အခန်း (၂၂၃-၂၂၆)
Vol. 23 Ch. 223-226
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၂၃ - ၂၂၆)
“သူက ဘယ်သူလဲ။” ထျန်ရှင်းလု မျက်မှောင်ကြုတ်သွားကာ လီနာအား မေးမြန်းလိုက်သည်။ လီနာက သူမ၏မျက်လုံးအားမှေးလိုက်ပြီး ငွေရောင်မျက်ဝန်းတို့ဖြင့် အဘိုးကြီးအား စိုက်ကြည့်လိုက်သည်။
သူမက ခနတာခန့်စိုက်ကြည့်ပြီးနောက် ထျန်ရှင်းလုအား တင်ပြလိုက်သည်။
“သူက တောင်တန်းဘုရင်ပါ။ တိမ်သမင်သိုင်းဝိညာဉ်ကိုပိုင်ဆိုင်ထားပြီးတော့ သူ့ရဲ့အားသာချက်က အလျင်နှုန်းလို့ ပြောကြတယ်။ ဖရိုဖရဲဒေသရဲ့ ဒေသခံအာဏာရှင် ၃ ဦးထဲက ၁ ဦးဖြစ်ပြီး သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အဆင့် ၇ သေမျိုးတန်ခိုးရင်တစ်ပါးဖြစ်ပါတယ်။”
“သခင်နဲ့တိုက်ခိုက်နေတဲ့သူကတော့ ဝရမ်းပြေးတစ်ယောက်ပါ။ အခု တောင်တန်းဘုရင်က သူ့ကိုလာသတ်တာ ဒါမှမဟုတ် လာဖမ်းတာဖြစ်ပါလိမ့်မယ်။”
တောင်တန်းဘုရင်သည် နာမည်ကြီးတန်ခိုးရှင်တစ်ယောက်ဖြစ်ကာ သူ့အကြောင်းသတင်းအချက်အလက်များရရန် မခက်ခဲလေချေ။
အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါးဆိုသည်မှာ မိုးပြာနဂါးမြေတိုက်ကြီးတစ်ခုလုံး၏ အစာကွင်းဆက်တွင် ထိပ်ဆုံးနားက အမဲလိုက်ကျားကြီးတွေဖြစ်သည်။
မည်သည့်နေရာဒေသတွင်မဆို အလွန်အရေးကြီးသည့် ပုဂ္ဂိုလ်ကြီးတစ်ပါးအနေဖြင့် ဆက်ဆံခံရလိမ့်မည်ဖြစ်ပြီး ဩဇာအာဏာကြီးပါးသော တန်ခိုးရှင်ကြီးများဖြစ်သည်။
သူတို့သည် သေမျိုးများအတွက်တော့ နတ်ဘုရားတစ်ပါးနှယ်အစွမ်းထက်လေသည်။ သူတို့၏ဒေါသအောက်တွင် သန်းနှင့်ချီသော သေမျိူးများ သေဆုံးသွားလိမ့်ပေမည်။
သို့သော် ထျန်ရှင်းလု၏မျက်ဝန်းများထဲတွင်တော့ အထင်သေးနေသည့် အရိပ်အယောင်များသာထွက်ပေါ်လာ၏။
အဆင့် ၇ သေမျိူးတန်ခိုးရှင်တစ်ပါးလော။ သူတို့ထျန်ကလန်အတွက်တော့ အစေခံအဆင့်သာဖြစ်သည်။ အပြင်လောကတွင် မည်မျှပင် ခမ်းနားစွာနေထိုင်နေပါစေ ထျန်ကလန်၏ရှေ့မှောက်တွင် မွေးထားသည့် ခွေးတစ်ကောင်ကဲ့သို့ အမြီးနှံနေရပေလိမ့်မည်။
တစ်ချိန်တည်းတွင် တောင်တန်းဘုရင်အဘိုးကြီးက လင်းရှောင်အား စိုက်ကြည့်နေပြီး အစောကဖြစ်သွားသော တိုက်ကွက်အကြောင်းအား ပြန်လည်စဥ်းစားနေသည်။
သူတို့ ၂ ယောက်သည် အလွန်တိုတောင်းလှသောအချိန်ကလေးအတွင်းတွင် တိုက်ကွက် ၁ ကွက်ချင်းစီသာ ဖလှယ်ခဲ့ကြသည်။
အရင်ဦးဆုံးအနေဖြင့် သူက လေစွမ်းအင်ကိုသူ၏ဓားလက်ဝါးအား လွှမ်းခြုံကာ လင်းရှောင်အားတစ်ချီတည်းဖြင့် ဒါဏ်ရာအပြင်းအထန်ရသွားစေကာ ရည်ရွယ်ခဲ့သည်။
သူ့အနေဖြင့် လင်းရှောင်၏နောက်ကြောင်းကိုစုံစမ်းရာတွင် အလွန်ပျင်းစရာကောင်းသော သတင်းအချက်များသာရရှိခဲ့သည်။
ထို့အတွက်ကြောင့် လင်းရှောင်အားဖမ်းစီး၍ မေးမြန်းရန်ကြိုးစားနေခြင်းဖြစ်သည်။
သူ၏ရည်ရွယ်ချက်သည်လည်း အောင်မြင်သွားခဲ့ကာ သူက တစ်ဖက်သူ၏ဝမ်းဗိုက်တစ်ဝက်လောက်အား အရိုးပေါ်စေသည်အထိ ထိုးဖောက်ပြစ်ခဲ့၏။
သို့သော် ထိုအချိန်တွင်ပင် လင်းရှောင်က အံမခန်းအလျင်နှုန်းဖြင့် သူ၏လည်ပင်းသို့ဓားလက်ဝါးဖြင့်ပိုင်းဖြတ်ပြစ်ခဲ့သည်။
သူသာ သူ၏ညာလက်ဖြင့် အလျင်အမြန်မကာရံခဲ့လျှင် ယခုအခါတွင် သူခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်နေလောက်ပေမည်။
တောင်းတန်းဘုရင်၏ သစ်ခေါက်များလို တွံရှုံနေသည့် နဖူးခပ်ပြောင်ပြောင်အထက်တွင် ချွေးများ စီးကျလာသည်။
ရာသီဥတုက အေးခဲနေပြီး လေပင်ထန်နေသော်လည်း သူကတော့ ချွေးစီးတွေကျနေရပြီဖြစ်သည်။ ထိုအချိန်မှာပင် သူ၏ညာလက်မှဒါဏ်ရာက သွေးတိတ်သွားပြီဖြစ်သည်။
တောင်းတန်းဘုရင်က သူ၏အိုမင်းနေသော်လည်း မာနကြီးသော မျက်လုံးတို့အား မှေးကျဥ်းလိုက်ပြီး လင်းရှောင်အား သေချာစိုက်ကြည့်ကာ ထပ်မံတိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။
ပထမအချီတွင် သူသတိလက်လွတ်ဖြစ်သွား၍ ပေးဆပ်လိုက်ရသည်များ ရှိခဲ့သည်။ သို့သော် သူသာ သေချာသတိထားပြီး တိုက်ခိုက်လျှင် ၁၀ ကွက်အတွင်း တစ်ဖက်သူကို အသေသတ်နိုင်မည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိသေလည်။
အောက်ဘက်မှ လင်းရှောင်ကြွက်သားများကလည်း မာကျောသွားကာ သူ၏လက်ဖဝါးအနေအထားကို သေချာချိန်ဆ၍ တန်ပြန်တိုက်ခိုက်ရန်ကြိုးစားလိုက်သည်။
သူသည် တောင်တန်းဘုရင်၏အမြန်နှုန်းကို ရှင်းရှင်းလင်းလင်းမမြင်ရချေ။ အစောကတန်ပြန်တိုက်ခိုက်မှုကပင် သူ၏နှစ်သန်းချီသော အတွေ့အကြုံများ၏ အကူအညီဖြင့်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သူသာ သေချာဂရုမစိုက်လျှင် ယနေ့ဤနေရာတွင် သေသွားနိုင်သည်။ လင်းရှောင်ကလည်း သူ၏အနီရောင်မျက်လုံးတို့ဖြင့် တောင်တန်းဘုရင်အားသေချာစိုက်ကြည့်နေသည်။
၂ ယောက်လုံးက အသင့်ဖြစ်ပြီဖြစ်ပြီး တိုက်ခိုက်ကြတော့မည်ဖြစ်သည်။ လေထုကလည်း မွန်းကြပ်လာပြီး အထွတ်အထိပ်သို့ရောက်ရှိလာပြီဖြစ်သည်။
ထိုအချိန်မှာပင် ထျန်ရှင်းလု၏ အသံကျယ်ကြီးထွက်ပေါ်လာသည်။ “သောက်ဆင့်မရှိတဲ့...ကျွန်စုတ်။ မင်းကများ ငါ့ရဲ့တိုက်ပွဲကိုဝင်ရှုပ်ရဲတယ်။ ဟုတ်သလား။”
ထျန်ရှင်းလု၏ စိတ်အနှောင့်အယှက်ဖြစ်စဖွယ် အသံကျယ်ကြီးက ညအမှောင်ထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။
“ဟမ်” တောင်တန်းဘုရင်က မျက်မှောင်ကြုတ်သွားပြီး အဝေးမှ ထျန်ရှင်းလုအား စိုက်ကြည့်လိုက်၏။ လင်းရှောင်ကလည်း ရပ်တန့်သွားသည်။
သူတို့ ၂ ယောက်လုံးက ထျန်ရှင်းလုအား စိုက်ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းတွင် ထျန်ရှင်းလု၏ အမူအရာက အနည်းငယ်ရုပ်ပျက်နေသည်။
သူသည်အံကိုကြိတ်ထားလေပြီး မျက်နှာကလည်း နီရဲနေကာ သူ၏မျက်နှာအထက်တွင် ရွံရှာမှုတို့ဖြင့်ပြည့်နှက်နေသည်။
သူ၏မျက်ဝန်းထဲတွင်တော့ အထင်သေး၊ ဆုတ်ယုတ်မှု၊ ရွံရှာမှုအရိပ်အယောင်များရှိနေကာ တောင်တန်းဘုရင်အား ခွေးကျွန်တစ်ကောင်ကဲသို့စိုက်ကြည့်နေလေသည်။
တောင်တန်းဘုရင်က သူရောက်လာစဥ်ကတည်းက ထျန်ရှင်းလုအား မြင်သော်လည်း ဘယ်သူမှန်းမသိသောကြောင့် လျစ်လျှူရှုထားခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ သူ၏ပြစ်မှတ်သည် လင်းရှောင်တစ်ယောက်ထဲသာဖြစ်သည်။ တောင်တန်းဘုရင်က ထျန်ရှင်းလု၏ စူးရှသောအကြည့်များအောက်တွင် အောင့်သက်သက်ကြီးဖြစ်ပေါ်လာသည်။
သူက ထျန်ရှင်းလု၏မျက်လုံးတို့အား လက်ဖြင့်နှိုက်ပြစ်ချင်သည့် စိတ်အားမနည်းထိန်းချုပ်၍ ပြောလိုက်သည်။
“မင်းက ဘယ်သူလဲ။” တောင်တန်းဘုရင်၏ အိုမင်းရင့်ရော်နေသော အသံကထွက်ပေါ်လာသည်။ သူသည် စရောက်ကတည်းက ယခုမှပထမဦးဆုံးအကြိမ်အနေဖြင့် စကားပြောလာခြင်းဖြစ်သည်။
သူ၏စကားမှအဓိပ္ပါယ်သည်တော့ မင်းရဲ့နောက်ခံသာ လုံလောက်အောင် မသန်မာရင် မင်းသေပြီဆိုသည့် သဘောပင်ဖြစ်သည်။
သူကြောက်ရွံရသည့် နောက်ခံအင်အားစုမှာ ၂ ခုတည်းသာရှိသည်။ ဤကလေးသာ ထျန်ကလန် သို့မဟုတ် ရွှေနဂါးနိုင်ငံကမဟုတ်လျှင် ထိုကလေး၏ မျက်လုံးအား သူကိုယ်တိုင်နှိုက်ထုတ်၍ အစိမ်းလိုက်ပြန်စားခိုင်းပြစ်မည်ဖြစ်သည်။
အောက်ဘက်ရှိ ထျန်ရှင်းလုကတော့ နှာမှုတ်လိုက်လေပြီး ပြန်မဖြေချေ။ ထိုအခါတွင် သူ၏အနောက်တွင်ရပ်နေသည့် လီနာက သူ့အစားပြန်ဖြေပေးလိုက်သည်။
“သခင်က ထျန်ကလန်၊ လက်ရှိမျိုးဆက်ရဲ့ အရိပ်နတ်ဆိုးဖြစ်သူ ထျန်ရှင်းလုပဲ။ အခုမှ အသက် ၁၅ နှစ်တည်းဆိုပေမဲ့ သေမျိုးတန်ခိုးရှင်တွေနဲ့တန်းတူတိုက်ခိုက်နိုင်သလို လူငယ်မျိုးဆက်ရဲ့ အကြွင်းမဲ့ အဆင့် ၁ ဖြစ်တယ်။”
လီနာက သူမ၏သခင်အကြောင်းအား ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ သူမ၏မျက်နှာအထက်တွင်လည်း ဝံကြွားမှုတို့ဖြင့် ပြည့်နှက်နေကာ သူမက သူမ၏ဖောင်းကားနေသော ရင်ဘတ်အားကော့ထားလေ၏။
သူမ၏အနောက်မှ အရိပ်လုပ်ကြံသူ ၂ ယောက်ပင် သူမတို့ ရင်ဘတ်များအား ဂုဏ်ယူဝံကြွားစွဖြင့် ကော့ထားကြသည်။
တောင်တန်းဘုရင်သည်တော့ မျက်မှောင်ပိုလို့ပင် ကြုတ်သွားရသည်။
“ထျန်ကလန်ရဲ့ အရိပ်နတ်ဆိုးဆိုတော့ အဲဒီသူပေါ့။” သူက စိတ်မချမ်းသာစွာဖြင့် ရေရွတ်လိုက်သည်။ ထျန်ရှင်းလုသည် ကျင့်ကြံခြင်းလောကတွင် အလွန်နာမည်ကြီးလေ၏။
သို့သော် ကောင်းသတင်းကြောင့်မဟုတ်ချေ။ ထိုအစားဆန့်ကျင်ဘက်ဖြစ်သည်။ ထျန်ရှင်းလု၏ ဂုဏ်သတင်းသည် အလွန်ဆိုးရွားလှသည်။
လတ်တလောမှာပင် ရွှေနဂါးနိုင်ငံအထဲသို့ဝင်ရောက်ပြီ သေမျိုးမြို့ကြီးတစ်ခုမြို့အား ရစရာမရှိအောင်ဖျက်စီးပြစ်ခဲ့သူမှာ သူဖြစ်ကြောင်း သတင်းတွေထွက်နေလေသည်။
သူ၏အတိတ်က ဂုဏ်သတင်းများသည်လည်း အလွန်ဆိုးရွားလှသည်။ သူအသက် ၁၂ နှစ်တွင် ရွှေနဂါးနိုင်ငံမှ တော်ဝင်ပြိုင်ပွဲကျင်းပရာသို့ ဖိတ်စာမရပဲ တစ်ယောက်တည်သွားရောက်ခဲ့သည်။
ထိုအချိန်တုန်းက ပြိုင်ပွဲသည် ဖိုင်နယ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ ထျန်ရှင်းလုသည်တော့ ၂ ယောက်လုံးအား ပေါ်တင်ပဲ စိန်ခေါ်ခဲ့ကာ အိမ်ရှေ့စံမင်းသား၏ ပြိုင်ဘက်အား လည်ပင်းဖြတ်၍ အိမ်ရှေ့စံမင်းသား၏ ရင်ဘတ်ကိုလည်း အပေါက်ကြီးဖြစ်သည်အထိ ထိုးဖောက်ခဲ့သေးသည်။
ထိုနေရာတွင် အလွန်အဆင့်မြင့်သော ဆေးဆရာများ နှင့် သမားတော်များရှိနေသောကြောင့်သာ သူတို့ ၂ ယောက်က မသေခဲ့ချင်းဖြစ်လေသည်။
ဤသည်မှာ ထျန်ရှင်းလု၏ အနံဆိုးထွက်နေသော ဂုဏ်သတင်း၏အပေါ်ယံရေခဲတောင်ထိပ်ဖြားလေးသာဖြစ်ပြီး အတွင်းထဲတွင် သာ၍ပင်ဆိုးဝါးသော အရာများစွာရှိသေးသည်။
တောင်တန်းဘုရင်က မျက်မှောင်ကြီးကြုတ်ပြီး အတွေးဝင်နေချိန်တွင် လင်းရှောင်ကလည်း အခွင့်အရေးကိုအမိအရယူရန် အသင့်ပြင်ထား၏။
သို့သော် ယခုမဟုတ်သေးချေ။ တောင်တန်းဘုရင်သည် သတိလက်လွတ်ဖြစ်နေသည့်ပုံရသော်လည်း ထိုသို့မဟုတ်ကြောင်း လင်းရှောင် ကောင်းကောင်းသိသည်။
သူသာ ယခုအချိန်တွင် လှုပ်ရှားလိုက်လျှင် ကျိန်းသေပေါက် သူသာလျှင် အသက်ထွက်သွားလိပ်မည်ဖြစ်သည်။
တောင်တန်းဘုရင်အား မြေခွေးအိုကြီးဟုသမုတ်ရလျှင် လင်းရှောင်ကိုတော့ မသေမျိုးမြေခွေးဟူ၍ ပြောရပေမည်။
တစ်ချိန်တည်းတွင် ဒေါသအကြီးအကျယ်ထွက်နေသည့် ထျန်ရှင်းလုက နီရဲနေသောမျက်နှာကြီးဖြင့်ထပ်မံ၍အော်ဟစ်ကာ ဆဲဆိုလိုက်သည်။
“သောက်ကျွန်စုတ်။ မင်းက ငါဘယ်သူလဲဆိုတာကို သိပြီးတာတောင်မှ အဲ့မှာရပ်နေရဲသေးတယ်ပေါ့။ အခုချက်ချင်းဒီကိုလာပြီး ငါ့ရှေ့မှာ ဒူးလာထောက်စမ်း။ မဟုတ်ရင် အဲ့ဒီအကျိုးဆက်ကို မင်းကောင်းကောင်းကြီး ခံစားသွားရမယ်။”
သူကပြောနေရင်းမှာပင် တောင်တန်းဘုရင်အား လက်ညိုးထိုးထားရင်း အားရပါးရပြောနေသောကြောင့် တံတွေးများပင်ထွက်လာသည်။
တောင်တန်းဘုရင်ခမျာ ဆွံ့အသွားရသည်။ သူ၏ နှစ် ၅၀၀၀ ဟူသော သက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော လူမျိုးကိုတစ်ခါမှ မတွေ့ခဲ့ဖူးချေ။
တောင်တန်းဘုရင်၏ သစ်အခေါက်လိုရွံ့တွနေသည့် နဖူးပြောင်ကြီးတွင် အစိမ်းရောင်သွေးကြောကြီးများထင်းလာလေသည်။
“ဟမ့်...ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။ ကောင်လေး။ မင်းရဲ့ထျန်ကလန်က အင်အားကြီးတယ်ဆိုတိုင်း ငါမြင့်မြတ်တဲ့ တောင်တန်းဘုရင်ကို ဒီလိုစကားလာပြောနိုင်မယ်ထင်နေသလား။”
“မင်းမပြောနဲ့ မင်းအဖေတောင် ငါ့ကိုဒီလိုပုံစံမျိုးနဲ့ စကားလာပြောရဲမှာ မဟုတ်....။”
တောင်တန်းဘုရင်တစ်ယောက် စကားပြော၍ မပြီးသေးခင်မှာပင် ထျန်ရှင်းလုက မြေပြင်ပေါ်ခြေဆောင့်လိုက်လေပြီး ကန်ထွက်လိုက်သည်။
“ဒုန်းးး။”
ချက်ချင်းပဲ မြေပြင်မှ ၅ မီတာပတ်လည်အက်ကွဲကြောင်းကြီးများ နှင့် အတူ ထျန်ရှင်းလုက ဖြတ်ခနဲ တောင်တန်းဘုရင်၏အရှေ့သို့ရောက်လာလေပြီး ထိုးချလိုက်သည်။
“ဝုန်းးး။”
“သောက်ကလေး။” တောင်တန်းဘုရင်က နှာမှုတ်လိုက်လေပြီး အောက်သို့အနည်းငယ်တိမ်းစောင်းလိုက်သည်။ ထိုအခါ ထျန်ရှင်းလု၏ လက်သီးသည် မီလီမီတာအနည်းငယ်မျှသာ အလိုဖြင့်လွဲချော်သွားလေသည်။
သူ၏လက်သီးသည် တောင်တန်းဘုရင်၏ဆံပင်ဖြူများကိုပင် ထိမိသွားသည်ကို ထျန်ရှင်းလု ခံစားလိုက်မိသည်။
ထိုအချိန်တွင်ပင် ထျန်ရှင်းလု၏တိုက်ခိုက်ချက်အား ရှောင်လိုက်နိုင်သည့် တောင်တန်းဘုရင်က တန်ပြန်တိုက်ခိုက်ချက်အား ထုတ်ဖော်လိုက်သည်။
သူ၏ညာလက်မှာ ဒါဏ်ရာရနေဆဲဖြစ်သောကြောင့် တောင်တန်းဘုရင်က ထျန်ရှင်းလု၏ရင်အုပ်သို့ သူ၏ညာဘက်ခြေထောက်ဖြင့်သာဆောင့်ကန်ပစ်လိုက်သည်။
သူထျန်ရှင်းလုအား မသတ်ရဲသော်လည်း သင်ခန်းစာမပေးရဲတော့မဟုတ်ချေ။
သူ၏ကန်ချက်သည် သာမန်ကန်ချက်တစ်ခုမဟုတ်ပေ။ နှစ်ပေါင်းငါးထောင်ကျော် သက်တမ်းရှိသော တောင်တန်းကြီးတစ်တောင်၏ အနှစ်သာရ၊ ဒေါသနှင့် စွမ်းအင်တို့ စုပေါင်းပါဝင်နေသည့် ကန်ချက်သာဖြစ်သည်။
လေထုသည်ပင် ထိုကန်ချက်၏အရှိန်ကြောင့် အက်ကွဲထွက်သွားသည့် အသံတစ်သံထွက်ပေါ်လာသည်။
“ဖြောင်းးးး”
ထျန်ရှင်းလု၏ မာနတက်နေသော မျက်လုံးများတွင် ကြောက်ရွံ့မှု၊ မယုံနိုင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ အရာအားလုံးသည် သူ၏အမြင်အာရုံထဲတွင် အနှေးပြကွက်များအဖြစ် ပြောင်းလဲသွား၏။
တောင်တန်းဘုရင်၏ ခြေဖဝါးသည် သူ၏ရင်ဘတ်နှင့်ထိတွေ့မိသည့်အခိုက်အတန့်တွင် သူ၏ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက်တွင်တော့ ငရဲမီးကဲ့သို့ ပူလောင်ပြီး မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာလှိုင်းလုံးကြီးက သူ၏တစ်ကိုယ်လုံးကို ဝါးမြိုသွားသည်။
“ခရက်၊ ကြွပ်...”
သူ၏ရင်အုပ်တစ်ခုလုံး ပြားချပ်သွားသလို ခံစားလိုက်ရသည်။ အတွင်းမှ နံရိုးများ တစ်ချောင်းပြီးတစ်ချောင်း ကြေမွသွားသည့် ကြောက်မက်ဖွယ်အသံကို သူ၏နားထဲတွင် ဆူညံစွာကြားလိုက်ရသည်။
သူ၏အဆုတ်ထဲမှ လေများအားလုံးတစ်စက်မကျန် အပြင်သို့စုပ်ထုတ်ခံလိုက်ရပြီး အသက်ရှူရန်ပင်မေ့လျော့သွားသည်။
ထျန်ရှင်းလု၏ ကိုယ်ခန္ဓာသည် အမြောက်ဆံတစ်တောင့်ကဲ့သို့ အရှိန်ပြင်းစွာဖြင့် နောက်သို့လွင့်စင်ထွက်သွားသည်။
သူ၏ပါးစပ်မှ သွေးနီရဲရဲများက မြူမှုန်များအဖြစ် ပန်းထွက်လာကာ လေထဲတွင် လှပသောသွေးလမ်းကြောင်းတစ်ခုကို ချန်ထားခဲ့သည်။
သူ၏ကိုယ်ခန္ဓာသည် စုတ်ပြတ်နေသော စွန်တစ်ကောင်ကဲ့သို့ အထိန်းအကွပ်မဲ့စွာဖြင့် လေထဲတွင် ဝဲပျံနေသည်။
“ဒုန်းးးး”
မီတာ ၃၀၀ ခန့်အကွာရှိ ကျောက်နံရံကြီးတစ်ခုနှင့် မီးကုန်ယမ်းကုန်ဝင်ဆောင့်မိကာ ဒုတိယအကြိမ်မြောက် အရိုးကျိုးသံများ ထွက်ပေါ်လာပြန်သည်။
ထိုအားပြင်းသော ဆောင့်တိုက်မှုကြောင့် မာကျောလှသော ကျောက်နံရံကြီးတွင် ပင်ကူမျှင်ပုံစံအက်ရာများပင် ပေါ်ပေါက်လာသည်။
ကျောက်နံရံမှတစ်ဆင့် မြေပြင်ပေါ်သို့ ပုံ့ပုံ့လေးပြုတ်ကျလာသော သူ၏ပုံစံမှာ အသက်ရှိသည်ဟုပင် မထင်ရ။ သူ၏ရင်အုပ်မှာ သိသိသာသာ ချိုင့်ဝင်နေပြီး ပါးစပ်မှ သွေးများက ရေတံခွန်ငယ်လေးတစ်ခုအလား မရပ်မနားစီးကျနေသည်။
သူ၏မျက်လုံးများမှာ ပြူးကျယ်နေပြီး ထိုထဲတွင် နာကျင်မှုနှင့်အတူ သူ၏မာနတို့ ကြေမွသွားသည့်အရိပ်အယောင်များကိုပါ တွေ့မြင်နိုင်သည်။
သူသည် တစ်စုံတစ်ခုကို ပြောရန်ကြိုးစားသော်လည်း စကားလုံးများအစား သွေးခဲများနှင့်အတူ “ဂလု...ဂလု” ဟူသော အသံသာထွက်ပေါ်လာတော့သည်။
တောင်တန်းဘုရင်တစ်ယောက် ထျန်ရှင်းလုအား တိုက်ခိုက်လိုက်သည် နှင့် ကြိုတင်အသင့်ပြင်ထားသော လင်းရှောင်ကလည်း စတင်ပြီး လှုပ်ရှားလိုက်သည်။
သူကအံမခန်းအမြန်နှုန်းဖြင့် ထျန်ရှင်းလုအား ယခုမှကန်လိုက်သည့် တောင်တန်းဘုရင်၏ လည်မျိုသို့ ဓားလက်ဝါးဖြင့်ထိုးချပစ်လိုက်သည်။
ဓားလက်ဝါးကို ဓားတာအိုဖြင့်အားပြုထားသလို အနက်ရောင်အရည်များကလည်းဖုံးလွှမ်းနေလေပြီး နောက်ကျန်ပုံရိပ်များပင်ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းတွင် တောင်တန်းဘုရင်၏ အိုမင်းနေသော နှုတ်ခမ်းထောင့်တို့က တွန့်ကွေးသွားလေ၏။ ယခုအချိန်အထိ ဖြစ်ပျက်နေသည်များမှာ သူ၏အစီအစဉ်အောက်တွင်သာရှိနေသည်။
မြေခွေးအိုကြီးတစ်ကောင်ဟု ဆိုသည့်အတိုင်းပင်။ လင်းရှောင်မရောက်လာခင်ကတည်းက သူကကြိုတင်ပြင်ဆင်ထားခဲ့သည်ဖြစ်သောကြောင့် ချက်ချင်းပဲ ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအင်များက သူ၏အာခေါင်သို့လာရောက်ကာ စုစည်းလာသည်။
ပြီးနောက်တွင် အလွန်ထက်ရှသော လေဓားအချွန်ကြီးတစ်ခုသည် သူ၏အာသီးအရှေ့တွင်ဖြစ်ပေါ်လာ၏။
“ဖူးးးး”
သူကလေဓားအချွန်ကြီးအား လင်းရှောင်၏ ဦးခေါင်းသို့ မှုတ်ထုတ်လိုက်လေပြီး တစ်ပြိုင်နက်ထဲတွင် လင်းရှောင်၏ ဓားလက်ဝါးသည်လည်း သူ၏လည်မျိုထံသို့ ဦးတည်လာနေသည်။
လင်းရှောင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ ဓားလက်ဝါးသည် တောင်တန်းဘုရင်၏ လည်မျိုနှင့် လက်မအနည်းငယ်သာ ကွာတော့သည်။ သူ၏ မျက်နှာတွင် အောင်နိုင်သူတစ်ယောက်၏ အပြုံးတစ်ခု ပေါ်ပေါက်လာခါနီးဆဲဆဲမှာပင်...။
သူ၏ အာရုံထဲသို့ အန္တရာယ်အချက်ပေးခေါင်းလောင်းသံများက အဆက်မပြတ် မြည်ဟည်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မြင်ကွင်းထဲသို့ အစိမ်းရောင်အလင်းတန်းတစ်ခုက တိုးဝင်လာသည်။
သူ့မှာတွေးချိန်ပင်မရလိုက်။ ထိုအရာသည် မြင်နိုင်ရန်ပင်ခက်ခဲလောက်အောင် မြန်ဆန်လွန်းလှသည်။ အရာအားလုံးသည် သူ၏ မျက်လုံးထဲတွင် ရပ်တန့်သွားသလိုဖြစ်ကာ အဆိုပါ လေဓားအချွန်ကြီးက သူ၏ နဖူးတည့်တည့်ကို ထိမှန်လာသည်ကိုသာ အနှေးပြကွက်ကဲ့သို့ မြင်နေရသည်။
“ခွပ်”
ပထမဆုံးထွက်ပေါ်လာသည်က မာကျောသော အရာနှစ်ခု ထိခတ်မိသည့်အသံဖြစ်သည်။ ထို့နောက်တွင်တော့...။
“ဘန်းးး”
ဖရဲသီးတစ်လုံးအား သံတူကြီးဖြင့် အားကုန်ထုလိုက်သည့်နှယ် လင်းရှောင်၏ ဦးခေါင်းတစ်ခုလုံး ပွင့်ကြဲထွက်သွားတော့သည်။
ဦးနှောက်ဖြူဖြူများ၊ သွေးနီနီများနှင့် အရိုးခေါင်းကွဲစများက ပတ်ဝန်းကျင်သို့ လွင့်စဉ်သွားကာ သွေးမိုးများ ရွာချလိုက်သလိုပင်။
သူ၏မျက်လုံးများထဲမှ အောင်နိုင်လိုစိတ်များအစား ထိတ်လန့်တုန်လှုပ်မှုနှင့် နားမလည်နိုင်မှုတို့က နောက်ဆုံးထွက်သက်အဖြစ် ကျန်ရစ်ခဲ့သည်။
သူ၏ ခေါင်းမရှိတော့သော ခန္ဓာကိုယ်သည် ရှေ့သို့ တဟုန်ထိုးပြေးဝင်လာရင်းမှ အရှိန်မထိန်းနိုင်ဘဲ တောင်တန်းဘုရင်၏ ရှေ့မှောက်တွင် ဒူးထောက်ကျသွားသည်။
ထိုအချိန်တွင်မှ လင်းရှောင်၏ ဓားလက်ဝါးသည် တောင်တန်းဘုရင်၏ လည်မျိုကို လေထဲတွင်သာ “ရှပ်” ခနဲ ဖြတ်သန်းသွားသည်။
အိုမင်းရင့်ရော်နေပြီဖြစ်သော တောင်တန်းဘုရင်သည် လူငယ်တစ်ယောက်၏ လျင်မြန်ဖျတ်လတ်မှုမျိုးဖြင့် နောက်သို့ အံ့မခန်းတိမ်းရှောင်လိုက်နိုင်သောကြောင့် သူ၏လည်ပင်းမှ အဝတ်စအချို့သာ စုတ်ပြတ်သွားခဲ့သည်။
လင်းရှောင်၏ ခေါင်းပြတ်ကြီးမှ သွေးများက ရေပန်းကဲ့သို့ ပန်းထွက်နေပြီး သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ “ဒုတ်” ခနဲ အသံနှင့်အတူ ပုံလျက်သားကျသွားတော့သည်။
“မင်းငယ်ပါသေးတယ် ကောင်လေးရာ။”
တောင်တန်းဘုရင်က သူ၏လည်ပင်းမှ စုတ်ပြတ်သွားသော အဝတ်စကို လက်ဖြင့်ဖယ်ရှားရင်း အေးစက်စွာ ရေရွတ်လိုက်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း ( ၂၂၃ - ၂၂၆) ပြီး။