← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 19 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 19 Ch. 181-183

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၈၁ + ၁၈၂ + ၁၈၃)

အချိန်တို့သည် သွေးစွန်းသော ဓားသွားထက်တွင် စီးကျလာသကဲ့သို့ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး နှစ်နာရီတိတိ ကြာမြင့်သွားခဲ့သည်။

စိမ်းလန်းသောတောင်ကြားရွာဟု အမည်တွင်ခဲ့သော ငြိမ်းချမ်းသာယာသည့် နေရာလေးသည် ယခုအခါတွင် ငရဲဘုံတစ်ခု၏ မြင်ကွင်းအလား ပြောင်းလဲသွားခဲ့လေပြီ။

လရောင်သည် မီးခိုးငွေ့များနှင့် သွေးမြူများကြားမှ အားယူကာ ထိုးဖောက်ကျရောက်နေသော်လည်း ထိုအလင်းရောင်သည် နွေးထွေးမှုကို မပေးစွမ်းနိုင်တော့ချေ။

ယင်းအစား မြေပြင်ပေါ်ရှိ သွေးအိုင်များကို ထင်ဟပ်စေ၍ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်ကမ္ဘာကိုသာ ပုံဖော်ထားလေ၏။

လေထဲတွင် သံချေးနံ့ကဲ့သို့ စူးရှနေသော သွေးနံ့၊ လောင်ကျွမ်းနေသော သစ်သားနံ့နှင့် မီးလောင်​ထားသော အလောင်းတို့၏ အညော်နံ့တို့သည် လေထုထဲတွင် ရောယှက်နေကာ ပျို့အန်ချင်စဖွယ် လွှမ်းခြုံလျက်ရှိသည်။

ထိုပျက်စီးကြေမွနေသော အလောင်းကောင်များနှင့် ပြိုကျနေသော အိမ်များ၏ အလယ်ဗဟိုတွင်၊ လင်းရှောင်တစ်ယောက်တည်း ဒူးတစ်ဖက်ထောက်လျက် ကျန်ရစ်ခဲ့သည်။

သူသည် အသက်ရှင်နေသေး၏။ သို့သော် သူ၏အခြေအနေသည် သေဆုံးခြင်းနှင့် များစွာမခြားနားချေ။

သူ၏ဘယ်ဘက်လက်မောင်းသည် တံတောင်ဆစ်မှစ၍ ပြတ်တောက်နေပြီး ထိုနေရာမှ သွေးများသည် အဆက်မပြတ် စီးကျလျက်ရှိသည်။

သူ၏ရင်ဘတ်နှင့် နောက်ကျောတို့တွင် အရိုးများပင် မြင်နေရသည့် ကြောက်မက်ဖွယ်ရာ လက်သည်းဒဏ်ရာများပြည့်နှက်နေ၏။

သူရှူသွင်းလိုက်သော လေတိုင်းသည် သူ၏စုတ်ပြတ်နေသော အဆုတ်များကို မီးဖြင့်တို့လိုက်သကဲ့သို့ ပူလောင်နာကျင်စေသည်။

ဤကျီရှင်းသက်ရှိများ၏ အဆင့်သည် ကြယ် ၂ ပွင့်သာဖြစ်သည်။

ကြယ် ၂ ပွင့်ဆိုသည်မှာ အလွန်အဆင့်နိမ့်ပြီး သေမျိူးများ၏စစ်တပ်အဆင့်အတန်းနှင့်ယှဥ်လျှင် ယခုမှတပ်ထဲသို့ဝင်လာသော စစ်သားအသစ်တစ်ယောက်သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့တွေတစ်ယောက်ချင်းစီတိုင်း၏ ခွန်အားသည် အဆင့် ၃ သေမျိုးတန်ခိုးရှင်များနှင့်ညီမျှလေသည်။

​ပြင်းထန်လှသော တိုက်ပွဲပြီးနောက် သူ၏ခန္ဓာကိုယ်သည် ကျိုးကြေပျက်စီးလုနီးပါးအရုပ်တစ်ရုပ်နှင့်မခြားနားချေ။

သို့သော် ထိုရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများထက်ပို၍ သူ၏စိတ်ဝိညာဉ်ကို ထိုးနှက်နေသည်မှာ သူ၏အာရုံထဲတွင် ရုတ်တရက်ပေါ်လာသော ထျန်ရှင်းလု၏ ပုံရိပ်ကြောင့် ဖြစ်ပေါ်လာသည့် ဒေါသနှင့် အာရုံနောက်ကျိခြင်းပင်တည်း။

အရေးကြီးသော တိုက်ပွဲတစ်ခု၏ အဆုံးအဖြတ်အချိန်၌ ထိုသို့သော အာရုံလွှဲမှုတစ်ခုသည် သူ့ကို သေမင်း၏တံခါးဝသို့ တွန်းပို့ခဲ့သလောက်ပင် ဖြစ်သည်။

“ခွားမသား... ထျန်ရှင်းလု... ပြန်တွေ့ရင်ကောင်းကောင်းတီးပြစ်ဦးမယ်” သူသည် သွေးများဖြင့်ပြည့်နေသော ပါးစပ်ဖြင့် အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။

ထိုအချိန်မှာပင် သူ၏အကြည့်သည် မလှမ်းမကမ်းရှိ အကောင်းအတိုင်းကျန်သေးသည့် တစ်ခုတည်းသော သစ်သားအိမ်ကလေးသို့ ရောက်သွားသည်။

သစ်သားအိမ်ကလေးကို ဖုံးလွှမ်းထားသော ‘ထာဝရညဥ့်နက်အကာအရံ’ သည် စွမ်းအင်ကုန်ဆုံးသွားပြီဖြစ်သောကြောင့် တဖြည်းဖြည်း အရောင်မှိန်လာပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲစပြုလာသည်။

မျှော်လင့်ချက်ရောင်ခြည်သေးသေးလေးတစ်ခုသည် သူ၏သွေးရောင်ဖုံးနေသော မျက်ဝန်းများထဲတွင် လက်ခနဲ ဖြစ်ပေါ်သွားသည်။

‘ဟုတ်တယ်... လီရှောင်ယင်... သူမတော့ လုံခြုံသွားပြီ။ ငါ... ငါသူမကို ကယ်နိုင်ခဲ့တယ်။ ဒီတစ်ခေါက်တော့... ငါအောင်မြင်သွားပြီ’

လီရှောင်ယင်၏ သတ်ဖြတ်သူနတ်ဆိုးခန္ဓာကိုယ်သည် အလွန်အစွမ်းထက်သည်။ သူသာသေချာပျိုးထောင်ပေးလိုက်လျှင် အနာဂါတ်၌ ကျီရှင်းစစ်တပ်နှင့်ယှဥ်ဆိုင်သည့်အခါတွင် ချီဒေါင်ရင်းကဲ့သို့ပင် အသုံးဝင်လိမ့်မည်ဖြစ်သည်။

သူ၏ဘဝပေါင်း ၁၈ ဘဝလုံးတွင် ပထမဆုံးအကြိမ်အဖြစ် သူသည် လီရှောင်ယင်ကို အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအတွေးသည် သူ၏ကုန်ဆုံးနေသော စွမ်းအင်များကို အနည်းငယ် ပြန်လည်ပြည့်တင်းလာစေသကဲ့သို့ပင်။

သူသည် ညာဘက်လက်တွင်ကိုင်ထားသည့် ဓားကျိုးကို မြေပြင်ပေါ်၌ ထောက်ကာ အားယူ၍ မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သည်။

“ဘုန်း...”

အကာအရံသည် နောက်ဆုံးတွင် ဖန်သားချပ်တစ်ခုကဲ့သို့ ကွဲအက်သွားပြီး အနက်ရောင်အမှုန်များအဖြစ် လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းတွင် ဆောက်တည်ရာမရဖြစ်နေသည့် လီရှောင်ယင်တစ်ယောက်ထွက်ပေါ်လာသည်။

သူမ၏တစ်ကိုယ်လုံးသည် ထိန်းချုပ်မရနိုင်အောင် တုန်ယင်နေပြီး မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းတို့က အပြည့်ရှိနေသည်။

သူမသည် ပတ်ဝန်းကျင်မှ သွေးသံရဲရဲ မြင်ကွင်းကို ကြည့်လိုက်၊ ထို့နောက် သွေးများဖြင့် ရွှဲနစ်နေသော လင်းရှောင်ကို ကြည့်လိုက်ဖြင့် အသက်ရှူရန်ပင် မေ့နေသကဲ့သို့ ဖြစ်နေသည်။

“အားးးးးး” သူမက ထိုင်ချလိုက်ပြီး ကြောက်ရွံစွာဖြင့် အော်ဟစ်လိုက်ပြီး နဂိုကတည်းက စိုရွဲနေသောအောက်ခံသည်လည်း ဒုတိယအကြိမ်ထွက်လာသော အဝါရောင်အရည်များကြောင့် ထပ်မံ၍ညစ်ညမ်းသွားရသည်။

လင်းရှောင်က ဖြေးညှင်းစွာဖြင့် အနားသို့တိုးလာသည်။

“မကြောက်ပါနဲ့... အားလုံး... အားလုံးပြီးသွားပြီ။”

လင်းရှောင်သည် သူ၏အသံကို တတ်နိုင်သမျှ နူးညံ့အောင် ကြိုးစား၍ ပြောလိုက်သည်။

သူ၏ဒဏ်ရာများကြောင့် သူ၏အသံသည် အက်ကွဲခြောက်သွေ့နေ၏။ သူသည် သူ၏ သူတောင်းစားတစ်​ယောက်ထက်ပင် ပိုမိုဆိုးရွားနေသောမျက်နှာပေါ်၌ နှစ်သိမ့်လိုသော အပြုံးတစ်ခုကို ဖြစ်ညှစ်ကာ ဖန်တီးလိုက်သည်။

သွေးများ၊ ဖုန်မှုန့်များနှင့် ရွှံ့များဖြင့် ပေကျံနေသော သူ၏မျက်နှာပေါ်မှ ထိုအပြုံးသည် ကြောက်မက်ဖွယ်ကောင်းနေမည်ကို သူသိသော်လည်း သူမကို စိတ်သက်သာရာရစေရန် သူကြိုးစားလိုက်ခြင်းဖြစ်၏။

သူသည် သူ၏ဒဏ်ရာများကို မေ့ထားကာ သူမထံသို့ သူ၏ကျန်ရှိနေသေးသော ညာဘက်လက်ကို ဖြည်းညှင်းစွာ ဆန့်တန်းပေးလိုက်သည်။

“လာ... ဒီနေရာကနေ ထွက်သွားကြရအောင်။”

လီရှောင်ယင်သည် သူကမ်းပေးသောလက်ကို ကြောင်ငေးကြည့်နေသည်။ လင်းရှောင်သည် သူမထံသို့တစ်လှမ်းချင်းလျောက်လှမ်းလာသည်။

အစတုန်းက လီရှောင်ယင်ကြောက်လန့်လွန်း၍ သတိလစ်သွာမည်၊ သို့မဟုတ် သူ့ထံမှထွက်ပြေးသွားမည်ဟု သူထင်ခဲ့သည်။

သို့သော် သူမ၏တာအိုနှလုံးသားသည် သူထင်ထားသည်ထင်ပင် ပိုမို၍ သန်မာနေလေသည်။

သူ၏ပေးဆပ်မှုသည် အချည်းနှီးမဖြစ်ခဲ့။ သူ၏ ၁၈ ကြိမ်မြောက်ဘဝသည် အဓိပ္ပာယ်ရှိခဲ့ပြီ။ နေနတ်ဘုရားပေးသော ကံနှင့် ပါရမီသည် ဤအရာပင် ဖြစ်ရမည်။

လီရှောင်ယင်သည် လင်းရှောင်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ သူမနှင့်သူ့ကြားတွင် လက်တစ်ကမ်းအကွာသာ ရှိတော့သည်။

သူမသည် မျက်ရည်များပြည့်နေသော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်လိုက်သည်။

ထို့နောက်...

သူမ၏မျက်နှာပေါ်ရှိ ကြောက်ရွံ့မှု၊ အားကိုးမှုတို့သည် တစ်စက္ကန့်အတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာများအစား အေးစက်သော၊ ရက်စက်သော၊ လှောင်ပြောင်သရော်လိုသော အပြုံးတစ်ခုက သူမ၏နီထွေးသော နှုတ်ခမ်းများပေါ်တွင် ချိတ်ဆွဲသွားသည်။

သူမ၏မျက်ဝန်းများသည်လည်း နဂို ကြည်လင်တောက်ပသော မျက်ဝန်းများအစား သွေးကဲ့သို့ နီရဲသော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အတွင်းထဲ၌ ကြယ်သုံးပွင့်၏ ပုံရိပ်သည် ထင်ရှားစွာ လင်းလက်တောက်ပနေ၏။

လင်းရှောင်၏ တစ်ကိုယ်လုံးရှိ သွေးများပင် ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ဦးနှောက်သည် လုံးဝ အလုပ်မလုပ်နိုင်တော့ချေ။

“ကြယ်သုံးပွင့်ကျီရှင်းသက်ရှိ၊ ဘယ်လိုလုပ်ပြီးတော့....”

သူ့စကားမဆုံးမီမှာပင်...

“ရွှစ်”

လီရှောင်ယင်၏ လက်သည် အရိပ်တစ်ခုအလား လျင်မြန်စွာ လှုပ်ရှားသွားသည်။

သူမ၏ နူးညံ့သော လက်ချောင်းလေးများသည် သံမဏိထက်ပင် မာကျောပြီး ဓားသွားများကဲ့သို့ ချွန်မြနေသော လက်သည်းနီနီများအဖြစ်သို့ ပြောင်းလဲသွားကာ လင်းရှောင်၏ အားနည်းနေသော ရင်ဘတ်ကို တည့်တည့်မတ်မတ် ထိုးစိုက်ဝင်ရောက်သွားလေသည်။

“ခွပ်”

စိုစွတ်သော အသားကို ထိုးဖောက်သံနှင့်အတူ သူမ၏လက်တစ်ဖက်လုံးသည် လင်းရှောင်၏ ရင်အုပ်ကို ဖောက်ထွင်း၍ အတွင်းထဲရှိ တဒုတ်ဒုတ်ခုန်နေသော နှလုံးသားကို ထိုးခွဲလိုက်၏။

အချိန်သည် ရပ်တန့်သွားသကဲ့သို့ပင်။

လင်းရှောင်သည် သူ၏ရင်ဘတ်မှ ထိုးထွက်နေသော လက်တစ်ဖက်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူသည် လီရှောင်ယင်၏ အေးစက်ရက်စက်သော မျက်နှာကို မော့ကြည့်လိုက်၏။

သူမ၏ ပါးစပ်သည် ဖြည်းညှင်းစွာ လှုပ်ရှားလာသည်။ ထွက်ပေါ်လာသောအသံသည် လီရှောင်ယင်၏ ချိုမြိန်သော အသံမဟုတ်တော့ဘဲ၊ နားဝင်ခါးသက်လှသော၊ ကျားမအသံနှစ်ခု ရောယှက်နေသည့် အသံတစ်ခု ဖြစ်နေသည်။

“မင်းရဲ့ခန္ဓာကိုယ်က အတော်လေးကို ထူးဆန်းတာပဲ၊ အရှင့်ရဲ့လက်ခံသူဖြစ်ဖို့ လုံလောက်မယ်ထင်တယ်။”

တစ်ချိန်တည်းတွင် လင်းရှောင်က အနောက်သို့ဆုတ်သွားလိုက်ရပြီး သူ၏ဗလာဖြ​စ်နေသော ရင်ဘတ်အားဖိလိုက်မိသည်။

သူ၏ဘဝပေါင်းများစွာမှ အတွေ့အကြုံများအရ ကြယ် ၃ ပွင့် ကျီရှင်းသက်ရှိသည် လီရှောင်ယင်၏ သွေးနတ်ဆိုးခန္ဓာကိုယ်ကို နှိုးရန်အတွက်သာ ကြိုးစားနိုင်ပြီး လုံးဝအပိုင်စီးကာ ထိန်းချုပ်နိုင်စွမ်း မရှိသင့်ချေ။

သူမ၏ခန္ဓာကိုယ်သည် ထိုသို့သော အစွမ်းထက်သည့် ဝိညာဉ်ကို လက်ခံနိုင်စွမ်းမရှိဘဲ ပေါက်ကွဲသွားသင့်သည်။

သို့သော်... ယခု သူ၏မျက်စိရှေ့မှ အဖြစ်အပျက်သည် သူ၏အသိဥာဏ်အားလုံးကို ပြက်ရယ်ပြုနေသကဲ့သို့ပင်။

‘ဘာလို့လဲ... ဘာကြောင့်လဲ... အချိန်စီးကြောင်းက ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ။ ငါ့ရဲ့ ကံကြမ္မာက အမြဲတမ်း ရှုံးနိမ့်ဖို့ပဲ သတ်မှတ်ထားတာလား။’

သူ၏အမြင်အာရုံများ ဝေဝါးလာသည်။

ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ အရာအားလုံးသည် ပေါက်ကွဲထွက်သွားတော့သည်။

ဘဝပေါင်း ၁၇ ဘဝ၏ ရှုံးနိမ့်မှုများ... နှစ်ပေါင်းသန်းချီကြာ ခံစားခဲ့ရသော နာကျင်မှုများ... ကျီရှင်းဧကရာဇ်၏ မောက်မာသော မျက်နှာ... နေနတ်ဘုရား၏ အေးစက်သော အကြည့်... ထို့နောက်... ဤ ၁၈ ကြိမ်မြောက်ဘဝ၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို သူ၏မျက်စိရှေ့တွင်ပင် ရက်စက်စွာ ရိုက်ချိုးခံလိုက်ရခြင်း...။

အားလုံး... အားလုံးသည် အဓိပ္ပာယ်မဲ့သွားခဲ့ပြီ။

“အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

လင်းရှောင်၏ လည်ချောင်းထဲမှ လူသားတစ်ဦး၏ အသံနှင့်မတူသော၊ ဒေါသ၊ နာကြည်းမှု၊ မုန်းတီးမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ဖြင့် ပေါင်းစပ်ထားသော သားရဲတစ်ကောင်၏ အော်ဟစ်သံကြီးသည် ကောင်းကင်ယံသို့ ဟိန်းထွက်သွားသည်။

သူ၏မျက်ဝန်းများထဲရှိ နောက်ဆုံးကျန်ရှိနေသော အသိစိတ်အလင်းရောင်သည် လုံးဝငြိမ်းသတ်သွားပြီး ထိုနေရာတွင် အဆုံးမဲ့သော အနက်ရောင်သွေးပင်လယ်ကြီးက အစားထိုးဝင်ရောက်လာသည်။

သူ၏ကိုယ်ထဲရှိ “သတ်ဖြတ်ခြင်းတာအို” ကို ချုပ်နှောင်ထားသော နောက်ဆုံးသော့ခလောက်သည် ကျိုးပဲ့သွားခဲ့ပြီ။

သူသည် သူ၏ဝိညာဉ်၊ သူ၏အသိစိတ်၊ သူ၏လူသားဖြစ်တည်မှုအားလုံးကို ထိုကြောက်မက်ဖွယ်ကောင်းသော တာအို၏ နွံထဲသို့ မိမိကိုယ်တိုင် တမင်သက်သက် နှစ်မြှုပ်စေလိုက်တော့သည်။

“သေ... အားလုံး... အားလုံးသေရမယ်။”

သူ၏ကိုယ်မှ သွေးနီရောင်အလင်းတန်းများသည် နေလုံးတစ်စင်း ပေါက်ကွဲသကဲ့သို့ အရှိန်ပြင်းစွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

လီရှောင်ယင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ကြယ် ၃ ပွင့် ကျီရှင်းသက်ရှိ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုအရိပ်အယောင်များ ဖြစ်ပေါ်လာသည်

။

“ဒီ... ဒီအရူး... သူ... သူ သူ့ကိုယ်သူ...”

ကျီရှင်းသက်ရှိက တုန့်ဆိုင်းခြင်းမရှိ သူမ၏လက်သည်းများဖြင့် လင်းရှောင်၏လည်ပင်းအား ဓားတစ်လက်ကဲ့သို့ပိုင်းဖြတ်လိုက်၏။

တစ်ချိန်တည်းတွင် မျက်ဆံဖြူမရှိ၊ မျက်ဝန်းမရှိ၊ အလုံးစံနက်မှောင်နေသောမျက်လုံးဖြင့် လင်းရှောင်က မျက်နှာသေကြီးဖြင့်သာ လီရှောင်ယင်အားစိုက်ကြည့်နေ၏။

ရုတ်တရက် ဓားအလင်းတစ်ချက်လက်သွားလေသည်။

လင်းရှောင်၏ အသိစိတ်သည် အဆုံးမဲ့သော အနက်ရောင်သွေးပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည်။ သူ၏အာရုံထဲတွင် ကျန်ရှိတော့သည်မှာ တစ်ခုတည်းသော အရာသာ ဖြစ်သည်...။

သတ်ဖြတ်ရန်။

အချိန်သည် မည်မျှကြာအောင် ကုန်လွန်သွားခဲ့သည်ကို မည်သူမျှမသိချေ။

လင်းရှောင်၏ အသိစိတ်သည် တဖြည်းဖြည်း ပြန်လည်စုစည်းလာသောအခါ သူ၏အာရုံထဲသို့ ပထမဆုံးဝင်ရောက်လာသည်မှာ နွေးထွေးသော နေရောင်ခြည်ဖြစ်သည်။

သူ၏မျက်ခွံများသည် အလွန်လေးလံနေသော်လည်း သူသည် အားယူ၍ ဖွင့်ကြည့်လိုက်သည်။

သူမြင်လိုက်ရသည်မှာ ကြည်လင်ပြာလဲ့နေသော ကောင်းကင်ကြီးပင်။

သူ၏ကိုယ်သည် နူးညံ့သော မြက်ခင်းပြင်တစ်ခုပေါ်တွင် ရပ်တန့်နေသည်။ လေပြေအေးတစ်ချက်က သူ၏မျက်နှာကို ညင်သာစွာ တိုးဝှေ့သွားပြီး ပန်းများ၏ သင်းပျံ့သောရနံ့ကို သယ်ဆောင်လာသည်။

မဟုတ်သေးချေ။ ထိုပန်းများ၏ သင့်ပျံသောရနံ့များသည့် သူစိတ်ထင်နေခြင်းသာဖြစ်သည်။ အမှန်တကယ်သယ်ဆောင်လာသော အနံသည်တော့ ချီးရွားလှသော သွေးညှီနံများသာဖြစ်သည်။

‘ငါ... ငါမသေဘူးလား။’

သူသည် အံ့ဩစွာဖြင့် သူ၏လက်များကို ကြည့်လိုက်မိသည်။ သူ၏ပြတ်တောက်သွားခဲ့သော ဘယ်ဘက်လက်သည် မူလအတိုင်း ပြန်လည်ရောက်ရှိနေသည်။

သူ၏တစ်ကိုယ်လုံးရှိ ကြောက်မက်ဖွယ်ဒဏ်ရာအားလုံးသည်လည်း လုံးဝပျောက်ကင်းနေပြီး အမာရွတ်တစ်ခုပင် မကျန်ရစ်ခဲ့ချေ။ သူ၏ခန္ဓာကိုယ်သည် အရင်ကထက်ပင် ပို၍ အစွမ်းထက်ပြီး သန်မာနေသည်ကို သူခံစားမိလိုက်သည်။

သူသည် လျင်မြန်စွာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

ထိုအခါ သူ၏အသက်ရှူသံများပင် ရပ်တန့်သွားသည်။

သူရှိနေသော နေရာသည် စိမ်းလန်းသောတောင်ကြားရွာမဟုတ်တော့။

ထိုရွာတည်ရှိခဲ့သော နေရာကိုပင်မမြင်ရတော့ချေ။

လင်းရှောင်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူသည် သူ၏ကိုယ်ကို ငုံ့ကြည့်လိုက်သည်။

သူ၏အဝတ်အစားများသည်ပင်မရှိတော့ကာ သူသည်ဂွေးတန်းလန်းဖြင့်ကိုယ်တုံးလုံးဖြစ်နေသည်။ သို့သော်ယခင်ကဲ့သို့ သူ၏သွေးများဖြင့် စိုစွတ်မနေတော့ချေ။

ယင်းအစား သူ၏တစ်ကိုယ်လုံးသည် အခြားသူများ၏၏ သွေးများဖြင့် ရွှဲနစ်နေသည်။ ထိုသွေးများသည် ခြောက်သွေ့သွားပြီဖြစ်၍ အနက်ရောင်အလွှာတစ်ခုအဖြစ် သူ၏အရေပြားပေါ်တွင် ကပ်ညှိနေသည်။

ထိုသွေးများသည် မည်သူ့သွေးများဖြစ်သည်ကို သူသိရန်မလိုချေ။

သူ၏ခြေထောက်အောက်နှင့် သူ၏ပတ်ပတ်လည် မီတာရာချီအထိ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော လူသားတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် သံချပ်ကာအစအနများသည် အရာအားလုံးကို သက်သေခံနေခဲ့သည်။

သူသည် အသိစိတ်လွတ်သွားသော အချိန်အတွင်း ဤစစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်းဖြင့် သတ်ဖြတ်ချေမှုန်းခဲ့ခြင်း ဖြစ်ရမည်။

တစ်ချိန်တည်းတွင် မတ်တပ်ရပ်နေဆဲဖြစ်သည့် သူများအနည်းငယ်ရှိနေကာ သူတို့တွေတစ်ယောက်ခြင်းစီတိုင်းက အဆင့် ၅ သေမျိုးတန်ခိုးရှင်တစ်ယောက်နှင့်ညီမျှသော အရှိန်အဝါများကိုထုတ်လွှင့်နေကြသည်။

သို့သော် သူတို့တွေ၏ အရှိန်အဝါများသည် ဖရိုဖရဲဖြစ်နေကာ သူတို့၏သံချပ်ဝတ်များသည်လည်း ပျက်စီးနေကြပြီး ဒါဏ်ရာပလပွဖြင့်ရှိနေကြသည်။

သူတို့တွေသည် အရှေ့ကိုတစ်လှမ်းမှ မလှမ်းရဲကြချေ။ သူတို့းမျက်ဝန်းထဲတွင်လည်း ကြောက်ရွံမှုတို့ဖြင့် ပြည့်နှက်နေကြသည်။

လင်းရှောင်သည် သူတို့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် မည်သည့်ခံစားချက်မျှ မရှိတော့ချေ။ ဝမ်းနည်းခြင်းမရှိ၊ ဒေါသထွက်ခြင်းမရှိ၊ ပျော်ရွှင်ခြင်းလည်းမရှိ။ ဗလာနတ္ထိသာ...။

သူ၏နှလုံးသားနေရာကို သူစမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အပေါက်ကြီးတစ်ခုသာ ရှိနေသင့်သော်လည်း ယခုအခါတွင် အရာအားလုံးက ပုံမှန်အတိုင်းပင်။

လင်းရှောင်က သူ၏သွေးစွန်းနေသော သိုလှောင်လက်စွပ်ထဲမှ အစီအရင်စာရွက်တစ်ရွက်အားထုတ်လိုက်သည်။ ချက်ချင်းပဲ သူ့အာဝိုင်းထားကြသော သေမျိုးတန်ခိုးရှင်မျသည် အနောက် မီတာ ၁ ထောင်သို့လျှင်မြန်စွာဆုတ်ခွာသွား​ကြသည်။

လင်းရှောင်က သူတို့အား လုံးဝလျစ်လျှူရှုထားလေပြီး အစီအရင်အားဆွဲဖြဲလိုက်သောအခါ သူအားဟင်းလင်းပြင်စွမ်းအင်များက ဝါးမြိုသွားကာ တည်နေရာကူးပြောင်းသွားစေသည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၈၁ + ၁၈၂ + ၁၈၃) ပြီး။

All Chapters