အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၇ + ၂၁၈)
ထျန်ရှင်းလုက အလွန်အားကောင်းသော အန္တာရာယ်အငွေ့အသက်အား နောက်တစ်ကြိမ် ထပ်မံ၍ခံစားလိုက်မိရာ အနောက်သို့အသည်းအသန်ဆုတ်ခွာရန်ကြိုးစားလိုက်သည်။
သို့သော် အခြေအနေက သူ့ဘက်တွင်ရှိမနေချေ။ လင်းရှောင်က သူ၏ဓားလက်ဝါးအားရုတ်၍ ဘယ်လက်ဖြင့် ထျန်ရှင်းလု၏ ခန္ဓာကိုယ်အား ဓားတစ်လက်လို ပိုင်းဖြတ်ပြစ်လိုက်သည်။
“ရှီးးးး”
ထျန်ရှင်းလုက အသည်းအသန်ဆုတ်ခွာလိုက်သော်လည်း လင်းရှောင်၏အလျင်နှုန်းမှာ အလွန်မြန်ဆန်လွန်းလှသည်။
ချက်ချင်းပဲ သူ၏ပုခုံးရိုးမှစ၍ တင်ပဆုံအရိုးအထိ ပိုင်းဖြတ်ခံထားရသည့် ဒါဏ်ရာကြီးထွက်ပေါ်လာကာ သွေးများက ရေတံခွန်ကဲ့သို့ဖြာချလာလေသည်။
သွေးများက ရေပန်းတစ်ခုကဲ့သို့ သူ၏ပုခုံးမှ တင်ပါးဆုံအထိ စီးကျလာသည်ကို ထျန်ရှင်းလုက ခေါင်းငုံ့၍ ကြည့်လိုက်သည်။
သို့သော် သူ၏မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်များ ထွက်ပေါ်မလာခဲ့ပေ။ ထိုအစား သူ၏မျက်လုံးများက ပို၍ပင် တောက်ပလာပြီး သူ၏နှုတ်ခမ်းထောင့်များက အပေါ်သို့ ပို၍ကွေးတက်သွားသည်။
သူ၏ရူးသွပ်သောရယ်သံက စစ်မြေပြင်တွင် ပဲ့တင်ထပ်သွားသော်လည်း လင်းရှောင်ကတော့ တိတ်ဆိတ်နေဆဲပင်။ သူ၏မျက်လုံးများက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များက ပို၍ပင် ပြင်းထန်လာသည်။
စကားတစ်ခွန်းမှမဆိုဘဲ၊ လင်းရှောင်သည် ရှေ့သို့တစ်ဖန် တိုးဝင်သွားပြန်သည်။ သူ၏ခန္ဓာကိုယ်သည် အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထျန်ရှင်းလုထံသို့ လျှပ်စီးလက်သကဲ့သို့ ရောက်ရှိလာသည်။
သူ၏လက်ဝါးသည် ဓားသွားတစ်လက်ကဲ့သို့ တောက်ပနေပြီး လေထုကိုပင် ထက်ပိုင်းခွဲဖြတ်သွားမတတ် ထက်ရှနေသည်။
“ရှီး... ရှီး... ရှီး...။”
လေပြင်းတိုက်ခတ်သံများနှင့်အတူ အနက်ရောင်ဓားသွားအရိပ်များက ထျန်ရှင်းလု၏ ခန္ဓာကိုယ်အား ဦးတည်၍ အဆက်မပြတ် ပိုင်းဖြတ်တိုက်ခိုက်လာသည်။
ထျန်ရှင်းလုသည် ယခုတစ်ကြိမ်တွင်တော့ ထိပ်တိုက်မရင်ဆိုင်ဝံ့တော့ဘဲ သူ၏အမြန်နှုန်းကို အစွမ်းကုန်ထုတ်သုံးကာ အသည်းအသန် ရှောင်တိမ်းနေရသည်။
သူ၏ခြေထောက်များက မြေပြင်ကို ပြင်းထန်စွာ ကန်ကာရှောင်ထွက်လိုက်တိုင်း ကျောက်သားမြေပြင်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
သူသည် အရိပ်များကြားတွင် ပျံလွှားနေသကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသော်လည်း လင်းရှောင်၏ တိုက်ခိုက်မှုများက သူ့ထက်ပို၍ မြန်ဆန်နေသည်။
“ရှပ်”
ပထမဆုံးဓားချက်က သူ၏ကျောပြင်ကို ရှပ်ထိသွားသည်။ အသားလွှာများ လန်ထွက်သွားပြီး အရိုးကိုပင်မြင်နေရသည်။
“ရှပ်”
ဒုတိယဓားချက်က သူ၏ပေါင်ကို ထိမှန်သွားသည်။ သွေးများက ပန်းထွက်လာ၏။
“ရှပ် ရှပ် ရှပ်”
နောက်ဆက်တွဲတိုက်ခိုက်မှုများက မိုးသီးမိုးပေါက်များ ရွာသွန်းသကဲ့သို့ သူ၏တစ်ကိုယ်လုံးပေါ်သို့ ကျရောက်လာသည်။
တစ်ခဏအတွင်းမှာပင် ထျန်ရှင်းလု၏ သံမဏိကိုယ်ခန္ဓာသည် အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ခံထားရသကဲ့သို့ ဓားဒဏ်ရာများဖြင့် ပြည့်နှက်သွားတော့သည်။
သူ၏တစ်ကိုယ်လုံးသည် သွေးများဖြင့် ရွှဲနစ်နေပြီး သွေးနံ့များက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
စောင့်ကြည့်နေသူများသည် အသက်ရှူရန်ပင် မေ့လျော့နေကြသည်။
ဤသည်မှာ လူသားနှစ်ယောက်၏ တိုက်ပွဲမဟုတ်တော့ချေ။ သားရဲနှစ်ကောင်၏ အသက်လုပွဲသာ ဖြစ်သည်။
သို့သော်...။
ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း ထျန်ရှင်းလု၏ ခြေလှမ်းများက ယိုင်နဲ့မသွားခဲ့။ သူ၏ရယ်သံတို့သည်လည်း ရပ်တန့်မသွားခဲ့ပေ။ သူ၏ ဒါဏ်ရာများသည်လည်း အလိုအလျောက် အဆက်မပြတ်ပြန်လည်ကုစားနေသည်။
သူ၏မျက်ဝန်းတို့က စူးရှတောက်ပနေဆဲဖြစ်ကာ သေခြင်းနှင့်လက်တစ်ကမ်းအကွာတွင်ပင် အပြုံးမပျက်ချေ။
မည်သို့ပင်ဖြစ်စေကာမူ သူအရင်က မသေဖူးသည်လည်း မဟုတ်ချေ.....။
ရုတ်တရက် သူ၏မျက်ဝန်းတို့က ကောက်ကျစ်ဟန်တို့ဖြင့်တောက်ပသွားလေပြီး သူ၏ရင်ဘတ်သို့ဦးတည်လာနေသည့် လင်းရှောင်၏ဓားလက်ဝါးအား မရှောင်ရှားလိုက်ချေ။
ထိုအစား သူကပင်အရှေ့သို့တိုးလာပြီး လင်းရှောင်၏ဓားလက်ဝါးအား သူ၏ရင်ဘတ်သို့ထိုးဖောက်စေလိုက်သည်။
“စွတ်....”
လင်းရှောင်၏ ဓားလက်ဝါးသည် ထျန်ရှင်းလု၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ထိုးခွင်းဝင်ရောက်သွားသည်။ သွေးများက သူ၏လက်ချောင်းများကြားမှပင် လျှံတက်လာ၏။
ထျန်ရှင်းလု၏ ပါးစပ်မှ သွေးများက အတားအဆီးမရှိ ပန်းထွက်လာပြီး သူ၏အရှေ့တွင်ရပ်နေသော လင်းရှောင်၏ မျက်နှာနှင့် တစ်ကိုယ်လုံးကိုပင် စင်ကုန်လေသည်။
လင်းရှောင်၏ ရူးသွပ်နေသော မျက်ဝန်းများထဲတွင် ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ၏တိုက်ကွက်က အောင်မြင်သွားသော်လည်း သူ၏ရင်ထဲတွင် ကျေနပ်မှုအစား မကောင်းသော နိမိတ်ဆိုးကိုသာ ခံစားလိုက်ရသည်။
ထျန်ရှင်းလု၏ မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်မရှိ။
ထိုအစား သူ၏သွေးစွန်းနေသော နှုတ်ခမ်းများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းကုန်ကွေးတက်သွားသည်။
သူ၏လက်တစ်ဖက်က သူ၏ ရင်ဘတ်ထဲထိုးဖောက်ဝင်နေသော လင်းရှောင်၏လက်မောင်းအား သံမဏိညှပ်တစ်စုံကဲ့သို့ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
“မိပြီ။ သေဖို့်ပြင်ထားပေတော့ ကျွန်စုတ်။”
တစ်ကိုယ်လုံးသွေးရည်ဖြင့် ရေချိုးထားသလို စိုရွဲနေသည့် ထျန်ရှင်းလုက နတ်ဆိုးတစ်ကောင်ပင်ကျောချမ်းသွားစေလောက်မည့် အပြုံးဖြင့် ကြုံးဝါးလိုက်သည်။
တစ်ချိန်တည်းတွင် သူ၏ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့် ညာလက်၏ လက်ညိုးနှင့်လက်ခလယ် ၂ ချောင်းက စိန်ကဲ့သို့တောက်ပလာကာ အဖြူရောင်အတိဖြစ်သွားလေသည်။
“စိန်လက်ချောင်းးးး” ထျန်ရှင်းလုက ကြုံးဝါးလိုက်လေပြီး လင်းရှောင်၏ဦးခေါင်းသို့အားကုန်ထိုးချပြစ်လိုက်သည်။
စိန်လက်ချောင်းနည်းစနစ်ဆိုသည်မှာ သံမဏိခန္ဓာကိုယ်ကျင့်စဥ်၏ နည်းစနစ်တစ်ခုဖြစ်သည်။ ထိုနည်းစနစ်အား ကျင့်ကြံရန်ဆိုသည်မှာ အလွန်ခက်ခဲလေပြီး မိမိခန္ဓာကိုယ်အား ကောင်းမွန်စွာထိန်းချုပ်နိုင်ဖို့ လိုအပ်လေ၏။
အရိုးရှင်းဆုံးဖြစ်အောင် ရှင်းပြရလျှင် သံမဏိခန္ဓာကိုယ်ကျင့်စဥ်၏စွမ်းရည်ကို တစ်ကိုယ်လုံးတွင်ဖြန့်ကျက်မည့်အစား လက်ချောင်း ၂ ချောင်းတွင်သာ စုပုံထားလိုက်ခြင်းဖြစ်သည်။
ထိုအခါ ထိုလက်ချောင်း ၂ ချောင်း၏ မာကျောမှု နှင့် ပေါက်ကွဲအားတို့သည် အဆပေါင်းဒါဇင်ချီမြင့်တတ်သွားကာ အလွန်အန္တာရာယ်များလာသည်။
ဤသည်မှာအပြောကလွယ်ကူသော်လည်း လုပ်ဆောင်ရန်မာ အလွန်ခက်ခဲပြီး ထျန်ကလန်တစ်ခုလုံးတွင်ပင် ကျွမ်းကျင်စွာ တတ်မြောက်ထားများအား လက် ၂ ဖက်ဖြင့်ရေတွက်နိုင်သည်။
ထိုသည်ကနေတစ်ဆင့် ဤနည်းစနစ်ကို တတ်မြောက်ရန် မည်မျှခက်ခဲကြောင်း တွေ့မြင်နိုင်လေသည်။
ဘဝပေါင်း ၁၈ ဘဝဖြင့် လင်းရှောင်သည်လည်း သဘာဝကျစွာပင် ထျန်ရှင်းလု၏ ထိုနည်းစနစ်ကိုသိလေပြီး ထိုလက်ချောင်း ၂ ချောင်းသာ သူ၏ဦးခေါင်းသို့လာထိလျှင် ဦးနှောက်ပါ မကျန်ပေါက်ထွက်သွားလိမ့်မည်ဖြစ်သည်။
ထိုအခါ သူ၏ပြန်လည်ကုစားခြင်းစွမ်းရည်များက ဦးနှောက်ကို ပြန်လည်ကုစားနိုင်သည်အထိ အားကောင်းသည်လော ဆိုသည်က မေးခွန်းတစ်ခုဖြစ်လာသည်။
အလုပ်ဖြစ်လျှင် ကိစ္စမရှိသော်လည်းပဲ အလုပ်မဖြစ်လျှင်တော့ ၅ ပါးမှောက်ကုန်လိမ့်မည်ဖြစ်၏။ သူသည်သေရမည်ကို မကြောက်ရွံချေ။
သို့သော် သူမသေခင် ကျီရှင်းဧကရာဇ်အား သတ်ပြစ်ရမည်ဖြစ်ပြီး ကျီရှင်းသက်ရှိများအားလုံးကို ဖယ်ရှားပြစ်ရဦးမည်။
ထို့အတွက်ကြောင့် လင်းရှောင်က မစွန့်စားတော့ပဲ တုန့်ဆိုင်းခြင်းမရှိ ထျန်ရှင်းလုဆုပ်ကိုင်ထားသော ညာလက်အား တံတောင်ဆစ်မှစ၍ ဘယ်လက်ဝါးဖြင့် ဓားတစ်ချောင်းလိုဖြတ်ပြစ်လိုက်သည်။
“ရှပ်”
သွေးများက လေထဲတွင် ဝေ့ဝဲပျံသန်းသွားသည်။
လင်းရှောင်၏ မျက်နှာအထက်တွင် မည်သည့်ခံစားချက်မှ မရှိချေ။ သူ၏ဆုံးဖြတ်ချက်က လျှပ်စီးကဲ့သို့ လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။
ထျန်ရှင်းလု၏ စိန်လက်ချောင်းများက သူ၏နားဖူးသို့ မရောက်မီလေးတွင်ပင် သူ၏ဘယ်လက်ဝါးက သူ၏ညာလက်မောင်း တံတောင်ဆစ်အဆစ်နေရာအား အရှိန်ပြင်းပြင်းဖြင့် ပိုင်းဖြတ်ချလိုက်သည်။
လင်းရှောင်၏ ကိုယ်ပိုင်လက်မောင်းတစ်ဖက်သည် သူ၏ခန္ဓာကိုယ်မှ ပြတ်ထွက်သွားပြီး ထျန်ရှင်းလု၏ ရင်ဘတ်ထဲတွင် စိုက်ဝင်ကျန်ရစ်ခဲ့သည်။
ဖောင်းခနဲ ပန်းထွက်လာသော သွေးများသည် ထျန်ရှင်းလု၏ မျက်နှာကိုသာမက သူ၏ဆုပ်ကိုင်ထားသော လက်တစ်ဖက်လုံးကိုပါ နီရဲသွားစေသည်။
ထိုအခွင့်အရေးကို အသုံးချ၍ လင်းရှောင်သည် ဘေးသို့ လျှပ်စီးလက်သလို ခုန်ထွက်သွားပြီး ထျန်ရှင်းလုနှင့် မီတာအနည်းငယ်အကွာသို့ ရောက်ရှိသွားသည်။
ထျန်ရှင်းလုသည်လည်း အံ့အားသင့်မှုကြောင့် တစ်ခဏမျှ ကြက်သေသေသွားသည်။
သူ၏လက်ထဲတွင် လင်းရှောင်၏ ပြတ်ထွက်နေသော လက်မောင်းကို ကိုင်ထားရင်း သူ၏ကြောက်မက်ဖွယ် စိန်လက်ချောင်း တိုက်ကွက်သည် အရှိန်မသေဘဲ ရှေ့သို့ဆက်လက်ထိုးထွက်သွားသည်။
“ဝှစ်.....ဝုန်းးးးးး”
သူ၏လက်ချောင်းထိပ်ဖျားမှ ဖြတ်သန်းသွားသော လေထုသည် စူးရှစွာမြည်တမ်းသွားပြီး သူ၏လက်ချောင်းများသည် လေထုနှင့်ပြင်းထန်စွာ ပွတ်တိုက်မှုကြောင့် မီးများပင်ထတောက်လာသည်။
ထျန်ရှင်းလု၏ ရည်မှန်းချက်မှာ လင်းရှောင်ဖြစ်သော်လည်း ယခုအခါတွင် ပစ်မှတ်မှာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
သို့သော် ထို ကြောက်မက်ဖွယ် စွမ်းအားများစုစည်းထားသည့် စိန်လက်ချောင်း၏ တိုက်ကွက်သည် ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့သာ ဆက်လက်၍ အရှိန်ပြင်းစွာ ထိုးထွက်သွားသည်။
ထိုလက်ချောင်းနှစ်ချောင်းမှ အဖြူရောင်အလင်းတန်းတစ်ခုသည် လေဆာရောင်ခြည်တစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး မီတာရာချီအကွာအဝေးတွင်ရှိသော ကျောက်တောင်ကုန်းတစ်ခု၏ ဘေးဘက်သို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
ဘာမှမဖြစ်သလိုပင်။
သို့သော် နောက်တစ်စက္ကန့်တွင်...
“ဝုန်းးးးးးးးးးးးးးးးးးးးးး”
နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။
ထိုကျောက်တောင်ကုန်းငယ်လေး၏ အလယ်တွင် လက်မအရွယ်အစားခန့်ရှိသော အပေါက်ငယ်တစ်ခုသည် အစအဆုံး ထွင်းဖောက်သွားသည်ကို တွေ့မြင်နိုင်သည်။
အပေါက်၏ နံဘေးသားများမှာ မှန်ကဲ့သို့ ချောမွေ့နေပြီး အပူချိန်လွန်ကဲမှုကြောင့် အရည်ပျော်နေသည့် ချော်ရည်များကဲ့သို့ နီရဲတောက်ပနေသည်။
ထို့နောက်... ထိုအပေါက်ငယ်လေးကို ဗဟိုပြု၍ ပင့်ကူအိမ်ကွန်ယက်သဖွယ် အက်ကွဲကြောင်းများက တောင်ကုန်းတစ်ခုလုံးသို့ လျှပ်စီးအလျင်ဖြင့် ပျံ့နှံ့သွားသည်။
“ဂျိန်း... ဂျိန်း... ဂျိန်း...”
တောင်ပြိုသံများက တစ်ဆက်တည်း ထွက်ပေါ်လာပြီး မီတာရာချီမြင့်သော ထိုတောင်ကုန်းကြီးသည် ကစားစရာအရုပ်တစ်ခု ပြိုကျသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကြေကာ အမှုန်အမွှားများအဖြစ်သို့ ပြိုကျသွားတော့သည်။
လေထဲသို့ ဖုန်မှုန့်များက မှိုပွင့်ကြီးတစ်ခုသဖွယ် လွင့်တက်လာပြီး မြေပြင်သည် ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။
ပေါက်ကွဲမှု၏ လှိုင်းဂယက်သည် စစ်မြေပြင်တစ်ခုလုံးကို ရိုက်ခတ်သွားရာ အားနည်းသော သေမျိုးများသည် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
စစ်မြေပြင်တစ်ခုလုံးသည် အသက်ရှူသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
လူတိုင်း၏ မျက်လုံးများက ပြိုကျသွားသော တောင်ကုန်းနေရာသို့ ကြောင်ကြည့်နေကြသည်။ သူတို့၏ မျက်နှာများတွင် မယုံနိုင်ခြင်းနှင့် အစွမ်းကုန်ထိတ်လန့်ခြင်းတို့က နေရာယူထားသည်။
ဤသည်ကား လူသားတစ်ယောက်၏ စွမ်းအားလော။
ဤသည်ကား နတ်ဆိုးတစ်ကောင်၏ ဖျက်ဆီးခြင်းပင် မဟုတ်လော။
ထိုတိုက်ကွက်သာ လင်းရှောင်၏ ဦးခေါင်းကို ထိမှန်သွားခဲ့ပါက...
ထိုအတွေးက သူတို့၏ ကျောရိုးထဲသို့ စိမ့်တက်လာသောအခါ လူတိုင်းသည် အေးစက်တောင့်တင်းသွားကြသည်။
ထျန်ရှင်းလုသည်လည်း သူ၏တိုက်ကွက်၏ ရလဒ်ကိုကြည့်၍ အသက်ကိုမနည်းရှူနေရသည်။ သူ၏လက်ထဲတွင် လင်းရှောင်၏ ပြတ်ထွက်နေသော လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။
သူ၏မျက်လုံးများက ပြိုကျသွားသော တောင်ကုန်းမှတစ်ဆင့် သူ၏ရှေ့မှောက် မီတာအနည်းငယ်အကွာတွင် ရပ်နေသော လင်းရှောင်ထံသို့ ရောက်ရှိသွားသည်။
သူ၏မျက်ဝန်းများထဲတွင် ဒေါသ၊ မကျေနပ်မှုနှင့်အတူ ထူးဆန်းသော ရူးသွပ်သည့်စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသည်။
လင်းရှောင်သည်ကား သူ၏ညာဘက်လက်မောင်းတစ်ခုလုံး ပြတ်ထွက်သွားသော်လည်း မျက်နှာအမူအရာ တစ်စက်ကလေးမှမပြောင်းလဲဘဲ တည်ငြိမ်စွာရပ်နေဆဲဖြစ်သည်။
သူ၏ပုခုံးမှ သွေးများက ရေပန်းကဲ့သို့ ပန်းထွက်နေသော်လည်း ထိုဒဏ်ရာသည် အသားနုများဖြင့် လျင်မြန်စွာ ပြန်လည်စုစည်းလာနေသည်။
သူ၏အေးစက်သောမျက်ဝန်းများက ထျန်ရှင်းလုကို စိုက်ကြည့်နေပြီး ထို့နောက် မြေပြင်ပေါ်တွင် ပြန့်ကျဲသွားသော တောင်ကုန်းအပျက်အစီးများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
လေပြင်းတစ်ချက်က သူတို့နှစ်ဦးကြား ဖြတ်တိုက်သွားပြီး ဖုန်မှုန့်များကို လွင့်ပါးသွားစေသည်။
စစ်မြေပြင်သည် တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသော်လည်း ယခုတစ်ကြိမ် တင်းမာမှုသည်ကား အဆပေါင်းများစွာ မြင့်တက်သွားခဲ့ချေပြီ
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၇ + ၂၁၈) ပြီး