← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 21 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 21 Ch. 208-210

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၀၈ + ၂၀၉ + ၂၁၀)

“ဝုန်းးး”

ထျန်ရှင်းလုက ရှေးဟောင်း ၃ ထပ်အဆောက်အဦးကြီးထဲသို့ လွှင့်ထွက်သွားသည်။ အချိန်သည်တော့ ည ၇ နာရီလောက်ရှိနေပြီဖြစ်ကာ ထျန်ရှင်းလု နှင့် လင်းရှောင်တို့၏ တိုက်ပွဲသည် အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်သည်။

လင်းရှောင်သည်တော့ တစ်ချိန်လုံး ခံစစ်အဖြစ်သာ တိုက်ခိုက်နေသည်။

“ဒါနဲ့ဆိုရင် အရိုး ၆ ချောင်းကိုချိုးပြီးပြီ၊ နောက်ထပ် အချောင်း ၂၀၀ ကျန်သေးတယ်။” လင်းရှောင်​က ရှေးဟောင်း ၃ ထပ်အဆောက်အဦးကြီး၏အတွင်းထဲသို့ ဝင်ရောက်လာပြီး လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။

ကြမ်းပြင်ပေါ်တွင်လှဲကျနေသည့် ထျန်ရှင်းလုကလည်း မျက်နှာသေကြီးဖြင့်ထလာကာ သွေးတစ်ငုံအား ထွေးထုတ်လိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ကျိုးသွားသော ညာလက်ဖျံရိုးသည်လည်း ဖြေးညှင်းစွာပြန်ကောင်းလာလေသည်။

“ဒါက ပျင်းစရာကောင်းလာပြီ။” ထျန်ရှင်းလုက လင်းရှောင် နှင့် အတော်တန်ကြာအောင် တိုက်ခိုက်ပြီးနောက်တွင် တစ်စုံတစ်ခုအား အတည်ပြုလိုက်နိုင်သည်။

ထိုသည်မှာတော့ လင်းရှောင်တွင် အနာဂါတ်အားကြိုမြင်နိုင်သည့် စွမ်းရည်တစ်ခုခုရှိသည်ဟူ၍ပင်ဖြစ်သည်။ သို့မဟုတ်ပါက တစ်ဖက်သူသည် သူ၏တိုက်ကွက်တိုင်းအား ကြိုမြင်နိုင်မည် မဟုတ်ချေ။

“ဒါကိုရော မင်းကြိုမြင်နိုင်မလား ကြည့်ရအောင်” ထျန်ရှင်းလုက ပြောလိုက်ပြီးနောက်တွင် မြန်နှုန်းမြင့်အရှိန်ဖြင့် လှုပ်ရှားလိုက်ကာ လင်းရှောင်၏အရှေ့တွင်ပြန်ပေါ်လာသည်။

တစ်ချိန်တည်းတွင် လင်းရှောင်က ထျန်ရှင်းလု မလှုပ်ရှားခင်ကတည်းက ကြိုတင်၍လှုပ်ရှားကာ အနောက်သို့ဆုတ်ခွာရန်ကြိုးစားလိုက်လေ၏။

သို့သော် ရုတ်တရက် သူ၏ခန္ဓာကိုယ်အား ထူးဆန်းသည့် နိယာမစွမ်းအင်များက လွှမ်းမိုးလာလေပြီး သူ၏ခန္ဓာကိုယ်အား ယာယီအကြောသေသွားအောင်ပြုလုပ်လိုက်သည်။

“ဟမ်....” လင်းရှောင်သည် အံဩမှုကြောင့် မျက်လုံးတွေပင်ပြူးကုန်မိသည်။ ဤကဲ့သို့အားနည်းသည့် နိယာမ​စွမ်းအင်သည် သူအထွတ်အထိပ်တွင်ရှိနေပါက သူ့အပေါ်သို့သက်ရောက်မှုရှိမည် မဟုတ်ချေ။

သို့သော် လက်ရှိအချိန်တွင် သူအလွန်အားနည်းနေ၏။ ထပ်ပေါင်း အချက်အနေဖြင့် သူအသင့်မပြင်ထားမိချေ။ သူအငိုက်မိသွား၏။ ထို့အတွက်ကြောင့် ဤနိယာမစွမ်းအင်များသည် သူ့အားကောင်းကောင်းကြီးလွှမ်းမိုးထားနိုင်သည်။

လင်းရှောင်ဖြစ်ပျက်သွားသည်များကို နားမလည်နိုင်သေးခင်မှာပင် ထျန်ရှင်းလုက အားရပါးရပြုံးလိုက်လေပြီး ညာလက်ဝါးကိုဖြန့်၍ လင်းရှောင်ကို အားရပါးရ ပါးရိုက်ချလိုက်သည်။

“ဖြန်းးးး”

ပါရိုက်ချက်တွင် ပါသည့်ခွန်အားမှာ သိပ်မများသော်လည်း ထျန်ရှင်းလု၏နဂိုခွန်အားသည် အားကောင်းသောကြောင့် လင်းရှောင်ပြစ်လဲခါနီးဖြစ်သွား၏။

ပြစ်လဲခါနီးသာဖြစ်သွားပြီး ပြစ်မလဲသွားရသည့် အကြောင်းအရင်းမှာ ထျန်ရှင်းလုက ဘယ်လက်သီးဖြင့် လင်းရှောင်လဲကျနေသည့်ဘက်မှ အပေါ်သို့ပင့်ထိုးလိုက်သည်။

“ဖောင်းးး”

လက်သီးအားမှာ ပြင်းထန်လွန်းသောကြောင့် လေအမြောက်ပြစ်လိုက်သလို အသံကျယ်ကြီးထွက်ပေါ်လာကာ လေအဟုန်များကြောင့် ကျောက်ခဲစများပင် လွှင့်ထွက်သွားကြသည်။

ထျန်ရှင်းလု၏ခြေထောက်အောက်တွင်လည်း ၂ လက်မလော​က်နက်ကာ ၂ ပေလောက်ကျယ်သော ​ချိုင့်ဝှမ်းကွက်ကြီးထွက်ပေါ်လာသည်။

လင်းရှောင်၏ပါးရိုးသည်တော့ အက်ကွဲသွားလေပြီး သွား ၄ ချောင်းလောက်ချွတ်ထွက်သွားကာ သွေးများအန်ထွက်လာ၏။

တစ်ပြိုင်နက်ထဲတွင် မီတာ ၃၀ လောက်လွှင့်ထွက်သွားပြီး ၁ ထပ်အိမ် နှင့် တိုက်မိသွားသည်။

“ဒုန်းးး” ချက်ချင်းပဲ လင်းရှောင်သည် ထိုတစ်ထပ်အိမ်၏ နံရံကိုဖော​​က်ဝင်သွားသည်။

သိပ်မကြာလိုက်ပင်။ အိမ်သည် လုံးဝပြိုကျသွားလေပြီး လင်းရှောင်အား အရှင်လက်လက် မြေမြုပ်လိုက်သကဲ့သို့ဖြစ်သွားသည်။

တိုက်ပွဲမြေပြင်သည် ခနတာ တိတ်ဆိတ်သွားလေသည်။

“အဟားဟားဟား” ရုတ်တရက် အုတ်ပုံကြီးကြားထဲမှ လင်းရှောင်ပြန်ထလာ၏။ သူသည် ဒေါသထွက်နေမည့်အစား အလွန်ပျော်ရွင်နေပုံကာ ပါးစပ်မှ သွေးတွေထွက်ကျနေရင်းမှာပင် အားရပါးရ ရယ်မောနေလေသည်။

“အဟားဟားဟား။ ကောင်းတယ်။ ကောင်းတယ်။”

“သောက်ရမ်းကောင်းတယ်။ အဲဒီစွမ်းရည်ကိုသာ မင်း ပိုပြီးအဆင့်မြင့်အောင် ကျင့်ကြံနိုင်ရင် ကျီရှင်းဧကရာဇ်တောင် မင်းပါးရိုက်တာကနေ လွတ်မာ မဟုတ်ဘူး။ ကောင်းတယ်။ ကောင်းတယ်။ အဟားဟားဟား။”

လင်းရှောင်၏ ပုံစံမှာ အလွန်ပျော်ရွင်နေသောကြောင့် ထျန်ရှင်းလုပင် ဇဝေဇဝါဖြစ်သွားရသည်။ ဤငနဲ ပါးအရိုက်ခံရပြီး ဦးနှောက်ချောင်သွားသည်လော။

“ထျန်ရှင်းလု။ မင်းမာ ဘာတွေရှိသေးလဲ ပြစမ်းပါဦးကွ။” လင်းရှောင်၏ ဒါဏ်ရာများက အလွန်လျင်မြန်စွာ ကုစားနေလေပြီး သူစကားပြောနေစဥ်မှာပင် သူ၏သွားများပြန်ပေါက်လာသည်။

ထိုအတွက် အကြောင်းအရင်းမှာတော့ ထျန်ရှင်းလုသည် သေမျိုး ၁ သိန်းကိုသတ်ဖြတ်ထားခြင်းကြောင့်ဖြစ်ကာ ဤနေရာတွင် သေဆုံးခြင်းစွမ်းအင်များ အလွန်ထူထပ်နေသည်။

ထို့အတွက်ကြောင့် ဤနေရာသည် လင်းရှောင်အတွက်နတ်ဘုံကဲ့သို့ဖြစ်နေကာ သူ၏ဒါဏ်ရာများအား လွန်မြန်စွာကုစားနိုင်လေသည်။

သူ၏အတွင်းဒါဏ်ရာများပင် ဖြေးညှင်းစွာပြန်ကောင်းလာလေပြီး သူအသုံးပြုနိုင်သော ခွန်အားကလည်း မြင့်တတ်လာသည်။

“မင်းကများ ရာရာစစ။” ထျန်ရှင်းလုက အံကြိတ်လိုက်ပြီး လက်သီးစုပ်လိုက်သည်။ ဤသကောင့်သားသည် စတွေ့ကတည်းက သူ့အားအထင်သေးသကဲ့သို့ ဆက်တိုက်ပြောဆိုနေခဲ့သည်။

ထျန်ရှင်းလုသည် သူ့ကိုယ်သူ မိုးပြာကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ အထက်တွင်ရှိနေသူဟူပြီး ခံယူထားသူဖြစ်သည်။

ထို့အပြင် သူ၏ထျန်ကလန်သည် မိုးပြာကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ထိပ်ဆုံးမှရပ်တည်နေသော နံပါတ် ၁ အင်အားစုဖြစ်သည်။

သူ၏ထျန်ကလန်မှ ကျပန်းအဓိကအစေခံတစ်ယောက်တည်းဖြင့်ပင် မိုးပြာကုန်းမြေတိုက်ကြီးတစ်ခုလုံးကို မုန်တိုင်းထန်သွားအောင် လုပ်ပြစ်နိုင်သည်။

သူသည် ထိုကဲ့သို့သော ကလန်၏ သခင်လေးတစ်ယောက်ဖြစ်သည်။ ထို့အပြင် သာမန်သခင်လေးတစ်ယောက်သာမဟုတ်ပဲ ကလန်၏အရိပ်နတ်ဆိုးဖြစ်သည်။

အရိပ်နတ်ဆိုးဆိုသည့် ရာထူးသည် ကလန်ခေါင်းဆောင်ဟူသော ရာထူးနှင့်တန်းတူညီမျှသည်။ သူသည် အလွန်အဆင့်အတန်းမြင့်မားသော သူဖြစ်ပြီး မည်သူကိုမဆို သူ့ထက်နိမ့်ကျသကဲ့သို့ဆက်ဆံသည်။

သူသည်အလွန်မာန​ကြီးသော သူတစ်ယောက်ဖြစ်သည်။

ထိုသည်ကို လင်းရှောင်သိ၏။ သူသိသောကြောင့်ပင် ထျန်ရှင်းလု၏ ဒေါသအားဆွနေကာ မည်သည့် အင်အားကိုမှ မထိန်ချန်ထားအောင် လုပ်နေခြင်းဖြစ်သည်။

“လာစမ်းပါ။ ကျွန်စုတ်” ထျန်ရှင်းလုက အရုပ်ဆိုးစွာအော်ဟစ်လိုက်ပြီး ဖြတ်ကတည်းလှုပ်ရှားကာ လင်းရှောင်အား ထိုးချလိုက်၏။

“သေစမ်းးး” ထျန်ရှင်းလုက သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ ခြေထောက်အောက်မှ ကျောက်သားမြေပြင်သည် သူ၏ခွန်အားဒဏ်ကြောင့် ကွဲအက်ထွက်သွားသည်။

“ဝုန်းးး”

လေခွင်းသံနှင့်အတူ ထျန်ရှင်းလု၏ ကိုယ်ခန္ဓာသည် လင်းရှောင်၏ ရှေ့မှောက်သို့ ချက်ချင်းရောက်ရှိလာသည်။

သူ၏ ညာလက်သီးသည် သံတူကြီးတစ်လုံးကဲ့သို့ လေထဲတွင် အရှိန်ဖြင့် ဝဲပျံလာပြီး လင်းရှောင်၏ မျက်နှာတည့်တည့်သို့ ဦးတည်လာသည်။

လက်သီးချက်၏ အရှိန်သည် အလွန်မြန်ဆန်သောကြောင့် လေထုထဲတွင် ပွတ်တိုက်မှုကြောင့် မီးများပင် ထတောက်နေသယောင် ထင်ရသည်။

သို့သော် နှစ်သောင်းချီသော တိုက်ပွဲအတွေ့အကြုံများ ပိုင်ဆိုင်ထားသည့် လင်းရှောင်၏ မျက်လုံးထဲတွင် ထိုလက်သီးချက်သည် မည်သည့်နည်းပရိယာသ်မှ မပါရှိပဲ ရိုးရှင်းလှသည်။

ထျန်ရှင်းလု လက်သီးမထုတ်မီ စက္ကန့်ပိုင်းအလိုကတည်းက သူ၏ ပုခုံးကြွက်သားများ တင်းမာသွားသည်ကို လင်းရှောင်မြင်လိုက်ပြီးဖြစ်သည်။

လင်းရှောင်က ခေါင်းကို အသာအယာလေးစောင်းပေးလိုက်ရုံဖြင့် ထိုကြောက်မက်ဖွယ် လက်သီးချက်သည် သူ၏ ပါးပြင်ကို လေတိုးရုံသာ တိုးသွားပြီး လွဲချော်သွားလေသည်။

ထျန်ရှင်းလုက အံကြိတ်လိုက်ပြီး လွဲချော်သွားသော ညာလက်သီးအား ရုတ်တရက်ရပ်တန့်ကာ ဘယ်ဘက်တံတောင်ဖြင့် လင်းရှောင်၏ မေးရိုးသို့ ဆောင့်တွတ်လိုက်သည်။

သူ၏ တိုက်ကွက်ပြောင်းလဲပုံမှာ ရေများစီးဆင်းနေသကဲ့သို့ ချောမွေ့လှသည်။

သို့သော် လင်းရှောင်က ထိုအရာကိုလည်း ကြိုတင်မြင်ပြီးသားဖြစ်သည်။ သူက ညာခြေကို အနောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ရှောင်တိမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်ဖဝါးက မြွေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်လာပြီး ထျန်ရှင်းလု၏ တံတောင်ဆစ်သို့ ပုတ်ထုတ်လိုက်သည်။

“ဖောက်”

အလွန်ကျယ်လောင်သော အသံမဟုတ်သော်လည်း ထျန်ရှင်းလု၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။ လင်းရှောင်၏ ရိုက်ချက်သည် သူ၏ အားအရှိန်ကို လမ်းလွဲသွားစေရုံသာမက သူ၏ တံတောင်ဆစ်ထဲသို့ ထုံကျင်သွားစေသော စွမ်းအင်တစ်မျိုးကို ထိုးသွင်းလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဒေါသထွက်နေသော ထျန်ရှင်းလုသည် ထိုနာကျင်မှုကို ဂရုမစိုက်နိုင်။ သူက ခြေထောက်ကို မြှောက်ကာ လင်းရှောင်၏ ပေါင်ခြံသို့ လျှပ်စီးလက်သလို အရှိန်ဖြင့် ကန်ကျောက်လိုက်သည်။

ဤကန်ချက်သည် အလွန်ယုတ်မာပြီး အငိုက်မိသွားပါက မည်သည့်ယောက်ျားမဆို မြေပြင်ပေါ် လူးလိမ့်သွားမည်မှာ သေချာသည်။

လင်းရှောင်က နှာခေါင်းတစ်ချက်မှုတ်လိုက်သည်။ သူက ဒူးကိုအသာကွေးလိုက်ပြီး ထျန်ရှင်းလု၏ ခြေကျင်းဝတ်အား သူ၏ ခြေဖဝါးဖြင့် တားဆီးလိုက်သည်။

“ဒုန်း”

ခြေထောက်ချင်းထိခတ်မှုကြောင့် သူတို့နှစ်ဦးလုံး အနောက်သို့ အနည်းငယ်ဆုတ်သွားကြသည်။ သို့သော် ထျန်ရှင်းလု၏ မျက်လုံးများက အရောင်တောက်လာသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ တိုက်ကွက်အားလုံးကို လင်းရှောင်က ကြိုသိနေသလို ရှောင်တိမ်းနေသော်လည်း ယခုတစ်ကြိမ်တွင်တော့ ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထိတွေ့ကာကွယ်လိုက်သောကြောင့် ဖြစ်သည်။

“သေစမ်း” ထျန်ရှင်းလုက အော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော နိယာမစွမ်းအင်များက လင်းရှောင်အား ရစ်ပတ်ရန် ကြိုးစားလိုက်သည်။

[ငါမင်းကိုပါးပိတ်ရိုက်ပြီ] ဟူသော ဂါချာကဒ်၏ အချိန်အကန့်အသတ်သည် ၁ မိနစ်သာရှိသည်။ ထို့အတွက်ကြောင့် ယခုအချိန်တွင် ပြန်အသုံးပြုလို့ရနေပြီဖြစ်သည်။

တစ်ဖက်မှ လင်းရှောင်ကတော့ ပြုံးလိုက်သည်။ သူသည် ပထမတစ်ခေါက်သာ အငိုက်မိမည်ဖြစ်သည်။ ဒုတိယတစ်ခေါက်တွင်တော့ ထိုကလေးကစားစရာကဲ့သို့သော တိုက်ကွက်က သူ့အပေါ်အသုံးဝင်တော့မည် မဟုတ်ချေ။

နိယာမစွမ်းအင်များ သူ့ထံသို့ မရောက်လာခင်မှာပင် လင်းရှောင်က သူ၏ ခြေထောက်ကို အားကုန်သုံး၍ မြေပြင်အား ကန်ထွက်လိုက်ပြီး အနောက်သို့ လေထဲတွင် ပျံသန်းကာ ခုန်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ သတ်ဖြတ်ခြင်းနိယာမစွမ်းအင်များက ပေါက်ကွဲထွက်လာပြီး ထျန်ရှင်းလု၏ နိယာမစွမ်းအင်များကို တိုက်စားဖျက်ဆီးလိုက်သည်။

ပထမတစ်ခေါက်တွင် လင်းရှောင်က အငိုက်မိသွားသည်က တစ်ကြောင်း ထိုနိယာမစွမ်းအင်အား မရင်းနှီးသည်က တစ်ကြောင်းဖြစ်သည်။

ယခုအခါတွင် လင်းရှောင်က ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူက ထိုအကြောသေစေပြီး ပါးရိုက်သည့် နိယာမစွမ်းအင်များအား ခွဲခြမ်းစိတ်ဖြာထားပြီး အားနည်းချက်များကိုရှာကာ သူ၏သတ်ဖြတ်ခြင်းနိယာမစွမ်းအင်၏ အကူအညီဖြင့် အလွယ်တကူပဲ ဖယ်ရှားလိုက်၏။

“ဘာ...” ထျန်ရှင်းလု အလွန်အမင်း တုန်လှုပ်သွားသည်။ သူ၏ ဂါချာကဒ်စွမ်းရည်သည် ဤမျှ လွယ်ကူစွာ ချေဖျက်ခံလိုက်ရသည်ကို သူ မယုံကြည်နိုင်ဖြစ်သွားရသည်။

ထိုတွေဝေသွားသည့် စက္ကန့်ပိုင်းလေးသည်ပင် လင်းရှောင်အတွက် လုံလောက်သော အခွင့်အရေးဖြစ်သည်။

“မင်းရဲ့အလှည့်ပြီးသွားရင် ငါ့အလှည့်ပဲပေါ့။” လင်းရှောင်၏ အေးစက်စက်အသံက ထျန်ရှင်းလု၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

စကားသံဆုံးသည်နှင့် လင်းရှောင်သည် မူလနေရာတွင် မရှိတော့ပေ။ သူသည် ထျန်ရှင်းလု၏ ဘေးဘက်သို့ တစ္ဆေတစ်ကောင်ကဲ့သို့ ရောက်ရှိနေပြီး သူ၏ လက်သီးဆုပ်က ထျန်ရှင်းလု၏ နံရိုးကြားသို့ ထိုးစိုက်ဝင်ရောက်လာသည်။

“ဖောင်း”

ထျန်ရှင်းလု၏ သံမဏိခန္ဓာကိုယ်ကြောင့် အရိုးမကျိုးသွားသော်လည်း သူ၏ ကိုယ်တွင်းအင်္ဂါများ ပြောင်းပြန်လန်သွားသကဲ့သို့ ပြင်းထန်စွာ ခံစားလိုက်ရသည်။

သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ကိုယ်ခန္ဓာက ဘေးဘက်သို့ ယိုင်နဲ့သွားသည်။

လင်းရှောင်၏ တိုက်ခိုက်မှုက ထိုမျှနှင့်မပြီးသေး။ သူ၏ ပထမလက်သီးချက် ထိမှန်သည်နှင့် ဒုတိယတိုက်ခိုက်မှုက ဆက်တိုက်လိုက်လာသည်။

သူ၏ ဒူးက အရှေ့သို့တိုးဝင်လာသည့် ထျန်ရှင်းလု၏ ဝမ်းဗိုက်ကို အရှိန်ပြင်းပြင်းဖြင့် ပစ်ဆောင့်လိုက်သည်။

“ဝုန်း”

ထျန်ရှင်းလု၏ ကြီးမားသော ကိုယ်ခန္ဓာသည် လေထဲသို့ ပေအနည်းငယ် မြောက်တက်သွားပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

လေများအားလုံး သူ၏ အဆုတ်ထဲမှ စုပ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး အသက်ရှူရပ်သွားမတတ် ဖြစ်သွားသည်။

လင်းရှောင်က အခွင့်အရေးကို လက်လွှတ်မခံ။ သူက မြေပြင်ပေါ်သို့ ပြန်ကျလာမည့် ထျန်ရှင်းလု၏ ရင်ဘတ်ကို ခြေဖဝါးဖြင့် အားကုန်ဆောင့်ကန်လိုက်သည်။

“ဒုန်းးးးးးး”

ဤတစ်ကြိမ်တွင်တော့ ထျန်ရှင်းလုသည် အမြောက်ဆန်တစ်ခုကဲ့သို့ အနောက်သို့ လွှင့်စင်သွားပြီး သူ လွှင့်ထွက်သွားသည့် ၃ ထပ်အဆောက်အဦး၏ နံရံများကို ဆက်တိုက် ထိုးဖောက်သွားကာ အဆောက်အဦး၏ အပြင်ဘက်သို့ပင် ရောက်ရှိသွားသည်။

အုတ်ကျိုးများ၊ ဖုန်မှုန့်များဖြင့် လောကကြီးတစ်ခုလုံး ဖုံးလွှမ်းသွားသည်။

တိုက်ပွဲကို အသက်ရှူမေ့ကာ ကြည့်ရှုနေကြသော လူများအားလုံး ဆွံ့အနေကြသည်။ အထူးသဖြင့် ချင်းလိန်ဟွာ နှင့် ရှောင်ဘိုးဘေးတို့ ဖြစ်သည်။

သူမတို့၏ မျက်လုံးထဲတွင် လင်းရှောင်သည် သိုင်းပညာ၏ အမြင့်ဆုံးအနုပညာကို ဖော်ကျူးနေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။

သူ၏ လှုပ်ရှားမှုတိုင်းသည် ရိုးရှင်းသော်လည်း အလွန်အမင်းထိရောက်သည်။ သူသည် အင်အားအများကြီးသုံးစရာမလိုဘဲ ထျန်ရှင်းလု၏ ကြီးမားသော ခွန်အားကို ထိန်းချုပ်ကစားနေသည်။

ထိုသည်မှာ ရေစီးကြောင်းကို လမ်းပြောင်းပေးသကဲ့သို့၊ လေပြင်းကို ရွက်ဖြင့် ထိန်းချုပ်သကဲ့သို့ပင်။

“ဟီးဟားဟားဟား။”

အုတ်ပုံများကြားထဲမှ ထျန်ရှင်းလုသည် အလွန်နှစ်ခြိုက်နေသာ အပြုံးမျက်နှာဖြင့် မတ်တပ်ထရပ်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး မူလအဆင့်သံမဏိခန္ဓာပင်ပေါက်ပြဲနေကာ သွေးမျစိမ့်ထွက်နေ၏။

သူ၏ကုစားခြင်းစွမ်းရည်များကလည်း အဆက်မပြတ်ကုစားနေကာ ၅ စက္ကန့် အတွင်း၊ အပေါ်ယံ ဒါဏ်ရာများသည် အရှင်းအလင်းပျောက်သွားသည်။

ကုသရန်ခက်ခဲသည့် အတွင်းဒါဏ်ရာအနည်းစုသာကျန်ရှိတော့မည်ဖြစ်သည်။ သို့သော် ထျန်ရှင်းလု၏ ကုစားသည့်အာနိသင်သည် များစွာထိုးကျသွားပြီး ယခင်ကလောက်မြန်ဆန်ခြင်းမရှိချေ။

သိသာစွာပင် ထျန်ရှင်းလုသည် အကန့်အသတ်မရှိ ပြန်လည်ကုစားနိုင်မည် မဟုတ်ချေ။

သူ၏သံမဏိခန္ဓာကိုယ်သည် အလွန်အားကောင်းသော ပြန်လည်ကုသခြင်းစွမ်းရည်ကိုပိုင်ဆိုင်ထားသည်။ သို့သော် ထိုသည်က သူသည် အကန့်အသတ်မရှိ ပြန်လည်ကုစားနိုင်မည်ဟု မဆိုလိုချေ။

ဒါဏ်ရာများအား ပြန်လည်ကုစားရန်အတွက် အားကောင်းသော အဆင့်မြင့်စွမ်းရည်အရင်းအမြစ်လိုအပ်လေပြီး သံမဏိခန္ဓာကိုယ်ကျင့်စဥ်အား ထျန်ရှင်းလု၏ သွေးမျိုးဆက်မှ စွမ်းအင်ထောက်ပံပေးထားခြင်းဖြစ်သည်။

ထျန်ရှင်းလု၏ သွေးမျိုးဆက်သည် ထူးဆန်းပြီးသန်မာသော်လည်းပဲ အကန့်အသတ်မရှိသည်တော့ မဟုတ်​။

သူသည် အနှေး နဲ့ အမြန် သူ၏ဒါဏ်ရာများအား ဆက်လက်ပြီး ကုစားနိုင်လိမ့်မည် မဟုတ်ချေ။ ဇော်ဂျီနတ်ဘုရား၏ပုတီးကုံးလည်ဆွဲ၏ ပြန်လည်ကုစားခြင်းစွမ်းရည်သည်လည်း အထောက်အပံသာဖြစ်ပြီး အများကြီးအသုံးမဝင်လေချေ။

လည်ဆွဲ၏အဓိကစွမ်းရည်မှာ တိုက်ခိုက်နိုင်စွမ်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ တစ်ဖက်သက်ရှုံးနိမ့်နေသည့် ထျန်ရှင်းလုက သွေးများကျစီးနေဆဲဖြစ်သည့် ပါးစပ်ကြီးဖြင့်ပဲ နတ်ဆိုးဆန်စွာဖြင့် ပက်ပက်စက်စက်ပြုံးထားကာ လင်းရှောင်အား သားကောင်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေ၏။

“ဟီးဟားဟားဟား။ ဟားဟား။ စောက်ရမ်းကောင်းတယ်ကွာ။ ငါကြိုက်တယ်။ ငါစောက်ရမ်းကြိုက်တယ်။” တစ်ချိန်တည်းတွင် ကျားဟော်မုန်းတွေစောင့်တတ်လာသည့် ထျန်ရှင်းလုက သူ၏လက်သန်းအား ၂ ပိုင်းချိုးလိုက်ရင်း ရူးသွားကဲ့သို့ ပက်ပက်စက်စက် ရယ်မောနေလေသည်။

ပုံမှန်ဆိုလျှင် ထျန်ရှင်းလု၏စရိုက်သည် အသန့်ကြိုက်သူဖြစ်ပြီး တိုက်ခိုက်ရသည်အား မနှစ်ခုံချေ။ သို့သော် ထိုအရာများသည် သွေးမိုးကြိုးဆေဘာခန္ဓာအား အသက်သွင်းလိုက်သည် နှင့် အရာအရာသည်ပြောင်းလဲသွားလေသည်။

ထိုခန္ဓာ အသက်ဝင်လာသည် နှင့် တစ်ပြိုင်နက် ထျန်ရှင်းလုသည် သွေး၏အနံအားနှစ်သက်လာပြီး တိုက်ခိုက်ရခြင်းအား ဆေးစွဲသကဲ့သို့ စွဲလန်းသွားသည်။

ထိုသည်မှာ လူပြောင်းသွားခြင်းမဟုတ်ပဲ စရိုက်ကသာ အနည်းငယ်ပြောင်းလဲသွားခြင်းဖြစ်သည်။ ထိုသို့ဖြစ်သွားသည်မှာလည်း အကြောင်းအရင်းရှိလေ၏။

အရာရာတိုင်းတွင် အကြောင်းအရင်းရှိသည်။

လင်းရှောင်၏ မျက်နှာသည်တော့ ထျန်ရှင်းလု၏ နတ်ဆိုးတစ်ကောင်လိုအခြေအနေကို စိုက်ကြည့်နေရင်း ပြုံးလိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

“အင်း..ဒီကောင်ရဲ့ကျားဟော်မုန်းတွေ ဆောင့်တတ်ပြန်လာပြီ။”

ယန်စွမ်းအင်အခြေပြု အထူးခန္ဓာကိုယ်များတွင် သိပ္ပံနာမည်တစ်ခုရှိသည်။ ထိုသည်မှာ ကျားဟော်မုန်းခန္ဓာ (Testosterone body) ဟူ၍ပင်ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် ယန်စွမ်းအင်ဟူ၍ ပြောကြပြီး သိပ္ပံပညာရှင်များသည်တော့ ကျားဟော်မုန်းဟူ၍ သမုတ်ကြပြန်သည်။

အတွင်းထဲကျကျခွဲခြမ်းစိတ်ဖြာလျှင် အလုံးစုံမတူညီသော်လည်း အပေါ်ယံအားဖြင့်တော့ တူညီသေးသည်။

ကျားဟော်မုန်းများလေလေ ထိုသူသည် ပိုမိုပြီးရဲရင့်ကာ အန္တာရာယ်များသည့်အရာများကို ပြုလုပ်လာမည်ဖြစ်သည်။

ဥပမာအားဖြင့် ကျားဟော်မုန်းများသောသူများသည် စွန့်စားရသည်ကို သဘောကျကြပြီး လောင်းကစားလုပ်ရသည်ကို နှစ်သက်ကြသည်။

ထို့အပြင် သူတို့သည် တိုက်ခိုက်ခြင်း၊ မော်တော်ယာဥ်များကိုအရှိန်ကုန်မောင်းနှင်ခြင်း၊ ပြိုင်ဆိုင်ရခြင်း၊ တိုက်ခိုက်ရခြင်း စသည့် အရာများကို ကျားဟော်မုန်း၏ကြိုးကိုင်မှုကြောင့် အလွန်နှစ်ခုံကြသည်။

ထိုသူများ၏ လိင်စိတ်ဆန္ဒသည်လည်း အားကောင်းကြသည်။ ဤနေရာတွင် လက်သမားများကိုမဆိုလိုချေ။

လူသားတွေသည် အသိစိတ်ရှိသော်လည်း မိမိတို့၏ ခန္ဓာကိုယ်ကိုတော့ အပြည့်အဝ မထိန်းချုပ်နိုင်ကြချေ။ အချစ်ဆိုသည်မှာ ဦးနှောက်မှ မိတ်လိုက်ရန်အတွက် ထုတ်ပေးသော ဟော်မုန်းတစ်မျိုးသာဖြစ်သည်။

ဆရာ့ဆရာကြီးများသည် ထိုဟော်မုန်းအား အောက်စီတိုစင် ဟုခေါ်ဆိုကြသည်။ သို့သော် ပညာတတ်သခင်ကြီးများသည်တော့ ချစ်ချင်းမေတ္တာဟူ၍ သမုတ်ကြ၏။

​အောက်စီတိုစင် (Oxytocin) သည် ချစ်ခင်တွယ်တာမှု၊ ယုံကြည်မှုနှင့် လူမှုရေးနှောင်ဖွဲ့မှုတို့နှင့် ဆက်စပ်နေသောကြောင့် “အချစ်ဟော်မုန်း” ဟု လူသိများသည်။

ဝမ်းနည်းမှု၊ ဒေါသ၊ မောဟ၊ တဏှာ၊ စသည်တို့သာမက မိမိ၏လုပ်ဆောင်မှုများသည် ဦးနှောက်၏ ထိန်းချုပ်မှုများသာဖြစ်သည်။

လူသားတို့သည် သူတို့ကိုယ်သူတို့ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု​ ထင်မှတ်ကြသည်။ သို့သော် လက်တွေ့တွင် ထိုကဲ့သို့သော် ထိန်းချုပ်မှုသည် သူတို့၏လက်ထဲတွင်ရှိမနေချေ။

စိတ်ကျေနပ်စေသည့် အရာတစ်ခုအား လုပ်လိုက်လျှင် ဒိုဖာမင်းဟူသည် ဟော်မုန်းများထွက်လာပြီး လူကိုပျော်ရွင်သွားစေသည်။

ဥပမာ ငရုတ်သီးထောင်းခြင်း၊ ဖုန်းပွတ်ခြင်း၊ အစားကောင်းစားခြင်း၊ အရက်သေစာ စသည်တို့ဖြစ်သည်။

ထိုအရာများအား ပြုလုပ်ပြီးလျှင် ဒိုဖာမင်းများထွက်ပေါ်လာပြီး ဦးနှောက်အားစိတ်ကျေနပ်သွားစေသည်။

ထိုအရာများအား မပြုလုပ်တော့ဘူး ဟူ၍ ဆုံးဖြတ်လိုက်လျှင်ပင် ထိုမျှ မလွယ်ကူချေ။ မိမိ၏စိတ်အခြေအနေအဆင်မပြေလျှင် ဦးနှော​က်သည် အလိုအလျောက် ဒိုဖာမင်းထုတ်ရန် အချက်ပြမည်ဖြစ်သည်။

ထိုအခါ မိန်းကလေးများသည် အစားအစာအလွန်ကြွံစားသုံးတတ်ကြသည်။ ယောက်ျားသားများသည်​တော့ ငရုတ်သီးထောင်းတတ်ကြ၏။

ငရုတ်သီးထောင်းပြီးသွားလျှင် ဒိုဖာမင်းလည်းထွက်ထုတ်ပြီးသွားလေပြီး ထိုအခါ ယောက်ျားသားများသည် အလွန်အမင်း နောင်တရလေ့ရှိကြသည်။

သူတို့တွေသည် နောက်ထပ်တစ်ကြိမ်ဘ​ယ်တော့မှ ထပ်မံ၍ ပြုလုပ်မည်မဟုတ်ဟူ၍ ကျိန်ဆိုတတ်ကြသည်။

သို့သော် နေ့သစ်ကူးပြောင်းကာ ဦးနှောက်မှ ဒိုဖာမင်းဟော်မုန်းများအား ပြန်လည်လိုအပ်သည့်အခါတွင် ဤငရုတ်သီး​ထောင်းသည့် ဘူတာသို့သာ ပြန်လည်စိုက်ရောက်ရ၏။

ထိုသည်မှာ အဆုံးမရှိသော သံသရာတစ်ခုသာဖြစ်သည်။ လူသားတို့သည် အသိစိတ်ရှိသော်ငြား မိမိ၏ကိုယ်ခန္ဓာအား အပြည့်အဝမထိန်းချုပ်နိုင်ကြချေ။

ယခုထျန်ရှင်းလုသည်လည်း ထိုအခြေအနေသို့ရောက်နေသည်။

သူသည် အလွန်အမင်းတတ်ကြွနေပြီး အသေအကြေတိုက်ခိုက်ရန်ဆန္ဒရှိသည်။ သူထိုးလိုက်သည့် လက်သီးတစ်ချက်တိုင်းတွင် ဦးနှောက်မှ များပြားလှသော ဒိုဖာမင်းများအားထုတ်လွင့်လိုက်ကာ သူ့အား အထွတ်အထိပ်သို့ ရော​က်သွားသလိုကို အလွန်အမင်းစိတ်ကျေနပ်သွားစေသည်။

သူဘက်မှ ထိုးလိုက်သည့်အခါတိုင်းတွင်သာမဟုတ်၊ သူအထိုးခံရတိုင်း၊ သူသွေးထွက်တိုင်း၊ သူနာကျင်သွားရတိုင်း၊ သူ၏အရိုးတွေကျိုးသွားတိုင်း သူအလွန်​ပျော်ရွင်ရသည်။

လူသားတို့သည် မိမိတို့၏ဦးနှောက်၏ အစေခံများသာဖြစ်သည်။ ဦးနှောက်မှ အချစ်ဟော်မုန်းများထုတ်လျှင် တစ်ဖက်သူအား ချစ်သည်ဟူ၍ သတ်မှတ်ကြသည်။

အပေါ်ယံတွင်ထိုသည်က ပြဿနာမရှိချေ။ သို့သော် ထိုဟော်မုန်းများသည် မိတ်လိုက်ပြီး မျိုးပွားရန် မျိုးရိုးဗီဇများ၏ ကြိုးကိုင်မှုသာဖြစ်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၀၈ + ၂၀၉ + ၂၁၀) ပြီး။

All Chapters