← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၂၉ + ၂၃၀)

“မင်းငယ်ပါသေးတယ် ကောင်လေးရာ။”

တောင်တန်းဘုရင်က သူ၏လည်ပင်းမှ စုတ်ပြတ်သွားသော အဝတ်စကို လက်ဖြင့်ဖယ်ရှားရင်း အေးစက်စွာ ရေရွတ်လိုက်သည်။

သူ၏မျက်လုံးများထဲတွင် အနိုင်ရသူတစ်ယောက်၏ အထင်သေးမှုနှင့် မထီမဲ့မြင်ပြုမှုတို့က အထင်းသားပေါ်နေ၏။

သူက လင်းရှောင်၏လျို့ဝှက်ချက်အား မသိလိုက်၍ အနည်းငယ်ဝမ်းနည်းသွားသော်လည်း စိတ်ထဲမှထုတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဆင့်ကဲပြောင်းလဲရာတွင် နိုးထခဲ့သည့် သူ၏ဒုတိယစွမ်းရည်အရ သူ၏သက်တမ်းသည် နောက်ထပ် နှစ် ၁၀၀၀၀ လောက်တော့အသာနေနိုင်ဦးမည်ဖြစ်သည်။

လင်းရှောင်ကိုသတ်ပြီးနောက်တွင် တောင်တန်းဘုရင်က ဒဏ်ရာအပြင်းအထန်ဖြင့် မြေပြင်ပေါ်တွင် လဲကျနေသော ထျန်ရှင်းလုအား တစ်ချက်လောက် အဖျားခတ်ကြည့်လိုက်သေး၏။

ထျန်ရှင်းလုမသေသေးကြောင်း သူတွေ့လိုက်ရသောအခါ လှောင်ရယ်လိုက်ပြီး ထွက်ခွာရန်အတွက် နောက်လှည့်လိုက်သည်။

သူ၏အစီအစဉ်က ပြီးပြည့်စုံလွန်းလှသည်။ ထိုမောက်မာသော ထျန်ကလန်မှ ကလေးအား ဒေါသဆွပေးကာ ဒိုင်းသဖွယ်အသုံးချလိုက်သည်။

ထို့နောက် အာရုံပြောင်းသွားသည့် လင်းရှောင်အား သူ၏ လျှို့ဝှက်ထားသော အာသီးလေဓားဖြင့် တစ်ချက်တည်း အဆုံးသတ်လိုက်သည်။ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်။

သူ၏နန်းတော်ကြီးတွင် မျိုးဆက် ၇ ဆက်သုံးမကုန်နိုင်သော စည်းစိမ်များနှင့် မိုင်တစ်သိန်းပတ်လည်မှ အလှလေးများက သူ့အား စောင့်ကြိုနေပေဦးမည်။

သို့သော် သူခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်မှာပင် တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။ တောင်တန်းဘုရင်က သူ၏လေးလံနေသော စိတ်ကြောင့် မျက်မှောင်ကြုတ်သွားလေသည်။

လေထုက အဘယ်ကြောင့် ဤမျှတိတ်ဆိတ်နေရသနည်း။ ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ အေးစက်တိတ်ဆိတ်နေပြီး သူ၏နှလုံးခုန်သံကိုပင် ကျယ်လောင်စွာ ပြန်ကြားနေရသည်။

လင်းရှောင်၏ ခေါင်းပြတ်ခန္ဓာကိုယ်မှ သွေးများပန်းထွက်နေဆဲဖြစ်သော်လည်း သွေးညှီနံ့တို့က ထူးဆန်းစွာ ပျောက်ကွယ်နေသည်။

သူတစ်ခုခုကို မေ့နေသည်လော...။

မဟုတ်... တစ်ခုခုက လွဲချော်နေသည်။ သူ၏ နှစ်ပေါင်းငါးထောင်ကျော် သက်တမ်းတစ်လျှောက် ထိန်းသိမ်းလာခဲ့သော သတိကြီးမှုနှင့် အန္တရာယ်အာရုံခံစားမှုက အချက်ပေးခေါင်းလောင်းများ အဆက်မပြတ်တီးခတ်နေသည်။

တောင်တန်းဘုရင်က နောက်သို့ဖြည်းညှင်းစွာပြန်လှည့်ကြည့်လိုက်သည်။

လင်းရှောင်၏ခေါင်းမရှိသော ခန္ဓာကိုယ်သည် သူ၏ရှေ့မှောက်တွင် ဒူးထောက်လျက်သား။ သွေးများက ရေပန်းတစ်ခုနှယ် ပန်းထွက်နေဆဲ။ အရာအားလုံးက ပုံမှန်အတိုင်းပင်။

သို့သော် ထိုအချိန်မှာပင်...

“ခရက်...”

ပတ်ဝန်းကျင်တစ်ခုလုံးသည် မှန်တစ်ချပ်ကဲ့သို့ အက်ကွဲသွားသည့်အသံထွက်ပေါ်လာသည်။

သူမြင်နေရသည့် မြင်ကွင်းတစ်ခုလုံး၊ လင်းရှောင်၏ ခေါင်းပြတ်ကိုယ်ထည်၊ ပန်းထွက်နေသော သွေးများ၊ အရာအားလုံးသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားပြီးနောက် ဖန်ကွဲစများကဲ့သို့ တစ်စစီကြွေလွင့်သွားတော့သည်။

“ဘာ... ဘာဖြစ်တာလဲ။ ပုံရိပ်ယောင်လား။”

တောင်တန်းဘုရင်၏ အိုမင်းနေသော မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုတို့က ချက်ချင်းဆိုသလို နေရာယူလာသည်။

သူကဲ့သို့သော မြေခွေးအိုကြီးတစ်ယောက်က ပုံရိပ်ယောင်တစ်ခု၏ လှည့်စားခြင်းကို ခံလိုက်ရသည်တဲ့လား။ ဘယ်အချိန်ကတည်းကလဲ။ သူ လုံးဝမရိပ်မိလိုက်ချေ။

သူ၏တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာပြီး ကျောရိုးထဲမှ အေးစက်သော ချမ်းတုန်မှုတစ်ခုက ဦးနှောက်ဆီသို့ တဟုန်ထိုးတက်လာသည်။

ရုတ်တရက် သူ၏နားအနားသို့ အေးစက်သောလေငွေ့တစ်ခုနှင့်အတူ သေမင်းတမန်၏ တီးတိုးစကားသံကဲ့သို့သော အသံတစ်ခုကို ကြားလိုက်ရသည်။

“အဆုံးသတ်ဖို့ အချိန်တန်ပြီ... အဘိုးကြီး...။”

တောင်တန်းဘုရင် မျက်လုံးပြူးသွားသည်။ သူ၏အနောက်တွင် တစ်စုံတစ်ယောက်... လင်းရှောင်... ရောက်နေခဲ့သည်။

သူသည် အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါးဖြစ်ပြီး အလျင်နှုန်းတွင် အထူးပြုသူဖြစ်သော်လည်း သူ၏အနောက်သို့ လူတစ်ယောက်ရောက်လာသည်ကို လုံးဝမသိလိုက်ချေ။

သူ့မှာ တုံ့ပြန်ချိန်ပင်မရလိုက်ပေ။

သူ၏အနောက်မှ လင်းရှောင်သည် သူ၏ညာဘက်လက်ညှိုးကို ထုတ်လိုက်သည်။ ထိုလက်ညှိုးသည် သာမန်လက်ညှိုးတစ်ချောင်းမဟုတ်တော့။

အဆုံးမဲ့သော သေခြင်းတရားများနှင့် အမှောင်ထုတို့ စုစည်းနေသည့် ငရဲမှလာသော လက်နက်တစ်ခုအလား မည်းနက်တောက်ပြောင်နေသည်။

လက်ညှိုးထိပ်တွင် အနက်ရောင်အလင်းစက်လေးတစ်ခုက လျင်မြန်စွာ စုစည်းလာပြီး ပတ်ဝန်းကျင်မှ အလင်းများကိုပင် စုပ်ယူနေသည့်အလား မှောင်မိုက်သွားစေသည်။

“သေမင်း၏လက်ညိုး။”

လင်းရှောင်၏ အေးစက်သော အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏လက်ညှိုးက တောင်တန်းဘုရင်၏ ကျောဘက်၊ နှလုံးသားတည့်တည့်ဆီသို့ အရှိန်ပြင်းစွာ ထိုးစိုက်ဝင်ရောက်လာသည်။

ထိုတစ်ချက်သည် လေကိုပင်မခွင်း၊ အသံပင်မထွက်။ သို့သော် ထိုတစ်ချက်ထဲတွင် ပါဝင်သော သေခြင်းတရား၏ အငွေ့အသက်နှင့် ချေမွဖျက်ဆီးခြင်း စွမ်းအင်တို့က တောင်တန်းဘုရင်အား မြေပြင်ပေါ်တွင် အေးခဲသွားစေသည်။

“မ...ဖြစ်...နိုင်...”

သူ၏စိတ်ထဲတွင် ဤစကားလုံးများသာ ပဲ့တင်ထပ်နေတော့သည်။ သူ၏အတွေ့အကြုံ၊ သူ၏အမြန်နှုန်း၊ သူ၏စွမ်းအင်အားလုံးသည် ဤတိုက်ကွက်ရှေ့မှောက်တွင် အသုံးမဝင်တော့သလို ခံစားလိုက်ရသည်။

သေခြင်းတရားက သူ၏လည်မျိုကို အေးစက်သောလက်များဖြင့် ဆုပ်ကိုင်လိုက်ပြီဖြစ်သည်။

“ရှင်းးးးး”

သူ၏အသက်ကယ်ရတနာက အသက်ဝင်လာသောကြောင့် တောင်တန်းဘုရင် မျက်လုံးပြူးသွားသည်။

သူ၏ရင်ဘတ်တွင် ဝှက်ထားသော သမင်ဖြူရုပ်ပုံသဏ္ဌာန် ကျောက်စိမ်းပြားလေးတစ်ချပ်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာသည်။

“အုန်းးးးး”

ရွှေရောင်အလင်းတန်းများသည် အလင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တောင်တန်းဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံကာကွယ်လိုက်သည်။

ထိုအလင်းလုံးကြီး၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းအင်းကွက်များနှင့်အတူ တိမ်တိုက်များကြားတွင် ကောင်းကင်ကိုမော့ကြည့်နေသည့် မာန်ဝင့်သော သမင်ကြီးတစ်ကောင်၏ ပုံရိပ်ယောင်က အထင်အရှားပေါ်ပေါက်လာသည်။

“ဘုန်းးးးးးးးးးး”

လင်းရှောင်၏ အနက်ရောင်လက်ညှိုးသည် ရွှေရောင်အလင်းလုံးကြီးနှင့် ထိခတ်မိသည့်တစ်ခဏ၊ ကမ္ဘာပျက်မတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။

အနက်ရောင်စွမ်းအင်နှင့် ရွှေရောင်စွမ်းအင်တို့ တိုက်ခတ်ရာနေရာမှ အဆုံးမဲ့သော စွမ်းအင်လှိုင်းလုံးကြီးများက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့ထွက်သွားသည်။

မြေကြီးများကွဲအက်သွားပြီး အနီးအနားမှ ကျန်ရှိနေသေးသော အဆောက်အအုံများအားလုံး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ခွမ်း...”

စက္ကန့်အနည်းငယ်မျှသာ ခုခံနိုင်ပြီးနောက်တွင် တောင်တန်းဘုရင်၏ အသက်ကယ်ရတနာဖြစ်သော ရွှေရောင်အလင်းလုံးကြီးသည် အက်ကွဲသံတစ်ခုနှင့်အတူ ကြေမွသွားသည်။

သို့သော် ထိုအချိန်တိုလေးအတွင်းမှာပင် တောင်တန်းဘုရင်သည် သေမင်းလက်မှ လွတ်မြောက်ရန် အခွင့်အရေးရရှိသွားခဲ့သည်။

သူသည် ထိုအခွင့်အရေးကို လက်လွှတ်မခံပဲ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်အားလုံးကို ခြေဖဝါးတွင်စုစည်းကာ နောက်သို့ အသားကုန်ခုန်ထွက်လိုက်သည်။

“ဝေါ့...”

အကာအကွယ်ကြေမွသွားသည့် တုန်ခါမှုကြောင့် တောင်တန်းဘုရင်၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ၏ခန္ဓာကိုယ်သည် မီတာရာပေါင်းများစွာအကွာသို့ လွင့်စင်သွားသည်။

သူသည် လေထဲတွင် ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်သို့ ပြန်လည်ရပ်လိုက်နိုင်ချိန်တွင် သူ၏မျက်နှာသည် သွေးဆုတ်ဖြူရော်နေပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုနှင့် အသက်ဘေးမှလွတ်မြောက်လာသည့် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူ၏ရင်ဘတ်မှ ကျောက်စိမ်းပြားလေးသည် အမှုန့်များအဖြစ် ကြေမွသွားခဲ့ပြီဖြစ်သည်။

သူ၏အရှေ့တည့်တည့်၊ မီတာရာပေါင်းများစွာအကွာတွင်တော့ လင်းရှောင်သည် မူလနေရာ၌ပင် မတ်တပ်ရပ်နေဆဲ။

သူ၏လက်ညှိုးထိပ်မှ အနက်ရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူ၏မျက်လုံးနီနီများထဲမှ သတ်ဖြတ်လိုစိတ်များကတော့ ပို၍ပင် တောက်လောင်လာနေလေသည်။

လေထုက တဖန်ပြန်လည်တိတ်ဆိတ်သွားသော်လည်း ယခုတစ်ကြိမ်တွင်တော့ အခြေအနေက လုံးဝပြောင်းလဲသွားခဲ့လေပြီ။

ယခုအခါတွင် သားကောင်မှာ တောင်တန်းဘုရင်ဖြစ်နေပြီး လင်းရှောင်ကတော့ သေမင်းတမန်အဖြစ် သူ၏ရှေ့မှောက်တွင် ရပ်တည်နေတော့သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၂၉ + ၂၃၀) ပြီး။

All Chapters