စာရွက်တစ်ရွက် ပေါ်ထွက်လာသည်။
“သွား”
သူသည် ထိုအစီအရင်စာရွက်ကို လီရှောင်ယင်၏ အိမ်ရှိရာဘက်သို့ ပစ်လွှတ်လိုက်သည်။
အစီအရင်စာရွက်သည် လေထဲတွင် အနက်ရောင်ကြယ်တံခွန်တစ်ခုအလား လင်းလက်စွာ ပျံသန်းသွားပြီး လီရှောင်ယင်၏ အိမ်ခေါင်မိုးကို ထွင်းဖောက်ကာ အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
“ဘုန်း”
အသံတိုးညှင်းသော ပေါက်ကွဲမှုတစ်ခုနှင့်အတူ ရွှေရောင်အလင်းတန်းများက လီရှောင်ယင်၏ အိမ်အတွင်းမှ ပျံ့ကားထွက်လာပြီး အိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် အလင်းတန်းများသည် ချက်ချင်းပင် ပြန်လည်ကျုံ့ဝင်သွားပြီး အိမ်၏အပြင်ဘက်တွင် မမြင်နိုင်သော အကာအရံတစ်ခု ဖြစ်ပေါ်သွားသည်။
ထိုအကာအရံသည် အပြင်မှမည်သည့်အရာကိုမှ အတွင်းသို့ ဝင်ခွင့်မပြုသလို၊ အတွင်းမှမည်သည့်အရာကိုမှလည်း အပြင်သို့ ထွက်ခွင့်ပြုမည်မဟုတ်ပေ။
ထိုအကာအရံသည် အသံကိုသာ ဖြတ်သန်းခွင့်ပြုထားသော အမှောင်ထုလှောင်အိမ်တစ်ခုသာ ဖြစ်သည်။
ဤအစီအရင်သည် သူ၏ယခင်ဘဝများစွာမှ အတွေ့အကြုံများဖြင့် ဖန်တီးထားသော ‘ထာဝရညဥ့်နက်အကာအရံ’ ဖြစ်သည်။
ထိုအစီအရင်သည် လီရှောင်ယင်၏ သွေးနတ်ဆိုးသတ်ဖြတ်သူခန္ဓာကိုယ်ကို ယာယီချိပ်ပိတ်ထားရုံသာမက သူမကို အသက်အန္တရာယ်မှလည်း ကာကွယ်ပေးထားလိမ့်မည်။
သို့သော်... ဤအကာအရံသည် နှစ်နာရီသာ ခံနိုင်မည်ဖြစ်သည်။
လီရှောင်ယင်သည် သူမ၏အခန်းငယ်လေးထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ ရုတ်တရက် လှုပ်ခတ်မှုတစ်ခုကြောင့် လန့်နိုးလာခဲ့သည်။
သူမ မျက်လုံးဖွင့်လိုက်သည့်အခါ မြင်လိုက်ရသည်မှာ အဆုံးမရှိသော အမှောင်ထုပင်ဖြစ်သည်။
“ဘာ... ဘာဖြစ်တာလဲ။”
သူမသည် ကြောင်အသွားသည်။ ပုံမှန်ဆိုလျှင် သူမ၏အခန်းသည် ပြတင်းပေါက်မှ ဝင်လာသော လရောင်ဖြင့် အလင်းရောင်ခပ်ဖျော့ဖျော့ ရှိနေရမည်ဖြစ်သည်။
သို့သော် ယခုမူ သူမ၏လက်တစ်ကမ်းကိုပင် သူမ မမြင်ရချေ။
“ဖယောင်းတိုင်မီးသေသွားတာလား။” သူမသည် ရေရွတ်ရင်း အိပ်ရာဘေးမှ မီးခွက်ကို စမ်းတဝါးဝါးဖြင့် လိုက်ရှာသည်။ သို့သော် သူမ၏လက်သည် မည်သည့်အရာနှင့်မှ မထိတွေ့ဘဲ လေထဲတွင်သာ ရှိနေသည်။
ထိုအခါမှ သူမသည် တစ်ခုခုမှားနေပြီဟု ခံစားမိလိုက်သည်။ သူမသည် အိပ်ရာပေါ်တွင် မရှိနေ။
သူမသည် မာကျောသော ကြမ်းပြင်တစ်ခုပေါ်တွင် ရောက်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် အဆုံးမဲ့သော အမှောင်ထုဖြင့်သာ ပြည့်နှက်နေသည်။
“ဘယ်သူရှိလဲ။ မေမေ... ဖေဖေ...”
သူမ၏ခေါ်သံသည် အမှောင်ထုထဲတွင် ပဲ့တင်ထပ်သွားသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မလာခဲ့။
ထိုအချိန်တွင်ပင် အပြင်ဘက်မှ အသံဗလံများကို သူမ စတင်ကြားလာရသည်။
ပထမဆုံးကြားလိုက်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အက်ကွဲကြမ်းတမ်းသော အော်ဟစ်သံတစ်ခုဖြစ်သည်။
“ကောင်စုတ်လေး... မင်းက ဘယ်ကောင်လဲ။ ငါ့အစာစားနေတာကို ဘာနှောက့်ယှက်ရဲတယ်လား။”
ထိုအသံသည် အကြီးအကဲမု၏ အသံနှင့် ဆင်တူသော်လည်း အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းနေသည်။
ထို့နောက်တွင်တော့ အေးစက်တည်ငြိမ်သော လူငယ်တစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“ကြယ်တစ်ပွင့်အဆင့် ကျီရှင်းသက်ရှိတစ်ကောင်... အမှိုက်ပဲ။”
ကျီရှင်းသက်ရှိ... ထိုစကားလုံးကို လီရှောင်ယင် နားမလည်ချေ။ သို့သော် ထိုစကားလုံးထဲတွင် ပါဝင်သော အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်တို့ကို သူမ အတိုင်းသား ခံစားမိလိုက်သည်။
“အားးးး သေစမ်း”
အကြီးအကဲမု၏ ဒေါသတကြီးအော်ဟစ်သံနှင့်အတူ တိုက်ခိုက်သံများ၊ ပေါက်ကွဲသံများ၊ အဆောက်အဦများ ပြိုကျသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
လီရှောင်ယင်သည် အမှောင်ထဲတွင် ဒူးနှစ်ဖက်ကိုပိုက်ကာ ကြောက်လန့်တကြား တုန်ယင်နေမိသည်။
‘ဘာ... ဘာတွေဖြစ်နေတာလဲ... ရွာမှာ ဘာတွေဖြစ်နေတာလဲ။’
သူမ၏စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသော်လည်း သူမသည် ဤအမှောင်လှောင်အိမ်ထဲမှ မည်သို့မှ ထွက်သွားနိုင်ခြင်းမရှိပေ။
အပြင်ဘက်တွင်တော့ လင်းရှောင်နှင့် သဏ္ဍာန်ပြောင်းသွားသော အကြီးအကဲမုတို့၏ တိုက်ပွဲသည် အပြင်းအထန် ဖြစ်ပွားနေသည်။
အကြီးအကဲမု၏ ခန္ဓာကိုယ်သည် ပုံမှန်လူသားတစ်ဦး၏ အရွယ်အစားထက် နှစ်ဆခန့် ကြီးမားလာပြီး သူ၏အရေပြားသည် ကျောက်တုံးများကဲ့သို့ မာကျောနေသည်။
သူ၏လက်သည်းများသည် သံမဏိများကိုပင် ဆုတ်ဖြဲနိုင်စွမ်းရှိပြီး သူ၏ပါးစပ်မှ ထွက်လာသော အနက်ရောင်အငွေ့အသက်များသည် အဆိပ်ပြင်းများ ဖြစ်ကြသည်။
သို့သော်... လင်းရှောင်၏ ရှေ့တွင်တော့ သူသည် ကလေးတစ်ယောက်နှင့်သာ တူသည်။
လင်းရှောင်၏ လှုပ်ရှားမှုတိုင်းသည် ရိုးရှင်းသော်လည်း သေစေနိုင်လောက်အောင် တိကျသည်။
သူ၏လက်ထဲတွင် သာမန်ဓားတစ်ချောင်းသာ ရှိသော်လည်း ထိုဓားသည် သူ၏လက်ထဲတွင် သေမင်း၏တံစဉ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
“သတ်ဖြတ်ခြင်းတာအို” ၏ စွမ်းအားသည် သူ၏ကိုယ်ထဲတွင် လည်ပတ်နေပြီး သူ၏အစွမ်းကို အဆများစွာ မြှင့်တင်ပေးထားသည်။
သတ်ဖြတ်မှုများ များပြားလာသည်နှင့်အမျှ သူ၏သတ်ဖြတ်လိုစိတ်သည်လည်း ပိုမိုပြင်းထန်လာသည်။
“ရွှစ်”
လင်းရှောင်၏ ဓားသည် အေးစက်သောအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အကြီးအကဲမု၏ လက်မောင်းတစ်ဖက်ကို လွယ်ကူစွာ ဖြတ်ပိုင်းလိုက်သည်။
“အားးးး”
အကြီးအကဲမုသည် နာကျင်စွာအော်ဟစ်လိုက်ပြီး နောက်သို့ဆုတ်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
သူသည် ကြယ်တစ်ပွင့်အဆင့် ကျီရှင်းသက်ရှိတစ်ဦးဖြစ်သည်။ သာမန်သေမျိုးကမ္ဘာတွင် သူ့ကိုအနိုင်တိုက်နိုင်သူ မရှိသလောက်ရှားပါးသည်။
အတွင်းအားကိုအထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံပြီးသော သေမျိုးသိုင်းပညာရှင်များသာ သူ့ကိုအနိုင်တိုက်နိုင်လိမ့်ပေမည်။
သို့သော် သူ၏ရှေ့မှ ဤလူငယ်သည်...
“မင်း... မင်းက သေမျိုးမဟုတ်ဘူး။ မင်းက ကျင့်ကြံသူပဲ။”
လင်းရှောင်သည် အေးစက်စွာ ပြုံးလိုက်သည်။ “သိတာ နောက်ကျသွားပြီ။”
သူ၏ကိုယ်သည် ရှေ့သို့တိုးဝင်သွားပြီး သူ၏ဓားသည် အကြီးအကဲမု၏ နှလုံးသားရှိရာသို့ တန်းတန်းမတ်မတ် ထိုးစိုက်ဝင်ရောက်သွားသည်။
သို့သော်... ထိုအခိုက်အတန့်၌ လင်းရှောင်၏ မျက်နှာတွင် အံ့ဩမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်သွားသည်။
သူ၏အာရုံခံစားမှုထဲတွင်... ရွာ၏နေရာအနှံ့အပြားမှ... အလွန်တရာ အားကောင်းပြီး ဆိုးရွားလှသော အရှိန်အဝါပေါင်းများစွာသည် တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိုအရှိန်အဝါတိုင်းသည် သူယခုတိုက်ခိုက်နေသော အကြီးအကဲမုထက် အဆပေါင်းများစွာ ပို၍အားကောင်းနေသည်။
“ဒါ... ဒါက... ကြယ်နှစ်ပွင့်အဆင့် ကျီရှင်းသက်ရှိတွေပဲ။ တစ်ယောက်... နှစ်ယောက်... ဆယ်ယောက်... နှစ်ဆယ့်နှစ်ယောက်!”
လင်းရှောင်၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
‘ဘယ်လိုဖြစ်နိုင်မှာလဲ။ အရင်ဘဝတွေတုန်းက ဒီရွာမှာ ကြယ်တစ်ပွင့်အဆင့် ကျီရှင်းသက်ရှိတစ်ကောင်ပဲ ရှိခဲ့တာ။ အခု... အခု ဘာလို့... အချိန်စီးကြောင်းက ဒီလောက်အများကြီး ပြောင်းလဲသွားရတာလဲ။’
သူ၏အတွေးသည် တစ်စက္ကန့်မျှသာ ကြာလိုက်သည်။
သူ၏ရှေ့မှ အကြီးအကဲမုသည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်သည်။
“ဟား... ဟား... ဟား... မင်းထောင်ချောက်ထဲကို ဝင်လာခဲ့ပြီ၊ ကျင့်ကြံသူလေး။ မင်းထင်နေလား... ငါက တစ်ယောက်တည်းလို့။ ငါက... ငါက အစာမျှားစာသက်သက်ပဲ။”
စကားဆုံးသည်နှင့် ရွာ၏အိမ်များထဲမှ ပုံရိပ်များစွာသည် အမှောင်ထုထဲမှ ထွက်ပေါ်လာကြသည်။
သူတို့သည်ကား... နေ့ခင်းက ပျော်ရွှင်စွာ ကခုန်ခဲ့ကြသော ရွာသူရွာသားများပင်တည်း။
လီရှောင်ယင်ကို ခိုးကြည့်ခဲ့သော အမဲလိုက်သမား အာဖန်... လီရှောင်ယင်၏ သူငယ်ချင်း မေလီ... တာလီ၏ ဇနီး ရှုယင်... ပွဲတော်တွင် ပြေးလွှားဆော့ကစားနေခဲ့ကြသော ကလေးငယ်များ...
ယခုအခါတွင် သူတို့အားလုံး၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေပြီး သူတို့၏မျက်နှာများပေါ်တွင် ရက်စက်သော အပြုံးများက ချိတ်ဆွဲထားသည်။
သူတို့၏ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် ကြယ်နှစ်ပွင့်အဆင့် ကျီရှင်းသက်ရှိများ၏ အရှိန်အဝါများပင်ဖြစ်သည်။
သူတို့သည် ပုံမှန်လူသားများကဲ့သို့ပင် ပြုမူနေထိုင်နိုင်ကြသည်။ ရွာသူကြီးကဲ့သို့ မျက်နှာသေကြီးဖြင့် မထိန်းချုပ်နိုင်သော အခြေအနေမျိုး လုံးဝမရှိချေ။
“ကောင်းလိုက်တဲ့ အသားနဲ့သွေး... ဒီလိုကျင့်ကြံသူမျိုးရဲ့ ဝိညာဉ်ကိုသာ စားလိုက်ရရင် ငါတို့အားလုံး အဆင့်တက်သွားနိုင်တယ်။” အာဖန်သည် သူ၏လျှာဖြင့် နှုတ်ခမ်းကိုသပ်ရင်း တပ်မက်စွာ ပြောလိုက်သည်။
မေလီကလည်း တခစ်ခစ်ရယ်မောလိုက်သည်။ “သူ့ကို ချက်ချင်းမသတ်လိုက်နဲ့ဦးနော်။ သူ့ကို ဖြည်းဖြည်းချင်း ညှဉ်းဆဲပြီး သူရဲ့မျှော်လင့်ချက်မဲ့သွားတဲ့ အော်ဟစ်သံတွေကို ငါနားထောင်ချင်တယ်။”
ကျီရှင်းသက်ရှိ ၂၃ ယောက်... တစ်ယောက်က ကြယ်တစ်ပွင့်၊ နှစ်ဆယ့်နှစ်ယောက်က ကြယ်နှစ်ပွင့်... အားလုံးသည် လင်းရှောင်ကို သားကောင်တစ်ကောင်ကဲ့သို့ ဝိုင်းရံထားလိုက်ကြသည်။
လင်းရှောင်၏ နှလုံးသားသည် ရေခဲတုံးတစ်ခုလို အေးစက်သွားသည်။
သူ၏ယခင်ဘဝများစွာမှ ကြုံတွေ့ခဲ့ရသော အန္တရာယ်ပေါင်းများစွာနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ ဘာမျှမဟုတ်သော်လည်း... ယခုသူ၏စွမ်းအားသည် အထွတ်အထိပ်သို့ မရောက်သေး။ ပို၍ဆိုးသည်မှာ... သူ့တွင် အချိန်က နှစ်နာရီသာ ရှိသည်။
နှစ်နာရီအတွင်း ဤကျီရှင်းသက်ရှိ ၂၃ ယောက်လုံးကို အပြတ်ရှင်းလင်းရမည်။
မဟုတ်လျှင်... လီရှောင်ယင်၏ သွေးနတ်ဆိုးခန္ဓာကိုယ် နိုးထလာမည်ဖြစ်ပြီး... အရာအားလုံးသည် သူ၏ရှုံးနိမ့်ခဲ့သော အတိတ်များအတိုင်း ထပ်မံဖြစ်ပွားသွားလိမ့်မည်။
လင်းရှောင်သည် သူ၏ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် မည်သည့်ကြောက်ရွံ့မှုမှ မရှိ။ အဆုံးမဲ့သော အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်များသာ တောက်လောင်နေသည်။
သူသည် လီရှောင်ယင်ကို ကာကွယ်ထားသော အမှောင်လှောင်အိမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သူသည် အခြားမည်သူ့ကိုမှ ဂရုမစိုက်။ လီရှောင်ယင်တစ်ယောက်သာ အသက်ရှင်နေလျှင် ကျန်ကမ္ဘာကြီးတစ်ခုလုံး ပြာကျသွားပါစေ... သူဂရုမစိုက်။
“လာကြစမ်း... မင်းတို့အားလုံးကို ငါ့ရဲ့ သတ်ဖြတ်ခြင်းတာအိုအတွက် လောင်စာအဖြစ် ပြောင်းလဲပေးမယ်။”
သူ၏အသံသည် အေးစက်ပြီး ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ စကားဆုံးသည်နှင့် သူ၏ကိုယ်သည် အရိပ်တစ်ခုအလား ရှေ့သို့တိုးဝင်သွားပြီး သွေးရောင်ခြယ်တိုက်ပွဲတစ်ခုကို စတင်လိုက်တော့သည်။
တိုက်ပွဲသည် စကားတစ်ခွန်းမှ ထပ်မံဆိုချိန်မရဘဲ ပေါက်ကွဲထွက်သွားသည်။
“ဝုန်း”
ရှေ့ဆုံးမှ တိုးဝင်လာသူများမှာ အမဲလိုက်သမား အာဖန်နှင့် လီရှောင်ယင်၏ သူငယ်ချင်း မေလီတို့ပင် ဖြစ်သည်။
အာဖန်၏ တောင့်တင်းသော ခန္ဓာကိုယ်သည် မူလထက်ပင် ပိုမိုကြီးမားလာပြီး သူ၏အရေပြားအောက်တွင် တုတ်ခိုင်သော ကြွက်သားမျှင်များသည် မြွေများလူးလွန့်နေသကဲ့သို့ လှုပ်ရှားနေသည်။
သူ၏လက်နှစ်ဖက်သည် ချွန်ထက်သော အရိုးလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ကိုကုတ်ခြစ်ကာ ကျားတစ်ကောင်ကဲ့သို့ လင်းရှောင်ထံသို့ ခုန်အုပ်လိုက်သည်။
မေလီ၏ လှုပ်ရှားမှုမှာမူ ပို၍ပင် လျင်မြန်လှသည်။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် အရိပ်တစ်ခုအလား လေထဲတွင် ကွေးညွတ်ပျံသန်းလာပြီး လင်းရှောင်၏ ဘေးတစ်ဖက်မှ ချဉ်းကပ်လာသည်။
သူမ၏ ချစ်စဖွယ်လက်ချောင်းလေးများသည် ယခုအခါတွင် အဆိပ်လူးထားသော ဓားမြှောင်များကဲ့သို့ ချွန်ထက်နေပြီး လင်းရှောင်၏ လည်မျိုကို ပစ်မှတ်ထားနေသည်။
ကျန်သော ကျီရှင်းသက်ရှိများသည်လည်း နေရာအသီးသီးမှ လင်းရှောင်အား ဝိုင်းဝန်း၍ တိုက်ခိုက်လာကြသည်။
သူတို့၏ တိုက်ခိုက်ပုံသည် စည်းစနစ်ကျပြီး အတွေ့အကြုံရင့်သော တပ်ဖွဲ့တစ်ဖွဲ့ကဲ့သို့ပင်။
အချို့က အဝေးမှ အနက်ရောင်စွမ်းအင်လုံးများဖြင့် ပစ်ခတ်ပြီး၊ အချို့က မြေကြီးထဲမှ ချွန်ထက်သော ကျောက်စိုင်များကို ဖန်တီးကာ လင်းရှောင်၏ ခြေထောက်များကို ထိုးနှက်သည်။
သူတို့သည် လင်းရှောင်အား လွတ်မြောက်ရန် လမ်းကြောင်းအားလုံးကို တစ်ပြိုင်နက် ပိတ်ဆို့လိုက်ခြင်းပင်ဖြစ်သည်။
လင်းရှောင်၏ မျက်နှာသည် တည်ငြိမ်နေဆဲပင်။ သူ၏မျက်ဝန်းများသည် စစ်မြေပြင်တစ်ခုလုံးကို တစ်ချက်တည်းဖြင့် အကဲခတ်လိုက်သည်။
သူ၏ခန္ဓာကိုယ်သည် မဖြစ်နိုင်သော ဒီဂရီတစ်ခုအထိ နောက်သို့ လှန်ချလိုက်ပြီး အာဖန်၏ ခုန်အုပ်မှုကို ရှောင်တိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ဓားကိုင်ထားသော လက်သည် နောက်ပြန်လှည့်ကာ မေလီ၏ လက်သည်းများကို “ချွမ်း” ဟူသောအသံနှင့်အတူ ပုတ်ထုတ်လိုက်သည်။
“ကလင်” “ကလင် “ကလင်”
အနက်ရောင်စွမ်းအင်လုံးများနှင့် ကျောက်စိုင်များသည် သူ၏ကိုယ်ကို လွဲချော်သွားပြီး မြေပြင်နှင့် အနီးအနားရှိ တဲအိမ်များကို ထိမှန်ကာ ပေါက်ကွဲသွားသည်။
“ဘုန်း ဘုန်း”
ရွာငယ်လေးသည် ချက်ချင်းပင် စစ်တလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ မီးတောက်များ၊ ပေါက်ကွဲမှုများနှင့်အတူ မြေမှုန့်များက လေထဲတွင် ဝေ့ဝဲနေသည်။
အမှောင်လှောင်အိမ်ထဲတွင် လီရှောင်ယင်သည် ထိုအသံများကို ကြားသောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။
“အား”
သူမသည် နားနှစ်ဖက်ကို လက်ဖြင့် အတင်းပိတ်ထားလိုက်သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော အသံများသည် သူမ၏ဦးနှောက်ထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်နေသကဲ့သို့ပင်။
ထို့နောက်... သူမ၏သွေးများပင် ခဲသွားမတတ် ကြောက်ရွံ့စေသော အသံတစ်ခုကို ကြားလိုက်ရသည်။
“ဟား... ဟား... ဟား... ပြေးစမ်းပါလား ကျင့်ကြံသူလေးရဲ့။ မင်းရဲ့သွေးတွေက ဘယ်လောက်တောင် မွှေးပျံ့နေလိုက်လဲ။”
ထိုအသံ... ထိုအသံသည် အာဖန်၏အသံပင်ဖြစ်သည်။ သို့သော် သူ၏ရိုးသားသော အသံအစား ရက်စက်မှုနှင့် တိရစ္ဆာန်ဆန်သော တပ်မက်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ရှောင်ယင်... ကြားလား... ငါတို့ရွာကို ဖျက်ဆီးဖို့ လာတဲ့ ရန်သူကို ငါတို့အားလုံး ဝိုင်းတိုက်နေကြတာ။ နင်အထဲမှာပဲ လုံလုံခြုံခြုံနေနော်။”
နောက်ထပ်ကြားလိုက်ရသော အသံကြောင့် လီရှောင်ယင်၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထသွားသည်။
ထိုအသံသည် မေလီ၏အသံပင်။ သို့သော် သူမ၏ ချိုမြိန်သောအသံသည် ယခုအခါတွင် လှောင်ပြောင်သရော်မှုနှင့်အတူ အေးစက်သော ကောက်ကျစ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
‘မဟုတ်ဘူး... ဒါ... ဒါ မဟုတ်ဘူး။ ငါအိပ်မက်မက်နေတာ။ ဒါအိပ်မက်ဆိုးပဲ။’
လီရှောင်ယင်သည် အမှောင်နံရံကို ကျောမှီကာ ခေါင်းကို တဆတ်ဆတ်ခါယမ်းရင်း ငြင်းပယ်နေမိသည်။ သူမ၏မျက်လုံးများမှ မျက်ရည်များသည် ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။
အပြင်ဘက်တွင် လင်းရှောင်သည် အသက်ရှူချိန်ပင် မရလောက်အောင် ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသည်။
သူ၏ “သတ်ဖြတ်ခြင်းတာအို” သည် အားကောင်းသော်လည်း သူ၏လက်ရှိခန္ဓာကိုယ်နှင့် စွမ်းအင်သည် ဤမျှများပြားသော ရန်သူများကို အချိန်ကြာမြင့်စွာ ရင်ဆိုင်ရန် မလုံလောက်သေးချေ။
ကြယ်နှစ်ပွင့်အဆင့် ကျီရှင်းသက်ရှိတစ်ကောင်ချင်းစီ၏ စွမ်းအားသည် သူနှင့် တန်းတူနီးပါးရှိနေသည်။
“ရွှစ်”
သူသည် သူ့ထံသို့ ပျံသန်းလာသော ကလေးငယ်တစ်ဦး၏ ခန္ဓာကိုယ်ကို ဓားဖြင့်ပိုင်းဖြတ်လိုက်သည်။
ထိုကလေး၏ ချစ်စဖွယ်မျက်နှာလေးသည် သေဆုံးသွားသည့်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးနေဆဲဖြစ်သည်။
ကလေး၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကျသွားသည်နှင့် အနက်ရောင်အငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
သို့သော် ထိုအခွင့်အရေးကို အသုံးချကာ အခြားကျီရှင်းသက်ရှိတစ်ဦးသည် လင်းရှောင်၏ နောက်ကျောသို့ ရောက်ရှိလာပြီး သူ၏လက်သည်းချွန်များဖြင့် အရှိန်ပြင်းစွာ ကုတ်ခြစ်လိုက်သည်။
“သေစမ်းး”
သွေးများပန်းထွက်လာပြီး လင်းရှောင်၏ နောက်ကျောတွင် နက်ရှိုင်းသော ဒဏ်ရာကြီးငါးခု ဖြစ်ပေါ်သွားသည်။ အသားစိုင်များ လန်ထွက်သွားပြီး အတွင်းမှ အရိုးများကိုပင် မြင်နေရသည်။
“အ”
လင်းရှောင်သည် နာကျင်မှုကြောင့် အံကိုတင်းတင်းကြိတ်လိုက်သည်။ သူသည် နောက်သို့မကြည့်ဘဲ သူ၏ဓားကို နောက်ပြန်ထိုးစိုက်လိုက်ရာ ထိုကျီရှင်းသက်ရှိ၏ နှလုံးကို တိကျစွာ ထိုးဖောက်သွားသည်။
သူ၏ဒဏ်ရာမှ စီးကျလာသော သွေးများသည် သူ၏သတ်ဖြတ်လိုစိတ်ကို ပိုမိုမီးထိုးပေးလိုက်သကဲ့သို့ပင်။ သူ၏မျက်လုံးများသည် ပို၍နီရဲလာပြီး သူ၏အရှိန်အဝါသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။
“သေ... အားလုံးသေစမ်း”
သူသည် ဒေါသတကြီးအော်ဟစ်ကာ သူ၏ခန္ဓာကိုယ်မှ သွေးနီရောင်ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပတ်ပတ်လည်ရှိ ကျီရှင်းသက်ရှိများကို လွှမ်းခြုံသွားသည်။
“အားးး” “ငါ့မျက်လုံး”
အနီးအနားမှ ကျီရှင်းသက်ရှိ ၄-၅ ယောက်သည် ဓားစွမ်းအင်များထိမှန်ကာ နာကျင်စွာအော်ဟစ်ရင်း နောက်သို့ဆုတ်သွားကြသည်။ သူတို့၏ကိုယ်ပေါ်တွင် ဓားဒဏ်ရာများစွာ ဖြစ်ပေါ်သွားသည်။
ဤသည်မှာ လင်းရှောင်အတွက် အသက်ရှူချောင်ချိန်လေးတစ်ခု ရရှိလိုက်ခြင်းပင်ဖြစ်သည်။
လီရှောင်ယင်သည် အမှောင်ထဲတွင် နားနှစ်ဖက်ကို ပိတ်ထားရင်း တုန်ယင်နေဆဲဖြစ်သည်။ သို့သော် နောက်ထပ်ကြားလိုက်ရသော အသံများကြောင့် သူမ၏နှလုံးသားသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။
“ရှုယင်။ ရှုယင်။ မင်းဘယ်မှာလဲ။ မကြောက်နဲ့နော်။ ကိုယ်မင်းကိုလာကယ်မယ်။”
ထိုအသံသည် တာလီ၏ အသံပင်ဖြစ်သည်။ သူ၏အသံထဲတွင် ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ အပြည့်ရှိနေသည်။
“ဟား... ဟား... ဟား... ကိုယ့်ယောက်ျား... ကျွန်မ ဒီမှာလေ...”
နောက်ထပ်ထွက်ပေါ်လာသော အသံသည် ရှုယင်၏ နူးညံ့သောအသံပင် ဖြစ်သော်လည်း ထိုအသံထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လှည့်စားမှုတစ်ခု ပါဝင်နေသည်။
“ရှုယင်... မင်း... မင်းရဲ့ဗိုက်... ဗိုက်...” တာလီ၏ အသံသည် တုန်ယင်သွားပြီး စကားလုံးများ ပျောက်ဆုံးသွားသည်။
“ဘာဖြစ်လို့လဲ ကိုယ့်ယောက်ျားရယ်... ကျွန်မတို့ရဲ့ ကလေးလေးကို မတွေ့ချင်ဘူးလား... ကြည့်စမ်းပါဦး... သူက အပြင်ကိုထွက်လာပြီး ဖေဖေ့ကို နှုတ်ဆက်ချင်နေပြီလေ...”
“အားးးးးးးးးးးးး”
တာလီ၏ သွေးပျက်မတတ် ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီးသည် ညဥ့်နက်သန်းခေါင်၏ တိတ်ဆိတ်မှုကို ဆုတ်ဖြဲလိုက်သည်။
ထိုအော်သံထဲတွင် မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်ခြင်း၊ နာကျင်ခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့ အားလုံးပါဝင်နေသည်။ ထို့နောက် သူ၏အော်သံသည် ရုတ်တရက် ရပ်တန့်သွားသည်။
“ခရပ်... ခရပ်... ခရပ်...”
ထို့နောက်တွင်တော့ အရိုးများကို ဝါးစားနေသံကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် အသံများသာ ဆက်လက်ထွက်ပေါ်လာသည်။
လီရှောင်ယင် မခံနိုင်တော့ပါ။
သူမ၏စိတ်သည် လုံးဝကျိုးပျက်သွားပြီဖြစ်သည်။ သူမသိသော ကမ္ဘာကြီး၊ သူမချစ်သော ရွာသူရွာသားများ၊ သူမ၏ ပျော်ရွှင်ဖွယ်အမှတ်တရများအားလုံးသည် ဤတစ်ညအတွင်းမှာပင် ကြောက်မက်ဖွယ်ငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
“အားးးးးးးးးးးးးးးးးးးးးးးးးးး”
သူမသည် အသံကုန်ဟစ်အော်လိုက်သည်။ သူမ၏အော်သံသည် နာကျင်မှုနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမသည် အမှောင်နံရံများကို လက်သီးများဖြင့် တဒုန်းဒုန်းထုရိုက်နေမိသည်။ သူမ၏လက်ဆစ်များ ကွဲအက်ကာ သွေးများထွက်လာသည်ကိုပင် သူမသတိမထားမိတော့ချေ။
သူမ၏စိတ်ထဲတွင် ကြောက်ရွံ့မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ သူမ၏ခန္ဓာကိုယ်သည် သူမ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည်။ သူမ၏ပေါင်ကြားမှ နွေးထွေးသော အရည်များ စီးကျလာပြီး သူမ၏အဝတ်အစားများကို စိုစွတ်သွားစေသည်။
သူမသည် ကြောက်လွန်း၍ သေးပေါက်ချလိုက်မိပြီဖြစ်သည်။
သို့သော် သူမသည် ထိုအရှက်တရားကိုပင် မခံစားနိုင်တော့။ သူမ၏စိတ်ဝိညာဉ်တစ်ခုလုံးသည် အဆုံးမဲ့သော အမှောင်ထုနှင့် ကြောက်မက်ဖွယ်အသံများ၏ ချောက်ကမ်းပါးထဲသို့ ထိုးကျသွားခဲ့လေပြီ။
သူမသည် ကြမ်းပြင်ပေါ်တွင် ပုံလျက်သားလဲကျသွားပြီး ကလေးတစ်ယောက်ကဲ့သို့ ရှိုက်ကြီးတငင် ငိုကြွေးရင်း တဖြည်းဖြည်း အသိစိတ်လွတ်သွားတော့သည်။
တစ်ချိန်တည်းတွင် သူမ၏အသိစိတ်ထဲတွင် ပုန်းခိုနေသည့် ကြယ် ၃ ပွင့်ကျီရှင်းသက်ရှိ၏ မျက်ဝန်းနီနီကြီးတို့က ပွင့်လာ၏။
အပြင်ဘက်တွင် တာလီကို သတ်ဖြတ်စားသောက်လိုက်သော ‘ရှုယင်’ သဏ္ဌာန် ကျီရှင်းသက်ရှိသည် လင်းရှောင်ကို လှည့်ကြည့်လိုက်သည်။
သူမ၏ နူးညံ့လှပသော မျက်နှာသည် သွေးများဖြင့် ပေကျံနေပြီး သူမ၏ဝမ်းဗိုက်နေရာတွင်တော့ ဟောင်းလောင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ထိုအပေါက်ထဲမှ ချွန်ထက်သော သွားများပါသည့် ပါးစပ်ကြီးတစ်ခုက ပွင့်ဟလာပြီး လင်းရှောင်ကို ရယ်ပြလိုက်သည်။
“နောက်တစ်ယောက်... မင်းအလှည့်ပဲ...”
လင်းရှောင်သည် ဒဏ်ရာများဖြင့် သွေးများရွှဲနစ်နေသော်လည်း သူ၏မျက်ဝန်းများသည် မီးတောက်များကဲ့သို့ တောက်ပနေဆဲဖြစ်သည်။
သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ပတ်လည်တွင် ဝိုင်းရံထားသော ကျီရှင်းသက်ရှိ ၁၅ ယောက်ခန့်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူသတ်ဖြတ်ခဲ့သော ကျီရှင်းသက်ရှိ ၈ ယောက်၏ စွမ်းအင်များသည် သူ၏ “သတ်ဖြတ်ခြင်းတာအို” ကို ပိုမိုအားကောင်းစေသော်လည်း သူ၏ခန္ဓာကိုယ်သည်လည်း ဒဏ်ရာများစွာ ရရှိထားပြီး စွမ်းအင်များစွာ ကုန်ဆုံးနေပြီဖြစ်သည်။
‘အချိန်... ငါ့မှာ အချိန်မရှိတော့ဘူး။ ဒီလိုပုံစံနဲ့သာ ဆက်တိုက်နေရင် နှစ်နာရီမပြောနဲ့၊ နောက်တစ်နာရီတောင် ငါခံနိုင်မှာမဟုတ်ဘူး။’
သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် ချလိုက်သည်။
‘စွန့်စားရတော့မယ်။’
သူသည် မျက်လုံးများကို ခေတ္တမျှမှိတ်လိုက်ပြီး သူ၏စိတ်အာရုံကို “သတ်ဖြတ်ခြင်းတာအို” ၏ နက်ရှိုင်းသော နွံထဲသို့ နှစ်မြှုပ်လိုက်သည်။
သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များသည် မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာပြီး သူ၏ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးကို သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။
သူသည် သူ၏အသိစိတ်အချို့ကို စတေးပြီး စွမ်းအားကို အဆမတန် ဆွဲတင်ရန် ပြင်ဆင်လိုက်တော့သည်။
ဤသည်မှာ အန္တရာယ်ကြီးသော နည်းလမ်းဖြစ်ပြီး အနည်းငယ်မှားယွင်းသွားပါက သူသည် သတ်ဖြတ်ခြင်းကိုသာသိသော အရူးတစ်ယောက်အဖြစ်သို့ ထာဝရပြောင်းလဲသွားမည်ဖြစ်သည်။
သို့သော်... လီရှောင်ယင်အတွက်... သူသည် မည်သည့်အရာကိုမဆို စတေးရန် အသင့်ရှိနေသည်။
ရုတ်တရက် သူ၏အာရုံက ချီဒေါင်ယင်းထဲတွင်ထားခဲ့သည့် အစီအရင်ထံသို့ရောက်ရှိသွား၏။ ထျန်ရှင်းလု လုပ်နေသည်ကိုမြင်သော်လည်း နဂိုကတည်းက မျှော်လင့်ပြီးသားဖြစ်သောကြောင့် သူနည်းနညလေးမှ မအံဩမိချေ။
သို့သော် ယခုလား။ အရေးကြီးတိုက်ပွဲတွင် အာရုံတစ်ချက်လွှတ်သွားသောအခါ ရန်သူများကလည်း အခွင့်အရေးအား လက်လွတ်ခံမည်မဟုတ်ချေ။
ချက်ချင်းပဲ လင်းရှောင်နောက်ကျောမှ အကန်ခံလိုက်ရပြီ လွှင့်ထွက်သွားကာ အရိုးကျိုးသံများစွာနှင့်အတူ သွေးများအန်ထုတ်လိုက်ရ၏။
သူဒါဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားကာ အန်ထုတ်လိုက်ရသော သွေးများထဲတွင် ကိုယ်တိုင်းအင်္ဂါအပိုင်းအစများပင် ပါရှိလေသည်။
“မင်းမေ္ိုးလိုက်တော့၊ ခွားမသေး ထျန်ရှင်းလု!!!!!!”
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၇၄ + ၁၇၅ + ၁၇၆ + ၁၇၇ + ၁၇၈ + ၁၇၉ + ၁၈၀) ပြီး