အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
လောက၏အထွတ်အထိပ်သို့ (အပိုင်း ၁၉၅ + ၁၉၆)
ဇူလိုင်လ ၅ ရက်၊ ညနေ ၄ နာရီ။
သုံးရက်ကြာပြီးနောက်တွင်ပင် ရွမ်းဟွမ်မြို့၏ ကောင်းကင်ယံရှိ မီးခိုးငွေ့များ လုံးဝမစင်ကြယ်သေးဘဲ နာမကျန်းဖြစ်နေသည့် လူတစ်ယောက်၏ အသားအရေကဲ့သို့ ဖျော့တော့နေကာ မီးခိုးရောင်-အဝါရောင် သန်းနေသည်။
ဇူလိုင်လ၏ အားကောင်းနေဆဲဖြစ်သည့် နေရောင်ခြည်သည် ထိုမီးခိုးမှိုင်းများကြားမှ ထိုးဖောက်ရန် အားယူနေရပြီး မြေပြင်ပေါ်သို့ ကျရောက်လာသော အလင်းရောင်မှာ အခန်းကျဥ်းလေးထဲက အဝါရောင်မီးသီးလေးသကဲ့သို့ အားနည်းနေသည်။
လေထုထဲတွင် စိုထိုင်းနေသော ကွန်ကရစ်နံ့၊ သံချေးနံ့၊ ဆေးရုံသုံး ပိုးသတ်ဆေးနံ့နှင့် ပုတ်သိုးနေသော အလောင်းများမှ အနံ့ဆိုးတို့၏ ခါးသက်သော ရောစပ်မှုတစ်ခုက ပျံ့လွင့်နေသည်။
တစ်ချိန်က တောက်တောက်လဲ ဆူညံခဲ့သော မြို့တော်၏ တေးသွားသံသည် ယခုအခါတွင် ဝမ်းနည်းပူဆွေးမှု၏ တိတ်ဆိတ်သော သံစုံတီးဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုတိတ်ဆိတ်ခြင်းကို ကယ်ဆယ်ရေးယာဉ်များ၏ ဥဩဆွဲသံ၊ အပျက်အစီးများကို ရှင်းလင်းနေသည့် စက်ယန္တရားများ၏ အဆက်မပြတ် မြည်ဟည်းသံနှင့် လူသားတို့၏ မျိုသိပ်ထားသော ငိုရှိုက်သံများက အခါအားလျော်စွာ ဖြိုခွင်းနေသည်။
မြို့လယ်ခေါင်ရှိ ယခင်က စည်ကားခဲ့သော ဈေးနေရာသည် ယခုအခါ ကွန်ကရစ်တောင်ပူစာငယ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် လိမ္မော်ရောင်ဝတ်စုံများဖြင့် ထိုအပျက်အစီးများကြားတွင် ပုရွက်ဆိတ်များနှယ် သွားလာလှုပ်ရှားနေကြသည်။
သူတို့၏ မျက်နှာများအထက်တွင် ဖုန်မှုန့်များ၊ ချွေးများနှင့် ရက်ပေါင်းများစွာ အိပ်ရေးပျက်ထားသည့် ပင်ပန်းနွမ်းနယ်မှုတို့က လွှမ်းခြုံထားသော်လည်း မျက်ဝန်းများထဲတွင်မူ အသက်တစ်ချောင်းကို ကယ်တင်နိုင်လိုဇောဖြင့် တောက်လောင်နေကြသည်။
“ဒီဘက်ကို ဂရုစိုက်... ဒီဘက်မှာ အောက်ခံတိုင် နည်းနည်း ယိုင်နေတယ်”
တပ်ကြပ်ကြီး ဝမ်က သူ၏အဖွဲ့ကို အော်ဟစ်ညွှန်ကြားနေသည်။ သူ၏ အသံသည် စက်ယာဉ်ယန္တရားများ၏ ဆူညံသံကြားတွင် ပျောက်ကွယ်မသွားစေရန် အားကုန်အော်နေရသည်။
သူ၏ လက်အောက်မှ စစ်သားငယ်တစ်ဦးသည် အုတ်ခဲတစ်လုံးကို ဖယ်ရှားလိုက်စဉ် ရုတ်တရက် ရပ်တန့်သွားသည်။
“တပ်ကြပ်ကြီး... ဒီမှာ... ဒီမှာ ကလေးအရုပ်လေးတစ်ရုပ်...”
စစ်သားငယ်လေး၏ လက်ထဲတွင် သွေးနှင့်ဖုန်များ လူးနေသော ဝက်ဝံရုပ်လေးတစ်ရုပ်ကို ကိုင်ထားသည်။
တပ်ကြပ်ကြီးဝမ်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက် မျက်နှာလွှဲလိုက်ကာ လေသံခပ်မာမာဖြင့် ပြောလိုက်သည်။
“အာရုံမများနဲ့... ဆက်ရှာ... အချိန်မရှိဘူး”
သူ၏မာကျောသောအသံနောက်ကွယ်တွင် နာကျင်မှုနှင့် ဝမ်းနည်းမှုတို့ ကိန်းအောင်းနေသည်ကို မည်သူမျှမသိနိုင်ပေ။
ဇူလိုင်လ ၂ ရက်နေ့က ရုတ်တရက် ဖြစ်ပွားခဲ့သည့် ထူးဆန်းသော ရေခဲမုန်တိုင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများကို အစပိုင်းတွင် အလွန်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
မီးလောင်ပြင်များကြားမှ ထူးဆန်းစွာ ရေခဲမှတ်အောက်ကျဆင်းသွားသော အပူချိန်က အသက်ရှင်ကျန်ရစ်သူအချို့ကို အအေးဒဏ်ဖြင့် ထပ်မံသေဆုံးစေခဲ့သည်။
--
မြို့၏အားကစားကွင်းကြီးကို ယခုအခါ ယာယီဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲထားသည်။
ထောင်ပေါင်းများစွာသော အိမ်ရာမဲ့ပြည်သူများသည် အပြာရောင်မိုးကာတဲများအောက်တွင် သူတို့၏ ကြေမွသွားသော ဘဝအပိုင်းအစများကို ပြန်လည်ကောက်ယူရန် ကြိုးစားနေကြသည်။
ချန်လီသည် သူမ၏ ကလေးသုံးယောက်ကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖိုက်ထားရင်း စစ်တပ်မှ ဝေငှသော ပေါင်မုန့်ခြောက်တစ်ဖဲ့ကို ဖြည်းညင်းစွာ ဝါးနေသည်။
သူမ၏ မျက်လုံးများသည် အသက်မရှိတော့သလို ဟောက်ပက်ဖြစ်နေပြီး အားကစားကွင်း၏ ဝင်ပေါက်ဆီသို့ မကြာခဏဆိုသလို ရောက်ရှိသွားတတ်သည်။
သူမသည် တစ်စုံတစ်ယောက်ကို မျှော်လင့်နေသည်။ သူမ၏ ခင်ပွန်း ‘လီမင်း’ နှင့် သူမ၏ သားကြီး...။
သုံးရက်ရှိကုန်ဆုံးသွား၏။ သူတို့အကြောင်း ဘာသတင်းမှ မကြားရသေးချေ။ သူမ၏ တိုက်ခန်းငယ်လေးသည် ပေါက်ကွဲမှုဒဏ်ကြောင့် တစ်ခြမ်းပဲ့ကျသွားခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက သူမနှင့် ကလေးငယ်များကို လာရောက် ကယ်ဆယ်ခဲ့သည်။
သို့သော် သူမ၏ သားကြီးကျောင်းတက်ရာ မူလတန်းကျောင်းမှာမူ မြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“မေမေ... ဖေဖေက ဘယ်တော့ပြန်လာမှာလဲဟင်”
သူမ၏ သမီးငယ်လေး အမေးက ချန်လီ၏ နှလုံးသားကို ဓားဖြင့်ထိုးလိုက်သကဲ့သို့ နာကျင်စေသည်။ သူမ ဘယ်လိုပြန်ဖြေရမည်မသိ။
သူမက သမီးလေး၏ ဆံပင်ကိုဖွဖွလေး ပွတ်သပ်ပေးပြီး “ဖေဖေက အလုပ်များနေလို့ပါ သမီးရယ်... မကြာခင် ပြန်လာမှာပါ”
သူမ အကောင်းဆုံး လုပ်နိုင်သည်မာ လိမ်ညာခြင်းသာ ဖြစ်သည်။
ထိုစဉ် စခန်းစီမံခန့်ခွဲရေးရုံးရှေ့တွင် လူတစ်စု ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ စစ်သားတစ်ဦးက စာရွက်ကြီးတစ်ရွက်ကို သင်ပုန်းပေါ်တွင် လာကပ်နေခြင်းဖြစ်သည်။
“ဇူလိုင်လ ၂ ရက်နေ့ တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သော စစ်သည်တော်များ၏ အတည်ပြုစာရင်း”
ထိုစာတန်းကို မြင်လိုက်သည်နှင့် ချန်လီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ သူမသည် ကလေးများကို အနီးရှိ အဖွားအိုတစ်ဦးထံ ခေတ္တအပ်နှံကာ လူအုပ်ကြားထဲသို့ တိုးဝှေ့သွားသည်။
သူမ၏ နှလုံးခုန်သံများက နားထဲတွင် ဗုံတီးနေသကဲ့သို့ ကျယ်လောင်နေသည်။ လူအုပ်ကို ကျော်ဖြတ်ပြီး သင်ပုန်းရှေ့သို့ ရောက်သောအခါ သူမ၏ မျက်လုံးများသည် စာရင်းထဲမှ နာမည်များကို တုန်ယင်စွာ လိုက်လံရှာဖွေနေမိသည်။
က... ခ... ဂ... ဃ... င...
…
…
လ...
“တပ်သား လီမင်း၊ အမှတ် (၇) လက်နက်တိုက်၊ ကင်းစောင့်တပ်ဖွဲ့”
ထိုစာလုံးများသည် သူမ၏ မျက်လုံးထဲတွင် ဝေဝါးသွားပြီး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမ၏ နားထဲတွင် ဘာသံမှမကြားရတော့။ ခြေထောက်များက မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်ကျသွားမိသည်။
“မဟုတ်ဘူး... မဟုတ်ဘူး... ဒါမဖြစ်နိုင်ဘူး”
သူမ၏ တိုးညှင်းသော ငြင်းဆန်သံသည် ပတ်ဝန်းကျင်၏ ဆူညံသံများကြားတွင် ပျောက်ကွယ်သွားသည်။ သူမ၏ ခင်ပွန်း... သူမ၏ကလေးလေးယောက်၏ ဖခင်... မိသားစုအတွက် စစ်တပ်ထဲဝင်ခဲ့သော သူ...။ သူ မရှိတော့ဘူးတဲ့လား။
ဓာတ်ပုံထဲမှ သူ၏ ပင်ပန်းသော်လည်း နွေးထွေးသော အပြုံးက သူမ၏ စိတ်အစဉ်တွင် ပေါ်လာပြီးနောက် မျက်ရည်များက တာကျိုးသလို စီးကျလာတော့သည်။
လောကကြီးတွင် တရားမျှတမှုဟူ၍ မရှိချေ။
အေးစက်သော ကွန်ကရစ်မြေပြင်၏ အထိအတွေ့က သူမ၏ ဝမ်းဗိုက်ထဲမှ အူလှိုက်သည်းလှိုက် နာကျင်မှုကို ပို၍ ထင်ရှားစေသည်။
ပတ်ဝန်းကျင်မှ လူအချို့က သူမအား သနားသည့်အကြည့်ဖြင့် ကြည့်ကြသော်လည်း မည်သူမျှ ရှေ့တိုးမလာကြချေ။
ဤနေရာတွင် လူတိုင်းမှာ ကိုယ်စီပူဆွေးစရာ၊ ကိုယ်စီဆုံးရှုံးမှုများဖြင့် ပြည့်နှက်နေသည်။ သူတစ်ပါး၏ နာကျင်မှုကို မျှဝေခံစားပေးရန် မည်သူ့ထံတွင်မှ အင်အားမရှိချေ။
ထိုအခိုက်အတန့်တွင် မုဆိုးမချန်လီသည် လောက၏ အမှန်တရားကို နားလည်သဘောပေါက်သွားသည်။ ဤလောကကြီးသည် ကြီးမားသော တောနက်ကြီးတစ်ခုနှင့် တူသည်။
လူသားတို့ တည်ဆောက်ထားသော ယဉ်ကျေးမှု၊ စည်းကမ်း၊ ဥပဒေဆိုသည်မှာ ထိုတောနက်ကြီးကို ဖုံးအုပ်ထားသော ပါးလွှာသည့် မြူခိုးများသာ ဖြစ်သည်။
ဘေးအန္တရာယ်တစ်ခု ကျရောက်လာသည့်အခါ ထိုမြူခိုးများ လွင့်စင်သွားပြီး တောနက်၏ မူလဗီဇဖြစ်သော ‘တောတွင်းဥပဒေသ’ က အရာအားလုံးကို ပြန်လည်လွှမ်းမိုးသွားသည်။
အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြယ်လှယ်သည်။ ဤသည်ကား စစ်မှန်သော လောကကြီးပင်ဖြစ်၏။
သူမ၏ မျက်လုံးများက ဝေဝါးနေသော မျက်ရည်များကြားမှ လူအုပ်ကို အားယူကြည့်လိုက်သည်။ သူမ အခုမှပင် မြင်ကွင်းများကို ရှင်းလင်းစွာ မြင်ရတော့သည်။
ရိက္ခာဝေငှရာတန်းတွင် အားကောင်းမောင်းသန် လူငယ်တစ်ဦးက အဘိုးအိုတစ်ဦး၏ ရှေ့မှ ညှပ်ဝင်ကာ ရိက္ခာကို လင်းယုန်တစ်ကောင်လို လျင်မြန်စွာ ဆတ်ခနဲလုယူသွားသည်။
အဘိုးအိုက တုန်ယင်စွာဖြင့် တစ်စုံတစ်ခုပြောရန် ကြိုးစားသော်လည်း လူငယ်၏ စူးရှသောအကြည့်ကြောင့် ကျုံ့ကျုံ့လေး ကျန်ခဲ့ရသည်။
ဆေးပေးခန်းရှေ့တွင် မိခင်တစ်ဦးက သူမ၏ ဖျားနာနေသော ကလေးအတွက် ဆေးတောင်းခံနေသော်လည်း အစောင့်စစ်သားက “စောင့်ပါ” ဟူသော စကားတစ်ခွန်းဖြင့် အေးစက်စွာ ပယ်ချလိုက်သည်။
ထိုစစ်သား၏ လက်ထဲမှ သေနတ်သည် သူ၏ အာဏာဖြစ်ပြီး၊ သူ၏ ဆုံးဖြတ်ချက်သည် အားနည်းသူများအတွက် အသက်နှင့် သေခြင်းကို ပိုင်းခြားထားသည်။
သူမတို့လို သာမန်ပြည်သူတွေက သမင်၊ ယုန်လေးတွေလို အားနည်းသူတွေ ဖြစ်ပြီး၊ လက်နက်ကိုင်စစ်သားများ၊ အာဏာရှိသူများက မြေခွေးနဲ့ ဝံပုလွေတွေ ဖြစ်ကြသည်။
ဇူလိုင်လ ၂ ရက်နေ့က ကောင်းကင်ယံမှနေ၍ မြို့တော်ကြီးတစ်ခုလုံးကို အရုပ်တစ်ရုပ်လို ချေမွဖျက်ဆီးသွားခဲ့သော ထိုလူသားမဟုတ်သည့် သတ္တဝါများ...။
သူတို့တွေသည်တော့ ဤတောနက်ကြီး၏ အထွတ်အထိပ်မှာရှိနေသော နတ်ဘုရားများ သို့မဟုတ် နတ်ဆိုးများပင် ဖြစ်လိမ့်မည်။
သူတို့အတွက် ရွမ်းဟွမ်မြို့မှ ပြည်သူများ၏ အသက်သည် ပုရွက်ဆိတ်တစ်ကောင်၏ အသက်ထက်မပိုပေ။
တရားမျှတမှုဆိုသည်မှာ အနိုင်ရသူတွေသည် သူတို့၏ ရက်စက်မှုကြမ်းကြုတ်မှုကို ဖုံးကွယ်ဖို့ ရေးသားခဲ့သည့် ပုံပြင်တစ်ပုဒ်ထက်မပိုချေ။
ဤလောကကြီးတွင် အမှန်တရားဟူသည် အားအင်သာဖြစ်သည်။ အင်အားရှိလျှင် အဖြူသည် အမည်းဖြစ်ပြီး၊ အမည်းသည် အဖြူဖြစ်နိုင်သည်။
တရားမျှတမှုဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်မခံစားဖူး၍မသိချေ။
ကျားတစ်ကောင်သည် မွေးဖွားလာကတည်းက တောဘုရင်၏ ကံကြမ္မာကို ပိုင်ဆိုင်သည်။
သူ၏ ဟိန်းဟောက်သံတစ်ချက်က တောတောင်တစ်ခုလုံးကို တုန်လှုပ်စေပြီး၊ သူ၏ ချွန်ထက်သော သွားနှင့် ခြေသည်းတို့က အခြားသက်ရှိတို့၏ ကံကြမ္မာကို ဆုံးဖြတ်သည်။
ကျားတစ်ကောင်သည် သမင်တစ်ကောင်ကို သတ်ဖြတ်စားသောက်သည့်အခါ ‘တရားမျှတမှုမရှိဘူး’ ဟု မည်သူကမျှ မပြောပေ။
အကြောင်းမှာ ထိုဖြစ်ရပ်သည် သဘာဝ၏ နိယာမ၊ ‘တောတွင်းဥပဒေသ’ ဖြစ်သောကြောင့်ပင်။
ထိုအခါ သမင်များသည်ကော၊ သူတို့၏ ကံကြမ္မာမှာ ကျား၏အစာဖြစ်ရန်အတွက်သာ မွေးဖွားလာခြင်းလော။
သူတို့၏ လျင်မြန်သော ခြေထောက်များနှင့် နိုးကြားသော နားရွက်များသည် ထိုကြမ္မာဆိုးမှ လွတ်မြောက်ရန် အခွင့်အရေးတစ်ခုသာ ဖြစ်ပြီး အာမခံချက်ကား မဟုတ်ချေ။
သမင်တစ်ကောင်အတွက် တရားမျှတမှုသည် အဘယ်မှာရှိသနည်း။ ကျား၏ လက်မှ လွတ်မြောက်သည့်နေ့သည် သူ၏ တရားမျှတမှုရသောနေ့ပင်လော။
သို့သော် ထိုသမင်သည်ပင်လျှင် အခြားသက်ရှိများအတွက် နတ်ဘုရားတစ်ပါးဖြစ်သည်။
မြက်ပင်လေးများသည်ကော သူတို့သည်လည်း သက်ရှိများပင် မဟုတ်လော။
သူတို့သည် နေရောင်ခြည်ကို လှမ်းယူရန်၊ မြေဆီလွှာမှ ရေကိုစုပ်ယူရန် အသည်းအသန် ကြိုးစားရှင်သန်နေကြသည်။ သူတို့၏ တိတ်ဆိတ်သော ဘဝတွင် သူတို့ဘာသာ ရှင်သန်ကြီးထွားနေကြသည်။
သို့သော် သမင်တစ်အုပ် ရောက်လာသည့်အခါ သူတို့၏ အသက်များသည် အစုလိုက်အပြုံလိုက် ချွေယူခြင်းခံရသည်။
သမင်အတွက်မူ ထိုအသက်များသည် သူတို့၏ ဗိုက်ဖြည့်ရန်အတွက် အာဟာရမျှသာ။ မြက်ပင်တစ်ပင်၏ အော်ဟစ်သံကို မည်သူကြားနိုင်မည်နည်း။
မြက်ပင်အတွက် တရားမျှတမှုသည် အဘယ်မှာရှိသနည်း။
ဤလောကကြီးတွင် တရားမျှတမှုဟူသည် မိမိရပ်တည်နေသော အဆင့်အတန်းပေါ်တွင်သာ မူတည်နေသည့် အသုံးအနှုန်းတစ်ခုသာ ဖြစ်သည်။
ကျားအတွက်၊ သမင်ကိုစားခြင်းသည် တရားမျှတသည်။ သမင်အတွက်၊ မြက်ကိုစားခြင်းသည် တရားမျှတသည်။
မြက်ပင်အတွက် တရားမျှတမှုသည် အဘယ်မှာရှိသနည်း။
ချန်လီနှင့်တကွ ဤဒုက္ခသည်စခန်းထဲမှ သာမန်ပြည်သူများသည် သမင်များ၊ မြက်ပင်များနှင့် ဘာများကွာခြားသနည်း။
တရားမျှတမှုဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်မခံစားဖူး၍မသိချေ။
လောက၏အထွတ်အထိပ်သို့ (အပိုင်း ၁၉၅ + ၁၉၆) ပြီး။