← Chapters

တောက်ပလွန်းစွာ ပေါ်ထွက်လာခြင်း

Vol. 1 Ch. 125

တောက်ပလွန်းစွာ ပေါ်ထွက်လာခြင်း

Vol. 1 Ch. 125

"ဝူကျိ ... သူတို့ တိုက်နေကြတာကို မင်း ဘယ်လို ထင်လဲ"

ကျန်းရိလျှိုသည် လေထုအလယ်တွင် ရှိနေခဲ့သည်။ သူတိုက်ပွဲနေရာသို့ ရောက်ရှိသွားသော်လည်း အမှုထမ်းသည် မည်သည့် သတင်းကိုမှ တိတိကျကျ မပေးနိုင်သောကြောင့် သူသည် စိတ်မရှည်ဖြစ်ကာ သူ၏ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးကို ထုတ်လိုက်ကာ ကျန်းစွန်းဝူကျိနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ဤရထားလုံးသည် မည်သည့် မြင်းပျံမှ ဆွဲမထားသောကြောင့် အတော်လေး ထူးဆန်းနေလေသည်။ ရှေးဟောင်း နတ်ဘုရား လက်စွပ်သည် သက်ရှိများကို မသိမ်းဆည်းနိုင်ပေ။ ထို့ပြင် မြင်းပျံနှစ်ကောင်သည် ကျန်းရိလျှို ဂုဏ်ယူစွာ အမြတ်တနိုး ထားပေသည်။ ထို့ကြောင့် သူသည် ဤနေရာသို့ မလာခင် သင်တန်းကျောင်းတွင် ချန်ထားခဲ့မိသည်။

သူတို့နှစ်ယောက်သည် မည်သည့်အစောင့်မှ ခေါ်မလာသော်လည်း သူတို့ ဂိုဏ်းသားများသည် စိုးရိမ်စရာမလိုပေ။ ပထမအချက် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ ဤနေရာတွင် ရှိမနေပေ။ ဒုတိယအချက် ... သူတို့ နှစ်ယောက်သည် ရှေးဟောင်းစစ်တပ်သုံး ရထားလုံးထဲတွင် ထိုင်နေခြင်း ဖြစ်ရာ မည်သူကမှ သူတို့အား အန္တရာယ် ပြုရဲမည် မဟုတ်ပေ။

ကျန်းစွန်းဝူကျိသည် အောက်ရှိ သတ်ဖြတ်နေကြသော မြင်ကွင်းကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ သူသည် ခေါင်းရမ်းလိုက်သည်။

"သူတို့ ဘာအတွက် တိုက်ခိုက်နေကြလဲဆိုတာ ငါလဲမသိဘူး ... သူတို့ထဲက နှစ်ယောက်လောက်ကို ဖမ်းပြီး မေးကြည့်ရအောင်"

"ကောင်းပြီ"

ကျန်းရိလျှိုသည် အောက်ကို လှမ်း၍ လက်ဟန်ပြလိုက်သည်။ မကြာခင်တွင် အနောက်ဘက်မြို့ စောင့်တပ်မှ စစ်သားများသည် ပုန်းနေရာမှ ထွက်လာကာ တိုက်ပွဲအတွင်း ဝင်သွားကြသည်။ သူတို့သည် လူအနည်းငယ်ကို အောင်မြင်စွာ ဖမ်းဆီးကာ ပြန်ထွက်လာကြသည်။

အဖြေကို မြန်မြန်ဆန်ဆန်ပင် ရရှိခဲ့သော်လည်း သူတို့နှစ်ယောက်သည် သံသယ ဖြစ်နေကြသည်။ သတင်းသည်ကား မီးတောက်များ ဝန်းရံနေသော ရတနာ အချို့သည် ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။ သို့သော် အချိန်အတော်ကြာ တိုက်ပွဲ ဖြစ်ပွားပြီး လူသုံးရာ၊ လေးရာခန့် သေကြေ သွားကြသော်လည်း မည်သူမှ ရှားပါး ရတနာအား မြင်မိသည်ဟု အခိုင်အမာ မပြောနိုင်ကြပေ။

သူတို့ နှစ်ယောက်သည် ထူးဆန်းသည်ဟု ခံစားရ၍ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးနှင့် နယ်မြေတစ်ခွင် လှည့်လည် ကြည့်ရှုနေခြင်း ဖြစ်သည်။ သူတို့သည် အောက်ရှိ အခြေအနေကို သေချာ လေ့လာ ကြည့်ရှုနေသော်လည်း လူတိုင်းသည် သတ်ဖြတ်ခြင်းတွင်သာ အာရုံစိုက်ထား၍ သူတို့နှစ်ယောက်ကို လျစ်လျူရှု ထားကြသည်။

သေစမ်းကွာ

ကျန်းရိလျှိုသည် ရထားလုံးကို စီး၍ သာသာယာယာ လှည့်ပတ်နေချိန်တွင် ကျန်းရီသည် အတော်လေး မခံမရပ်နိုင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူသည် လက်နှစ်ဖက်ဖြင့် သူ့ကိုယ်သူ ထိန်းထားရကာ ခြေထောက်နှစ်ဖက်ဖြင့် ကျောက်စိမ်းလှေအား ညှပ်ထားရသည်။ ဤနေရာတွင် တွဲလောင်းဖြစ်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူ့အားတစ်ယောက်မှ သတိမထားမိကြချေ။

ထပ်မံ၍ တော်တော်ကြာအောင် စောင့်ဆိုင်းပြီးနောက် ကျန်းရီသည် တော်တော်လေး ဒေါသထွက်လာပြီ ဖြစ်သည်။ သူသည် အတွင်းအားသုံး၍ သားရဲ တစ်ကောင်ကဲ့သို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။

"ဝူး ... ဝူး ... "

"ဝှစ် ... ဝှစ် ... ဝှစ်"

ကျန်းရီ၏ အော်ဟစ်သံသည် အတော်လေး အကျိုးရှိပေသည်။ ၎င်းသည် လူအများအား အံ့အားသင့် သွားစေပြီး ချက်ချင်း အသံလာရာဆီသို့ မော့ကြည့် လာကြလေသည်။ နောက်ဆုံးတွင်တော့ သူတို့သည် ကောင်းကင်ရှိ အနက်ရောင် အစက်လေးကို သတိပြုမိ သွားကြပြီ ဖြစ်သည်။

"ဝိုး"

ရွှေစေတီကြီးသည် ပျောက်ကွယ်နေသောကြောင့် ဘယ်သူမှ ၎င်းအား မမြင်နိုင်ကြပေ။ ယခုမူ သူတို့သည် ကောင်းကင်အလယ်ရှိ အနက်စက်လေးကို မြင်နေရသည်။ ထိုအနက်စက်လေးသည် ပေါ်လာခဲ့သော စေတီကြီး၏ အောက်ခြေလောက်တွင် ရှိနေခဲ့ပြီး အသံများ ထုတ်လွှတ်နေသည်။ ဒါက နောက်ထပ် ရှားပါးရတနာ ပေါ်လာတော့မယ်လို့ ညွှန်ပြနေတာများလား

"အမ်"

ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူ ကျိသည်လည်း အံ့အားသင့် သွားကြသည်။ သူတို့နှစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားကြသည်။ ကျန်းရိလျှိုသည် တွေဝေမနေဘဲ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးအား အနက်စက်လေးဆီ ချက်ချင်း ဦးတည် မောင်းနှင်လိုက်သည်။

ရှေးဟောင်း စစ်တပ်သုံး ရထားလုံးသည် သူ့ထံ ဖြောင့်ဖြောင့်တန်းတန်း လာနေသည်ကို မြင်လျှင် ကျန်းရီ၏ နှလုံးသားလေးသည် ခုန်ထွက်လာတော့ မတတ်ပင်။ သူသည် အောင်မြင်စွာ လွတ်မြောက်ပြီး အသက်ရှင်မည် မရှင်ဘူး ဟူသည်မှာ ဤအခိုက်အတန့်ပေါ်တွင် မူတည်နေလေသည်။

"ဝှစ်"

စစ်တပ် သုံးရထားလုံးသည် အမြန်ဆုံးသော အရှိန်ဖြက့် လာနေခဲ့သည်။ ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိ၏ မျက်လုံးများ ပိုမို တောက်ပ လာကြသည်။ သူတို့သည် ကျောက်စိမ်းလှေနှင့် တူသော ရတနာတစ်ခု၏ ခပ်ဝါးဝါး ပုံရိပ်တစ်ခုကို မြင်နေရပေသည်။ ထိုရတနာသည် လေထုထဲတွင် မျောလွင့်နိုင်သည်ဆိုလျှင် အဖိုးတန်သော ရတနာတစ်ခု ဖြစ်ရပေမည်။

"တစ်ခုခုတော့ မှားနေတယ်"

ရုတ်တရက် ကျန်းစွန်းဝူကျိသည် အော်ဟစ်လိုက်သည်။ သူသည် ကျန်းရိလျှိုထက် အားကောင်းကာ အမြင်အာရုံသည်လည်း ပို၍ စူးရှပေသည်။ သူသည် ကျောက်စိမ်းလှေကို ညှပ်ထားသော ခြေထောက် တစ်စုံကို ဝိုးတဝါး မြင်နေရပေသည်။

"အခုပဲ"

ကျန်းရီသည် သူ့ခြေထောက်ကို အလျင်အမြန် ပြန်သိမ်းလိုက်သည်။ သူသည် အပေါက်တွင်းသို့ အလျင်အမြန် ပြန်ဝင်ကာ သူ့ကိုယ်သူ စေတီကြီး၏ အစီအရင်များအောက် ဝင်ရောက်၍ ပျောက်ကွယ် စေလိုက်သည်။ ကျောက်စိမ်းလှေသည် လျင်မြန်စွာ ကျဆင်းနေခဲ့ပြီး ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိ၏ အာရုံအား ဆွဲဆောင်လိုက်သည်။

"နဂါး တစ်သောင်းတောင်ကြားက ကောင်းကင်ဧကရာဇ် ... ကျွန်တော့်ကို ကောင်းချီပေးဖို့ တောင်းဆိုပါတယ်"

ကျန်းရီ၏ အမြင်အာရုံသည် ကျန်းစွန်းဝူကျိထက် စူးရှရာ သူသည် ထိုနှစ်ယောက် သူ့ကို သတိမပြုမိမှန်း သေချာလေသည်။ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးသည် သူနှင့် ပေရာပေါင်းများစွာ ဝေးကွာသေးသော်လည်း သူသည် ချက်ချင်း ခုန်ချကာ ရထားလုံးထံ ဦးတည်လိုက်သည်။

ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိသည် ကျောက်စိမ်း လှေထံတွင်သာ အာရုံ ရောက်နေကြပြီး သူတို့ အထက်မှ လူတစ်ယောက် ကျဆင်းလာသည်အား သတိမထားမိပေ။ သို့သော် ကျန်းရီသည် ဉာဏ်ကောင်းစွာ အတွင်းအားရော၊ သတ်ဖြတ်ခြင်း အရှိန်အဝါများကိုပါ ထိန်းချုပ်ကာ ဖုံးကွယ်ထားခဲ့သည်။ မဟုတ်လျှင် ထိုနှစ်ယောက်သည် သူ့အား သတိပြုမိ သွားလိမ့်မည်။

"ဖမ်းပြီး ကြည့်ကြတာပေါ့"

ကျန်းရိလျှိုသည် အော်ဟစ်လိုက်ကာ ရထားလုံးအား ကျဆင်းလာသော ကျောက်စိမ်းလှေဆီ ဦးတည်မောင်းနှင်ရန် ပြင်ဆင်လိုက်သည်။ ထိုကျောက်စိမ်းလှေသည် ထူးထူးဆန်းဆန်း ပေါ်လာရာ သူတို့နှစ်ယောက် ထိုအရာသည် မည်သည့် ရတနာ အမျိုးအစားမှန်း သိလိုကြလေသည်။

"ဝိုး"

မြေပြင်ပေါ်မှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ အစက တိုက်ပွဲတွင်သာ အာရုံစိုက်ထားကြသော လူများသည် တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ ကောင်းကင်ပေါ်သို့ ကြောင်တောင်တောင် စိုက်ကြည့်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ရတနာတစ်ခုသာမက လူတစ်ယောက်ပါ ကျဆင်း လာနေသောကြောင့် ဖြစ်သည်။

"ရွှီ..ရွှီ"

ကျန်းဂိုဏ်းနှင့် ကျန်းစွန်းဂိုဏ်းမှ လူများအားလုံး မှင်သက်နေကြသည်။ သူတို့သည် ရထားလုံးထံ လျင်မြန်စွာ ကျဆင်းလာသော ပုံရိပ်တစ်ခုအား မြင်သည်နှင့် အချက်ပြ သင်္ကေတများ ထုတ်လွှင့် လိုက်ကြသည်။ ထိုသခင်လေး နှစ်ယောက်သည် တော်ဝင်သွေးသားများ ဖြစ်ရာ သူတို့ ဘာမှ ဖြစ်၍ မရပေ။

"အမ်"

တစ်ချိန်တည်းမှာပင် ကူရှန်းဟယ်နှင့် အဖွဲ့သည် တိုက်ပွဲနေရာသို့ ရောက်လာခဲ့သည်။ စစ်သားတစ်ယောက်၏ လက်ထဲတွင် ရှိသော သေတ္တာထံမှ ဝိညာဉ် ပိုးကောင်များသည် ရုတ်တရက် ကောင်းကင်ဆီသို့ ပျံသန်းသွားကြလေသည်။ ထိုစစ်သားသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားကာ အလန့်တကြား ပြောလိုက်သည်။

"ဆရာကူ ... ဝိညာဉ် ပိုးကောင်တွေ လိမ္မော်ရောင် ရိုးတံနဲ့ စံပယ်ရနံ့ကို အာရုံ ခံမိသွားပါတယ် ... ကျန်းရီ ... သူမသေသေးဘူး"

"ဘာ"

ကူရှန်းဟယ်နှင့် ဗိုလ်ချုပ်လျှိုသည် မျက်နှာ ပျက်သွားကြသည်။ သူတို့သည် အမှုထမ်း ညွှန်ပြသော နေရာဆီ ထိန်လန်တကြား ကြည့်လိုက်ကြသည်။

အနောက်ဘက်မြို့စောင့်တပ်၏ စစ်သားနှစ်ယောက်သည် ထမ်းစင်တစ်ခုအား သယ်ဆောင်လာကြသည်။ ထိုအပေါ်တွင် မျက်လုံးများ မှိတ်ထားသော မိန်းမလှလေး တစ်ယောက် ရှိနေပေသည်။ သို့သော် ယခုတွင် သူမ၏ မျက်လုံးများ ပွင့်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ကျဆင်းနေသော အနက်ရောင်အရိပ်အား ကြည့်လိုက်ပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်တည်လာခဲ့လေသည်။ ထိုအပြုံးသည် လှပလွန်းရာ သူမဘေးရှိ စစ်သားများ ဆွဲဆောင်ခံလိုက်ရပေသည်။

သူမသည် မျက်လုံးများ ပြန်မှိတ်ကာ ခပ်ပါးပါး ပြုံးလိုက်ပြီး သူမ တစ်ယောက်တည်းသာ ကြားနိုင်သည့် လေသံဖြင့် ရေရွတ်လိုက်သည်။

"ကျန်းရီ ... ရှင်အသက်ရှင်နေသေးတယ် ... ကျွန်မခံစားမိတာ မှန်နေတာပဲ ... ဒါပေမဲ့ ရှင်ပြန်ပေါ်လာတာက အရမ်း တောက်ပ လွန်းမနေဘူးလား"

***

"ဒါကဘာလဲ"

ကျန်းရိလျှိုသည် ရထားလုံးကို မမောင်းခင် အောက်မှ အချက်ပြမှုကို ရရှိလိုက်သည်။ သူတို့သည် မျက်နှာ ပျက်သွားပြီး အပေါ်သို့ အလျင်အမြန် မော့ကြည့်လိုက်ရာ ကျဆင်းလာသော ပုံရိပ်တစ်ခုအား မြင်လိုက်ရသည်။ ကျန်းစွန်းဝူကျိသည် မျက်မှောင်ကြုတ်ကာ ချက်ချင်းပြောလိုက်သည်။

"ဒါက လူတစ်ယောက်ပဲ ... အမ် ... အဲဒါက ကျန်းရီပဲ ... သူဘာလို့ မသေသေးတာလဲ"

"ဝှစ်"

ကျန်းရိလျှို၏ လက်မှ ရှေးဟောင်းနတ်ဘုရား လက်စွပ်သည် အလင်းရောင် တောက်ပ သွားခဲ့သည်။ သူသည် သူ၏ ငွေရောင်ဓားရှည်ကို ထုတ်လိုက်ပြီဖြစ်ကာ နီးကပ်လာသော ပုံရိပ်ကိုသာ စိုက်ကြည့်နေခဲ့သည်။ သူသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

"သူမသေသေးရင် အခုသေရမယ်"

ကျန်းစွန်းဝူကျိတွင်လည်း ရှေးဟောင်းနတ်ဘုရား လက်စွပ် ရှိပေသည်။ သူ့လက်ထဲတွင်လည်း အနက်ရောင်လှံရှည် ပေါ်ထွက်လာခဲ့လေသည်။ သူတို့နှစ်ယောက်သည် ရုတ်တရက် အဖြစ်အပျက်များကြောင့် တစ်ခုခုကို မေ့နေခဲ့လေသည်။ သူတို့သာ ရထားလုံးကို အဝေးသို့ မောင်းနှင်လိုက်ပါလျှင် သူတို့ လက်တစ်ဖက်တောင် မလှုပ်လိုက်ရဘဲ ကျန်းရီသေသွားမည် ဖြစ်လေသည်။

"ကောင်းကင်ဘုံက တကယ်ကို အမြင်စူးရှတာပဲ"

ကျန်းရီသည် ထိုနှစ်ယောက် သူ့ကို မြင်လိုက်လျှင် ရထားလုံးအား မောင်းနှင်မသွားဘဲ သူကျလာသည်အား မိုက်မဲစွာ စောင့်နေကြသည်ကို သတိထားမိလိုက်သည်။ သူ့နှလုံးသားသည် ပျော်ရွှင်မှုဖြင့် ပြည့်နှက်လာပြီး ကောင်းကင်ဘုံအား အကြိမ်တစ်ရာခန့် ထိုင်ကန်တော့ ချင်နေမိသည်။

ကျန်းစွန်းဝူကျိနှင့် ကျန်းရိလျှိုသည် သူ့ကို သတ်ရန် ပြင်ဆင်၍ စောင့်ဆိုင်းနေကြသည်။ ကျန်းရီသည် သူတို့ကို ဂရုမစိုက်ပေ။ သူ့တွင် အနက်ရောင် အတွင်းအား ပမာဏ အလုံအလောက် ရှိပေသည်။ ထိုနှစ်ယောက် ပေါင်းလျှင်တောင် အလွန်ဆုံးရှိမှ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်သာ ရှိလိမ့်မည်။ ယခင်က ခရမ်းနန်းတော်ရှင် အမြင့်ဆုံး အဆင့်သည် သူ့အတွက် အိပ်မက်ဆိုး ဖြစ်သော်လည်း ယခု အချိန်တွင်မူ လုံးဝ ကြောက်စရာ မလိုတော့ပေ။

"ဝှစ်"

ကျန်းရီ နီးကပ်လာသည်နှင့် ကျန်းစွန်းဝူကျိနှင့် ကျန်းရိလျှိုသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။ ကျန်းစွန်းဝူကျိ၏ တိုက်ခိုက်မှုသည် ကြောက်စရာ အကောင်းဆုံးပင်။ သူ၏ လှံရှည်သည် နဂါး တစ်ကောင်ကဲ့သို့ လှုပ်ရှားသွားခဲ့သည်။

"သေစမ်း"

ကျန်းရိလျှို၏ မျက်နှာတွင် ရက်စက်မှုများ ဖြစ်တည်လာခဲ့သည်။ သူ၏ ဓားရှည်သည် ဓားအရိပ်ပေါင်းများစွာ အဖြစ် ပြောင်းလဲသွားခဲ့ပြီး လက်တစ်ဖက်တွင် အနီရောင် အလင်းများ ဖြာထွက်နေသော လေးတစ်ခုကို ကိုင်ထားခဲ့သည်။ လေးသည် အနီရောင် အလင်းများ ဖြာထွက်လာခဲ့ပြီး မြားတစ်စင်းသည် ကြယ်ကြွေ သကဲ့သို့ ကျန်းရီထံ ပျံသန်းသွားခဲ့သည်။

သူ့ဘက်မှ ကြည့်လျှင် ကောင်းကင်ထက်မှ ကျဆင်းလာသော ကျန်းရီအား ရုတ်တရက် မြင်လိုက်ရခြင်းသည် အလွန်ထူးဆန်းနေသည်။ သို့သော် ကျန်းရီတွင် ရှောင်တိမ်းစရာ နေရာ မရှိပေ။ ကျန်းရီသည် သူ့ကို သတ်လာသော တိုက်ခိုက်မှုများကို ကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။

***

All Chapters