အခန်း (၁၈၇)
Vol. 19 Ch. 187
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၈၇)
ထျန်ရှင်းလုသည် ချီကလန်သို့မရောက်ခင်ကတည်းက ကြိုတင်ပြီး ပြင်ဆင်ထားသည့် ဖြေရှင်းချက်ကိုအသုံးပြုလိုက်သည်။
“ချီကလန်က ကျွန်တော်ကိုလေးစားမှုမရှိတဲ့အတွက် နည်းနည်းပါးပါးပညာပြလိုက်တာပါ။” ထျန်ရှင်းလုက ထျန်ကျန်းမင်၏ အေးစက်စက်မျက်လုံးတို့အား စိုက်ကြည့်၍ ပြောလိုက်သည်။
ထျန်ကျန်းမင်၏ ညာမျက်ခုံးက အနည်းငယ်မြင့်တတ်သွားကာ တိတ်ဆိတ်သွား၏။ ထျန်ရှင်းလုသည် ကျွန်တော်တို့ထျန်ကလန်ဟု အသုံးမပြုသွားပဲ ကျွန်တော်ကိုလေးစားမှုမရှိဟူ၍သာ အသုံးပြုသွားသည်။
ဤကလေးပုန်ကန်ချင်နေပြီလော။ ထျန်ကျန်းမင်တွေးလိုက်၏။ သို့သော် သူက ယခုလောလောဆယ်တွင် ဘာမှမပြောလိုက်ချေ။
သူဆူပူလိုက်၍ ဤကလေးထွက်ပြေးသွားလျှင် လိုက်ဖမ်းနေရဦးမည်ဖြစ်သည်။ ဤတစ်ခေါက် ကလန်သို့ ထိုကလေးပြန်ရောက်မှသာ အကျယ်ချုပ်ချထားရန် ထျန်ကျန်းမင်တွေးလိုက်၏။
သူက အတွေးပေါင်းများစွာဖြင့် ဖြတ်သန်းနေသော်လည်း အပြင်ပန်းတွင်တော့ မျက်နှာသေကြီးဖြင့်သာရှိနေသည်။
“ကောင်းပြီ။ မင်းရဲ့သတို့သမီးလောင်း နဲ့ လက်ထပ်ပွဲကနီးလာပြီ။ မကြာခင်အိမ်ပြန်လာခဲ့ပါ။” ထျန်ကျန်းမင်က ပြောလိုက်သည်။
ပြီးနောက်တွင် ထျန်ရှင်းလုအကြောင်းပြန်သည်ကို နားမထောင်တော့ပဲ ဆက်သွယ်မှုအားဖြတ်တောက်လိုက်ရာ ပုံရိပ်ယောင်ကမ္ဘာကြီးလည်း ပျောက်ကွယ်သွားလေသည်။
ဆက်သွယ်ရေးကျောက်စိမ်းပြားကလည်း ထျန်ရှင်းလု၏ လက်ထဲသို့ပျံသန်းလာသည်။ ထျန်ရှင်းလုကဆွဲယူလိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ပြီးနောက်တွင် အိပ်ရေးမဝသောကြောင့် အနည်းငယ်သန်းဝေလိုက်ပြီး စားပွဲပေါ်တွင် တင်ထားသော စာအုပ်အထပ်လိုက်များထဲမှ တစ်ခုအား ဆွဲယူလိုက်၏။
ဤစာအုပ်များသည် သိပ္ပံနှင့်ပတ်သပ်သော စာအုပ်များဖြစ်ကာ လီနာမှကူညီ၍ ရသလောက်စုဆောင်းထားခြင်းဖြစ်သည်။ အများစုကို ချီကလန်၏စာကြည့်တိုက်ထဲမှ သယ်ဆောင်လာခြင်းဖြစ်သည်။
သူဆွဲယူလိုက်သည့် စာအုပ်၏ အဖုံးတွင် “အာကာသ-အချိန်၏ နက်နဲခြင်းများနှင့် ဖြစ်တည်မှု၏ အဆုံးသတ်” ဟု ရေးသားထားသည်။ သူသည် စာမျက်နှာတစ်ခုသို့ ကျပန်းဖွင့်လှစ်လိုက်ပြီးနောက် သူ၏အာရုံတို့သည် စာလုံးများပေါ်သို့ ချက်ချင်းပင် ကျရောက်သွားတော့သည်။
ထိုစာမျက်နှာများထဲတွင် အိုင်းစတိုင်း၏ ယေဘုယျနှိုင်းရသီအိုရီကနေ အခြေခံထားသော တွင်းနက်များအကြောင်းကို ရှုပ်ထွေးနက်နဲစွာ ရှင်းလင်းတင်ပြထားသည်။
ထျန်ရှင်းလု၏ မျက်လုံးများက စာကြောင်းများတစ်လျှောက် ပြေးလွှားနေရင်း သူ၏စိတ်အာရုံထဲတွင်တော့ ကြယ်ကြီးတစ်လုံး ပြိုကွဲပျက်စီးပြီးနောက် ဖြစ်ပေါ်လာသည့် အာကာသ-အချိန် ကွေးညွှတ်ခြင်း၏ ပုံရိပ်များက ထင်ဟပ်လာသည်။
မည်သည့်အရာမှ လွတ်မြောက်နိုင်ခြင်းမရှိသည့် ဖြစ်ရပ်မိုးကုတ်စက်ဝိုင်း (event horizon) ၏ နယ်နိမိတ်၊ အရာအားလုံးကို ကြိတ်ချေဖျက်ဆီးပစ်နိုင်သည့် ဆင်ဂူလာရီတီ (singularity) ၏ အဆုံးမဲ့သိပ်သည်းခြင်း သဘောတရားတို့သည် သူ၏ကျင့်ကြံသူတစ်ယောက်အနေဖြင့် နားလည်ထားသော လောကဓာတ်နိယာမများ၊ တာအိုသဘောတရားများနှင့် ထူးဆန်းစွာ ဆက်စပ်နေသလို ခံစားနေရသည်။
အချိန်ဆယ်မိနစ်ခန့်သည် မည်သို့မည်ပုံ ကုန်ဆုံးသွားသည်ကိုပင် သူသတိမထားလိုက်မိချေ။ သူ၏စိတ်အစဉ်တစ်ခုလုံးက စကြဝဠာ၏ လျှို့ဝှက်နက်နဲမှုများထဲတွင် နစ်မြောနေချိန်တွင် အခန်းတံခါးကို ညင်သာစွာ ခေါက်လိုက်သည့်အသံကို ကြားလိုက်ရသည်။
“သခင်လေး”
ထိုအသံသည် လီနာ၏အသံဖြစ်ကြောင်း သူချက်ချင်းသိလိုက်သည်။
“ဝင်ခဲ့ပါ”
သူ၏အာရုံက စာအုပ်ထဲမှ လုံးဝခွာထွက်မသွားသေးပဲ သူ၏အသံက အနည်းငယ်တိုးလျနေသည်။
လီနာသည် အခန်းထဲသို့ ခြေလှမ်းဝင်လာသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့လျက်ရှိပြီး အသက်ရှူသံများကလည်း မတည်ငြိမ်ပဲ အနည်းငယ်တုန်ယင်နေသည်။
သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့၏ အရိပ်အယောင်များ ထင်ဟပ်နေသည်ကို မြင်နိုင်သည်။
သူမသည် ထျန်ရှင်းလု၏အရှေ့သို့ ရောက်လာပြီးနောက် တခဏမျှ စကားပြောရန် ချီတုံချတုံဖြစ်နေပြီးမှ လေးလံသောလေသံဖြင့် သတင်းတစ်ခုကို တိုးတိုးလေးပြောကြားလိုက်သည်။
ထိုစကားလုံးများ ထွက်လာသည့်အခိုက်တွင် စာအုပ်ကိုကိုင်ထားသော ထျန်ရှင်းလု၏လက်သည် လေထဲတွင်ပင် အေးစက်တောင့်ခဲသွားသည်။
သူ၏မျက်နှာထက်တွင် စက္ကန့်ပိုင်းမျှ နားမလည်နိုင်ခြင်းနှင့် အံ့အားသင့်ခြင်းတို့၏ အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။
သူ၏စိတ်ထဲတွင် လည်ပတ်နေခဲ့သော စကြဝဠာ၏ သီအိုရီများအားလုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အေးစက်တိတ်ဆိတ်မှုက ကြီးစိုးလာသည်။
ထို့နောက်တွင်တော့ ထိုတိတ်ဆိတ်မှုကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေသည့် အရာတစ်ခုက ပေါ်ထွက်လာသည်။
ထျန်ရှင်းလု၏ မျက်ဝန်းများထဲမှ နူးညံ့တည်ငြိမ်သောအလင်းရောင်များ ပျောက်ကွယ်သွားပြီး နေရာတွင် သေမင်းတမန်၏ အအေးဓာတ်ကဲ့သို့ နက်ရှိုင်းသောအမှောင်ထုက အစားထိုးဝင်ရောက်လာသည်။
သူ၏မျက်နှာသည် မည်သည့်စိတ်ခံစားချက်မှမရှိပဲ ခက်ထန်တင်းမာသွားသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ထိန်းချုပ်မရနိုင်သော သွေးဆာမှုအငွေ့အသက်များက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အခန်းတွင်းရှိ အပူချိန်သည် ရုတ်တရက် သိသိသာသာကျဆင်းသွားပြီး လေထုသည်ပင် ဖိအားတစ်ခုကြောင့် လေးလံလာသကဲ့သို့ ထင်မှတ်ရသည်။
လီနာသည် သူမ၏အရှေ့မှ သခင်လေးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ဖိအားကြောင့် မသိစိတ်၏အလိုအရ နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်မိသွားသည်။
သူသည် မလှုပ်ရှား၊ မအော်ဟစ်သော်လည်း သူ၏ဖြစ်တည်မှုတစ်ခုလုံးက မကြာခင် ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ဒေါသထွက်နေကြောင်း သိသာထင်ရှားနေတော့သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၈၇) ပြီး