ကပ်ဘေးပြီးသွားသည့်နောက်
Vol. 1 Ch. 126
ကျန်းရိလျှို၏ ခန့်မှန်းချက် မှန်လေသည် ယခုတွင် ကျန်းရီသည် တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် နေရာမရှိပေ။ သူသည် သူ့ထံ ကျဆင်းလာသော လက်နက်များနှင့် ပျံသန်းလာသော အနီရောင်မြားကို ကြည့်၍သာ နေရသည်။
သို့သော် ကျန်းရီသည် မရှောင်တိမ်း နိုင်ခြင်းသာ ဖြစ်ပြီး မတိုက်ခိုက်နိုင်ခြင်း မဟုတ်ပေ။ သူသည် အလျင်လိုနေဟန် မရှိဘဲ နှုတ်ခမ်းစွန်းများ ကွေးတက်သွားကာ အပြုံးပါးပါး တစ်ခုက ပေါ်လာခဲ့သည်။ သူ၏ ဒန်တျန်းထဲမှ အနက်ရောင် အတွင်းအားများသည် တိုးထွက်လာခဲ့ပြီး ဘယ်ဘက်လက်ထံ လျင်မြန်စွာ စီးဆင်းသွားခဲ့သည်။ အတွင်းအား ပေါက်ကွဲလက်ဝါး ထွက်ပေါ်လာခဲ့ချေပြီ ...
"မကောင်းတော့ဘူး"
အတွင်းအား ပေါက်ကွဲလက်ဝါး ထွက်ပေါ်လာသည်နှင့် ကျန်းစွန်းဝူကျိ၏ ကိုယ်သည် တုန်ယင်သွားခဲ့သည်။ သူ့မျက်နှာတွင် တွေဝေနေမှု မရှိဘဲ သူ၏ လှံရှည်ကို ပြန်သိမ်းကာ ရထားလုံးထဲမှ ပျံထွက်လိုက်သည်။ သူသည် တစ်ချိန်တည်း၌ အော်ဟစ်လိုက်သည်။
"ရိလျှို ... ပြေးတော့"
ကျန်းရိလျှို၏ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့သည်။ သူသည်လည်း ကျန်းရီ၏ လက်ဝါးရှိ အနက်ရောင် အတွင်းအားမှ ထွက်ပေါ်လာသော သေစေနိုင်လောက်သည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ ထိုအန္တရာယ်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်၏ တိုက်ခိုက်မှုအောက် မလျော့နိုင်ပေ။ ၎င်းတွင် သူ့စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သည့် အင်အား တစ်မျိုး ပါဝင်နေပေသည်။
"ဝှစ်"
ကျန်းရိလျှိုသည် အရူးမဟုတ်ပေ။ သူသည် ထိုနေရာတွင် ထိုင်၍ သေရမည်ကို စောင့်မနေနိုင်ပေ။ သူသည် ရထားလုံး၏ အမြင့်ဆုံး အပိုင်းသို့ တက်၍ ဘေးဘက်သို့ ပျံသန်းလိုက်သည်။ သူတို့နှစ်ယောက်သည် မြေပြင်နှင့် ပေရာပေါင်းများစွာ ဝေးနေသေးသည်။ သူတို့ ကိုယ်ကာယသည် ကြံ့ခိုင် သန်စွမ်းသော်လည်း ထိုခုန်ချမှုသည် သူတို့အား အနာတရ ဖြစ်စေမည်သာ။
သို့သော် သူတို့သည် ခုန်ချရန်မှ တစ်ပါး ရွေးချယ်စရာ မရှိပေ။ သူတို့သာ ခုန်မချလျှင် သေသွားပေလိမ့်မည်။
"ဟားဟား"
ကျန်းရီသည် ခပ်ကျယ်ကျယ် ရယ်မောလိုက်သည်။ အတွင်းအား ပေါက်ကွဲလက်ဝါးမှ အနက်ရောင် အလင်းများလည်း တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။ သူသည် အခြား လက်တစ်ဖက်ကို သုံး၍ ရိုးရိုး လက်ဝါး ရိုက်ချက်တစ်ခု ပြုလုပ်လိုက်သည်။ ပြင်းထန်သော လက်ဝါးသည် မြားအား လွင့်ထွက် သွားစေလေသည်။
ထိုနှစ်ယောက်လုံး ပျံသန်းသွားပြီ ဖြစ်ရာ သူသည် အတွင်းအားပေါက်ကွဲလက်ဝါးကို မသုံးရဲတော့ပေ။ မဟုတ်လျှင် ရှေးဟောင်းစစ်တပ်သုံး ရထားလုံးသည်လည်း လွင့်ထွက်သွားလိမ့်မည်။ သူ့ကိုယ်သည် အထောက်အပံ့တစ်ခု မရှိလျှင် အောက်ရောက်သည်နှင့် သေသွားပေလိမ့်မည်။
"ဘန်း"
ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိသည် ခုန်ချသွားပြီ ဖြစ်သော်လည်း ရထားလုံးသည် လေထုအလယ်တွင် မျောလွင့်နေဆဲပင် ဖြစ်သည်။ ကျန်းရီ၏ ကိုယ်သည် ရထားလုံးပေါ်သို့ ကျသွားခဲ့ပြီး ရထားလုံးသည်လည်း မြေပြင်ပေါ်သို့ ကျလာလေသည်။ သို့သော် ရထားလုံးတွင် ထူးဆန်းသည့် အစီအရင်များ ရှိနေရာ ပေတစ်ရာခန့် ကျသွားပြီးနောက် အရှိန်လျော့ကာ လေထဲတွင် ဆက်လက် မျောနေခဲ့သည်။
"အွတ်ရှ်"
ကျန်းရီသည် ရထားလုံးပေါ် ရောက်သွားပြီးနောက် အရှိန်ဖြင့် လိမ့်သွားခဲ့သည်။ သူ၏ နောက်ကျောနှင့် တင်ပါးတို့သည် နာကျင်မှုကြောင့် ပူလောင်နေလေသည်။ သူ့လက်များသည် ရထားလုံးကို အလျင်အမြန် ဖမ်းကိုင်မိသောကြောင့်သာ မဟုတ်လျှင် သူသည် ရထားလုံးပေါ်မှ လိမ့်ကျသွားပေလိမ့်မည်။ သူသည် ရထားလုံးပေါ် တွယ်တက်ပြီးနောက် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူသည် တစ်ချက်ပြုံးရင်း အသက်တစ်ဝကြီး ရှူလိုက်သည်။ သူသည် မနေနိုင်တော့ဘဲ ကောင်းကင်ကို ကြည့်၍ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ ကပ်ဘေးပြီး သွားသည့်နောက် ခံစားချက်သည် အလွန် အံ့အားသင့်စရာ ကောင်းလေသည်။
"ဘန်း"
ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိတို့သည် မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။ အောက်တွင် ကျောက်တုံး ကျောက်ဆောင်များ ရှိမနေဘဲ လွင်ပြင်များသာ ရှိနေ၍ သူတို့ ကံကောင်း သွားကြလေသည်။ သူတို့ နှစ်ယောက်လုံးသည် မြေပြင်ပေါ်တွင် အပတ်ပေါင်းများစွာ လိမ့်သွားပြီးနောက် အရှိန်လျော့ သွားခဲ့လေသည်။ သူတို့သည် အားယူ၍ ချက်ချင်း မတ်တပ် ရပ်လိုက်လေသည်။ သူတို့တွင် နာကျင်နေဟန် ရှိသော်လည်း ဒဏ်ရာ ကြီးကြီးမားမား ရမသွားသည်မှာ ထင်ရှားသည်။
"ဝှစ်"
သူတို့၏ နောက်လိုက်များသည် သူတို့ထံ အမြန်ဆုံးနှုန်းနှင့် ပြေးလာကြသည်။ ကူရှန်းဟယ်နှင့် သူ့လူများသည်လည်း ပြေးလာကာ သူတို့သခင်လေးများ အဆင်ပြေမပြေ စစ်ဆေးကြည့်ကြလေသည်။ ထို့နောက် သူတို့သည် ပေရာပေါင်းများစွာ ဝေးသော ကောင်းကင်ထက်ရှိ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးထက်တွင် ထိုင်နေသည့် ကျန်းရီအား လှမ်းကြည့် လိုက်ကြလေသည်။ အံ့အားသင့်မှုများ၊ မယုံကြည် နိုင်မှုများသည် သူတို့ မျက်လုံးထဲတွင် ပြည့်နှက်နေခဲ့သည်။
ထိုလူသည် ကောင်းကင် ဘုံးကိုးဆင့်မှ ဆင်းသက်လာသည့် မသေမျိုးအလား ကောင်းကင်မှ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးဆီမှ အံ့အား သင့်သွားစေသည့် ခံစားချက်ကို ပေးစွမ်းခဲ့သည်။
ဒါက ... အံ့မခန်း ဖြစ်ရပ် မဟုတ်ဘူးလား
ထမ်းစင်ပေါ်တွင် လဲလျောင်းနေသည့် စုလောရွှယ်သည် နက်နက်နဲနဲ ခံစားနေရသည်။ သို့သော် ကူရှန်းဟယ်သည် သူမအား အတွင်းအား ပိတ်ဆို့ဆေးမှုန့် တိုက်ထားသည့်အတွက် ပါးစပ်ဖွင့်ရန်ပင် အင်အားမရှိချေ။ သူမသည် မျက်လုံးများကိုသာ ကြိုးစား၍ ဖွင့်လိုက်ပြီး ကောင်းကင်ထက်တွင် ရှိနေသော ကျန်းရီအား မျှော်လင့်ချက်များ ပြည့်နေသည့် မျက်လုံးများနှင့် ကြည့်လိုက်လေသည်။
မည်သူမှ မသေချင်ကြပေ ... စုလောရွှယ်သည်လည်း ထိုနည်းတူသာ ...
ကျန်းရီ…
ခပ်လှမ်းလှမ်းရှိ သစ်တောထဲတွင် ကျီထင်ယွီ၊ ကျန်းဟန်ရွှေနှင့် ကျန်လူများသည် ကိုယ်များ တုန်ယင် သွားကြလေသည်။ ကျီထင်ယွီ၏ မျက်နှာသည် ဖြူဖျော့သွားကာ ပတ်ဝန်းကျင်ကို ကြည့်၍ သစ်ပင်ကြီး တစ်ခုထက်သို့ ခုန်တက်လိုက်ကာ သစ်ရွက်များကြား ပုန်းအောင်းလိုက်သည်။ ကျန်းဟန်ရွှေနှင့် လျှိုဟဲသည်လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြကာ ပုန်းအောင်း လိုက်ကြပြီး အသက်အောင့်၍ ရှေ့ရှိ သေမင်းအလား လူကို ကြည့်နေလိုက်ကြသည်။
"ဝိုး"
သတ်ဖြတ်ခြင်းများသည် ရပ်တန့်သွားကြသည်။ ပုန်းအောင်းနေသော လူများစွာသည်လည်း ထွက်လာ ကြလေသည်။ လူတိုင်းသည် လေထဲတွင် ရှိနေသော ကျန်းရီ၏ မျက်နှာကို မယုံနိုင်မှုများ၊ သံသယများနှင့် ကြည့်နေခဲ့ကြသည်။
လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လေထဲက ပေါ်လာတာလဲ ကောင်းကင် ဧကရာဇ်ရဲ့ အုတ်ဂူက အဲဒီ နေရာမှာ ရှိနေတာ မဟုတ်ဘူးလား ... သူက စေတီထဲ ခုန်ချလာတာများလား ... တစ်ခုမှ မဟုတ်လျှင် သူသည် နတ်ဘုရား တစ်ပါးဟူသော အဖြေမှလွဲ၍ အခြားသင့်တော်သည့် ဖြေရှင်းချက် မရှိတော့ပေ။ ဒါမှ မဟုတ်ရင် လေထဲမှာ ပျံသန်းနိုင်တဲ့ ဗာဂျရာ သခင်များလား ... ပြဿနာသည်ကား ဂူသင်္ချိုင်းအတွင်းသို့ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်နှင့် အထက် ဘယ်သူမှ မဝင်ရောက်နိုင်ပေ။
"ကျန်းရီ ... သတ္တိရှိရင် ဆင်းလာခဲ့ ... မင်းငါ့ကို သတ်ချင်နေတာ မဟုတ်ဘူးလား ... ငါဒီမှာ ရပ်နေတယ်လေ… လာသတ်စမ်းပါ"
ကျန်းရိလျှို၏ အော်သံသည် မိန်းမောနေသော လူများအား အသိဝင်လာစေသည်။ သူသည် နတ်ဘုရား တစ်ပါးမဟုတ် ... လူတစ်ယောက်သာ ဖြစ်လေသည်။ သို့သော် ထိုအချက်ကို အတည်ပြုပြီးနောက် သူတို့သည် ပို၍ အံ့အားသင့်ကြရသည်။ ကျန်းရီက တကယ်ကြီး စေတီထဲကို ရောက်ခဲ့တာလား ... သူစေတီထဲက ထွက်လာတယ်ဆိုရင် သူ့မှာ ရတနာ အများကြီး ရှိနေမှာ မဟုတ်လား ... လူတိုင်း၏ မျက်လုံးသည် တောက်ပလာခဲ့သည်။ သူတို့၏ အမြင်တွင် ကျန်းရီသည် လူပုံစံ ရှိသော ရတနာတောင်ကြီး ဖြစ်နေခဲ့လေပြီ
ကျန်းရီသည် ကျန်းရိလျှိုအား လျစ်လျူရှုလိုက်သည်။ သူ၏အကြည့်သည် ဝေ့ဝိုက်သွားပြီးနောက် အနောက်ဘက်မြို့စောင့်တပ်နှင့် ရှိနေသော စုလောရွှယ်ထံတွင် ရပ်တန့်သွားခဲ့သည်။ သူ့ကိုယ်သည် ပျော်ရွှင်လွန်း၍ တုန်လှုပ်သွားခဲ့သည်။ စုလောရွှယ် မသေသေးဟူသော အချက်သည် သူ့အတွက် အကောင်းဆုံးသတင်း ဖြစ်လေသည်။
"စုလောရွှယ် ... ငါ့ကိုစောင့်နေပါ"
စုလောရွှယ်၏ သွေးမရှိ၍ ဖြူဖျော့နေသော မျက်နှာလေးအား ကြည့်ရင်း ကျန်းရီသည် နောက်ထပ် သည်းမခံနိုင်တော့ပေ။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါတို့ ဖြာထွက်လာခဲ့ပြီး ရထားလုံးထက်မှ ခုန်ချလာခဲ့တော့သည်။ သူသည် တွန့်ဆုတ်နေခြင်း မရှိဘဲ ကျန်းရိလျှိုနှင့် သူ့လူများထံ ပျံသန်းသွားခဲ့သည်။
"ဟား..ဟား..ဟား.."
ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။ ကျန်းရီ၏ အင်အားဘယ်လောက်ပဲ ကောင်းကောင်း ဒီမှာ ရှိတဲ့လူတိုင်းကို သူနိုင်မှာတဲ့လား ... ပြီးတော့ သူရထားလုံးပေါ်က ဆင်းလာသည်နှင့် သူတို့နှစ်ယောက်တွင် လွတ်မြောက်ရန် အခွင့်အရေး ရှိသွားပြီ ဖြစ်လေသည်။
"ဝှစ်"
ကျန်းရိလျှို၏ လက်ထဲမှ ကျောက်စိမ်း အဆောင်တစ်ခုသည် တောက်ပလာခဲ့ပြီး ရထားလုံးသည် သူ့ထံ ပျံသန်းလာခဲ့သည်။ သူတို့နှစ်ယောက်သည် ရထားလုံးထံ ပြေးသွားကာ ကျန်းရီမြေပေါ်သို့ မရောက်ခင်တည်းက ရထားလုံးထံ ခုန်တက်လိုက်ကြသည်။
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်ကို မရောက်မချင်း ကျန်းရီသည် သူ့အတွင်းအားနှင့် ဆိုလျှင်တောင် မပျံသန်းနိုင်ပေ။ သူတို့သည် ရထားလုံးအတွင်း ရောက်သည်နှင့် ရထားလုံးအား ခပ်မြင့်မြင့်ရောက်အောင် မောင်းနှင်လိုက်လေသည်။ ကျန်းရီသည် နတ်ဘုရားတစ်ပါး မဟုတ်လျှင် သူတို့နှစ်ယောက်အား သတ်နိုင်လိမ့်မည် မဟုတ်ပေ။
"သူ့ကိုသတ်"
ကျန်းရိလျှိုသည် ရထားလုံးပေါ် ရောက်သည်နှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ လူများစွာသည် ဓားကိုယ်စီ ကိုင်ဆွဲကာ ကျန်းရီထံ ပြေးလာကြလေသည်။
"အိုး"
ထိုနှစ်ယောက် ထွက်ပြေးသွားသည်ကို မြင်သော် ကျန်းရီသည် အလွန်ကြောက်စရာ ကောင်းသွားခဲ့သည်။ သူသည် စုလောရွှယ်ကို စိုးရိမ် နေသောကြောင့် ကျန်းရိလျှိုသည် ရထားလုံးအား အဝေးမှ ထိန်းချုပ်နိုင်မည်ကို မစဉ်းစားမိ ဖြစ်သွားခဲ့သည်။ သို့သော် သူ့တွင် ထိုအရာများကို တွေးနေရန် အချိန်မရှိပေ။ ဓားများစွာသည် သူ့ထံ ရောက်လာကြတော့မည် ဖြစ်သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါ ထွက်ပေါ်လာပြီး မျက်လုံးများသည် သွေးနီရောင် ပြောင်းသွားခဲ့လေပြီ ... အနက်ရောင် အတွင်းအားများသည် သူ့လက်ဝါးများထံ စီးဆင်းလာကြကာ မည်သည့် အချိန်တွင်မဆို အတွင်းအား ပေါက်ကွဲ လက်ဝါးအား ထုတ်သုံးရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"သတ်ဖြတ်ခြင်း အရှိန်အဝါ "
ကူရှန်းဟယ်သည် အလန့်တကြား ရေရွတ်လိုက်ပြီး ကျန်းရီအောက်ရှိ လူများကို အော်ပြောလိုက်သည်။
"နောက်ဆုတ်ကြ"
"အား ... "
ကျန်းရီ၏ အောက်ရှိ လူများသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားလိုက်ရသည်နှင့် သူတို့ကိုယ်များသည် အားနည်း သွားကြလေသည်။ တိုက်ပွဲဝင်သော ဓားများသည်လည်း အလွန်တရာ လေးလံလာကြလေသည်။ သူတို့သည် ထွက်ပြေးချင်သော်လည်း နေရာတိုင်းတွင် သူတို့၏ အပေါင်းအဖော်များနှင့် ပြည့်နေရာ ဘယ်နေရာသို့ ထွက်ပြေး ရပါမည်နည်း။
"ဝှစ်"
ကျန်းရီ၏ ကိုယ်သည် လျှပ်စီးအလား ကျဆင်းလာခဲ့သည်။ သူသည် မြေပြင်ရှိ လူများနှင့် ပေတစ်ရာခန့် ဝေးသေးသော်လည်း ပြင်ဆင်ပြီးနေပြီ ဖြစ်သော အတွင်းအား ပေါက်ကွဲလက်ဝါးနှင့် ရိုက်ချလိုက်သည်။
"ဗုန်း"
ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် ကျန်းရီ၏ အောက်ရှိ အရာရာသည် ပေါက်ကွဲသွားခဲ့သည်။ ကိုင်ဆောင်ထားသော ဓားရှည်များသည်လည်း အရပ်ပေါင်းစုံသို့ လွင့်ထွက်ကုန်ကြကာ အချင်းချင်း ထိခိုက်ဒဏ်ရာ ရစေကုန်သည်။
လူများစွာသည် မရှောင်တိမ်းနိုင်တော့၍ အတွင်းအား ပေါက်ကွဲလက်ဝါးကြောင့် လွင့်ထွက်ကုန်လေသည်။ အများစုသည် သွေးများ လွှမ်းနေကြသည်။ ဤလက်ဝါးသည် အနက်ရောင် အတွင်းအား ပမာဏကို ကျန်းရီ ထိန်းထားလိုက်၍ ဖြစ်သည်။ မဟုတ်လျှင် ထိုလူများသည် အစတောင်ကျန်မည် မဟုတ်ပေ။
"ဖုန်း ... ဖုန်း… ဖုန်း"
ပေါက်ကွဲမှုကြီးသည် နေရာတစ်ခုလုံးမှ လူများအား ထိခိုက်သွားစေသည်။ မြေပြင်ထက်တွင် အော်ဟစ်သံများ ကြီးစိုးသွားလေသည်။
"ဘန်း"
အရှိန်ပြင်းပြင်းနှင့် ဆင်းလာသော ကျန်းရီသည် ပေါက်ကွဲမှုမှ တွန်းကန်အားကြောင့် ဘေးဘက်သို့ လွင့်ထွက်သွားလေသည်။ သူသည် ကိုယ်ကို ဘောလုံးတစ်လုံးလို ကွေးလိုက်နိုင်၍ တော်သေးသည်။ မဟုတ်လျှင် သူ၏ အရိုးများ ကျိုးသွားနိုင်ပေသည်။
"ဖြီး ... "
အကြိမ်ပေါင်းများစွာ လိမ့်သွားပြီးနောက် ကျန်းရီသည် မတ်တပ်ရပ်လိုက်ကာ သွေးတစ်ပွက် အန်ချ၍ ဒူးထောက်ကျသွားခဲ့သည်။ သူ၏ ဝတ်ရုံနောက်ကျောသည် တစ်စစီ စုတ်ပြဲနေခဲ့ပြီ ဖြစ်ပြီး သွေးများလည်း စိမ့်ထွက်နေခဲ့သည်။
သူသည် နာကျင်မှုကို ခံစားမိလိုက်ပြီး နံရိုးတစ်ချောင်း သို့မဟုတ် နှစ်ချောင်း ကျိုးသွားပြီ ဖြစ်ကြောင်း သိလိုက်လေသည်။ သူသည် သေချာတွက်ချက်၍ အတွင်းအား ပေါက်ကွဲလက်ဝါးတွင် အနက်ရောင် အတွင်းအား ဆယ်မျှင်သာ သုံးလိုက်မိသည်မှာ ကံကောင်းသည်။ မဟုတ်လျှင် သူယခုအချိန်တွင် ရပ်နေနိုင်မည် မဟုတ်ဘဲ အရိုးတခြား အသားတခြား ဖြစ်နေလောက်ပေပြီ ...
***