အခန်း (၂၃၅-၂၄၀)
Vol. 24 Ch. 235-240
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း ( ၂၃၅ - ၂၄၀)
တောင်တန်းဘုရင်က သူ၏ အလွန်တရာ ရက်ရောလှသော ကမ်းလှမ်းချက်ကို လင်းရှောင်က လက်ခံလိမ့်မည်ဟု မျှော်လင့်ထားသည်။
သူ၏အမြင်တွင် လင်းရှောင်သည် မည်မျှပင် ထူးဆန်းနေပါစေ၊ အသက်ငယ်သေးသော လူငယ်တစ်ယောက်သာ ဖြစ်သည်။
ကျော်ကြားမှု၊ အာဏာ၊ အနာဂတ်တို့ဖြင့် မြှူဆွယ်လိုက်လျှင် ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ချေ။
သို့သော် သူ၏မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာပင် လင်းရှောင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များက ပို၍ပင် တောက်လောင်လာသည်ကို သူတွေ့လိုက်ရသည်။
“သောက်ကလေး...” တောင်တန်းဘုရင် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး အသေအကြေတိုက်ခိုက်ရန်စိတ်ပိုင်းဖြတ်လိုက်သည်။
သူ၏မာနတရားသည် ဤအတိုင်းအနောက်သို့ဆုတ်လိုက်ခြင်းကို လက်ခံနိုင်မည်မဟုတ်ချေ။ ဤအခြေအနေသည် ခွန်အား၊ ဗလ နှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်စုံသော ကျားနတ်မင်းကြီးက နွားပေါက်တစ်ကောင်ကြောင့် အနောက်သို့ဆုတ်နေရသလိုမျိုးဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေကာမူ သူသည် အသာစီးရနေပြီဖြစ်ပြီး သတိလက်လွတ်မနေရွေ့တော့ အထိအခိုက်အနည်းငယ်လောက်ဖြင့်ပဲ အနိုင်ပိုင်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။
ထိုအချိန်မှာပင် လင်းရှောင်က စတင်၍လှုပ်ရှားလာသည်။ သူ၏ခြေထောက်များရှိခဲ့သည့် ကျောက်သားမြေပြင်များထံတွင်ဆိုလျှင် ၃ လက်မခန့်နက်သော ခြေနင်းရာများပင်ကျန်ရစ်ခဲ့လေ၏။
“ဝုန်းးးး” သူ၏အမြန်နှုန်းက အသံထက်ပင်ပို၍မြန်ဆန်သွားသောအခါတွင် နားကွဲလောက်သည့် အသံကျယ်ကြီးထွက်ပေါ်လာသည်။
တစ်ချိန်တည်းတွင် အသင့်ပြင့်ထားသည့် တောင်တန်းဘုရင်ကလည်း လင်းရှောင်စတင်လှုပ်ရှားသည် နှင့် သူ၏အထူးစွမ်းရည်လေဓားအား ပါးစပ်ထဲမှ လေမှုတ်သလို မှုတ်ထုတ်လိုက်၏။
“ရှီးးးး” နားကျိန်းလောက်သည်အထိ စူးရှသော အသံကြီးထွက်ပေါ်လာကာ တောင်တန်းဘုရင်၏လေဓားက အသံထက် ၈ ဆနီးပါး မြန်ဆန်သော အရှိန်ဖြင့် လင်းရှောင်ထံသို့ဦးတည်သွားသည်။
ထိုအလျင်နှုန်းမှာ အလွန်ကြောက်စရာကောင်းသည့်အပြင်ကို ဦးတည်ရာသည့် သူထံသို့မျဥ်းကြောင်းအတိုင်းအဖြောင့်ကြီးပြေးဝင်လာနေသည့် လင်းရှောင်အားပြစ်လိုက်ခြင်းဖြစ်သည်။
ထိုကလေးမပြောနှင့် သူကိုယ်တိုင်ပင် ထိုကဲ့သို့အခြေအနေမျိုးတွင် ရှောင်နိုင်မည်မဟုတ်လောက်ချေ။
‘သောက်ကလေး မင်းအမှားလုပ်မိသွားပြီ။’ ဤကဲ့သို့အလွယ်တကူအနိုင်ရလိမ့်မည်ဟု မထင်မှတ်ထားသော တောင်တန်းဘုရင်က ပျော်ရွင်မိသွားလေ၏။
သို့သော် ရုတ်ချည်းအသိပြန်ဝင်လာကာ ပုံရိပ်ယောင်ချိုးဖျက်ခြင်းဂါထာအား ရွတ်ဆိုရန်အသင့်ပြင်လိုက်၏။
ထိုဉာဏ်များသော သောက်ကလေးက ကဲ့သို့သိသာလှသော အမှားမျိုးကိုပြုလုပ်မည်လော။ ဤသည်က ပုံရိပ်ယောင်လော။ သူမည်သည့်အချိန်တုန်းက ပုံရိပ်ယောင်ထဲသို့ ကျရောက်သွားသနည်း။
အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည် နှင့် အညီ သူသည် အလွန်တိုတောင်းသော အချိန်ပိုင်းခြားကလေးတွင်ပင် အတွေးပေါင်းများစွာအား တွေးတောနေနိုင်သည်။
လင်းရှောင်အား အထင်သေးမိ၍ အရိုက်ခံထားရသော သင်ခန်းစာကြောင့် သူသတိလက်လွတ်မနေရဲတော့ချေ။ ထိုအချိန်တွင်ပင် အံမခန်းအမြန်နှုန်းဖြင့် လင်းရှောင်ထံသို့ဦးတည်သွားနေသည့် လေးဓားအချွန်သည် မီလီမီတာမျှလောက်ကလေး ကပ်လွဲသွားလေ၏။
“ဘယ်လို” တောင်တန်းဘုရင်ဆွံအသွားသည်။ သူလိုအမြန်နှန်းအာသာချက်ရှိသည့် သူပင် မရှောင်နိုင်သည့် တိုက်ခိုက်ချက်အား သူ့ထက် ၁ ဝက်လောက်နှေးသည့်သူက အထိအခိုက်မရှိပဲ ရှောင်ပြသွားသောအခါ သူမျက်လုံးပြူးသွားသည်။
သူအများကြီးမတွေးနိုင်သေးခင်မှာပင် လင်းရှောင်က ရောက်လာပြီး ဓားလက်ဝါးဖြင့် သူ၏ဦးခေါင်းသို့ထိုးချလိုက်၏။
တောင်တန်းဘုရင်ကလည်း ဘေးသို့ရှောင်ထွက်လိုက်လေပြီး လင်းရှောင်းလည်မြိုသို့ ဓားလက်ဝါးဖြင့်ပြန်ထိုးလိုက်သည်။
လင်းရှောင်ကလည်း တောင်တန်းဘုရင်၏တန်ပြန်တိုက်စစ်မတိုင်ခင်ကတည်းက ကြိုရှောင်ထားပြီးသားဖြစ်သည်။ သူ၏အနီရောင်မျက်လုံးများက ထူးခြား၏။
အလွန် ထူးခြား၏....။
တောင်တန်းဘုရင်၏တိုက်ခိုက်ချက်လွဲချော်သွားသည်နှင့် လင်းရှောင်က တန်ပြန်တိုက်စစ်ပြန်စလာပြီဖြစ်သည်။ သူက အနည်းငယ်လေးပင် တုန့်ဆိုင်းခြင်းမရှိလေပဲ အလွန်ချောမွေ့စွာပဲ တောင်တန်းဘုရင်၏ လည်မြိုကို ဓားလက်ဝါးဖြင့်ထိုးချပြစ်လိုက်သည်။
သို့သော် လမ်းတစ်ဝက်မှာတင် တောင်တန်းဘုရင်၏နှုတ်ခမ်းထောင့်တို့က တွန်းကွေးသွားလေပြီး အာသီးမှလေဓားဖြင့် လင်းရှောင်အား အနီးကပ်မှုတ်ထုတ်လိုက်သည်။
ဤကဲ့သို့အကွာအဝေးတွင် အနာဂါတ်ကိုကြိုမြင်ရသည်သာ မဟုတ်ပါက သူ၏တိုက်ခိုက်ချက်အား အထွတ်အထိပ်သေမျိုးတန်ခိုးရှင်များပင် ရှောင်ရှားနိုင်မည်လိမ့်မည်မဟုတ်ချေ။
သို့သော် အကျိုးနည်းလှစွာပင် လင်းရှောင်က အနာဂါတ်အားကြိုမြင်ရသကဲ့သို့ ခေါင်းလေးအား ကြိုပြီးတော့ အသာစောင်းလိုက်ကာ သူ၏ပါးပြင်လေးကိုသာ ကပ်သီးလေးခြစ်သွားမိသွားသည်။
‘ဘာလားဟ။’ တောင်တန်းဘုရင် အလွန်အမင်းတန်လှုပ်သွားလေသော်လည်း လင်းရှောင်၏ဓားလက်ဝါးကို ပုတ်ချလိုက်ရသည်။
‘မဟုတ်မှလွဲရော ဒီကောင် အနာဂါတ်ကိုကြိုမြင်ရတာလား.....။’ တောင်တန်းဘုရင်က ထိုအတွေးကြောင့် ကျက်သီးများ တစ်ဖြန်းဖြန်းထလာသည်။
သို့သော် အနီးကပ်တိုက်ပွဲတွင် အတွေးပင်လယ်ရွက်လွှင့်နေခြင်းက သေမင်းကိုဖိတ်ခေါ်နေခြင်းသာဖြစ်သောကြောင့် တောင်တန်းဘုရင်က တိုက်ပွဲကိုသာ ဆက်လက်ပြီးအာရုံစိုက်လိုက်လေသည်။
လင်းရှောင်က ဓားလက်ဝါးဖြင့် ခုတ်ချလိုက်သလို တောင်တန်းဘုရင်ကလည်း ဓားလက်ဖြင့်တည့်ခုတ်ချလိုက်၏။
“ဘန်းးးး”
သူတို့ ၂ ယောက်လုံး၏ လက်ဝါးများက အစစ်အမှန်ဓားတစ်ချောင်းကဲ့သို့ပင် ဖြစ်နေသည်။ ထက်ရှလေပြီး သံမဏိများကိုပင် ၂ ပိုင်းပြတ်သည်အထိ ပိုင်းဖြတ်နိုင်ကြသည်။
အဆင့်မြင့်ကျင့်ကြံသူများဖြစ်သည် နှင့် အညီ သူတို့၏တိုက်ကွက်များသည် သေကွင်းသေကွက်များဖြစ်သည့် နှလုံး၊ လည်မြို၊ ဦးနှောက်တို့ကိုသာ ဦးတည်လေသည်။
သူတို့သည် အသေသတ်နေကြခြင်းဖြစ်ပြီး အချီ ၃၀၀ ခန့်တိုက်ပြီး အနိုင်ရသူကိုသတ်မှတ်ကြမည်မဟုတ်ချေ။ အသေသတ်ကြမည်ဖြစ်သည်။
တိုက်ပွဲကြာလာသည် နှင့် မြင်သာသောအချက်တစ်ခုမှာ လင်းရှောင်၏ အမြန်နှုန်း နှင့် ခွန်အားတို့က တောင်တန်းဘုရင်ထက် သိသိသာသာပို၍အားနည်းနေ၏။
သူတို့နှစ်ဦး၏ လက်ဝါးချင်းရိုက်ခတ်မှုမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားသည် အလွန်အားကောင်းလေပြီး သူတို့ပတ်လည်ရှိ ကျောက်သားမြေပြင်ကို မီတာဆယ်ချီအထိပင်အက်ကွဲသွားစေသည်။
တောင်တန်းဘုရင်က တုန့်ဆိုင်းခြင်းမရှိ လင်းရှောင်အား အသက်ရှူချိန်ပင်မပေးပဲ တရစပ်ဝင်လုံးတော့သည်။
သူ၏ လက်သီး၊ တံတောင်၊ ဒူး၊ ခြေကန်ချက်တိုင်းသည် သေကွင်းသေကွက်များကိုသာ ချိန်ရွယ်ထား၏။
လင်းရှောင်၏ အနီရောင်မျက်လုံးများက အလင်းတန်းများဖြင့်တောက်ပနေသော်လည်း သူ၏ခန္ဓာကိုယ်က တောင်တန်းဘုရင်၏ အရှိန်ကို လိုက်မီရန် မနည်းရုန်းကန်နေရသည်။
တိုက်ကွက်တစ်ခုကို ရှောင်တိမ်းလိုက်တိုင်း နောက်ထပ်တိုက်ကွက်နှစ်ခုက သူ၏ထံ အသင့်ရောက်နေနှင့်ပြီးဖြစ်သည်။
တိုက်ကွက်တစ်ကွက်ခြင်းတိုက်ခိုက်သည့်အခါတွင် သူတုန့်ပြန်နိုင်သော်လည်း ယခုကဲ့သို့ မရပ်မနားတိုက်ခိုက်သောအခါတွင် သူ၏ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်က ထွက်ပေါ်လာသည်။
သူသည် တိုက်ခိုက်ခြင်းထက် ကာကွယ်ခြင်းနှင့် ရှောင်တိမ်းခြင်းကိုသာ အဓိကထားနေရလေသည်။
“ဘန်းးး”
တောင်တန်းဘုရင်၏ လက်ဝါးရိုက်ချက်များကို သူ၏လက်ဖျံဖြင့် အလျင်အမြန်ကာကွယ်လိုက်ရသော်လည်း ထိုရိုက်ချက်များ၏ အရှိန်ကြောင့် သူ၏လက်ဖျံအရိုးများပင် ကျိန်းစပ်ကိုက်ခဲလာသည်။
အခွင့်အရေးတစ်ခုတွင် တောင်တန်းဘုရင်က လေဓားတစ်စင်းကို မှုတ်ထုတ်မည်ဟု ဟန်ပြလိုက်ပြီး လင်းရှောင်၏အာရုံပြောင်းသွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏သစ်သားဖိနပ်ဖြင့် လင်းရှောင်၏ နံရိုးကို အားကုန်ဆောင့်ကန်လိုက်သည်။
“ဘန်းးး”
အက်ကွဲသံနှင့်အတူ လင်းရှောင်သည် ခြေလှမ်းအနည်းငယ်ယိုင်နဲ့သွားကာ အနောက်သို့ဆုတ်သွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးစတစ်ချို့စီးကျလာသည်။
သူ၏မျက်နှာသည် ဖြူဖျော့သွားသော်လည်း သူ၏အနီရောင်မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်ကတော့ အနည်းငယ်မျှပင်လျော့ကျသွားခြင်းမရှိပေ။
တောင်တန်းဘုရင်က ထိုအခွင့်အရေးကို လက်လွတ်မခံ၊ ရှေ့သို့တိုးဝင်လာပြီး သူ၏လက်သည်းများကို သိမ်းငှက်၏ခြေသည်းကဲ့သို့ ကွေးညွှတ်ကာ လင်းရှောင်၏ နှလုံးသားကို ဆွဲထုတ်ရန် ကြိုးပမ်းလိုက်သည်။
သို့သော် ဒဏ်ရာရသွားသော လင်းရှောင်က ပို၍ပင် ကြောက်စရာကောင်းလာသည်။
သူသည် သူ၏ခံစစ်အား စွန့်လွှတ်လိုက်ပြီး တောင်တန်းဘုရင်၏ သေစေနိုင်သောလက်သည်းများကိုပင် ဂရုမစိုက်တော့ပဲ သူ၏ဓားလက်ဝါးကိုသာ တောင်တန်းဘုရင်၏ လည်ပင်းဆီသို့ အသားကုန်လွှဲချလိုက်သည်။
‘ဒီသောက်အရူးကောင်ကတော့’ တောင်တန်းဘုရင် ထိန့်လန့်တကြားဖြစ်သွားပြီး စိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်။
လင်းရှောင်၏ တိုက်ကွက်သည် အသက်ခြင်းအလဲအလှယ်လုပ်သည့် တိုက်ကွက်ဖြစ်သည်။
သူသာဆက်တိုးလျှင် လင်းရှောင်၏ နှလုံးကိုထုတ်နိုင်မည်ဖြစ်သော်လည်း သူ၏လည်ပင်းသည်လည်း ပြတ်ထွက်သွားပေလိမ့်မည်။
မာနကြီးသော တောင်တန်းဘုရင်သည် သူ၏အသက်အား လူငယ်တစ်ယောက်နှင့် အလဲအလှယ်မလုပ်လိုပေ။ သူ၏စည်းစိမ်များနှင့် နိဗ္ဗာန်ကဲ့သို့ သာယာသော ဘဝအားမစွန့်ပြစ်နိုင်သေးပေ။
သူသည် သူ၏တိုက်ကွက်ကို ရုပ်သိမ်းကာ လင်းရှောင်၏ ဓားလက်ဝါးကို ပုတ်ထုတ်လိုက်ရသည်။
သို့သော် ထိုအချိန်လေးအတွင်းမှာပင် လင်းရှောင်၏ နောက်ထပ်တိုက်ကွက်တစ်ခုက အသင့်စောင့်ကြိုနေခဲ့သည်။
သူ၏ဘယ်ဘက်လက်ဝါးက အရိပ်တစ်ခုပမာ တောင်တန်းဘုရင်၏ ရင်ဘတ်ကို ဝင်ရောက်ရိုက်ခတ်လိုက်သည်။
“ဘန်းးး”
တောင်တန်းဘုရင်သည် ခြေတစ်လှမ်းအနောက်သို့ဆုတ်သွားမိသည်။ တစ်ချိန်တည်းတွင် သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အကဲခတ်ရင်း ခေတ္တမျှရပ်တန့်သွားကြသည်။ လင်းရှောင်၏ ကျိုးသွားသောနံရိုးမှ နာကျင်မှုက တစ်ဆစ်ဆစ်ကိုက်ကဲလာပြီး နဂိုထက်ပိုမိုပြင်းထန်လာသော်လည်း သူ၏အမူအရာက မပြောင်းလဲပေ။
တောင်တန်းဘုရင်၏ မျက်နှာထက်တွင်တော့ ဒေါသရိပ်များ လွှမ်းခြုံလာသည်။
ရုတ်တရက်ပင် သူတို့နှစ်ဦးလုံး တစ်ချိန်တည်းမှာပင် ပြန်လည်လှုပ်ရှားလိုက်ကြသည်။
သူတို့နှစ်ဦးကြားရှိ လေထုက ပေါက်ကွဲထွက်သွားသည့်အလား ပြင်းထန်သော ဖိအားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
တောင်တန်းဘုရင်၏ တိုက်ကွက်များသည် ပို၍ ရမ်းကားကြမ်းတမ်းလာပြီး လင်းရှောင်ထက် သာလွန်သော သူ၏အရှိန်နှင့် ခွန်အားကို အပြည့်အဝအသုံးချထားသည်။
သူ၏ လက်သီးတစ်ချက်ချင်းစီသည် လေထုကိုပင် ဖြိုခွင်းနိုင်စွမ်းရှိပြီး ကျောက်တုံးကြီးတစ်တုံးကို အမှုန့်ဖြစ်သွားစေလောက်သည်။
လင်းရှောင်သည် လှိုင်းလုံးကြီးများကြားမှ လှေငယ်တစ်စင်းကဲ့သို့ ဖြစ်နေသည်။
သူ၏ အနီရောင်မျက်လုံးများက တောင်တန်းဘုရင်၏ လှုပ်ရှားမှုတိုင်းကို ကြိုတင်မြင်နေသော်လည်း သူ၏ခန္ဓာကိုယ်က ထိုအမြင်များကို အမီလိုက်နိုင်ရန် အပြင်းအထန် ရုန်းကန်နေရသည်။
သူ၏ တုံ့ပြန်မှုတိုင်းသည် ဆံချည်တစ်မျှင်စာဖြင့် လွဲချော်နေပြီး အသက်အန္တရာယ်မှ ကပ်သီလေး လွတ်မြောက်နေခြင်းသာဖြစ်သည်။
“ဒုန်းးး”
တောင်တန်းဘုရင်၏ တံတောင်ဖြင့်ရိုက်ချက်ကို ရှောင်တိမ်းရန် ကြိုးစားရင်း လင်းရှောင်၏ ပခုံးကို ပွတ်ရှပ်ထိမှန်သွားသည်။
ထိုရိုက်ချက်၏ စွမ်းအားကြောင့် သူ၏ပခုံးတစ်ခြမ်းလုံး ထုံကျဉ်သွားပြီး ဟန်ချက်ပျက်သွားမတတ် ယိုင်နဲ့သွား၏။
‘သောက်ပိုးဟပ်လို အကောင်’ တောင်တန်းဘုရင် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏တိုက်စစ်ကို အရှိန်မလျှော့ဘဲ ဒူးဖြင့် လင်းရှောင်၏ ရင်ဘတ်ကို ပင့်ကန်လိုက်ပြန်သည်။
လင်းရှောင်သည် သူ၏ အရိုးပြန်ဆက်သွားပြီဖြစ်သော နံရိုးကို ကာကွယ်ရန် လက်နှစ်ဖက်ကို ယှက်ကာထားလိုက်သည်။
“ဘုန်းးး”
ပြင်းထန်သော အသံနှင့်အတူ လင်းရှောင်သည် မီတာအနည်းငယ်အကွာသို့ လွင့်စဉ်သွားပြီး မြေပြင်ပေါ်တွင် ခြေစုံရပ်နိုင်ရန် အားယူလိုက်ရသည်။
သူ၏ ပါးစပ်ထဲမှ သွေးများ ပို၍ပင်လျှံကျလာပြီး သူ၏အသက်ရှူသံများက ကြမ်းတမ်းလာသည်။
သူ၏ရုပ်ပိုင်းဆိုင်ရာအားသာချက်ကို အသုံးချ၍ တောင်တန်းဘုရင်က သူ့အား အသာစီးမှ ဖိနှိပ်တိုက်ခိုက်နေခြင်းဖြစ်သည်။
အခြေအနေက တောင်တန်းဘုရင်လက်မှ ၆၀/၄၀ လောက်ဖြင့် အနည်းငယ် အသာစီးရနေသည်မှာ ထင်ရှားလှသည်။
သို့သော် အရေးနိမ့်နေသော အခြေအနေကြားမှပင် လင်းရှောင်၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်က ပို၍ပင် အေးစက်တောက်ပြောင်လာသည်။
သူသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အခွင့်သာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
တောင်တန်းဘုရင်သည်လည်း အတိတ်မှ သင်ခန်းစာများကြောင့် အတင်းကာရော အရှေ့သို့မတတ်ရဲလေချေ။
တိုက်ပွဲက ခေတ္တမျှ ရပ်တန့်သွားသော်လည်း သူတို့နှစ်ဦးကြားရှိ လေထုကတော့ တင်းမာမှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။
လင်းရှောင်သည် သူ၏ ဒုတိယအကြိမ်မြောက် ကျိုးကြေသွားသော နံရိုးမှ နာကျင်မှုကို အံကြိတ်ကာ ခံနေရပြီး သူ၏ အသက်ရှူသံများက ပို၍ ကြမ်းတမ်းလာသည်။
သူတို့ ၂ ယောက် နောက်ထပ် ၅ မိနစ်ခန့် ထိပ်တိုက်တိုက်ခိုက်ကြကာ ၂ ယောက်လုံးဒါဏ်ရာများရလာကြသည်။ သို့သော် တောင်တန်းဘုရင်က ပိုမိုပြီးပင် အားကောင်းလာသည့်အချိန်တွင် လင်းရှောင်က ပြိုလဲတော့မလိုဖြစ်လာ၏။
တောင်တန်းဘုရင်ကတော့ သတိလက်လွတ်မဖြစ်ပဲအခြေအနေကို ဆက်လက်ပြီး အကဲခတ်နေသည်။ သူ၏အမြင်တွင် လင်းရှောင်သည် အသက်ငင်နေသော သားရဲတစ်ကောင်နှင့် တူနေသည်။
သူ၏ လှုပ်ရှားမှုတိုင်းက ပို၍ နှေးကွေးလာပြီး သူ၏ တုံ့ပြန်မှုများကလည်း အစောပိုင်းကကဲ့သို့ ထက်မြက်မှုမရှိတော့ပေ။ သို့သော် တောင်တန်းဘုရင်သည် ဉာဏ်များလှသော ဤလူငယ်အား အထင်မသေးရဲပေ။
‘ဒီကောင် ဟန်ဆောင်နေတာလား။ ငါ့ကို ထောင်ချောက်ထဲဆွဲသွင်းဖို့ ကြိုးစားနေတာလား။’ တောင်တန်းဘုရင်၏ စိတ်ထဲတွင် သံသယများက လှိုင်းလုံးများပမာ ရိုက်ခတ်လာနေသည်။ သူသည် ရှေ့ဆက်မတိုးသေးဘဲ လင်းရှောင်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေလိုက်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လင်းရှောင်၏ အခြေအနေက ပို၍ ဆိုးရွားလာသည်။ သူ၏ မျက်နှာသည် သွေးမရှိတော့သလို ဖြူဖျော့နေပြီး သူ၏ ခြေလှမ်းများကလည်း ယိုင်နဲ့စပြုလာသည်။
တောင်တန်းဘုရင်၏ တိုက်ကွက်များကို ကာကွယ်လိုက်တိုင်း သူ၏ လက်မောင်းများက သိသိသာသာ တုန်ယင်သွားရသည်။
နောက်ဆုံးတွင် တောင်တန်းဘုရင်သည် စိတ်ပိုင်းဖြတ်လိုက်၏။ ဤသည်မှာ ဟန်ဆောင်မှုမဟုတ်၊ အမှန်တကယ် အင်အားကုန်ခမ်းသွားခြင်းဖြစ်သည်ဟု သူယုံကြည်သွားသည်။
ဤအခွင့်အရေးကို သူလက်လွတ်မခံနိုင်တော့။ သူသည် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။
“ဝုန်းးး”
တောင်တန်းဘုရင်သည် သူ၏ခွန်အားအကုန်ကိုအသုံးပြုကာ ရှေ့သို့ ပြေးဝင်သွားလိုက်သည်။
သူ၏ လှုပ်ရှားမှုက ယခင်ကထက်ပင် ပို၍ မြန်ဆန်ပြီး ကြမ်းတမ်းလှသည်။ သူသည် လင်းရှောင်အား အသက်ရှူချိန်ပင်မပေးဘဲ တိုက်ကွက်ပေါင်းများစွာကို မရပ်မနား ဆက်တိုက်အသုံးပြုလိုက်သည်။
လင်းရှောင်သည် အစွမ်းကုန် ခုခံကာကွယ်နေရသော်လည်း သူ၏ ခန္ဓာကိုယ်က သူ၏စိတ်ကို လိုက်မမီနိုင်တော့ပေ။
နောက်ဆုံးတွင် တောင်တန်းဘုရင်က အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသည်။
သူသည် အားပြင်းသော ခြေကန်ချက်တစ်ခုကို ဟန်ပြလိုက်ပြီး လင်းရှောင်က ထိုတိုက်ကွက်ကို ကာကွယ်ရန် အာရုံစိုက်လိုက်သည့် စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူ၏ မူလရည်ရွယ်ချက်အတိုင်း သူ၏ ဓားသွားကဲ့သို့ ထက်ရှသော ညာဘက်လက်ကို စုစည်းလိုက်သည်။
အချိန်က ရပ်တန့်သွားသကဲ့သို့ပင်။
တောင်တန်းဘုရင်၏ လက်ဝါးသည် လေထုကို ထိုးခွဲကာ လင်းရှောင်၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။
လင်းရှောင်၏ အနီရောင်မျက်လုံးများက အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားသော်လည်း သူ၏ ခန္ဓာကိုယ်က ရှောင်တိမ်းရန် အချိန်မမီတော့ပေ။
“စွတ်...။”
နားထဲစွဲသွားလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အသားစုတ်ပြဲသံနှင့်အတူ တောင်တန်းဘုရင်၏ ဓားလက်ဝါးသည် လင်းရှောင်၏ နှလုံးသားရှိရာ ရင်အုံကို အတားအဆီးမရှိ ထိုးဖောက်ဝင်ရောက်သွားသည်။
လင်းရှောင်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သူ၏ မျက်လုံးများထဲမှ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားသည်။ သူ၏ ပါးစပ်မှ သွေးများက အရှိန်ပြင်းစွာ ပန်းထွက်လာသည်။
လေထဲတွင် လွင့်ပျံသွားသော သေခြင်း၏အနက်ရောင် သွေးစက်များသည် ကျောက်ဆောင်များ၏ နောက်ခံရှုခင်းတွင် အနုပညာဆန်စွာ လှပနေသော်လည်း ထိုမြင်ကွင်းက သေခြင်းတရား၏ အေးစက်မှုကို သယ်ဆောင်လာသည်။
တောင်တန်းဘုရင်၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အောင်နိုင်သူ၏ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူ၏လက်က လင်းရှောင်၏ ရင်ဘတ်ထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်နေဆဲဖြစ်ပြီး အရာအားလုံး... ပြီးဆုံးသွားလေပြီ။
ကောင်းကင်ထက်တွင် လမင်းကြီးက ထိန်လင်းစွာ ထွက်ပေါ်လာနေပြီဖြစ်သည်။ အနက်ရောင်သွေးများက လင်းရှောင်၏ ပါးစပ်ထောင့်မှ တစက်စက် ကျဆင်းနေသည်။
သို့သော် သူ၏မျက်နှာထက်တွင် ရှုံးနိမ့်သွားသူတစ်ယောက်၏ နာကျင်မှုအစား အနိုင်ရသူတစ်ဦး၏ အေးစက်လှသော အပြုံးတစ်ပွင့်က ထွက်ပေါ်လာသည်။
သူ၏မျက်ဝန်းများ...။ သေလုမျောပါးဖြစ်နေသူတစ်ယောက်၏ မျက်ဝန်းများနှင့် လုံးဝမတူပေ။
မှေးမှိန်ပျောက်ကွယ်သွားရမည့် အလင်းရောင်များအစား သူ၏အနီရောင်မျက်ဝန်းများက ငရဲမီးကဲ့သို့ ပြန်လည်တောက်လောင်လာသည်။
ထိုမျက်ဝန်းများထဲတွင် လှောင်ပြောင်ရယ်မောနေသည့် အရိပ်အယောင်များ၊ သနားဂရုဏာသက်နေသည့် အကြည့်များ၊ နှင့် အနိုင်ပိုင်းလိုက်နိုင်ပြီဟု ကြွေးကြော်နေသော သေချာမှုများ ပြည့်နှက်နေသည်။
တောင်တန်းဘုရင်၏ မျက်နှာထက်မှ ရက်စက်ကြမ်းကြုတ်သော အောင်နိုင်သူ၏ အပြုံးသည် ရေခဲတုံးတစ်ခုကဲ့သို့ အေးခဲတောင့်တင်းသွားသည်။
သူ၏ အောင်ပွဲခံနေသော စိတ်အစဉ်သည် ချက်ချင်းဆိုသလို ရပ်တန့်သွားပြီး သူ၏ကျောရိုးတစ်လျှောက် အေးစက်သော ကြောက်ရွံ့မှုတစ်ခုက တရွေ့ရွေ့တက်လာသည်။
“ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
သူ၏စိတ်ထဲတွင် မေးခွန်းများက ပေါက်ကွဲထွက်လာသည်။ ဘာလို့မသေသေးတာလဲ။ ဘာလို့ဒီလို ပြုံးနေနိုင်သေးတာလဲ။ ဒီမျက်လုံးတွေက ဘာတွေလဲ။
ထိုအချိန်မှာပင် သူ၏ထိတ်လန့်မှုကို အတည်ပြုပေးလိုက်သည့်အရာတစ်ခု ဖြစ်ပေါ်လာသည်။
လင်းရှောင်၏ ရင်အုံအတွင်းမှ ကြွက်သားများက သံမဏိညှပ်ကလစ်တစ်ခုကဲ့သို့ သူ၏လက်ကို ပြန်လည်ညှပ်ထားလိုက်သည်ကို သူခံစားလိုက်ရသည်။
သူ၏လက်သည် လင်းရှောင်၏ ခန္ဓာကိုယ်ထဲတွင် လုံးဝငြိမ်သက်စွာ ပိတ်မိသွားလေပြီ။
လင်းရှောင်၏လက် ၂ ဖက်ကလည်း သူ၏လက်ကိုသံမဏိညှပ်များကဲ့သို့ပင် ဖမ်းချုပ်ထားလေ၏။
“မဟုတ်ဘူး”
တောင်တန်းဘုရင် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏လက်ကို အတင်းအကျပ် ဆွဲနှုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ၏ကြိုးပမ်းမှုက အရာမထင်ပေ။ လင်းရှောင်က သူ၏လက်ကို သံမှိုစွဲထားသကဲ့သို့ မြဲမြံစွာ ဖမ်းချုပ်ထားသည်။
တောင်တန်းဘုရင်က အာသီးလေဓားစွမ်းရည်ကို အသုံးပြုရန်ကြိုးစားလိုက်သည့်အချိန်တွင် လင်းရှောင်က သူ၏မေးရိုးသို့တိုက်ချပြစ်လိုက်သည်။
“ခွပ်...။”
“အားးး သောက်ပဲ..။”
အောင်နိုင်သူဘဝမှ သားကောင်ဘဝသို့ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားသောအခါ တောင်တန်းဘုရင်၏ မျက်နှာတွင် သွေးပျက်ဖွယ် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားသည်။
သူသည် သူ့ထက်အင်အားများစွာနိမ့်ကျသော လူငယ်လေးတစ်ယောက်၏ ထောင်ချောက်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့လေပြီ။
ထိုစဉ် လင်းရှောင်၏ သွေးစွန်းနေသော နှုတ်ခမ်းများက ဖြည်းညှင်းစွာ လှုပ်ရှားလာပြီး အသက်နှင့်ရင်း၍ ပြောလိုက်သည့် လေသံတိုးတိုးလေး ထွက်ပေါ်လာသည်။
“အဆုံးသတ်ချိန်ရောက်ပြီ...။ သောက်ကျက်သရေတုန်းတဲ့ အဘိုးကြီး။”
ထိုစကားလုံးတိုင်းသည် တောင်တန်းဘုရင်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ တစ်ချိန်တည်းတွင် ဂျက်အင်ဂျင်ကြီးကဲ့သို့ လေကိုတိုးဝှေ့နေသော အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာ၏။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း ( ၂၃၅ - ၂၄၀) ပြီး။