← Chapters

အခန်း (၂၀၁-၂၀၄)

Vol. 21 Ch. 201-204

အခန်း (၂၀၁-၂၀၄)

Vol. 21 Ch. 201-204

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၀၁ + ၂၀၂ + ၂၀၃ + ၂၀၄)

မိုးစက်များသည် ချီကလန်၏ရင်ပြင်ပေါ်ရှိ သွေးစီးချောင်းများကို ဆေးကြောနေသော်လည်း သေခြင်းတရား၏ အနံ့အသက်နှင့် နာကျင်စွာအော်ဟစ်ခဲ့သော ဝိညာဉ်တို့၏ ပဲ့တင်သံများကိုတော့ ဖယ်ရှားနိုင်ခြင်းမရှိပေ။

ထျန်ရှင်းလုသည် မိုးရေထဲတွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေ၏။ သူ၏အနက်ရောင်ဝတ်ရုံသည် မိုးရေများဖြင့် စိုရွှဲနေသော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အေးစက်သည့်အရှိန်အဝါက မိုးစက်များကိုပင် အေးခဲသွားစေနိုင်သည်။

သူ၏အနောက်တွင် လီနာနှင့်အဖွဲ့သားများသည် အရိုအသေပေးကာ ငြိမ်သက်စွာရပ်နေကြသည်။ သူတို့၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် လေးစားမှုတို့ ရောယှက်နေသည်။

သူတို့၏သခင်သည် ကတိတည်၏။ သို့သော် သူ၏ကတိတည်ခြင်းသည် ကမ္ဘာလောကအတွက်တော့ ကပ်ဆိုးတစ်ခုပင်။

ချီဘိုးဘေးနှင့် ချီသခင်ကြီးတို့မှာတော့ ရင်ပြင်အလယ်ရှိ ကျောက်တိုင်များတွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်။

သူတို့ မသေသေးပေ။ သို့သော် သူတို့၏မျက်လုံးများက အသက်မဲ့နေပြီဖြစ်သည်။ သူတို့၏မျိုးနွယ်တစ်ခုလုံး၊ သူတို့၏အိမ်တော်၊ သူတို့၏ဂုဏ်သိက္ခာ၊ အရာအားလုံးသည် သူတို့မျက်စိရှေ့တွင်ပင် မီးလောင်ပြာကျသွားခဲ့ပြီ။

မိုးရေနှင့်အတူ သူတို့၏မျက်လုံးများမှ မျက်ရည်များ စီးကျနေသော်လည်း ထိုမျက်ရည်များတွင် နောင်တ သို့မဟုတ် ဝမ်းနည်းမှုတို့ မရှိချေ။

လုံးဝဗလာနတ္ထိဖြစ်နေသော ဟာလာဟင်းလင်းဖြစ်ခြင်းသာလျှင် ရှိတော့သည်။

“သခင်” လီနာက ရှေ့သို့တစ်လှမ်းတိုးလာပြီး လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။ “အစီအစဉ်အတွက် အားလုံးအသင့်ဖြစ်ပါပြီ။”

ထျန်ရှင်းလုက ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ချီသခင်ကြီး နှင့် ချီဘိုးဘေးတို့ ၂ ယောက်အား အဆုံးသတ်ပြီးနောက်တွင် သူသည် ချီကလန်၏ မီးလောင်ပြင်ကြီးကို လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားသည်။

သူ၏နောက်မှ အဖွဲ့သားများအားလုံးသည်လည်း တိတ်တဆိတ် လိုက်ပါသွားကြသည်။

သူတို့၏ဦးတည်ရာသည် ချီကလန်ပိုင်နက်၏ အရှေ့ဘက်၊ မိုင်ငါးဆယ်ခန့်အကွာတွင်ရှိသော ယွမ်လော့မြို့ ဖြစ်သည်။

ယွမ်လော့မြို့သည် ကြီးမားလှသော ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သည်။ ထိုမြို့သည် ချီကလန်၏ အကာအကွယ်အောက်တွင် နှစ်ပေါင်းရာချီ၍ ရှင်သန်ကြီးထွားလာခဲ့သော သေမျိုးမြို့တစ်မြို့ဖြစ်၏။

မြို့သူမြို့သားများသည် ကျင့်ကြံသူလောက၏ ကြမ်းတမ်းမှုများကို မသိရှိကြ။ သူတို့၏ဘဝသည် ရိုးရှင်းပြီး ငြိမ်းချမ်းသည်။

နေရောင်ခြည်သည် မြို့၏ကျောက်သားလမ်းများပေါ်သို့ နွေးထွေးစွာ ကျရောက်နေသည်။ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများ၊ ကလေးငယ်များ၏ ရယ်မောပြေးလွှားနေသံများ၊ လက်ဖက်ရည်ဆိုင်များမှ ပျံ့လွင့်လာသော တေးဂီတသံများဖြင့် မြို့သည် အသက်ဝင်လှုပ်ရှားနေသည်။

လမ်းဘေးတွင် ပန်းထိုးရောင်းသော မိန်းမပျိုလေး၏ မျက်နှာတွင် အပြုံးတစ်ခုရှိနေသည်။ ပန်းပဲဖိုထဲမှ ပန်းပဲဆရာကြီး၏ တူထုသံသည် စည်းချက်ကျနေသည်။

မြို့၏အကောင်းဆုံး စားသောက်ဆိုင်ဖြစ်သည့် ‘လမင်းသစ် စားဖွယ်စုံ’ ၏ ဒုတိယထပ်တွင်တော့ လူတစ်စု ထိုင်နေကြသည်။

သူတို့သည် သာမန်သေမျိုးများနှင့်မတူဘဲ တစ်ကိုယ်လုံးတွင် ထူးခြားသော စွမ်းအင်များ ဖုန်းလွှမ်းနေသည်။

အဖွဲ့၏ခေါင်းဆောင်မှာ အသက်လေးဆယ်အရွယ်၊ ဓားသခင်ဝမ်ဟုခေါ်သော လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

သူ၏ကျောတွင် သံဓားကြီးတစ်ချောင်းကို လွယ်ထားပြီး သူ၏မျက်လုံးများသည် လင်းယုန်တစ်ကောင်ကဲ့သို့ ထက်မြက်သည်။

သူသည် ကျင့်ကြံခြင်းလောကမှ အနားယူကာ သာမန်ဘဝဖြင့် အေးချမ်းစွာနေထိုင်ရန် ဤမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

သူနှင့်အတူ သူ၏မိတ်ဆွေနှစ်ဦးဖြစ်သည့် ပုဆိန်သမားလီမင်နှင့် လျင်မြန်သောခြေလှမ်းရှင် ကျန်းဖေးတို့လည်းရှိနေသည်။

သူတို့သည် လောကဓံကို အတူတူရင်ဆိုင်ခဲ့ကြသော သွေးသောက်ညီအစ်ကိုများဖြစ်ကြသည်။

“အစ်ကိုကြီးဝမ်၊ ဒီမြို့လေးက တကယ်ကို အေးချမ်းတာပဲ။ ကျင့်ကြံသူလောကရဲ့ သတ်ဖြတ်မှုတွေနဲ့ အလှမ်းဝေးတယ်” လီမင်က သေရည်တစ်ခွက်ကို မော့သောက်ရင်း ပြောလိုက်သည်။

သခင်ကြီးဝမ်က ပြတင်းပေါက်မှ အပြင်ဘက်ရှိ ငြိမ်းချမ်းသော မြင်ကွင်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ဒီလိုအေးချမ်းမှုက မတည်မြဲဘူး လီမင်။ ချီကလန်လို ကြီးမားတဲ့အင်အားစုရဲ့ အကာအကွယ်ရှိနေလို့သာ ဒီမြို့က အခုလိုတည်ငြိမ်နေတာ။ ချီကလန်သာ တစ်ခုခုဖြစ်သွားရင်...”

သူ၏စကားမဆုံးခင်မှာပင် အပြင်ဘက်မှ ရုတ်တရက် အုတ်အော်သောင်းတင်းဖြစ်သွားသော အသံများကို ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မြို့၏အခြားတစ်ဖက်ရှိ တည်းခိုခန်းတစ်ခုတွင် ရေခဲနန်းတော်မှ တပည့်မလေးဦးသည် သူမတို့၏အခန်းထဲတွင် တရားထိုင်နေကြသည်။

သူမတို့ကို လောကအတွေ့အကြုံရယူရန် ဆရာဖြစ်သူက စေလွှတ်လိုက်ခြင်းဖြစ်သည်။

အကြီးဆုံးတပည့်ဖြစ်သူ ရွှယ်ချင်းအာသည် ရေကဲ့သို့ကြည်လင်ပြီး ရေခဲကဲ့သို့ အေးစက်သော အလှတရားရှိသည်။

သူမသည် သူမ၏ ညီမငယ်သုံးဦးကို စောင့်ရှောက်ရန် တာဝန်ရှိသည်။

“အစ်မကြီး၊ အပြင်မှာ ဘာတွေဖြစ်နေတာလဲ” ညီမငယ်တစ်ဦးက အနည်းငယ်ကြောက်လန့်ဟန်ဖြင့် မေးလိုက်သည်။

ရွှယ်ချင်းအာသည် မျက်လုံးဖွင့်လိုက်ပြီး သူမ၏အာရုံကို အပြင်ဘက်သို့ လွှတ်လိုက်သည်။ သူမ၏လှပသောမျက်ခုံးများ တွန့်ချိုးသွားသည်။ “တစ်ခုခုတော့ ထူးဆန်းနေတယ်။ မြို့ရဲ့စွမ်းအင်စီးဆင်းမှုက ပုံမှန်မဟုတ်တော့ဘူး။”

သူတို့အားလုံး ပြတင်းပေါက်ဆီသို့ ပြေးသွားကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ယွမ်လော့မြို့၏ ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွားသည်။ နေသည် ပျောက်ကွယ်သွားပြီး ကောင်းကင်တစ်ခုလုံးကို သွေးကဲ့သို့ နီရဲသော အလင်းတန်းများက ဖုံးလွှမ်းသွားသည်။

မြို့၏ပတ်ပတ်လည်တွင် မျက်စိဖြင့်မမြင်နိုင်သော အကာအရံတစ်ခုက ဖြည်းညင်းစွာ ပေါ်ပေါက်လာပြီး မြို့တစ်ခုလုံးကို အလုံပိတ်လိုက်သည်။

“ဒါ... ဒါက ဝင်္ကပါတံတိုင်းကြီးပဲ” သခင်ဝမ်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

မြို့သူမြို့သားများအားလုံး ကောင်းကင်ကို ကြောက်လန့်တကြား မော့ကြည့်နေကြသည်။ သူတို့၏ရယ်သံများနေရာတွင် ရှုပ်ထွေးခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က အစားထိုးဝင်ရောက်လာသည်။

ထျန်ရှင်းလုသည် သူ၏အဖွဲ့သားများနှင့်အတူ မြို့၏အလယ်ဗဟိုရှိ ခေါင်မိုးတစ်နေရာပေါ်သို့ ဆင်းသက်လိုက်သည်။

သူသည် သူ၏လက်ထဲမှ သွေးသောက်သူဆေဘာကို မြို့၏အလယ်တည့်တည့်ရှိ ရင်ပြင်ကျယ်ထဲသို့ ပစ်ချလိုက်သည်။

“ဝုန်း”

ဆေဘာသည် မြေကြီးထဲသို့ တစ်ဝက်ခန့် စိုက်ဝင်သွားပြီး အနက်ရောင်အလင်းတန်းများက ဆေဘာထံမှ ထွက်ပေါ်လာကာ မြို့ကိုဖုံးလွှမ်းထားသော ဝင်္ကပါတံတိုင်းကြီးနှင့် ချိတ်ဆက်သွားသည်။

ထိုအခါ ဝင်္ကပါတံတိုင်းကြီးသည် ပိုမိုခိုင်မာလာပြီး အတွင်းမှ အနက်ရောင်မြူခိုးများ စတင်ထွက်ပေါ်လာသည်။

“အဆုံးမဲ့ဝိညာဉ်တစ္ဆေဝင်္ကပါကို စတင်လိုက်ပြီ” ထျန်ရှင်းလုက အေးစက်စွာ ပြောလိုက်သည်။ “လီနာ၊ အစီအစဉ်အတိုင်းလုပ်။”

လီနာက ဦးညွှတ်လိုက်ပြီး သူ၏လူများကို အချက်ပြလိုက်သည်။ အရိပ်လုပ်ကြံသူ ၂ ယောက်သည် တစ္ဆေများကဲ့သို့ ပျောက်ကွယ်သွားကြသည်။ သူမတို့၏တာဝန်မှာ ဝင်္ကပါထဲမှ သက်ရှိမှန်သမျှကို သတ်ဖြတ်ရန်ဖြစ်သည်။

ထိုအချိန်တွင် မြေကြီးထဲမှ အနက်ရောင်အရိပ်များ ထွက်ပေါ်လာသည်။ ထိုအရိပ်များသည် တဖြည်းဖြည်း လူသားပုံသဏ္ဍာန်ဖြစ်လာပြီး မျက်လုံးနီများနှင့် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေများအဖြစ် ပြောင်းလဲသွားကြသည်။

ထိုအရိပ်တို့သည် နှစ်ပေါင်းများစွာ ဤမြေအောက်တွင် အောင်းနေခဲ့သော မကောင်းဆိုးဝါးဝိညာဉ်များဖြစ်ပြီး ယခုအခါ ဝင်္ကပါ၏စွမ်းအင်ကြောင့် နိုးထလာကြခြင်းဖြစ်သည်။

“အားးး”

ပထမဆုံးအော်သံသည် ဈေးထဲမှ ထွက်ပေါ်လာသည်။ တစ္ဆေတစ်ကောင်သည် ပန်းရောင်းသောမိန်းကလေး၏ လည်ပင်းကို ကိုက်ဖြတ်လိုက်သည်။

လတ်ဆတ်သောသွေးများ မြေပြင်ပေါ်သို့ ပျံ့ကျသွားပြီး မိန်းကလေး၏ အသက်မဲ့ခန္ဓာကိုယ်သည် သူမ၏ပန်းများပေါ်သို့ လဲကျသွားသည်။

ထိုမြင်ကွင်းသည် ငရဲတံခါးပွင့်သွားခြင်း၏အစပင်ဖြစ်သည်။

တစ္ဆေများသည် မြို့သူမြို့သားများထံသို့ ဆာလောင်သောကျားများကဲ့သို့ ခုန်အုပ်လိုက်ကြသည်။ အော်ဟစ်သံများ၊ ငိုယိုသံများ၊ အကူအညီတောင်းသံများက မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ငြိမ်းချမ်းခဲ့သော ယွမ်လော့မြို့သည် တစ်မိနစ်အတွင်း သွေးချောင်းစီးသော သတ်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“တိရစ္ဆာန်တွေ

သခင်ဝမ်သည် ဒေါသတကြီးအော်ဟစ်ပြီး စားသောက်ဆိုင်ပြတင်းပေါက်မှ ခုန်ချလိုက်သည်။

သူ၏သံဓားကြီးသည် ဓားအိမ်ထဲမှ ထွက်လာပြီး အနီးဆုံးရှိ တစ္ဆေနှစ်ကောင်ကို တစ်ချက်တည်း ခုတ်သတ်လိုက်သည်။

လီမင်နှင့် ကျန်းဖေးတို့လည်း သူ၏နောက်မှလိုက်လာပြီး တစ္ဆေများကို သတ်ဖြတ်ကြသည်။

သို့သော် တစ္ဆေအရေအတွက်မှာ အလွန်များပြားလှသည်။ သူတို့သုံးယောက်သတ်လိုက်သည့်အရေအတွက်ထက် အသစ်ထွက်ပေါ်လာသည့်အရေအတွက်က ပိုများနေသည်။

“အစ်မကြီး၊ ငါတို့ ဘာလုပ်ကြမလဲ” ရေခဲနန်းတော်မှ ညီမငယ်တစ်ဦးက ကြောက်လန့်တကြားမေးသည်။

ရွှယ်ချင်းအာ၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း သူမ၏မျက်လုံးများကတော့ ခိုင်မာနေသည်။

“ငါတို့က ရေခဲနန်းတော်က တပည့်တွေ။ အပြစ်မဲ့တဲ့သေမျိုးတွေကို ငါတို့မျက်စိရှေ့မှာ အသတ်ခံနေတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး။ သွားမယ်။”

သူမမတို့လေးယောက်သည် တည်းခိုခန်းထဲမှ ထွက်လာပြီး သူမတို့၏ဓားများကိုယ်စီဖြင့် တစ္ဆေများကို တိုက်ခိုက်ကြသည်။

သူမတို့၏ ရေခဲစွမ်းအင်များသည် အလွန်စွမ်းထက်ပြီး သူတို့၏ဓားချက်များဖြတ်သန်းသွားတိုင်း တစ္ဆေများသည် ရေခဲတုံးများအဖြစ် ပြောင်းလဲသွားကြသည်။

သူတို့သည် အနီးအနားရှိ သေမျိုးများကို စုစည်းကာ အကာအကွယ်ပေးထားသည်။

တစ်ချိန်တည်းတွင် သေမျိုးစစ်သည်များသည်လည်း ဓားလှံလေးမြှား စသည်တို့ကို ကိုင်ဆွဲကာ ပြန်လည်တိုက်ခိုက်နေကြသည်။

ထျန်ရှင်းလုသည် ခေါင်မိုးပေါ်မှ ထိုမြင်ကွင်းကို ခံစားချက်မဲ့စွာ ကြည့်နေသည်။ သူ၏မျက်လုံးများထဲတွင် ထိုကျင့်ကြံသူများသည် သေခါနီး ပုရွက်ဆိတ်များ၏ နောက်ဆုံးရုန်းကန်မှုအဖြစ်သာ မြင်သည်။

“သူတို့လေးတွေ နည်းနည်းတော့ သန်မာကြသားပဲ” သူက ရေရွတ်လိုက်သည်။ “ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်ဘူး။”

သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ မြို့လယ်ရှိ သွေးသောက်သူဆေဘာသည် အနီရောင်အလင်းတန်းများ ပိုမိုထုတ်လွှတ်လာသည်။

ထိုအချိန်တွင် ဆေဘာ၏ကိုယ်ထည်ထဲမှ ပိုမိုကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများနှင့်အတူ အငြိုးကြီးတစ္ဆေများ ထွက်ပေါ်လာကြသည်။

ထိုသူတို့သည် ချီကလန်၏လူများပင်ဖြစ်သည်။ သူတို့၏ဝိညာဉ်များကို သွေးသောက်သူဆေဘာက စုပ်ယူခဲ့ပြီး ယခုအခါတွင်တော့ အသိဉာဏ်မဲ့သော သတ်ဖြတ်ရေးစက်ရုပ်များ၊ အငြိုးကြီးတစ္ဆေများအဖြစ် ပြန်လည်မွေးဖွားလာကြခြင်းဖြစ်သည်။

သူတို့သည် သာမန်တစ္ဆေများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပြီး သူတို့၏တစ်ကိုယ်လုံးမှ နက်ရှိုင်းသော အမုန်းတရားများ ထုတ်လွှတ်နေသည်။

“ဒါ... ဒါတွေက ဘာတွေလဲ” လီမင်သည် သူ၏ပုဆိန်ဖြင့် အငြိုးကြီးတစ္ဆေတစ်ကောင်ကို ခုတ်လိုက်သော်လည်း ပုဆိန်သည် ထိုတစ္ဆေ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး ဘာမှမဖြစ်သလိုပင်။

ထိုတစ္ဆေက သူ၏လက်မောင်းကို လက်သည်းရှည်များဖြင့် ကုတ်ခြစ်လိုက်ရာ သွေးများ ပန်းထွက်သွားသည်။

“သတိထား၊ သူတို့က ရုပ်ခန္ဓာမရှိသလောက်ပဲ။ ဝိညာဉ်စွမ်းအင်နဲ့ပဲ တိုက်ခိုက်လို့ရမယ်” သခင်ဝမ်က အော်ပြောလိုက်ပြီး သူ၏ဓားပေါ်သို့ ဝိညာဉ်စွမ်းအင်များ စုစည်းကာ အငြိုးကြီးတစ္ဆေတစ်ကောင်ကို ခုတ်ချလိုက်သည်။

ထိုအခါမှ တစ္ဆေသည် စူးစူးရဲရဲ အော်ဟစ်ကာ ပျောက်ကွယ်သွားကြသည်။

သို့သော် သူတို့၏ပတ်ပတ်လည်တွင် အငြိုးကြီးတစ္ဆေ ဒါဇင်ပေါင်းများစွာ ဝိုင်းရံလာကြသည်။ သူတို့သုံးယောက်သည် အသက်လုကာ တိုက်ခိုက်နေရသည်။

ရေခဲနန်းတော်မှ တပည့်လေးဦးလည်း အခက်အခဲတွေ့နေကြသည်။ သူတို့၏ ရေခဲစွမ်းအင်များသည် အငြိုးကြီးတစ္ဆေများကို ထိခိုက်စေနိုင်သော်လည်း အရေအတွက်မှာ အလွန်များပြားလှသည်။

သူတို့ကာကွယ်ထားသော သေမျိုးများသည် တစ်ယောက်ပြီးတစ်ယောက် တစ္ဆေများ၏လက်ချက်ဖြင့် သေဆုံးနေကြသည်။

အချိန်သည် တဖြည်းဖြည်းကုန်လွန်လာပြီး နေဝင်သွားသည်။ ကောင်းကင်မှ အနီရောင်အလင်းသည် ပိုမိုတောက်ပလာပြီး မြို့တစ်ခုလုံးကို သွေးစွန်းသော အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသည်။

သေဆုံးသူအရေအတွက်သည် ထောင်သောင်းချီလာပြီဖြစ်သည်။

“ကျန်းဖေး” သခင်ဝမ်က သူ၏ညီအစ်ကို၏ ရင်ဘတ်ကို အငြိုးကြီးတစ္ဆေတစ်ကောင်က လက်ဖြင့်ထိုးဖောက်လိုက်သည်ကို မြင်လိုက်ရသည်။

ကျန်းဖေး၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။

“အစ်ကိုကြီး... ပြေး... ပြေးပါ”

ထိုသည် သူ၏နောက်ဆုံးစကားပင်ဖြစ်သည်။

သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြိုကျသွားပြီး သူ၏ဝိညာဉ်ကို အခြားတစ္ဆေများက ဆွဲဖြဲစားသောက်လိုက်ကြသည်။

“အားးးး” သခင်ဝမ်သည် ရူးမတတ်အော်ဟစ်လိုက်ပြီး သူ၏စွမ်းအင်အားလုံးကို ဓားထဲသို့ ထည့်ကာ သူ၏အနီးရှိ တစ္ဆေများကို အစွမ်းကုန်သတ်ဖြတ်တော့သည်။

သို့သော် သူ၏လုပ်ရပ်သည် ပင်လယ်ထဲသို့ ဆားတစ်ပွင့် ပစ်ချလိုက်သကဲ့သို့သာ။

နောက်ဆုံးတွင် သူနှင့် လီမင်တို့သည်လည်း ဒဏ်ရာများစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူတို့၏မျက်လုံးများက ကောင်းကင်ကို ကြည့်ရင်း အသက်မဲ့သွားကြသည်။

သူတို့သည် သူရဲကောင်းများမဟုတ်ကြသော်လည်း အပြစ်မဲ့သူများကို ကာကွယ်ရင်း သေဆုံးသွားခဲ့ကြသည်။

ယခုအခါတွင် မြို့ထဲ၌ တိုက်ခိုက်နိုင်စွမ်းရှိသူများမှာ ရေခဲနန်းတော်မှ တပည့်လေးဦးသာ ကျန်တော့သည်။ သေမျိုးစစ်သည်များသည်လည်း ဆက်လက်ပြီးမတိုက်ခိုက်နိုင်ကြတော့ချေ။

သူမတို့သည် အချင်းချင်းကျောပေးကာ ဓားများကိုင်စွဲရင်း မောဟိုက်စွာ အသက်ရှူနေကြသည်။

သူမတို့၏လှပသော အဖြူရောင်ဝတ်စုံများမှာ သွေးများ၊ ဖုန်များဖြင့် ညစ်ပတ်နေပြီဖြစ်သည်။

ထိုအချိန်တွင် သူတို့ရှေ့ရှိ တစ္ဆေများအားလုံး ရုတ်တရက် နောက်သို့ဆုတ်သွားပြီး လမ်းတစ်ခုကို ဖွင့်ပေးလိုက်သည်။ ထျန်ရှင်းလုသည် ထိုလမ်းအတိုင်း ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။

သူ၏ခြေလှမ်းတိုင်းသည် တည်ငြိမ်နေသည်။

သူ၏အနက်ရောင်ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူ၏မျက်လုံးများသည်တော့ နက်ရှိုင်းသောတွင်းနက်ကြီးနှစ်ခုကဲ့သို့ပင်။

“မင်း... မင်းဘယ်သူလဲ” ရွှယ်ချင်းအာက ဓားကို တင်းတင်းဆုပ်ကိုင်ရင်း မေးလိုက်သည်။

ထျန်ရှင်းလုသည် သူတို့၏ရှေ့တွင် ရပ်လိုက်သည်။ “ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့အားလုံး ဒီည ဒီမှာ သေရမယ်ဆိုတာပဲ။”

“မင်းရူးနေလား။ ငါတို့က ရေခဲနန်းတော်က တပည့်တွေ။ ငါတို့ကို သတ်လိုက်ရင် ရေခဲနန်းတော်က ရှင့်ကို ကမ္ဘာအဆုံးထိ လိုက်သတ်လိမ့်မယ်။” ညီမငယ်တစ်ဦးက အသည်းအသန် ခြိမ်းခြောက်လိုက်သည်။

ထျန်ရှင်းလု၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ “ရေခဲနန်းတော်။ ကောင်းတယ်။ သူတို့လာရင် သူတို့ကိုပါ ငါသတ်ပြစ်မယ်။”

ရွှယ်ချင်းအာသည် သူမ၏ရှေ့မှ လူသည် အကျိုးအကြောင်းပြော၍ရမည့်သူမဟုတ်ကြောင်း ချက်ချင်းသိလိုက်သည်။

သူမသည် သူမ၏လေသံကို ပြောင်းလိုက်သည်။ “စီနီယာ ဘာလိုချင်လို့လဲ။ ကျောက်သလင်းတွေလား။ အရင်းအမြစ်တွေလား။ ကျွန်မတို့မှာရှိတာအကုန်ပေးမယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို သွားခွင့်ပေးပါ။”

ချက်ချင်းပဲ အခြားသော ညီမ ၃ ယောက်က သေမျိုးများကိုစွန့်ပြစ်လိုက်သည့် စီနီယာအမကြီးအားကြည့်ကာ အံဩသွားကြသည်။

သူမတို့က လက်မခံလိုဟန်ဖြင့် တစ်ခုခုပြောလိုသော်လည်း သူမ၏မီးတောက်နေသော အကြည့်ဖြင့်ရင်ဆိုင်လိုက်ရသောအခါ ပါးစပ်ပိတ်သွားကြ၏။

ထျန်ရှင်းလုကတော့ ခေါင်းခါလိုက်သည်။ “ငါလိုချင်တာက မင်းတို့ရဲ့ပစ္စည်းတွေမဟုတ်ဘူး။ မင်းတို့ရဲ့အသက်။ တိတိကျကျပြောရရင် ဒီမြို့က လူတစ်သိန်းရဲ့အသက်ပဲ။”

သူသည် သူ၏လက်ကို ဆန့်တန်းလိုက်ပြီး သွေးသောက်သူဆေဘာသည် မြေကြီးထဲမှ ထွက်လာကာ သူ၏လက်ထဲသို့ ပျံသန်းဝင်ရောက်လာသည်။

ဆေဘာသည် သွေးများနှင့် ဝိညာဉ်များကို စုပ်ယူထားသောကြောင့် တုန်ခါနေပြီး ကျယ်လောင်စွာ မြည်ဟည်းနေသည်။

“ဒီဆေဘာကို အဆင့်မြှင့်တင်ဖို့အတွက် ယဇ်ပူဇော်မှုတစ်ခုလိုတယ်။ မင်းတို့အားလုံးက ငါ့ရဲ့ယဇ်ကောင်တွေပဲ။”

ရွှယ်ချင်းအာ၏ မျက်နှာသည် မျှော်လင့်ချက်ကင်းမဲ့စွာ ဖြူဖျော့သွားသည်။ သူမ၏ညီမငယ်များလည်း တုန်ရီနေကြသည်။

“တောင်းပန်ပါတယ်... ငါတို့ကိုလွှတ်ပေးပါ။ ငါတို့ဘာမဆိုလုပ်ပါ့မယ်။” အငယ်ဆုံးညီမလေးက ငိုယိုရင်း တောင်းပန်သည်။

ဤရေခဲနန်းတော်မှ တပည့်မ ၄ ယောက်လုံးသည် အလွန်ချောမောလှပကြပြီး သေမျိုးများအတွက်တော့ သူမတို့သည် နတ်ဘုရားမလေးများကဲ့သို့ လှပကြသည်။

သို့သော် ထျန်ရှင်းလု၏မျက်လုံးထဲတွင်တော့ သာမာန်ထက်နည်းနည်းပိုချောမောသောအဆင့်သာဖြစ်သည်။

သူ၏ပုံမှန်စိတ်အခြေအနေတွင် သူမတို့အားလက်ခံမည်ဖြစ်သော်လည်း ယခုအချိန်တွင် သူ၏စိတ်အခြေအနေမကောင်းချေ။

ချီဒေါင်ရင်းကြောင့် သူအလွန်အမင်းစိတ်တိုနေဆဲဖြစ်သည်။

ထျန်ရှင်းလု၏ မျက်လုံးများက အေးစက်သွားသည်။ ယ သူသည် ဖြတ်ကနဲ လှုပ်ရှားလိုက်ပြီး ထိုညီမငယ်၏ရှေ့သို့ ရောက်သွားသည်။

“ဝှစ်”

သွေးသောက်သူဆေဘာသည် လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားပြီး ညီမငယ်၏ ဦးခေါင်းသည် ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသည်။

“အားးးး” ကျန်ညီမ ၂ ယောက်ထံမှ ကြေကွဲဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“မင်း” ရွှယ်ချင်းအာသည် ဒေါသဖြင့် ထျန်ရှင်းလုကို တိုက်ခိုက်သော်လည်း သူတို့၏စွမ်းအင်ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

သူမသည် အဆင့် ၂ ဝိညာဉ်သခင်တစ်ပါးသာဖြစ်သည်။

ထျန်ရှင်းလုသည် သူမ၏တိုက်ကွက်ကို အလွယ်တကူရှောင်တိမ်းလိုက်ပြီး သူမ၏ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ရွှယ်ချင်းအာသည် သွေးများအန်ထုတ်ရင်း နောက်သို့ လွင့်ထွက်သွားသည်။

ထျန်ရှင်းလုသည် ကျန်နှစ်ယောက်ကိုလည်း မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်လိုက်သည်။ နောက်ဆုံးတွင် ရွှယ်ချင်းအာတစ်ယောက်သာ ဒဏ်ရာများဖြင့် ကျန်ရစ်တော့သည်။

သူမသည် မြေပြင်ပေါ်တွင် လဲကျနေရင်း ထျန်ရှင်းလုကို မုန်းတီးစွာ စိုက်ကြည့်နေသည်။ “မင်း... မင်း နောင်တရစေရမယ်။”

ထျန်ရှင်းလုက သူမ၏အနားသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး သူမ၏မေးစေ့ကို ဆွဲမော့လိုက်သည်။ “ငါ့ဘဝမှာ နောင်တဆိုတာမရှိဘူး။”

သူသည် သွေးသောက်သူဆေဘာကို မြှောက်လိုက်ပြီး ရွှယ်ချင်းအာ၏ နှလုံးသားထဲသို့ ထိုးစိုက်ချလိုက်သည်။

ရေခဲနန်းတော်၏ အလားအလာအရှိဆုံး တပည့်တစ်ဦးဖြစ်သော ရွှယ်ချင်းအာသည် ယွမ်လော့မြို့၏ သွေးစွန်းသောမြေပြင်ပေါ်တွင် အသက်ပျောက်သွားခဲ့သည်။

ထျန်ရှင်းလုသည် လီနာဘက်သို့ လှည့်ကြည့်လိုက်သည်။

“လူဘယ်လောက်ရှိပြီလဲ။”

လီနာက လေးစားစွာပြန်ဖြေသည်။ “သခင်၊ တစ်သိန်းတိတိ ပြည့်ပါပြီ။”

ထျန်ရှင်းလုက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ သတ်ဖြတ်တာကို ရပ်လိုက်။ ကျန်တဲ့ယောက်ျားတွေကို ကျွန်အဖြစ်ဖမ်းဆီးပြီး မိန်းမတွေကို စုစည်းထားလိုက်။ ငါပြောထားတဲ့အတိုင်းလုပ်ရမယ်။”

သူ၏အမိန့်အဆုံးတွင် ဝင်္ကပါထဲရှိ တစ္ဆေများအားလုံး မြေကြီးထဲသို့ ပြန်လည်ပျောက်ကွယ်သွားကြသည်။ ဝင်္ကပါတံတိုင်းကြီးလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

မြို့ထဲတွင်တော့ အလောင်းတစ်သိန်းနှင့်အတူ အသက်ရှင်ကျန်ရစ်သူ ငါးသောင်းခန့်သည် ထိတ်လန့်တုန်လှုပ်စွာ ကျန်ရစ်ခဲ့သည်။ သူတို့၏ဘဝသည် ယနေ့မှစ၍ ငရဲသို့ကျရောက်သွားပြီဖြစ်သည်။

ထျန်ရှင်းလုသည် သူ၏သွေးသောက်သူဆေဘာကို ကြည့်လိုက်သည်။ ဆေဘာသည် ယခုအခါတွင် တုန်ခါနေခြင်းမရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

သို့သော် သူ၏ကိုယ်ထည်ပေါ်တွင် ရှုပ်ထွေးလှသော အနီရောင်အက္ခရာများ ထွက်ပေါ်လာပြီး သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။

သူသည် ဤလောကကြီးအား သူ၏ပန်းတိုင်အတွက် ပေးဆပ်ရမည့်အရာတစ်ခုအဖြစ်သာ သတ်မှတ်ထားသည်။

သူ၏လမ်းတွင် ပိတ်ပင်တားဆီးသူမှန်သမျှသည် သူ၏ဆေဘာအောက်တွင် လဲကျရမည်သာဖြစ်သည်။

ယွမ်လော့မြို့၏ သွေးစွန်းသောညသည် သူ၏အထွတ်အထိပ်သို့သွားရာလမ်းမှ ခြေတစ်လှမ်းမျှသာဖြစ်ကြောင်း ထျန်ရှင်းလု ကောင်းစွာသိရှိနေသည်။

နောက်ထပ်မြို့ပေါင်းများစွာ၊ ကလန်ပေါင်းများစွာ၊ အသက်ပေါင်းများစွာကို သူ၏ပန်းတိုင်အတွက် စတေးရန် သူဝန်လေးနေမည်မဟုတ်ပေ။

သူသည် စည်းမရှိ၊ မျဉ်းမရှိသော ထျန်ရှင်းလုဖြစ်သည်။

တစ်ချိန်တည်းတွင် မြို့နှင့်တစ်မိုင်အကွာတွင် လူတစ်ယောက်သည် ယွမ်လော့မြို့ထဲသို့အသည်းအသန်ဖြင့်ပြေးလာနေသည်။

သူသည် အရပ် ၅ ပေ ၇၊ ၈ လောက်ရှိမည့်ပုံရပြီး အနက်ရောင်အဝတ်အစားများကိုဝတ်ဆင်ထားသည်။ ရုပ်ရည်မှာ သာမန်ထက်ချောမောပြီး လက်ထဲတွင် မြေကမ္ဘာအဆင့်နိမ့်ဓားတစ်ချောင်းအား ကိုင်ဆွဲထား၏။

သူ၏အလျင်နှုန်းသည် အလွန်မြန်ဆန်လေပြီး စက္ကန့်ပိုင်းအတွင်း တစ်မိုင်ကျော်ကိုဖြတ်သန်းလာသည်။ ထျန်ရှင်းလုက သူ့အားအာရုံခံမိသောအခါ လှည့်ကြည့်လိုက်၏။

“ထျန်ရှင်းလု!!!!! မအေလိုး။ ခွေးမသားးးးး” လင်းရှောင်က နီရဲနေသောမျက်လုံးတို့ဖြင့် ကျိန်ဆဲလိုက်ပြီး ထျန်ရှင်းလုအား ဓားဖြင့်ခုတ်ချလိုက်သည်။

အရောင်အဆင်းစုံလင်သော လောကကြီးတစ်ခုလုံးသည် အလုံးစုံအနီရောင်အဖြစ်သို့ မျက်တောင်တစ်ခတ်စာအချိန်လောက် ပြောင်းလဲသွားလေ၏။

“ဂျိန်းးးး”

ထျန်ရှင်းလုသည်လည်း သွေးသောက်သူဆေဘာကြီးကို လက် ၂ ဖက်ဖြင့်မယူ၍ လင်းရှောင်၏ဓားအားရိုက်ချပြစ်လိုက်သည်။

ဓားနှင့်ဆေဘာတို့ ထိခတ်မိသည့်အခါ။

“ထန်းးးး”

နားကွဲမတတ် ကျယ်လောင်သော သတ္တုချင်းထိခတ်သည့်အသံကြီးသည် ယွမ်လော့မြို့တစ်ခုလုံးကို ကြားရသည်အထိမြည်ဟန်းလာသည်။

ထိုအသံသည် သာမန်လက်နက်ချင်းထိခတ်သည့်အသံမဟုတ်ဘဲ၊ အင်အားကြီးမားလှသော စွမ်းအင်နှစ်ခုတို့၏ ပေါက်ကွဲသံပင်ဖြစ်သည်။

လင်းရှောင်၏ဓားချက်မှ ထွက်ပေါ်လာသော အနက်ရောင်အလင်းတန်းနှင့် ထျန်ရှင်းလု၏ သွေးသောက်သူဆေဘာမှ ထွက်ပေါ်လာသော အနီရောင်စွမ်းအင်တို့သည် ဗဟိုတွင်တွေ့ဆုံပေါက်ကွဲကာ အားပြင်းလှသော လှိုင်းလုံးကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။

ထိုလှိုင်းလုံးသည် သူတို့နှစ်ဦး၏ ခြေထောက်အောက်ရှိ ကျောက်သားရင်ပြင်ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေပြီး အနီးအနားရှိ အဆောက်အအုံများ၏ နံရံများတွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်လာစေသည်။

လီနာနှင့် သူမ၏လူများ၊ အသက်ရှင်ကျန်ရစ်သော မြို့သူမြို့သားများသည် ထိုဖိအားကြောင့် အသက်ရှူရပ်မတတ်ဖြစ်သွားကြရပြီး မြေပြင်ပေါ်သို့ ဝပ်တွားသွားကြရသည်။

ထျန်ရှင်းလုသည် နေရာတွင်ပင် တည်ငြိမ်စွာရပ်နေနိုင်သော်လည်း သူ၏ခြေထောက်အောက်မှ မြေကြီးသည် လက်မအနည်းငယ်ခန့် နိမ့်ဝင်သွားသည်။

သူ၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွား၏။ သူသည် လင်းရှောင်၏ဓားချက်ကို လက်တစ်ဖက်တည်းဖြင့် ပေါ့ပေါ့တန်တန်တားဆီးရန် ရည်ရွယ်ခဲ့သော်လည်း၊ ဓားချက်ထဲတွင်ပါဝင်သော သတ်ဖြတ်လိုစိတ်၊ အဆုံးမဲ့အမုန်းတရားနှင့် ဖျက်ဆီးလိုစိတ်တို့၏ စွမ်းအားကြောင့် အလိုအလျောက်ပင် လက်နှစ်ဖက်ဖြင့် ဆေဘာကို မြဲမြံစွာကိုင်လိုက်မိသည်။

တစ်ဖက်တွင်တော့ လင်းရှောင်သည် နောက်သို့ ခြေလှမ်းဆယ်လှမ်းခန့် ဆုတ်သွားပြီးမှ သူ၏ကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်တော့သည်။

သူ၏လက်ကောက်ဝတ်များ နာကျင်ကိုက်ခဲသွားသည်ကို ခံစားလိုက်ရပြီး သူ၏ပါးစပ်ထောင့်မှ သွေးတစ်စက် စီးကျလာသည်။

သူ၏ မြေကမ္ဘာအဆင့်နိမ့်ဓားပေါ်တွင် သေးငယ်သော အက်ရာလေးတစ်ခု ပေါ်ပေါက်လာသည်။

သူတို့နှစ်ဦး၏ ပထမဆုံးသော ထိတွေ့မှုတွင်ပင် ခွန်အားကွာဟချက်မှာ ရှင်းလင်းစွာမြင်သာနေသည်။

လင်းရှောင်၏အပြင်ပန်းခန္ဓာကိုယ်သည် အကောင်းတိုင်းဖြစ်သော်လည်း ဒေသခံအာဏာရှင်စစ်တပ်နှင့်တိုက်ခိုက်ခဲ့စဥ်က ကုသရန်မလွ​ယ်ကူသော အတွင်းဒါဏ်ရာများစွာကိုရရှိခဲ့သည်။

ထို့အတွက်ကြောင့် သူ၏ယခုတိုက်ခိုက်နိုင်စွမ်းသည် အဆင့် ၂ အထွတ်အထိပ်သေမျိုးတန်ခိုးရှင်တစ်ပါး နှင့် ညီမျှသည်။

အခြားတစ်ဖက်မှ ထျန်ရှင်းလု၏ တိုက်ခိုက်နိုင်စွမ်းအားသည် အဆင့် ၃ အစောပိုင်းသေမျိုးတန်ခိုးရှင်တစ်ပါးနှင့်သွားရောက်ညီမျှနေ၏။

လက်ရှိအချိန်တွင်တော့ လင်းရှောင်၏မျက်နှာသည် အလွန်အမင်းအံဩနေလေပြီး ထျန်ရှင်းလုအား မယုံကြည်နိုင်သောမျက်လုံးတို့ဖြင့်ကြည့်နေလေ၏။

အရင်ဘဝများတွင် ထျန်ရှင်းလု၏ခွန်အားသည် သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်ကို အသက်သွင်းလျှင်တောင်မှ အများဆုံး အဆင့် ၁ အထွတ်အထိပ်သေမျိုးတန်ခိုးရှင်လောက်သာ ရှိသည်။

သို့သော် ယခုအခါတွင်တော့ အဆင့်ကြီး ၂ ဆင့်လောက်ခုန်တတ်နေသည်။ အချိန်စီးကြောင်းပြောင်းလဲမှုကြောင့် ထျန်ရှင်းလု၏ခွန်အားသည် အဆင့် ၂ သေမျိုးတန်ခိုးရှင်အဆင့်သို့ရောက်နေလျှင်ပင် သူသိပ်ပြီးအံဩမည်မဟုတ်ချေ။

သူ၏နဂိုရည်ရွယ်ချက်မှာ ထျန်ရှင်းလု၏ တစ်ကိုယ်လုံးရှိ အရိုးများအားရိုက်ချိုးရန်ဖြစ်သည်။

ယခုအခါတွင် သူအနည်းငယ်အံဩသွားသည်ဆိုသော်ငြား သူ၏ရည်ရွယ်ချက်ကပြောင်းလဲသွားမည်မဟုတ်ချေ။ ယနေ့တွင် ထျန်ရှင်းလု၏တစ်ကိုယ်ရှိအရိုးများအားရိုက်ချိုးနိုင်မှသာ သူ၏ဒေါသတို့ပြေလိမ့်မည်ဖြစ်သည်။

လင်းရှောင်က အတွေးများနေစဥ် ထျန်ရှင်းလုက စကားစလိုက်သည်။

“မင်းကဘယ်သူလဲ”

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၀၁ + ၂၀၂ + ၂၀၃ + ၂၀၄) ပြီး

All Chapters