← Chapters

ချောက်ချားဖွယ်ရာ

Vol. 89 Ch. 1241

ချောက်ချားဖွယ်ရာ

Vol. 89 Ch. 1241

လောကပူးကပ်ထားသော မန်ဟို့မျက်လုံးထဲရှိ အသက်စွမ်းအားမီးတောက်သည် မီးပင်လယ်တစ်စင်း တည်ရှိနေသကဲ့သို့ လောင်မြိုက်နေ၏။ သို့သော် သူ့နဖူးထဲရှိ စတုတ္ထနိဗ္ဗာနသစ်သီးက စုပ်ယူနေသဖြင့် ထိုမီးပင်လယ်မှာ အားနည်းစပြုလာလေပြီ။

နိဗ္ဗာနသစ်သီးကား အောက်ခြေမရှိသော ကျင်းကြီးတစ်ကျင်းနှင့်တူသည်။

မန်ဟို စတုတ္ထနိဗ္ဗာနသစ်သီးကို စုပ်ယူခဲ့စဉ်တုန်းက မရပ်တန့်ခင် တခဏသာ တောင့်ခံနိုင်ခဲ့၏။ စတုတ္ထနိဗ္ဗာနသစ်သီးကလည်း ၎င်း၏ စိတ်ဆန္ဒအလျောက် ထွက်သွားတတ်သည်။ ထိုသို့သာ ထွက်မသွားခဲ့လျှင် သူ့အနေဖြင့် အရိုးပေါ်အရေတင်သည်အထိ အရှင်လတ်လတ် စုပ်ယူခံလိုက်ရလိမ့်မည်။

ထိုမျှသာမက  သူသည် ၎င်းကို သုံးလိုက်တိုင်း ပြန်လည်ကုစားဖို့ အချိန်များစွာ ယူရသည်အထိ အားနည်းသွားတတ်သည်။ ယင်းက သူ့ကို ရှေးဟောင်းနယ်ပယ်အဆင့် မတက်လှမ်းနိုင်အောင် ဟန့်တားနေသည့် အတားအဆီးလည်း ဖြစ်လေသည်။ သူသာ ထိုစတုတ္ထနိဗ္ဗာနသစ်သီးကို အပြည့်အ၀မစုပ်ယူနိုင်လျှင် ရှေးဟောင်းနယ်ပယ်သို့ ဘယ်တော့မှ တက်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ဤအခြင်းအရာသည် အလျင်စလို လုပ်ရမည့်အရာမဟုတ်။ သူ့အတွက် နိဗ္ဗာနသစ်သီးတစ်လုံးကို စုပ်ယူတိုင်း ကြောက်ခမန်းလိလိ အသက်စွမ်းအားပမာဏအား လိုအပ်သည်။ ထိုမျှသာမက ထိုပမာဏသည် နိဗ္ဗာနသစ်သီးတစ်လုံးကို စုပ်ယူပြီးတိုင်း များပြားလာ၏။ လေးလုံးမြောက်သို့ ရောက်ရှိလာသည့်အခါ လိုအပ်သည့်ပမာဏကား ဖော်ပြ၍ပင် မဖြစ်နိုင်တော့ပေ။

အကူအညီပေးနိုင်သည့် ကံကြမ္မာကောင်းတစ်မျိုးမျိုးကို မဆုံတွေ့သရွေ့ မန်ဟိုအနေဖြင့် စတုတ္တနိဗ္ဗာနသစ်သီးကို အမှန်တကယ် စုပ်ယူနိုင်ဖို့ အချိန်ပေါင်းများစွာ လိုအပ်ပေလိမ့်မည်။

သူက ထိုကိစ္စနှင့်ပက်သက်၍ သိပ်စိုးရိမ်မနေသော်လည်း သူ့ခန္ဓာကိုယ်ကို ပူးကပ်ထားသော လောဘကတော့ စိုးရိမ်ကြောင့်ကြနေ၏။

"သောက်ကျိုးနည်းထဲမှ ဒါက ဘာကြီးတုန်း" လောဘက မျက်လုံးများ ပြူးကျယ်နေလျက် ညည်းတွားလိုက်သည်။ သူသည် ခေါင်းမာသော လူတစ်ယောက်ဖြစ်၏။ သူသာ စတုတ္ထနိဗ္ဗာနသစ်သီးအား ထွက်ခွင့်ပြုလိုက်လျှင် အသက်အန္တရာယ်ရှိတော့မည်မဟုတ်ပေ။

သို့သော် သူသည် ခေါင်းမာပြီး မာနကြီးသည့်အတွက် ‌မအောင်မြင်နိုင်သည်ကို မယုံကြည်ပေ။

"ငါ လောဘက ဒီမလောက်လေးစား တာအိုသစ်သီးတစ်လုံးကို မစုပ်ယူနိုင်တာ မယုံနိုင်ဘူး" သူက အံတင်းတင်းကြိတ်လိုက်ပြီး ဖန်တီးခဲ့သော ချိတ်စည်းကို ဖယ်ရှားမည့်အစား သူ၏အသက်စွမ်းအားအနှစ်သာရများအား သူ၏ခန္ဓာကိုယ်ကို ဖြတ်၍ စတုတ္တနိဗ္ဗာနသစ်သီးဆီ ပို့လွှတ်လိုက်သည်။

ဝုန်းးးးးးးးးးးးး

စတုတ္ထနိဗ္ဗာန်သစ်သီးသာ ခံစားချက်ရှိလျှင် မြူးထူးပျော်ရွှင်နေလိမ့်မည်။ ယခင်က မန်ဟိုမှာ ၎င်း၏ အလိုဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့၍ တစ်ကြိမ်မှ မပေါင်းစည်းနိုင်ခဲ့ပေ။ သို့သော် ယခုတွင် လောဘ၏ လိုလိုလားလားအကူအညီဖြင့် စတုတ္ထနိ‌ဗ္ဗာနသစ်သီးကား ..... စုပ်ယူခံနေရလေပြီ။

ဖြစ်စဉ် စတင်သည်နှင့်တစ်ပြိုင်နက် အသက်စွမ်းအားအနှစ်သာရ၏ ဆယ်ရာခိုင်နှုန်းခန့် ပြက်ခနဲ စုပ်ယူခံလိုက်ရသဖြင့် လောဘ၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သူက တွန့်ဆုတ်သွားသော်လည်း အံတင်းတင်းကြိတ်လိုက်၏။

"ငါ မယုံနိုင်ဘူး" သူက သူ၏အသက်စွမ်းအားအနှစ်သာရအပြည့်အ၀ကို ဆင့်ခေါ်ရင်း စတုတ္ထနိဗ္ဗာနသစ်သီးထဲသို့ စီးဆင်းစေလိုက်သည်။ သူ့မှာ ဤသစ်သီးနှင့်အပြည့်အ၀ တစ်သားတည်းဖြစ်သွားပါက မည်သို့ဖြစ်လိမ့်မည်ကို စိတ်ကူးပင် ယဉ်နေလေပြီ။ သူ ပူးကပ်ထားသော ဤခန္ဓာကိုယ်သည် ကျင့်ကြံအဆင့်တက်သွားပြီး ထိုသို့တက်သွားသည်နှင့် အံ့မခန်းလိလိ ပြောင်းလဲမှုများ ဖြစ်ပေါ်လာ‌လိမ့်မည်။

မကြာမီ လောဘ၏အသက်စွမ်းအား ၂၀ ရာခိုင်နှုန်း စုပ်ယူခံခဲ့ရပြီးလေပြီ။ သူ့မှာ တဆတ်ဆတ် တုန်ရီနေပြီး ကြောက်စိတ်တို့ သူ၏မျက်၀န်းများတွင် ထင်ရှားနေသည့်တိုင် အံကို တင်းတင်းကြိတ်ထားသေး၏။ ထို့နောက် ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်.... ပြီးလျှင် ၄၀ ရာခိုင်နှုန်း။

သူ၏အသက်စွမ်းအားအနှစ်သာရမှ ၄၀ ရာခိုင်နှုန်း စုပ်ယူခံလိုက်ရသည့်အခါ သူ့မျက်၀န်းထဲရှိ အသက်မီးတောက်သည် နှိုင်းယှဉ်၍မရ‌လောက်အောင် မှေးမှိန်သွားပြီး ထိတ်လန့်ကြောက်ရွံ့မှုက သူ၏မျက်ဝန်းများတွင် ပြည့်နှက်လာသည်။ ဤအခိုက်အတန့်တွင် သူ့ခေါင်းမာမှုဟူသမျှ ငုပ်လျှိုးသွားလေပြီ။

အသက်စွမ်းအားအနှစ်သာရ၏ ၄၀ ရာခိုင်နှုန်းကပင် နိဗ္ဗာနသစ်သီးကို အပြည့်အ၀စုပ်ယူဖို့ မလုံလောက်သေးရာ လောကမှာ လွန်စွာထိတ်လန့်လာပြီး မျက်နှာတွင်လည်း သွေးမရှိတော့ပေ။ သူက တွန့်ဆုတ်မနေတော့ဘဲ သူ့နဖူးပေါ်ရှိ ချိတ်စည်းကို‌ ဖယ်ရှားရန် လက်လှမ်းလိုက်သည်။

"လခွမ်း ဒီသစ်သီးက ကြောက်စရာကောင်းလိုက်တာ။ တော်ပြီ ဒီကောင်ကို သွားရှုပ်မနေတော့ဘူး.... တော်ပြီ

"ထွက်လာခဲ့စမ်း" လောဘက ဟိန်းဟောက်လိုက်ပြီး ဤကြောက်စရာတာအိုသစ်သီးအား စုပ်ယူလိုစိတ်မရှိတော့ပေ။ သူ့မှာ ကြောက်လွန်း၍ သစ်သီးကို ထုတ်ဖို့ ကြိုးစားသည်။ သို့သော် နိဗ္ဗာနသစ်သီးသည် တစ်၀က်ကျော် စုပ်ယူထားပြီးပြီဖြစ်ရာ မည်သည့်အတွက်ကြောင့် ရပ်တန့်ချင်တော့မည်နည်း။

ထိုမျှသာမက လောဘ၏အပြုအမူက သစ်သီးကို ခေတ္တခဏ ရပ်တန့်သွားစေခဲ့သော်လည်း ထူးထူးဆန်းဆန်းအားတစ်ရပ်က နိဗ္ဗာနသစ်သီးအား လောဘ၏အသက်စွမ်းအားများကို ယခင်ထက်ပို၍ အငမ်းမရ စုပ်ယူလိုက်စေသည်။

"မလုပ်နဲ့" လောဘ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ လက်မခံနိုင်သော အန္တရာယ်အာရုံက သူ၏နှလုံးသားထဲတွင် ပြည့်နှက်လာသည်။ ဤအတိုင်း ဆက်သွား၍ သစ်သီး၏ပေါင်းစည်းဖြစ်စဉ် ပြီးမြောက်သွားလျှင် သူ၏အသက်စွမ်းအားအကုန် စုပ်ယူခံလိုက်ရမည်ကို လောဘ ကောင်းကောင်းမြင်ယောင်ကြည့်နိုင်ပေသည်။

ထိုအခါ သူသည် ပူးကပ်ထား‌သော ခန္ဓာကိုယ်၏ သတ်ဖြတ်ခြင်းကို ပြန်ခံလိုက်ရသည့် ပထမဦးလူ ဖြစ်လာလိမ့်မည်။

ထိုအတွေးလေးက လောဘကို ကြက်သေသေသွားစေသည်။ ထိုအချိန်မှာပဲ သူ၏အသက်စွမ်းအားအနှစ်သာရထဲမှ နောက်ထပ်ဆယ်ရာခိုင်နှုန်းအား တမုဟုတ်ချင်း စုပ်ယူခံလိုက်ရသဖြင့် သူ့အမူအရာမှာ ထိပ်ပျာလာတော့သည်။

"ငါလီးထဲမှ ဒီဟာက ဘယ်လိုဟာကြီးတုန်း" သူ့တွင် မူလအသက်စွမ်းအားအနှစ်သာရ၏ တစ်၀က်ခန့်သာ ရှိတော့ကြောင်း သဘောပေါက်လိုက်သဖြင့် လောဘတစ်ယောက် ကြက်သီးမွေးညင်းထလာသည်။ သူ့နှလုံးသားမှာလည်း ဓားပါးပါးဖြင့် လှီးခံနေရသကဲ့ကို့ ခံစားနေရသည်။

သူ၏အသက်စွမ်းအားအနှစ်သာရမှာ သူ အနှမြောဆုံးအရာ၊ သူ၏ဝိညာဉ်အသတ်မခံခဲ့ရသည့် အကြောင်းအရင်း မဟုတ်ပါလော။

လောဘသည် မျက်လုံးများ နီရဲနေပြီး တစ်ကိုယ်လုံးတုန်ရီနေလျက် သင်္ချိုင်းဗိမာန်တစ်လျှောက် တစ်ဟုန်ထိုး သွားနေသည်။ သူ့မျက်လုံးထဲရှိ မီးတောက်မီးလျှံများသည် လွန်စွာအားနည်းနေပြီး မကြာမီ ငြိမ်းသေတော့မည့် အရိပ်အယောင်များပင် မြင်ရလာ၏။

သူ့မှာ သူ့ကိုယ်သူ အထင်ကြီးခဲ့ပြီး ဤသေးငယ်သော သစ်သီးလေးကို အထင်သေးခဲ့မိလေခြင်းဟု အကြီးအကျယ် နောင်တရနေတော့သည်။

"ဒါပေမဲ့ နေဦး။ နောက်တစ်နည်းတော့ ရှိရဦးမယ်။ ဒီခန္ဓာကိုယ်သန်မာလေလေ အဲ့ဒီသစ်သီးက ငါ့ကို အကူအညီဖြစ်လေလေဆိုတော့ မထူးတော့ဘူး" လောဘသည် အံတင်းတင်းကြိတ်ရင်း ဝါးတားတားမီးခိုးရောင်အတန်းအသွင်ဖြင့် လေကို ခွင်းသွားနေ၏။ သူသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားနေပြီး မိုးကြိုးများက သူ့ခေါင်းတစ်ဝိုက်တွင် ကခုန်ရင်း သူ့လမ်းတွင် ပိတ်နေသည့် မည်သည့်နံရံကိုမဆို ဖျက်ဆီးပေးနေသည်။

မျက်စိတစ်မှိတ်အတွင်း သူသည် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူနှစ်ယောက် သတိကြီးကြီး ပျံသန်းနေသော စင်္ကြံနောက်တစ်ခုတွင် ပေါ်လာ၏။ သူတို့ မတုံ့ပြန်နိုင်ခင် လောဘက သူတို့ထဲမှ တစ်ယောက်အပေါ် လှစ်ခနဲ ခုန်အုပ်လိုက်သည်။

ထိုကျင့်ကြံသူမှာ တစ်ကိုယ်လုံး ခြောက်ကပ်လာသဖြင့် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ဖုန်ဘ၀သို့ ရောက်ရှိသွားခဲ့ပြီး အဖြူရောင်အငွေ့များက မန်ဟို့ခန္ဓာကိုယ်ထဲ ၀င်ရောက်၍ စတုတ္ထနိဗ္ဗာန်သစ်သီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ကျန်ခဲ့သည့်ကျင့်ကြံသူမှာ တုန်လှုပ်ချောက်ချားသွားပြီး တစ်ချိုးတည်း ထွက်ပြေးလေသည်။ သူက မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း နတ်ဘုရားစွမ်းရည်များနှင့် မှော်ပစ္စည်းများကို ထုတ်လွှတ်လိုက်သည်။ သို့ထိတိုင် ၎င်းတို့က လောဘဖြစ်သော မီးခိုးရောင်အတန်းအား ဘာဆိုဘာမှမလုပ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း လောဘက ၎င်းတို့ကိုဖြတ်လာကာ ကျင့်ကြံသူ၏လည်မျိုကို ဆုပ်ကိုင်‌လိုက်သည်။

မချိတင်ကဲအော်သံကြီး ပဲ့တင်ထပ်နေစဉ် ကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြာကျသွား၏။ အဖြူရောင်အငွေ့များက မန်ဟို့ကိုယ်ထဲ စီး၀င်လာပြီးနောက် မန်ဟိုက ရိပ်ခနဲ ပျောက်သွားပြန်သည်။ သူ ပြန်ပေါ်လာသောအခါ စင်္ကြံနောက်တစ်ခု၊ ခပ်မြန်မြန်သွားနေသော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူ နောက်တစ်ယောက်၏ဘေးတွင် ဖြစ်သည်။ တခဏကြာသော် မီးခိုးရောင်အတန်းတစ်တန်းက ထိုကျင့်ကြံသူကို လွှမ်းခြုံသွား၏။

ဤသို့ဖြင့် လောဘသည် ရက်ရက်စက်စက် ဆက်လက်သတ်ဖြတ်နေသည်။ သူသည် မီးခိုးရောင်အတန်းအသွင်‌ဖြင့် သင်္ချိုင်းထဲရှိလူများကို ဝါးမြိုသတ်ဖြတ်ရင်း တရိပ်ရိပ် သွားနေ၏။ သူ့နှင့်ပက်ပင်းတိုးသည့် မည်သူမှ မလွတ်မြောက်ပေ။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်.... ဆယ်ယောက်၊ ဆယ့်ငါးယောက် .... အယောက်နှစ်ဆယ်...

အချိန်တိုလေးအတွင်း လောဘပူးကပ်ထားသော မန်ဟိုက စတုတ္ထနိဗ္ဗာနသစ်သီးကို အပြည့်အ၀ စုပ်ယူဖို့အတွက် ကျင့်ကြံသူအမြောက်အများ သတ်ခဲ့ပြီးလေပြီ။ သို့ထိတိုင် ၎င်းသည် သူ၏အသက်စွမ်းအားအနှစ်သာရ စုပ်ယူခံနေရသောနှုန်းကိုသာ နှေးသွားစေခဲ့၏။

"ငါ အသက်စွမ်းအားတွေ ထပ်လိုတယ်" လောဘက ဆင်ခြင်နိုင်စွမ်း မရှိတော့သည့်အလား အော်ဟစ်လိုက်သည်။ သူသည် မြန်သထက်မြန်မြန် ရွေ့လျားရင်း၊ သတ်ဖြတ်နေရင်း နောက်ဆုံး သူ၏နတ်ဘုရားအာရုံက သင်္ချိုင်းထဲသို့ ဆွဲခေါ်ခံခဲ့ရသော တာအိုနယ်ပယ်ပညာရှင်နောက်တစ်ယောက်ကို တွေ့ရှိသွား၏။

"သားကောင်တွေ့ပြီ" လောဘ၏မျက်လုံးများက နီရဲတွတ်နေလေသည်။ သူသည် တာအိုနယ်ပယ်ပညာရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်၍ ဤလူက ဒုတိယမြောက်ဖြစ်လာလိမ့်မည်။ သူက အနားရှိ နံရံတစ်ခုကို ဖောက်ထွက်၍ စင်္ကြံတစ်ခုအထဲတွင် သွားနေသော လူရိပ်အနောက်တွင် ပေါ်လာသည်။

လောဘ ဘွားခနဲ ပေါ်လာခြင်းက ထိုလူ့အား သတိရှိရှိ လှည့်ကြည့်လိုက်မိစေသည်။ ထိုလူသည် သင်္ချိုင်းဂူ၏အပြင်မှာတုန်းက မန်ဟို့ကို တားဖို့ကြိုးစားခဲ့သော အနှစ်သာရ ၂ ခု တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်အနက်မှ အဘိုးအိုဖြစ်၏။

"မန်ဟို" သူက ပြောသည်။ သို့သော် တစ်ခုခု မူမမှန်ကြောင်း ချက်ချင်းဆိုသလို သူ သဘောပေါက်လိုက်၏။ မန်ဟိုသည် ယခင်က အစွမ်းထက်ခဲ့သော်လည်း ခွန်အားကြီးမားရုံထက် မပိုခဲ့ပေ။ ယခုတွင် သူကား တစ်နည်းနည်းဖြင့် ကြောက်စရာကောင်းနေရာ အဘိုးအို၏နှလုံးသားမှာ ကြောက်စိတ်တို့ဖြင့် တုန်ရီလာတော့သည်။

အဘိုးအိုသည် ‌တွန့်ဆုတ်မ‌နေဘဲ ထွက်ပြေးလိုက်၏။ တစ်ချိန်တည်းမှာပင် လောဘ၏ပူးကပ်ထားသော မန်ဟို၏ခန္ဓာကိုယ်က ရိပ်ခနဲ ရွေ့လျားလာသည်။

“ရာရာစစ ပြေးရဲတယ်လား” ရူးသွပ်နေသော လောဘ၏စကားက အတော်လေးကြမ်းတမ်းနေသော်လည်း စိတ်ထဲတွင်တော့ သူ့မှာ စိတ်လည်းတို၊ ကြောက်လည်း ကြောက်နေသည် .... အသက်စွမ်းအားတစ်စက်မကျန် စုပ်ယူခံရတော့မှာစိုးနေသဖြင့် ဤတာအိုနယ်ပယ်ကျင့်ကြံသူသည် သူ့အစား အသေခံပေးရမည့်လူ ဖြစ်လာ၏။

ထိုအသေခံရမည့်လူ ထွက်ပြေးသွားသည်ကို မြင်ရခြင်းက လောဘကို ဒေါသူပုန်ထသွားစေသည်။ သူသည် တာအိုနယ်ပယ်ကျင့်ကြံသူ ထွက်မပြေးနိုင်အောင် အရှိန်တင်လိုက်၏။ ယင်းကို မြင်သော် ကျင့်ကြံသူက အလျှော့မပေးလိုသော မျက်ဝန်းများဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း ချာခနဲ လှည့်လာသည်။

“မိုးကြိုး” သူက ဟိန်းဟောက်ရင်း အနီရောင်မိုးကြိုးတန်းများအား သူ့အရေပြားထဲမှ ရုတ်တရက် ထိုးထွက်သွားစေသည်။ ၎င်းတို့သည် ဧရာမမိုးကြိုးတန်းကြီးတစ်တန်းအဖြစ် ပေါင်းစည်းပြီးနောက် ဖောင်းခနဲ ပေါက်ကွဲကာ လျင်မြန်စွာ ကျယ်ပြန့်လာသော မိုးကြိုးစက်လုံးကြီးတစ်လုံး ဖြစ်လာ၏။ ဤအဘိုးအိုသည် ပြတ်သားသောလူတစ်ယောက်ဖြစ်၍ ချက်ချင်းပင် လျှာကို ကိုက်ပြီး သွေးတချို့ ထွေးထုတ်လိုက်သည်။

“ရေ” သူက ဟိန်းဟောက်သည်။ သွေးနှင့်ရေမှာ သီးခြားစီခွဲခံနေရသည့်အလား သွေးထံမှ အနီရောင်မြူများ ထွက်လာသည်။ ကျန်ခဲ့သည့်အရာမှာတော့ အဘိုးအို၏အသက်စွမ်းအားမှ ဖြစ်ပေါ်လာသော အနှစ်သာရဖြစ်သည့် ရေစက်တစ်စက်ပင်။

ထိုရေစက်တစ်စက်သည် ကမ္ဘာများကို သယ်ဆောင်နိုင်ပြီး မိုးကြိုးရောင်စဉ် ၎င်းအပေါ် ဖြာကျလာသည့်အခါ အတွင်းထဲ၌ မြေထုများစွာကို မြင်ရနိုင်သော ခုနစ်ရောင်ခြယ်ရောင်စဉ်ကို ထုတ်လွှတ်လိုက်၏။ ချက်ချင်းပင် ရောင်စဉ်က လောဘဆီ ပြေးဝင်သွားသည်။

တဖျပ်ဖျပ်လက်နေသော မိုးကြိုးသည်လည်း ရေစက်ကို ရစ်သိုင်းပြီးနောက် လောဘထံ ပြေးဝင်လာသည်။

မန်ဟိုသာ ဤအဘိုးအို၏ မိုးကြိုးနှင့်ရေအနှစ်သာရများကို ရင်ဆိုင်ခဲ့ရလျှင် သေချာပေါက် ပါရာဂွန်တံတားကို ထုတ်ဖော်ခဲ့ရလိမ့်မည်။ သို့သော် လောဘပူးကပ်ထားသော မန်ဟိုကမူ ပြုံးရုံသာ ပြုံးလိုက်၏။

ထို့နောက် .... သူက ပါးစပ်ဟ၍ ရေစက်ကို မြိုချလိုက်လေသည်။

သူ မြိုချလိုက်သည့်အခါ မန်ဟို့ကိုယ်ထဲတွင် အုန်းခနဲမြည်သံကြီး ဆူညံသွားသည်။ အဆုံးမဲ့မိုးကြိုးကိုလည်း သူ မြိုချလိုက်သည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် ၎င်းက သူ့ကို နည်းနည်းလေးမှ မထိခိုက်စေခဲ့သဖြင့် အဘိုးအို၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူ့မှာ အလန့်တကြား ထွက်ပြေးရန် ပြင်လိုက်စဉ် လောဘပူးကပ်ထားသော မန်ဟိုက သည်းထိတ်ရင်ဖိုဖွယ်ကောင်းစွာ ရယ်လိုက်သည်။

“ကဲ အခု ... ငါ့ အလှည့်ပေါ့.... ဝံပုလွေကြီးစိုးခြယ်လှယ်ခြင်းအစွမ်း” လောဘက ထူးဆန်းသောအသံတစ်သံဖြင့် ပြောသည်။ သူသည် ပါးစပ်ကြီးဖြဲလျက် အဘိုးအိုရှိရာသို့ ခုန်လာ၏။

သူ ရှူသွင်းလိုက်စဉ် မည်သည့်ဆွဲအားမှ ဖြစ်ပေါ်မလာသည့်တိုင် အဘိုးအိုမှာ သွေးပျက်စွာ အော်လိုက်ရသည်။ သူ့ကိုယ်ထဲမှ အဖြူရောင်မြူငွေ့များ စီးမျောထွက်လာပြီး လောဘ၏ လျင်မြန်စွာ စုပ်ယူခြင်းကို ခံနေရ၏။

၎င်းက ကျောချမ်းဖွယ် မြင်ကွင်းတစ်ခုပင်။ အဘိုးအိုမှာ တစ်ကိုယ်လုံးခြောက်ကပ်လာသည့်တိုင်အောင် စူးစူးဝါးဝါး အော်နေရပြီး မျက်စိတစ်မှိတ်အတွင်း ပြာကျသွားသော အရိုးပေါ်အရေတင်အလောင်းဘဝ ရောက်သွားတော့သည်။

သူ၏အသက်စွမ်းအားအားလုံး လောဘ၏စားသုံးခြင်းခံလိုက်ရလေပြီ။

(လောဘ ဆိုတဲ့ စာလုံးမှာ ဝံပုလွေလို့ အဓိပ္ပာယ်ရတဲ့စာလုံးတစ်လုံး ပါပါတယ်)

All Chapters