← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၉ + ၂၂၀)

လက်ချောင်း ၂ ချောင်းဖြင့် တောင်ကုန်းအသေးလေးအားဖြိုချပြစ်ခြင်း.....။

ဤသည်ကား စိန်လက်ချောင်း၏ စွမ်းအားပင်ဖြစ်သည်။ ဤတိုက်ကွက်သာ လင်းရှောင်၏ ဦးခေါင်းကို ထိမှန်သွားခဲ့ပါက ဖရဲသီးကိုတူကြီးဖြင့်ထုချလိုက်သလို တစ်စစီဖြစ်သွားမည်ဆိုသည်မှာ ကျိန်းသေပေါက်ပင်ဖြစ်သည်။

​စောင့်ကြည့်နေသူများ၏ ကျောထဲတွင် စိမ့်ခနဲဖြစ်သွားကြသည်။

​လင်းရှောင်သည် သူ၏ပြတ်သွားသော လက်မောင်းနေရာကို မကြည့်ဘဲ သွေးများစီးကျနေသည်ကို ရပ်တန့်ရန် သူ၏အတွင်းအားကို အသုံးပြု၍ သွေးကြောများကို ပိတ်လိုက်သည်။

သူ၏မျက်နှာသည် ဖြူဖျော့သွားသော်လည်း သူ၏မျက်လုံးများကတော့ မီးတောက်တစ်ခုကဲ့သို့ ပို၍ပင် တောက်ပလာပြီး သူ၏သတ်ဖြတ်လိုစိတ်များက လုံးဝလျော့ကျမသွားခဲ့ပေ။

သူ၏ပြတ်သွားသော ပုခုံးမှ အသားစိုင်များသည် အချင်းချင်းပြန်လည်တွန့်လိမ်ချိတ်ဆက်လာပြီး အလွန်နှေးကွေးသော အရှိန်အဟုန်ဖြင့် ပြန်လည်တည်ဆောက်နေသည်ကို မြင်နိုင်ပေသည်။

အရိုးပင်ပြတ်ထွက်သွားသည်ဖြစ်သောကြောင့် အလုံးစုံလက်တစ်ခုလုံးပြန်ပေါက်ဖို့အတွက် မိနစ်အနည်းငယ်လောက်တော့ ကြာပေလိမ့်မည်ဖြစ်သည်။

​တစ်ဖက်တွင်တော့ ထျန်ရှင်းလုသည် သူ၏လက်ထဲမှ လင်းရှောင်၏ လက်မောင်းကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီး ဟားတိုက်ရယ်မောလိုက်သည်။

“သောက်ကျွန်စုတ်...။ မင်းကတကယ်ကောင်ပဲ။”

​သူ၏တစ်ကိုယ်လုံးသည် ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ရင်ဘတ်တွင်လည်း အပေါက်ကြီးတစ်ပေါက် ဖြစ်နေသော်လည်း သူ၏အရှိန်အဝါကတော့ အနည်းငယ်မျှပင် လျော့ကျသွားခြင်းမရှိပေ။

သူ၏အကြည့်များက ပိုမို၍ပင်ရူးသွပ်လာပြီး သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်များက ပို၍ပင် ပြင်းထန်လာသည်။

ယခုအခါတွင် လင်းရှောင်လက်တစ်ဖက်က ခနတာ ​သုံးမရတော့သောကြောင့် ထျန်ရှင်းလုက အသာစီးရနေသည့် အခွင့်အရေးအား လက်လွတ်ခံလိမ့်မည်မဟုတ်ချေ။

သို့သော် သူက ဆက်လက်တိုက်ခိုက်ခြင်းမရှိသေးပဲ လင်းရှောင်အား ကြယ်များလိုတောက်ပနေသော မျက်ဝန်းတို့ဖြင့်စိုက်ကြည့်နေသည်။

သူသည် မတုန်းအချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အလွန်ဉာဏ်ကောင်းသည်။ ထို့အတွက်ကြောင့် သူ၏ကျင့်ကြံခြင်းလမ်းစဥ်သည် အခက်အခဲများဖြင့် ပြည့်နှက်နေလေပြီး သေမျိုးတန်ခိုးရှင်အဆင့်ကိုရော​က်ရန်ပင် သေမတတ်ကြိုးစားရမည်ဖြစ်ကြောင်း သူနားလည်လေသည်။

ထို့အတွက်ကြောင့် သူသည် အရိပ်တပ်ဖွဲ့များကို စတင်တည်ဆောက်ခဲ့သည်။ ထိုတပ်ဖွဲ့ဝင်များအား ထောက်ပံရသည့် စရိတ်မှာ မနည်းချေ။

သူတစ်ယောက်ထဲ၏ ခွန်အားမှာ အကန့်အသတ်ရှိသောကြောင့် ပါရမီရှင်များအား ပျိုးထောင်ရန်ကြိုးစားခဲ့သည်။

ကံကောင်းစွာဖြင့် သူသည် ဤဂါချာကဒ်ဆွဲသောစနစ်အားရရှိခဲ့ကာ ထိုစနစ်၏ကျေးဇူးကြောင့် သူရဲ့လောက၏အထွတ်အထိပ်သို့တတ်ရောက်မည်ဆိုသော ရည်မှန်းချက်ပန်းတိုင်က ပြန်လည်၍ အသက်ဝင်လာခဲ့သည်။

ထိုစနစ်သည် သူ၏သက်တမ်းအားခြောက်ကပ်သည်အထိ စုပ်ယူလိုနေသည့်စနစ်ဖြစ်သော်လည်း ဂါချာကဒ်များသည် အလွန်တရာအားကောင်းသည်ဆိုသည့် အမှန်တရားကိုတော့ သူဘယ်လိုမှမငြင်းပယ်နိုင်ချေ။

ဂါချာစနစ်၏ကျေးဇူးနှင့်အတူ သူ၏ရည်မှန်းချက်ပန်းတိုင်က ပြန်လည်၍အသက်ဝင်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူ၏ဉာဏ်ကြီးရှင်ဦးနှောက်က မည်သို့ပြဿနာရှာရမည်သနည်းဆိုသော နည်းလမ်းများစွာကို တွက်ချက်ပြီးသားဖြစ်သည်။

စနစ်ကိုရပြီး ၃ ရက်မြောက်နေ့တွင်ပင် ရွမ်းဟွမ်မြို့ကြီးတစ်ခုလုံးကို သူမီးလောင်တိုက်ကျွမ်းခဲ့သည်။ သူထျန်ရှင်းလုသည် သူ၏ပန်းတိုင်ကိုရောက်ဖို့အတွက် ကမ္ဘာကြီးတစ်ခုလုံးကိုပင် မီးလောင်တိုက်ကျွမ်းရမည်ဆိုပါက ထိုအတိုင်းပြုလုပ်မည်သူဖြစ်သည်။

သူ၏ပန်းတိုင်ကိုရောက်ဖို့အတွက် သူကိုယ်တိုင်က အလွန်အမင်းသန်မာဖို့လိုအပ်နေသလို သူ၏လက်အောက်ငယ်သားများကလည်း အလွန်အမင်းသန်မာနေဖို့လိုသည်။

ထို့အတွက်ကြောင့် သူရှောင်ဘိုးဘေး နှင့် ချင်းလိန်ဟွာတို့ ၂ ယောက်အား သူ၏လက်အောက်သို့သွပ်သွင်းရန်ကြိုးခဲ့သည်။

ချင်းလိန်ဟွာသည် အလွန်ထူးဆန်းပြီး အားကောင်းလှသည်။ ရှောင်ဘိုးဘေးသည်တော့ ယခုလက်ရှိအချိန်တွင် အသုံးမဝင်သော်လည်း နောက်ပိုင်းတွင် အသုံးဝင်လာမည်ဖြစ်သည်။

သူမသာ အမှန်တကယ် သူ့အတွက်အသုံးမဝင်ဘူးဆိုပါက ထျန်ရှင်းလု သူမအား အစိတ်အပိုင်း ၁၀၀၀ ကျော်ဖြစ်သည်အထိ ခုတ်ပိုင်းပြီးခဲ့လောက်ပြီဖြစ်သည်။

သူသည် အားကောင်းသော လက်အောက်ခံများကို အလိုရှိသည်။ ယခုလက်ရှိအချိန်တွင် လင်းရှောင်သည် အလွန်ထူးဆန်းပြီး သူ့ထက်ပင်သန်မာကြောင်း သိရှိလိုက်ရ၏။

သူ့အတွက်သာ အသုံးဝင်လျှင် ထျန်ရှင်းလုက လင်းရှောင်၏ နောက်ကြောင်းအား ဂရုစိုက်နေမည်မဟုတ်ချေ။ လင်းရှောင်က အဘယ်ကြောင့် အိုက်ကီဒိုသိုင်းပညာအား အသုံးပြုနိုင်သနည်း။

သူဂရုမစိုက်ချေ။ သူ့အတွက်သာအသုံးဝင်နေလျှင် တစ်ဖက်သူက ငရဲပြည်မှ နတ်ဆိုးတစ်ပါးဖြစ်နေလျှင်တောင် သူက ဂရုစိုက်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့် ထျန်ရှင်းလုက လင်းရှောင်အား ချက်ချင်း တိုက်ခိုက်ခြင်းမရှိသေးပဲ အလွန်စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“မင်း.....ငါရဲ့လက်​အောက်ကိုလာခဲ့....။ မင်းလိုချင်တာဘာလဲ...။ အရင်းအမြစ်လား...၊ စည်းစိမ်လား....၊ မိန်းမလှလေးတွေလား....။ ငါမင်းကို အကုန်ပေးနိုင်တယ်....။”

ထျန်ရှင်းလုက လက်သီးအားစုပ်လိုက်ပြီး မာန်ပါပါဖြင့် ကြုံးဝါးလိုက်သည်။ လင်းရှောင်သည်တော့ ​သူ၏ပြန်လည်ကောင်းမွန်လာနေဆဲဖြစ်သည့် လက်မောင်းအားကြည့်လိုက်ပြီး ထျန်ရှင်းလုအားပြန်ကြည့်လိုက်သည်။

သူ၏နှုတ်ခမ်းထောင့်တို့က အထင်သေးကာ လှောင်ပြောင်လိုဟန်တို့ဖြင့် တွန့်ကွေးသွားလေ၏။

“ဟမ့်။ အဲတာဆို ငါတို့လောင်းကစားတစ်ခု လုပ်ကြမလား။”

လင်းရှောင်က မျက်ခုံးပင့်၍ ထျန်ရှင်းလုအား စိန်​ခေါ်လိုက်သည်။ ထျန်ရှင်းလု၏ ခေါင်းကတော့ အနည်းငယ်စောင်းသွားလေသည်။

သူ၏ နှုတ်ခမ်းထောင့်တို့က တွန့်ကွေးသွားလေပြီး လူယုတ်မာအပြုံးတစ်ပွင့်က ထွက်ပေါ်လာသည်။

“ကောင်းပြီ။ မင်း​ပြောကြည့်စမ်း။”

လင်းရှောင်၏ နှုတ်ခမ်းထောင့်တို့ကလည်း တွန့်ကွေးသွားလေပြီး ထျန်ရှင်းလုနည်းတူ လူယုတ်မာ အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။

ယခုအခါတွင် သူ၏ပြတ်ထွက်သွားသော လက်သည် အလုံးစုံပြန်ကောင်းလာပြီဖြစ်လေ၏။ သူက အရည်နီးပါးပြစ်ခဲနေသော အနက်ရောင်စွမ်းအင်တို့ဖြင့် ဖုန်းအုပ်နေသော လက်အား အရှေ့သို့ဖြန့်ပြလိုက်၏။

လင်းရှောင်က ဖြေးညှင်းစွာ ဆွဲပြီးပြောလိုက်၏။

“ငါတို့ ၂ ယောက်ဆက်ပြီးတော့ တိုက်ခိုက်ကြမယ်။ ရှုံးတဲ့သူက နိုင်တဲ့သူကိုသခင်အဖြစ်သတ်မှတ်ပြီး သူပြောသလိုလုပ်ရမယ်...။ ဘယ်လိုလဲ။”

ထျန်ရှင်းလုက ရက်စက်ကြမ်းကြုတ်စွာပြုံးလိုက်ပြီး အစွမ်းကုန်အရှိန်ဖြင့် လှုပ်ရှားလိုက်လေပြီး ပျောက်ကွယ်သွားကာ လင်းရှောင်၏ အရှေ့တွင်ပြန်ပေါ်လာသည်။

“သဘောတူတယ်။” သူက​အော်ဟစ်လိုက်လေပြီး လင်းရှောင်၏ မျက်နှာအားထိုးချပြစ်လိုက်သည်။

လင်းရှောင်ကတော့ ယုံကြည်ချက်အပြည့်ဖြင့်ရှိနေကာ ခေါင်းကိုငုံလိုက်​ပြီး ထျန်ရှင်းလု၏လက်သီးအား သူ၏နဖူးဖြင့်ခံလိုက်သည်။

ဒုန်းခနဲ မြည်သံနှင့်အတူ ထိခတ်မှုမှလာသော တုန်ခါမှုလှိုင်းက လေထုထဲသို့ ပျံ့နှံ့သွားသည်။ သူတို့၏အောက်မှ ကျောက်သားမြေပြင်သည်လည်း ဖန်တစ်ချပ်ကွဲသွားသကဲ့သို့ အက်ကွဲကြောင်းများစွာထွက်ပေါ်လာသည်။

ထျန်ရှင်းလု၏ လက်ဆစ်များ အက်ကွဲသွားသလို လင်းရှောင်၏ နဖူးမှလည်း သွေးများစီးကျလာသည်။

သို့သော် နှစ်ယောက်လုံး နောက်သို့ဆုတ်မသွားကြပေ။

ထျန်ရှင်းလု၏ မျက်လုံးများ အရောင်လက်သွားပြီး နောက်ထပ်လက်သီးတစ်လုံးက လင်းရှောင်၏ မေးရိုးကို ပစ်မှတ်ထားကာ လျှပ်စီးကဲ့သို့ ပျံသန်းသွားသည်။

လင်းရှောင်ကလည်း တစ်ပြိုင်နက်တည်း သူ၏ဒူးကိုမြှောက်ကာ ထျန်ရှင်းလု၏ ဝမ်းဗိုက်ကို ဆောင့်ကန်လိုက်သည်။

တစ်ယောက်၏လက်သီးက တစ်ယောက်၏မေးရိုးကို ထိမှန်သွားသလို တစ်ယောက်၏ဒူးကလည်း တစ်ယောက်၏ ဝမ်းဗိုက်ကို ချေမွသွားသည်။

သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များ တုန်ခါသွားပြီး နောက်သို့ အနည်းငယ်ယိုင်သွားသော်လည်း ခြေတစ်လှမ်းပင်မဆုတ်ခွာခဲ့ကြပေ။

ထို့နောက်တွင်တော့ အသက်ရှူမှားလောက်သည့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာသည်။

လက်သီးများ၊ တံတောင်များ၊ ဒူးများ၊ ခြေကန်ချက်များက မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ တစ်ယောက်ထံတစ်ယောက် ကျရောက်နေသည်။

သူတို့၏ တိုက်ကွက်များတွင် လှပသေသပ်မှုမရှိ။ ကာကွယ်ခြင်းမရှိ။ ရှောင်တိမ်းခြင်းမရှိ။

သူတို့သည် အသားကုန် အလဲထိုးနေကြသည့် ရက်စက်ကြမ်းကြုတ်လေသော ရှေးဟောင်းသားရဲနှစ်ကောင်ကဲ့သို့ပင်။

သွေးစက်များက လေထဲတွင် ပန်းပွင့်များကဲ့သို့ လွင့်စင်နေသည်။ အရိုးကျိုးသံများက တဖျောက်ဖျောက်ထွက်ပေါ်နေပြီး ဇာတ်တူသားစားပွဲတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။

မြေပြင်သည် သူတို့နှစ်ယောက်၏ ခြေလှမ်းများအောက်တွင် အက်ကွဲလာပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ဆောင်များက သူတို့၏တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် အမှုန့်အဖြစ်သို့ ကြေမွသွားသည်။

လင်းရှောင်၏ လက်သီးတိုင်းတွင် အနက်ရောင်စွမ်းအင်များက လက်သည်းများကဲ့သို့ ထွက်ပေါ်လာပြီး ထျန်ရှင်းလု၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသောဒဏ်ရာများကို ဖြစ်စေသည်။

သို့သော် ထျန်ရှင်းလု၏ ခန္ဓာကိုယ်ကလည်း စိန်ကဲ့သို့ မာကျောလှပြီး သူ၏တိုက်ခိုက်မှုတိုင်းက တောင်များကိုပင် ဖြိုချပြစ်နိုင်သည့်အလား ခွန်အားအားကောင်းလှသည်။

သူတို့နှစ်ဦး၏ မျက်လုံးများတွင် ကြောက်ရွံ့ခြင်းအစား ရူးသွပ်မှုများသာရှိနေသည်။ နာကျင်မှုကို မေ့လျော့ကာ တစ်ဖက်လူအား အနိုင်ယူဖျက်ဆီးလိုစိတ်တစ်ခုတည်းသာ သူတို့၏စိတ်ထဲတွင် စိုးမိုးထားသည်။

နောက်ဆုံးတွင်တော့ သူတို့နှစ်ဦး၏ လက်သီးများက တစ်ယောက်၏ ရင်ဘတ်ကိုတစ်ယောက် တစ်ပြိုင်နက်တည်း ထိုးမိသွားကြသည်။

အရိုးများကျိုးကြေသွားသည့်အသံက ကျယ်လောင်စွာထွက်ပေါ်လာပြီး သူတို့နှစ်ဦးလုံး၏ ပါးစပ်မှ သွေးများပန်းထွက်လာကာ နောက်ဆုံးတွင်တော့ တစ်ယောက်နှင့်တစ်ယောက် ခွာလိုက်ပြီး မီတာအနည်းငယ်အကွာသို့ လွင့်စင်သွားကြသည်။

ထျန်ရှင်းလုသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ အသက်ကိုလု၍ အသည်းအသန် ရှူနေရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သွေးများကလည်း ရေတံခွန်ကဲ့သို့ တလဟော စီးကျနေသည်။

လင်းရှောင်သည်တော့ မြေပြင်ပေါ်တွင် ရပ်တန့်နိုင်နေဆဲဖြစ်ကာ သူ၏ဒါဏ်ရာများကလည်း အားနည်သွားရမည့်အစား ပိုမိုပြီးအားကောင်းလာကာ နဂိုထက်ပိုမြန်သော ကုစားနှုန်းဖြင့် ကုသနေလေသည်။

ထျန်ရှင်းလု၏ ပြန်လည်ကုစားနှုန်းသည်တော့ ပိုမိုပြီးအားနည်းလာနေပြီဖြစ်ကာ သူ၏ဒါဏ်ရာများအား ကောင်းမွန်စွာ မကုသနိုင်တော့ချေ။

သူ၏မျက်လုံးများက​ ​မှေးကျဥ်းသွားလေ၏။ သူရှုံး​တော့မည်လော။ ထျန်ရှင်းလု ရင်တစ်ချက်ထိတ်သွားသည်။ သူက သူ၏လည်ပင်းတွင်ရှိသည့် ကိုယ်ဖျောက်ထားသော ဇော်ဂျီနတ်ဘုရား၏ပုတီးကုံးအား တစ်ချက်ထိလိုက်သည်။

ထိုအချိန်မှာပင် ဆက်လက်ပြီးတိုက်ခိုက်တော့မည်ဖြစ်သည့် လင်းရှောင်က ရပ်တန့်သွား၏။ သူကအဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။

ရုတ်တရက် အဝေးဆီမှ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံလှိုင်းများ အဆက်မပြတ်ထွက်ပေါ်လာသည်။ မြေပြင်တစ်ခုလုံးပင် သိသိသာသာ တုန်ခါလာလေသည်။

ထျန်ရှင်းလုက အသံလာရာ အနောက်ဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။

သူ၏မျက်လုံးများက ပို၍ပင်မှေးကျဥ်းသွား၏။

မိုင်ပေါင်းများစွာအကွာမှ ကောင်းကင်ယံတွင် နေမင်း၏အလင်းရောင်ကိုပင် ဖုံးလွှမ်းသွားစေနိုင်သော အဖြူရောင်အလင်းတန်းကြီးတစ်ခုက သူတို့ရှိရာဆီသို့ အသံထက်မြန်သော အရှိန်ဖြင့် စူးရှစွာ တိုးဝင်လာနေသည်။

ထိုအရှိန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှမောင် မြန်ဆန်လွန်းလှပေသည်။

ထိုအဖြူရောင်အလင်းတန်းကြီး ရောက်ရှိလာသည်နှင့်အတူ ကမ္ဘာပျက်မတတ် ဖိအားတစ်ခုက လေထုထဲတွင် ပျံ့နှံ့လာပြီး ထျန်ရှင်းလု၏ အသက်ရှူမှုကိုပင် ရပ်တန့်သွားစေသည်။

ထိုအဖြူရောင်အလင်းတန်းကြီးက မရပ်တန့်ပဲ လင်းရှောင်ထံသို့တိုးဝင်သွားလေသည်။

“အုန်းးးးးး”

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၉ + ၂၂၀) ပြီး။

All Chapters