← Chapters

အပြာရောင်နေမင်း

Vol. 89 Ch. 1242

အပြာရောင်နေမင်း

Vol. 89 Ch. 1242

တာအိုနယ်ပယ်ကျင့်ကြံသူ၏ အသက်စွမ်းအားကျေးဇူးကြောင့် လောဘပူးကပ်ထားသော မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ရုတ်တရက် စူးစူးရှရှ တောက်တောက်ပပ အရောင်အဝါတို့ သူ့နဖူးမှ ဖြာထွက်စပြုလာသည်။ စတုတ္ထနိဗ္ဗာနသစ်သီးမှာ အပြည့်အဝစုပ်ယူမခံရသေးသော်လည်း ထိုဖြစ်စဉ်အတွင်း မှတ်တမ်းတင်ထိုက်သော မှတ်တိုင်တစ်ခုကို ရောက်ရှိသွားခဲ့ပုံပေါ်သည်။

စတုတ္ထနိဗ္ဗာနသစ်သီးသည် အသက်စွမ်းအားကို စုပ်ယူရင်း လည်ပတ်လာသဖြင့် တဝုန်းဝုန်းမြည်သံများ ကြားရနိုင်သည်။ ထို့နောက် တတိယနိဗ္ဗာနသစ်သီး၊ ဒုတိယနိဗ္ဗာနသစ်သီးနှင့် နောက်ဆုံးပထမနိဗ္ဗာနသစ်သီးတို့သည် တစ်ပြိုင်တည်း လည်လာကြကာ ရှေးဆန်းသောအရှိန်အဝါတစ်ခုအား မန်ဟို့ထံ ထွက်ပေါ်လာစေ၏။ ထိုကြောက်ခမန်းလိလိအရှိန်အဝါ၏ ထွက်ပေါ်လာမှုက သင်္ချိုင်းဗိမာန်တစ်ခုလုံးကို တသိမ့်သိမ့် တုန်ခါလာစေသည်။

ထိုအရှိန်အဝါက လောဘ၏အပိုင်မဟုတ်.... စတုတ္ထနိဗ္ဗာနသစ်သီး၏ အရှိန်အဝါပင်။

သစ်သီးများ လည်ပတ်၍ အရှိန်အဝါ ဖြာထွက်သွားစဉ် လောကပါလတာအိုအင်မော်တယ်တန်ခိုးလည်း အရှိန်အဟုန်ဖြင့် လည်ပတ်လာသည်။ တစတစ ရှေးဟောင်းနယ်ပယ်၏လှိုင်းဂယက်များသည် မန်ဟို့ထံမှ ဖြာထွက်စပြုလာခဲ့လေပြီ။

သူ့သွေးဆက်ထဲတွင် ငုပ်လျှိုးနေခဲ့ဟန်တူသည့် မရေမတွက်နိုင်သော သင်္ကေတများ သူ၏အရေပြားအနှံ့အပြားတွင် ပေါ်လာသည်။ ယခုတွင် ၎င်းတို့က သူ့ကို လွှမ်းခြုံရင်း ရှေးဆန်ထူးကဲသောအရှိန်အဝါတစ်ခုကို ထွက်လာစေ၏။

လောဘမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေတော့သည်။

“တန်တယ်ဟ။ ဒီခန္ဓာကိုယ်က တကယ့်ရတနာအကြီးကြီး။ ဒီလိုခန္ဓာကိုယ်မျိုးနဲ့ဆို ငါ မိုးနင်းခြေအဆင့်ကို တက်လှမ်းဖို့ ယုံကြည်ချက်အပြည့်ရှိတယ်

“ငါ ဒီတာအိုသစ်သီးကို အပြည့်အဝကို မစုပ်ယူသေးပေမယ့် စုပ်ယူနိုင်ဖို့ မကြာတော့ပါဘူး

“တာအိုနယ်ပယ်နဲ့ ယှဉ်နိုင်တဲ့ အပြင်အားကိုယ် ၊ အရင်ထက်တောင် အစွမ်းပိုထက်နေတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ... ဒီခန္ဓာကိုယ်ဟာ ထူးခြားပြောင်မြောက်လာဖို့ သိပ်မကြာတော့ဘူး” လောဘသည် အသက်ဝဝရှူသွင်းလိုက်၏။ လောလောဆယ်တွင် သူ့၌ အသက်စွမ်းအားသုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့လေသည်။ သို့သော် သူ့အတွက်တော့ တန်သည်။

“ဒီတံတား၊ ဒီထူးခြားတဲ့သွေးဆက်၊ သန်မာတဲ့အပြင်အားကိုယ်နဲ့ အဆုံးမဲ့အလားအလာတွေနဲ့ ကျင့်ကြံခြင်းအခြေခံ။ ဒီခန္ဓာကိုယ်က သေချာပေါက် တန်တယ်” လောဘက နှုတ်ခမ်းပါးနားသပ်ပြီးနောက် ခေါင်းနောက်လှန်၍ ရယ်လိုက်သည်။

“ငါ ဒီကထွက်တာနဲ့ အစွမ်းပိုထက်လာအောင် လုပ်ဖို့ နတ်ဘုရားသွေးတချို့ သွားရှာမယ်။ ပြီးရင် အတိတ်တုန်းက ငါ့ကို လှောင်ခဲ့တဲ့လူတိုင်း ... လောဘပြန်လာပြီဆိုတာ သိသွားစေရမယ်” လောဘသည် ရယ်နေပြီး သူ ထိုသို့ရယ်နေစဉ် တွေးလိုက်တိုင်း သူ့အား မကျေမချမ်းဖြစ်မိစေသော အဖြူရောင်ဝတ်ရုံနှင့်ပုံရိပ်တစ်ခုသည် သူ့စိတ်ထဲတွင် ပေါ်လာ၏။

“ငါ မိုးနင်းခြေအဆင့် ရောက်မှာကို စောင့်နေလိုက်” လောဘက တက်တက်ကြွကြွဖြင့် သင်္ချိုင်းဂူတစ်လျှောက် တဟုန်ထိုး ပျံသန်းရင်း သူ၏နတ်ဘုရားအာရုံအား ရွှမ်တောက်စစ်ကို ရှာစေလိုက်သည်။

သင်္ချိုင်း၏ အခြားအပိုင်းရှိ စင်္ကြံတစ်ခုတွင် ရွှမ်တောက်စစ်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေပြီး ရင်လေးနေသည်။ သူ့မှာ သူ့စိတ်ထဲ တထင့်ထင့်ဖြစ်နေသော အခိုးအငွေ့များကို ခံစားနေရလေသည်။ သူက တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်ရင်း သူ၏နတ်ဘုရားအာရုံကို သင်္ချိုင်း၏အလယ်တည့်တည့်ရှိ အောက်မေ့ရာခန်းမတစ်ခုသို့ ပို့လွှတ်ကာ အရှိန်တင်လိုက်၏။

ယခုတွင် သင်္ချိုင်းထဲ အဆွဲသွင်းခံခဲ့ရသော ကျင့်ကြံသူကိုးဆယ်ရာခိုင်နှုန်းနီးပါး သေကုန်ကြလေပြီ။ အများစုက လောဘ၏ လက်ချက်ကြောင့် ဖြစ်သည်။ တချို့မှာ အထဲမရောက်ခင်ကတည်းက ဒဏ်ရာရထားခဲ့၍ သင်္ချိုင်းထဲရှိ သေခြင်းအရှိန်အဝါ၏ ကူးစက်ခြင်းခံလိုက်ရသည့်အခါ သေမင်းခံတွင်းဝသို့ ရောက်နေကြလေပြီ။

မန်ချိန်သည် ထိုလူများအထဲ ပါဝင်၏။ လက်ရှိအချိန်တွင် သူ့မှာ ငေးကြောင်နေသောအမူအရာဖြင့် ဖုန်တောထဲ၌ လဲနေပြီး အမြင်တို့ဝေဝါးလာနေသည်။ သေခြင်းအခိုးအငွေ့များက သူ၏အသည်းကလီစာများကို ဖြည်းဖြည်းချင်း ပုပ်သိုးလာစေသည့်အတွက် သူ့အရှိန်အဝါသည် အားနည်းနေပြီး သူ့အသားအရေမှာလည်း ဖြူဖျော့နေသည်။ ရံဖန်ရံခါ သွေးမည်းမည်းများက သူ့နှုတ်ခမ်းမှ စီးကျလာတတ်သည်။

သူ့အသားများပင်လျှင် ပုပ်စပြုနေလေပြီ။ ယခုတွင် တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို ကယ်တင်နိုင်တော့မည်မဟုတ်။ အကြောင်းရင်းက သူ၏ဝိညာဉ်မှာ ပြိုကွဲနေပြီဖြစ်၍ပင်။ သေခြင်းအခိုးအငွေ့များသည် သူ့ဝိညာဉ်ကို တဖြေးဖြေး တိုက်စားနေပြီး ၎င်းပြိုကွဲနေသည်နှင့်အမျှ သူလည်း သေမင်းခံတွင်းဝထဲ တရွေ့ရွေ့ သက်ဆင်းနေတော့သည်။

သူ့မှာ သေရတော့မည်ဖြစ်သော်လည်း ၎င်းက သူ၏ဆန္ဒမဟုတ်ပေ။ သူ လုပ်ချင်သည့်အရာများစွာ ကျန်သေးသည်။ သူသည် သူ့သွေးဆက်တွင် အပြင်လောကကြီးသို့ ထွက်သွားခွင့်ရသည့် တစ်ယောက်တည်းသောလူဖြစ်၍ မြင့်မားသောရည်မှန်းချက်များ ရှိလေသည်။ သူ၏သွေးဆက်များ ခေါင်းပြန်မော့လာနိုင်အောင် သူ လုပ်ပေးချင်သည်။ သူ၏သွေးဆက် ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ရရှိအောင် သူ စွမ်းဆောင်ပေးချင်သည်။

ယခုတော့ ... သူ့တွင် နောင်တများသာ ကျန်ရှိတော့၏။

သူ့နှုတ်ခမ်းက တုန်ရီစွာဖြင့် တိုးတိုးကလေး ရေရွတ်လိုက်သည်။ “အဖေ.. အမေ... သားက အသုံးမကျပါဘူး....”

သူ့အတွေးများမှာ အတော်လေးနောက်ကျိနေပြီး ယခုအချိန်တွင် သူ၏သွေးဆက်များနှင့် သူတို့နေထိုင်ခဲ့ရသည့် ခက်ခဲသောဘဝများကို သူ ပြန်မြင်ယောင်နေမိသည်။

သူ အများကြီးတွေးနေမိသည်။ သူ့တွင် ကျင့်ကြံအားထုတ်နိုင်သည့် ပါရမီပါကြောင်း သိလိုက်ရတုန်းက လူတိုင်း မည်မျှစိတ်လှုပ်ရှားခဲ့ကြပုံ... သူ ငယ်ငယ်တုန်းက ကျိန်ဆိုခဲ့ရသည့် ကတိသစ္စာများအကြောင်း.... သူ ဘိုးဘေးမြေများမှ ထွက်ခွာခဲ့ရသည့် ပထမဆုံးအကြိမ် အစရှိသောအရာများ သူ့ခေါင်းထဲတွင် ပေါ်လာသည်။ ထိုကုန်သွယ်သင်္ဘောအပေါ် ခြေချ၍ သခင်လေးဒဲ့ထံမှ အမိန့်များကို နာခံခဲ့ရသောအခါ သူသည် သူ၏သွေးဆက်အတွက်၊ သူ၏ရည်မှန်းချက်များအတွက် မည်သည့်အဖိုးအခကိုမဆို လိုလိုလားလားပေးဆပ်ရင်း အံကြိတ်လိုက်နာခဲ့၏။

သို့သော် ယခုတော့ အရှက်အခွဲခံခဲ့ရမှုအားလုံး... သူ၏ရည်မှန်းချက်အားလုံး ... သဲထဲရေသွန်ဖြစ်ရလေပြီ။

“ငါ သေသွားရင်” မန်ချိန်က တစ်ယောက်တည်း တိုးညင်းစွာ ပြောနေသည်။ “ငါ့ညီလေးတွေ၊ ညီမလေးတွေ ဘာဖြစ်သွားမလဲ။ ငါ့အမျိုးတွေအားလုံး ဘာလုပ်ကြလိမ့်မလဲ....” မန်ချိန်၏အမြင်အာရုံမှာ တစတစ ဝေဝါးလာသည်။ သူ၏အသားအများစု ပုပ်သိုးသွားခဲ့ပြီဖြစ်ပြီး အသွေးအသားများစွာမှာ မြေကြီးထဲ စုပ်ယူခံနေရလေသည်။

သူ၏လက်ရှိနေရာသည် လောဘပူးကပ်ထားသောမန်ဟို ရွှမ်တောက်စစ်နောက်လိုက်နေသော နေရာမှ သိပ်မကွာပေ။

အသက်ဆယ်ရှိုက်ကြာသော် လောဘသည် ရွှမ်တောက်စစ်နှင့် နီးသထက်နီးလာ၏။ တစ်နေရာရောက်သော် ဘေးအခန်းတစ်ခန်းအရှေ့တွင် လောဘက တုံ့ခနဲ ရပ်ပြီး အထဲကို ကြည့်လိုက်သည်။ သူ ရှိရာသို့ လာနေသည်ကား သူ့ကို ဝမ်းသာနေသောအမူအရာဖြင့် ကြည့်နေသော ဟန်ချင်းလဲ့ဖြစ်သည်။

“ဟေ့ မန်ဟို” မန်ဟို့ကို မြင်လျှင်ချင်း ဟန်ချင်းလဲ့၏ စိုးထိတ်မှုတို့ လျော့နည်းသွားသည်။ သူက အပြေးအလွှားသွားလိုက်သော်လည်း ခြေသုံးလှမ်းလေးလှမ်းသာ လှမ်းရသေးသည်၊ မျက်လုံးများ မှေးကျဉ်းလျက် တုံ့ခနဲ ရပ်လိုက်၏။

“မန်ဟို ဘာဖြစ်ထားတာလဲ” တစ်ခုခုမူမမှန်သည်ကို ဟန်ချင်းလဲ့ ခံစားနေရလေသည်။ မန်ဟို့မျက်ဝန်းများတွင် သူ သိထားသည့် မန်ဟိုနှင့် တခြားစီဖြစ်နေသော သွေးအေးရက်စက်မှုနှင့် ရှေးဆန်မှုတို့ ရှိနေသည်။

ဤမန်ဟိုနှင့် သူ သိထားသည့် မန်ဟိုသည် ပွားထားသလို တူသည့်အပြင် အရှိန်အဝါများလည်း ထပ်တူကျသော်လည်း မျက်လုံးအကြည့်က ဟန်ချင်းလဲ့ကို ချက်ချင်း နောက်ဆုတ်မိလိုက်စေသည်။

လောဘပူးကပ်ထားသော မန်ဟိုက ဟန်ချင်းလဲ့ကို အထက်အောက်ကြည့်ပြီးနောက် ရက်စက်စွာ ပြုံးလိုက်၏။ "ထူးခြားတဲ့ အပြင်အားကိုယ်နောက်တစ်ကိုယ် ဒီနေရာမှာ ရှိနေတာ ယုံတောင်မယုံနိုင်ဘူး....

“ဒါမဲ့ ငါကပ်ထားတဲ့ ဒီကိုယ်လောက်တော့ မကောင်းဘူး။ ဒါပေမဲ့ စုပ်ယူနိုင်တဲ့ အသက်စွမ်းအားတွေ ပြည့်နေတော့ အလကားမဖြစ်တော့ဘူးပေါ့” လောဘက ကောက်ကျစ်စွာ ပြုံးရင်း ဟန်ချင်းလဲ့ထံ ပြေးဝင်သွားသည်။

ဟန်ချင်းလဲ့၏မျက်နှာ ပျက်သွားသည်။ သူသည် ဉာဏ်ထက်သော လူတစ်ယောက်ဖြစ်၍ သံသယဝင်စရာ သဲလွန်စများကို ချက်ချင်းတွေ့ရှိသွား၏။ ထို့နောက် လောဘစကားကို ကြားသည့်အခါ သူ ဖြစ်ကြောင်းကုန်စင် နားလည်လိုက်တော့သည်။

“ပူးကပ်ခြင်း” သူက လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်၍ အစိမ်းရောင်ဒယ်အိုးတစ်လုံးကို ဖန်ဆင်းရင် ချက်ချင်း နောက်ဆုတ်လိုက်သည်။ လောဘသည် ကောက်ကျစ်စွာ ဆက်ပြုံးနေပြီး သူ့လက်က ဟန်ချင်းလဲ့ကို ဖမ်းရန် ဝါးတားတားမီးခိုးရောင်အတန်းသဖွယ် ထွက်သွား၏။

ဟန်ချင်းလဲ့မှာ ကူကယ်ရာမဲ့နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်အရ လောဘအတွက် ပြိုင်ဘက်မဟုတ်ပေ။

သို့သော် လောဘ၏လက် ဝါးတားတားမီးခိုးရောင်အတန်းအသွင် ပြောင်း၍ ဟန်ချင်းလဲ့ကို ဖမ်းဆုပ်တော့မည့်အချိန်မှာပင် လက်က လောဘ၏အသိစိတ်ကို လွန်ဆန်နေသည့်အလား ရပ်သွားသည်။

လောဘ၏မျက်နှာပျက်သွားပြီး သူက အံ့ဩမှုနှင့် သံသယတို့ မျက်လုံးများတွင် ထင်ဟပ်နေလျက် သူ့ဘယ်လက်ဖြင့် ညာလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း နောက်ဆုတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဝိညာဉ်အစအနတစ်စမှ မတွေ့ရသဖြင့် သူ့အား ကောက်ချက်တစ်ခုတည်းသာ ချလိုက်မိစေသည်။

“သေစမ်း သူ့ဝိညာဉ်အပိုင်းအစသေးသေးလေးတွေ ကျန်နေသေးတာ ဖြစ်မယ်

“ဒါမဲ့ ခုခံတာက အားနည်းတဲ့အပြင် ဝိညာဉ်အပိုင်းအစတွေက အလိုအလျောက်ပြုမူနေတာဆိုတော့ ကြည့်ရတာ မန်ဟိုနဲ့ ဒီလူ့မှာ မိတ်ဆွေဆက်ဆံရေး ရှိတဲ့ပုံပဲ....”

သူက အေးစက်စက်နှာမှုတ်၍ သူ့ကိုယ်ထဲရှိ ချီနှင့်သွေးအား စတင်လောင်ကျွမ်းစေလိုက်သည်သာမက မိုးကြိုးဒယ်အိုးမှ မိုးကြိုးမီးတချို့ကိုပင် သူ့ကို ဝန်းရံစေပြီး သူ့ကိုယ်သူ အပြင်မှ မီးလောင်တိုက်သွင်းလိုက်သည်။

အသက်ဆယ်ရှိက်ခန့်ကြာသော် မီးတောက်များ လွင့်စင်သွားပြီး လောဘသည် သူ့ချီနှင့်သွေးများအား မီးမြိုက်နေသည်ကို ရပ်လိုက်၏။ စိတ်အေးသွားပြီးနောက်မှ သူက ထွက်ပြေးနေသော ဟန်ချင်းလဲ့ကို လှမ်းကြည့်လိုက်သည်။ သူ လိုက်ဖမ်းရန် ပြင်လိုက်စဉ် စတုတ္ထနိဗ္ဗာနသစ်သီးက ပေါင်းစည်းပြီးမြောက်အောင် လုပ်ဖို့ ဆော်ဩနေသည့်အလား သူ့ကို တွန်းအားပေးနေသည်။

လောဘသည် ချီတုံချတုံဖြစ်နေပြီးနောက် ဟန်ချင်းလဲ့နောက် လိုက်မည့်အကြံကို လက်လျှော့လိုက်၏။ ထိုအစား ရွှမ်တောက်စစ် ရှိရာသို့ ပျံသန်းသွားတော့သည်။

လောလောဆယ်တွင် အရေးအကြီးဆုံးက သူ့နဖူးထဲရှိ တာအိုသစ်သီးနှင့် အပြည့်အဝ ပေါင်းစည်းရန် ဖြစ်ပြီး ရွှမ်တောက်စစ်ကို ဝါးမြိုပြီးလျှင် ၎င်းနှင့်နီးစပ်လာတော့မည်ဖြစ်ကြောင်း သူ ယုံကြည်ချက်ရှိသည်။

ရွှမ်တောက်စစ်နှင့် လောဘတို့ နှစ်ယောက်သား တရိပ်ရိပ်သွားနေကြစဉ် တူညီသောနေရာတစ်နေရာနှင့် နီးကပ်လာကြ၏။

ထိုနေရာကား သင်္ချိုင်းဂူဗိမာန်၏ အလယ်ရှိ ဧရာမခန်းမကြီးမှတစ်ပါး အခြားမဟုတ်ပေ။

သင်္ချိုင်းတွင် များစွာအခန်းငယ်များ ရှိပြီး ၎င်းတို့အားလုံးက အဆိုပါခန်းမကို အလယ်တွင်ထားလျက် ဝိုင်းပတ်တည်ဆောက်ခြင်းခံထားရသည်။ လိုဏ်ဂူများကလည်း ဘေးအခန်းငယ်များကို ဆက်သွယ်ပေးထားလေသည်။ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုလုံးကား မန္တန်ဝင်္ကပါတစ်ခုသဖွယ် ဖြစ်နေ၏။

လောလောဆယ်တွင် ရွှမ်တောက်စစ်သည် လျှပ်စီးသဖွယ် လေကို ခွင်းလာခဲ့ရင်း ဗဟိုခန်းမ၏ ဝင်ပေါက်ဆယ်ပေါက်ကျော်အနက်မှ တစ်ပေါက်ကို ဖြတ်လာခဲ့သည်။

သူ ဝင်လိုက်လျှင်ချင်း သူ့အား တုန်ရီသွားစေသည့် ကြောက်ခမန်းလိလိဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူက အသက်ဝဝရှူ၍ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ရောက်နေသောနေရာကို မြင်လျှင် သူ့သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

ဗဟိုခန်းမတွင် မြေကြီးထဲ ရိုက်ထည့်ခံထားရပုံပေါ်သော ဧရာမကျောက်တိုင်ကြီးကိုးတိုင် ရှိသည်။ ထိုကျောက်တိုင်ကိုးတိုင်၏အလယ်တည့်တည့်တွင် မြေကြီးမှ မြောက်တက်နေသော သလွန်တစ်ခု ရှိသည်။ ထိုသလွန်ပေါ်တွင် မြင်ရသည်ကား .... တင်ပျဉ်ခွေထိုင်နေသာ အပြာရောင်ဝတ်ရုံနှင့်ပုဂ္ဂိုလ်တစ်ဦး။

၎င်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား အဆုံးမဲ့ရှေးအငွေ့အသက်များကို ထုတ်လွှတ်လျက် ပိန်ချုံးခြောက်ကပ်နေသော အလောင်းတစ်လောင်းဖြစ်သည်။ ဤအလောင်းအပေါ်တွင် မည်သည့်အသက်စွမ်းအားကိုမှ မခံစားရပေ။ ၎င်း သေနေခဲ့သည်မှာ ကြာပြီဖြစ်၏။

သို့သော် ... ၎င်း၏နဖူးပေါ်တွင်မူ တင့်တယ်သော အပြာရောင်မီးတောက်တစ်စကို မြင်ရနိုင်သည်။ အဝေးမှကြည့်လျှင် မီးတောက်သည် နေတစ်စင်းနှင့် တူသည်။ ထိုနေထဲတွင် မျက်နှာတစ်ဖက် လွင့်မျောနေ၏။ ထိုမျက်နှာက မျက်လုံးများပိတ်ထားပြီး .... အံ့ဩဖွယ်ကောင်းစွာနှင့် အလောင်း၏မျက်နှာနှင့် ချွတ်စွပ်တူနေသည်။

သံကြိုးများစွာက အလောင်းကို သလွန်နှင့် တွဲ၍ တုပ်နှောင်ထားသည်။ ထိုမျှသာမက အလင်းတန်းကိုးတန်းက အလောင်းကို သန့်စင်နေသည့်အလား မီးတောက်မီးလျှံများဖြင့် တရိပ်ရိပ် လှုပ်ရှားနေသည်။

အလောင်း၏နောက်က နံရံပေါ်တွင် ဆေးရေးပန်းချီတစ်ခု ရှိသည်။ ၎င်းသည် ... အပြာရောင်နေတစ်စင်းကို ရေးဆွဲထား၏။

ထိုအပြာရောင်နေမှာ လွန်စွာအသက်ဝင်လှ၍ ၎င်းကို ကြာကြာစိုက်ကြည့်လျှင် အရှင်လတ်လတ် မီးကင်ခံနေရသလို ခံစားရလိမ့်မည်။

အလင်းတန်းကိုးတန်းပတ်ဝန်းကျင်၊ အလောင်း၏ဘယ်ဘက်ခြမ်းရှိ မြေကြီးပေါ်တွင် ဒိုင်းအသေးစားလေးတစ်ခု ကျနေသည်။ ၎င်းသည်လည်း အပြာရောင်ဖြစ်ပြီး မှိတ်တုတ်မှိတ်တုတ် တောက်ပနေ၏။

အလောင်း၏ညာဘက်ခြမ်းတွင်တော့ ခေါင်းလောင်းတစ်ခု။ ၎င်းက သေးငယ်ပြီး မည်းညစ်နေ၍ သိပ်အထင်ကြီးစရာမကောင်းပေ။ တခြားမှော်ပစ္စည်းများလည်း ဟိုဟိုသည်သည် ပြန့်ကြဲနေသည်။ သို့သော် အချိန်၏တိုက်စားမှုကြောင့် ၎င်းတို့အားလုံး ဆွေးမြည့်နေသောအခြေအနေများတွင် ဖြစ်ကြသည်။ တချို့အား အသုံးပြု၍ရသေးသော်လည်း တစ်ခုမှ တာအိုသခင်ရွှမ်တောက်စစ်၏ အာရုံကို မဖမ်းစားနိုင်ပေ။

သူ့အကြည့်ကို ဖမ်းစားလိုက်သည်က .... အလောင်း၏နဖူးထက်ရှိ အပြာရောင်နေ၊ ဒိုင်းနှင့် ခေါင်းလောင်းပင်။

ဤအခိုက်အတန့်တွင် မန်ဟိုက ထိုဧရိယာသို့ ဗြုန်းခနဲ ဝင်လာတော့သည်။

All Chapters