← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၄၁ + ၂၄၂)

လင်းရှောင်၏ သွေးစွန်းနေသော နှုတ်ခမ်းများက ဖြည်းညှင်းစွာ လှုပ်ရှားလာပြီး အသက်နှင့်ရင်း၍ ပြောလိုက်သည့် လေသံတိုးတိုးလေးက ထွက်ပေါ်လာသည်။

“အဆုံးသတ်ချိန်ရောက်ပြီ...။ သောက်ကျက်သရေတုန်းတဲ့ အဘိုးကြီး။”

ထိုစကားလုံးတိုင်းသည် တောင်တန်းဘုရင်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ တစ်ချိန်တည်းတွင် ဂျက်အင်ဂျင်ကြီးကဲ့သို့ အသံတစ်ခုက အဝေးတစ်နေရာမှ စတင်၍ထွက်ပေါ်လာပြီး သူတို့နှစ်ဦးရှိရာသို့ အရှိန်ပြင်းစွာ နီးကပ်လာသည်။

တောင်တန်းဘုရင်၏ အိုမင်းနေသော မျက်နှာက ကြောက်ရွံမှုကြောင့် တစ်ဆက်ဆက်တုန်ယင်သွား​သည်။ တစ်ချိန်တည်းတွင် နောင်တတွေအသီလိုက်ကြီးရလာမိသည်။

သူသည် မိုင်​ပေါင်းသိန်းချီဟူသော မြေအကျယ်အဝန်းအား အကြွင်းမဲ့ဘုရင်တစ်ပါးအဖြစ်အုပ်ချုပ်ကာ သုံးမကုန်ဖြုန်းမကုန်သည့် စည်းစိမ်ဥစ္စာများအား ပိုင်ဆိုင်ထားသည်။

နတ်သမီးသမျှလှပသော မိန်းမပျိုများအား သူပိုင်ဆိုင်ထားသည်။ သူသည် ဘီလီလျံနှင့်ချီသော သူများ၏အထက်တွင် ရပ်တည်နေသူတစ်ဦးဖြစ်သည်။

အံမခန်းသိုင်းပညာကိုပိုင်ဆိုင်ထားပြီး အဆင့်မြင့်သော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည်။ သူသာ လောဘမကြီးခဲ့လျှင်၊ သူသည် ကြိုတင်၍ဆုတ်ခွာသွားခဲ့လျှင် နတ်ဘုရားတစ်ပါးလိုခမ်းနားသော ဘဝကို အနည်းဆုံး နှစ် ၁၀၀၀၀ ခန့်ဖြတ်သန်းရဦးမည်ဖြစ်သည်။

သို့သော်... အခုတော့ အရာအားလုံး နောက်ကျသွားပြီဖြစ်သည်။ သူ၏လက်တစ်ဖက်က လင်းရှောင်၏ ခန္ဓာကိုယ်ထဲတွင် သံမဏိညှပ်များဖြင့် အညှပ်ခံထားရပြီး လုံးဝရုန်းမရတော့။

ထိုကြောက်မက်ဖွယ် ဂျက်အင်ဂျင်သံကြီးကလည်း သူ၏ဝိညာဉ်ကို ဆွဲထုတ်ယူတော့မည့်အလား တဖြည်းဖြည်းချဉ်းကပ်လာနေသည်။

“မဟုတ်ဘူး။ ငါမသေချင်နိုင်သေးဘူး..။” တောင်တန်းဘုရင် အားကုန်အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် သူတို့နှင့် မီတာ ၁၀၀၀ ခန့်အကွာရှိ တောင်ထိပ်တစ်ခုပေါ်တွင် ထျန်ရှင်းလုသည် လက်ပိုက်ကာ အေးစက်စွာ ရပ်ကြည့်နေသည်။

သူ၏ရှေ့တွင်တော့ အနက်ရောင် တြိဂံပုံသဏ္ဍာန်အရာဝတ္ထုလေးတစ်ခုက မမြင်နိုင်သောအလျင်နှုန်းဖြင့် တိတ်ဆိတ်စွာ လည်ပတ်နေသည်။

လည်ပတ်အားမှာ အလွန်ပြင်းထန်လွန်းသောကြောင့် ပတ်ပတ်လည်ရှိ လေထုများပင် ပုံပျက်နေသယောင် ထင်ရသည်။

ထိုအရာမှာ သူ၏ ‘နတ်ပုတီးချွန်’ ပင်ဖြစ်လေသည်။

တောင်တန်းဘုရင်အား လင်းရှောင်က သံမှိုစွဲထားသကဲ့သို့ ဖမ်းချုပ်လိုက်သည့်အခိုက်အတန့်ကိုမြင်သောအခါ ထျန်ရှင်းလု၏ နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

“အချိန်ကိုက်ပဲ။”

သူက စတိုင်ကျကျပင် သူ၏လက်ညှိုးလေးကို တောင်တန်းဘုရင်ရှိရာသို့ ညွှန်ပြလိုက်သည်။

“သွား။”

“ဝှီး..... ရှူးးးးးး”

နတ်ပုတီးချွန်သည် အသံထက်အဆပေါင်းများစွာမြန်သော အလျင်ဖြင့် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် တောင်တန်းဘုရင်ထံသို့ တိုးဝင်သွားသည်။

လေထုကို ထိုးခွဲသွားသည့်အရှိန်ကြောင့် ပြင်းထန်သော ပေါက်ကွဲသံကြီး (Sonic Boom) တစ်ခုက ကောင်းကင်ယံတွင် ဟိန်းထွက်သွားသည်။

“ဒါ... ဒါက ဘာကြီးလဲ”

လင်းရှောင်၏ ဖမ်းချုပ်မှုအောက်တွင် ရုန်းမရဖြစ်နေသော တောင်တန်းဘုရင်၏ မျက်လုံးများ သွေးပျက်မှုဖြင့် ပြူးကျယ်သွားသည်။

သူ၏ သေမျိုးတန်ခိုးရှင်အဆင့် အာရုံခံစားမှုက သေမင်းတမန်သည် သူ၏လည်ပင်းကို ဓားတင်ထားပြီဖြစ်ကြောင်း အဆက်မပြတ် သတိပေးနေသည်။ သူ၏အမြင်အာရုံထဲတွင် အနက်ရောင်အစက်လေးတစ်ခုက အဆမတန်ကြီးထွားလာနေသည်။

လင်းရှောင်ပင်လျှင် ထိုအနက်ရောင်အလင်းတန်း၏ ကြောက်မက်ဖွယ်အရှိန်ကြောင့် တစ်ကိုယ်လုံးရှိအမွေးအမျှင်များ ထောင်ထသွားသည်။

သူ၏အနီရောင်မျက်လုံးများက အန္တရာယ်ကို ကြိုမြင်နေသော်လည်း ဤတစ်ကြိမ်တွင်တော့ သူကိုယ်တိုင်ပင် ရှောင်တိမ်းရန် လုံးဝမဖြစ်နိုင်တော့ပေ။

အားလုံးက တုန်လှုပ်ခြောက်ခြားသွားကြသည်။

သို့သော် တောင်တန်းဘုရင်သည် လေစွမ်းအင်တွင် ဆရာတစ်ဆူဖြစ်သည် မဟုတ်ပါလား။ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့် ထိုစက္ကန့်ပိုင်းလေးအတွင်း သူ၏ဦးနှောက်က အရှိန်အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

‘ဒီအရာရဲ့စွမ်းအင်က သူ့ရဲ့လည်ပတ်မှုအပေါ်မှာ မူတည်နေတာပဲ။ ငါ သူ့ရဲ့လည်ပတ်မှုကို ဖျက်ဆီးနိုင်ရင်...။’

သူသည် အခြားမည်သည့်အတွေးကိုမှ မတွေးနိုင်တော့။ သူ၏ စွမ်းအင်များအားလုံးကို စုစည်းလိုက်ပြီး သူ၏ပါးစပ်မှ အော်ဟစ်လိုက်သည်။

“လေပွေဂယက်”

သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ သူနှင့် နတ်ပုတီးချွန်ကြားရှိ လေထုတစ်ခုလုံးသည် ချက်ချင်းပင် ဖရိုဖရဲဖြစ်သွားသည်။

လေထုထဲတွင် မမြင်နိုင်သော အစွမ်းထက်သည့် လေဝဲဂယက်ပေါင်းများစွာကို သူဖန်တီးလိုက်သည်။ ထိုလေဝဲဂယက်များက နတ်ပုတီးချွန်၏ ချောမွေ့လှသော လေစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေရန် အဓိကရည်ရွယ်သည်။

“ဝှီ... ဒုတ်... ဒုတ်... ဖြောင်း”

အသံထက်မြန်သောအရှိန်ဖြင့် ပျံသန်းလာသော နတ်ပုတီးချွန်သည် တောင်တန်းဘုရင် ဖန်တီးလိုက်သည့် မမြင်နိုင်သော လေထုတံတိုင်းနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ မြားတစ်စင်းကဲ့သို့ တည်ငြိမ်မှုသည် ချက်ချင်းပျောက်ဆုံးသွားသည်။

နတိပုတီးချွန်သည် ပြင်းထန်စွာ တုန်ခါယိမ်းထိုးသွားပြီး အရှိန်မှာလည်း သိသိသာသာ လျော့ကျသွားသည်။ ထျန်ရှင်းလု၏ ပြီးပြည့်စုံသော သိပ္ပံနည်းကျပုံစံသည် လေထုအနှောင့်အယှက်ကြောင့် လုံးဝအလုပ်မဖြစ်တော့ပေ။

“ချွင်... ချွင်... ခလောက်...”

နောက်ဆုံးတွင် အရှိန်ကုန်သွားသော နတ်ပုတီးချွန်သည် တောင်တန်းဘုရင်၏ ခြေထောက်အနီးတွင် သတ္တုတစ်စကဲ့သို့ အသံမြည်ကာ ကျဆင်းသွားတော့သည်။

လေထုထဲတွင် တခဏတာ တိတ်ဆိတ်သွားသည်။

ထို့နောက်...

“ဟား... ဟား... ဟားဟားဟား”

သေဘေးမှ ကပ်သီလေးလွတ်မြောက်လာသော တောင်တန်းဘုရင်သည် ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်တော့သည်။

သူ၏ရယ်သံများထဲတွင် ဝမ်းသာပျော်ရွှင်မှုများ၊ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ရူးသွပ်မှုများ ရောနှောနေသည်။

“ငါမသေသေးဘူး။ ငါအသက်ရှင်နေသေးတယ်! ဟားဟားဟား”

လင်းရှောင်၏ မျက်နှာထက်မှ အနိုင်ရသူ၏အပြုံးသည် ခဲသွားသည်။ အဝေးရှိ တောင်ထိပ်ပေါ်မှ ထျန်ရှင်းလု၏ မျက်မှောင်များမှာလည်း အနည်းငယ်ကြုတ်သွားလေသည်။

သူ၏ပြီးပြည့်စုံသော တိုက်ကွက်တစ်ခုအား ဤသို့တားဆီးခံလိုက်ရလိမ့်မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။

တောင်တန်းဘုရင်၏ ရယ်သံများက မြို့ပျက်ကြီးကြားထဲတွင် ပဲ့တင်သံထွက်ပေါ်လာနေသည်။ လင်းရှောင်၏ ဖြူလျော်နေသည့် မျက်​နှာသည် ဆွံအသွားလေပြီး တစ်ဆက်ဆက်တုန်ယင်သွားသည်။

ဤငနဲသူ့အား လာနောက်နေသည်လော။ “ငါလိုးမသား ထျန်ရှင်းလု။” လင်းရှောင် မထိန်းချုပ်နိုင်တော့ပဲ ရိုင်းဆိုင်းစွာ ဆဲဆိုလိုက်သည်။

အစောပိုင်းဆက်သွယ်ချိန်တွင် သူသာ တောင်တန်းဘုရင်အား လှုပ်မရအောင်ဖမ်းစီးထားပါက ထိုအကောင်သည်အလွန်အားကောင်းသော နည်းစနစ်တစ်ခုကို အသုံးပြု၍ တောင်တန်းဘုရင်အား သတ်နိုင်သည်ဟု ဆိုခဲ့သည်။

သို့သော် ယခုအခါတွင် ထိုအလွန်အားကောင်းသော နည်းစနစ်သည် တောင်တန်းဘုရင်၏ အရိပ်ကိုပင်မထိလိုက်ချေ။

သေဘေးမှလွတ်လာ၍ ပျော်ရွင်နေသည့် တောင်တန်းဘုရင်က လင်းရှောင်အား မီးတစ်ဝင်းဝင်းဖြင့်တောက်ပနေသော မျက်လုံးဖြင့်စိုက်ကြည့်လိုက်သည်။

သူ၏ရယ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏မျက်နှာထက်မှ ပျော်ရွှင်မှုများအစား ရက်စက်ကြမ်းကြုတ်သော အမုန်းတရားများက နေရာယူလာသည်။

ရုတ်တရက်... သူ၏လက်ကိုညှပ်ထားသော သံမဏိကဲ့သို့ ကြွက်သားများ၏ ဖိအားက တဖြည်းဖြည်း... လျော့ကျလာသည်ကို သူသတိထားမိလိုက်သည်။

လင်းရှောင်၏ လက်များက တုန်ယင်လာသည်။ သူ၏ အနီရောင်မျက်လုံးများထဲမှ အလင်းရောင်များက တဖြည်းဖြည်း မှေးမှိန်စပြုလာသည်။

မှန်ပေသည်။ သူ၏ နောက်ဆုံးအကွက်၊ အသက်နှင့်ရင်း၍ ထောင်ချောက်ဆင်သည့်အကွက်သည် အလုပ်ဖြစ်ခဲ့သော်လည်း ရန်သူ့တိုက်ကွက်က မထင်မှတ်ဘဲ ပျက်ပြယ်သွားခဲ့သည်။ ယခု... သူ၏အချိန်ကုန်သွားလေပြီ။

သူ၏နှလုံးသားနေရာတွင် ဟာလာဟင်းလင်းဖြစ်နေသော ဒဏ်ရာကြီးမှ အသက်ဓာတ်များ တရွေ့ရွေ့ ယိုစိမ့်ထွက်ခွာနေသကဲ့သို့ပင်။

သွေးများ... သူ၏ခန္ဓာကိုယ်ထဲတွင် မစီးဆင်းတော့။

ထို့ကြောင့် သူ၏ကြွက်သားများဆီသို့ ခွန်အားများ မရောက်ရှိနိုင်တော့ပေ။ သူ၏ သံမဏိလက်များက သာမန်လက်များအဖြစ်သို့ တဖြည်းဖြည်း ပြန်လည်ပြောင်းလဲလာသည်။

တောင်တန်းဘုရင်သည် ထိုအချက်ကို ချက်ချင်းပင် သဘောပေါက်သွားသည်။ သူ၏မျက်လုံးများတွင် အရိုင်းဆန်သော ဝမ်းသာအားရမှုများ ပြည့်နှက်သွားသည်။

“သေစမ်း။ သေစမ်း။ သောက်ပိုးဟပ်လို အသက်ပြင်းတဲ့ကောင်၊ သေစမ်းကွာ။

သူသည် အားကုန်ကြိမ်းမောင်းလိုက်ပြီး သူ၏လက်ကို အားကုန်ဆွဲနှုတ်လိုက်သည်။

“စွတ်... ဖြောင်း။”

အသားစုတ်ပြဲသံ၊ အရိုးကျိုးသံများနှင့်အတူ သူ၏သွေးစွန်းနေသောလက်သည် လင်းရှောင်၏ ရင်အုံထဲမှ ကြမ်းတမ်းစွာ ပြန်လည်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏ဒေါသမီးများအားလုံးကို စုစည်းကာ သူ၏ခြေထောက်ဖြင့် လင်းရှောင်၏ ဒဏ်ရာရနေပြီးသား ရင်ဘတ်ကို အားကုန်ဆောင့်ကန်လိုက်သည်။

“ဘုန်းးးးး”

လင်းရှောင်၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ အထိန်းအကွပ်မဲ့စွာ နောက်သို့လွင့်စဉ်သွားသည်။

သူ၏မျက်လုံးများထဲတွင်တော့ မယုံကြည်နိုင်ခြင်းများနှင့် နာကျင်မှုများက နောက်ဆုံးအကြိမ်အဖြစ် အရိပ်ထင်သွားသည်။

“ဝုန်း”

သူ၏ခန္ဓာကိုယ်သည် မြို့ပျက်၏ အနီးဆုံးရှိ ယိုင်နဲ့နေသော အိမ်နံရံတစ်ခုကို စက္ကူတစ်ရွက်ကဲ့သို့ ဖောက်ထွင်းသွားသည်။ အုတ်ကျိုးအုတ်ပဲ့များနှင့် ဖုန်မှုန့်များ လေထဲတွင် ဝေ့ဝဲသွားသည်။

သို့သော် ထိုမျှနှင့်မပြီးသေး။ သူ၏အရှိန်က မရပ်တန့်သေးဘဲ နောက်ထပ်အိမ်တစ်လုံး၏ အထူထပ်ဆုံးနံရံကို ဆက်လက်၍ ဖောက်ထွင်းဝင်ရောက်သွားပြန်သည်။

“ဒုန်း။ ခွမ်း။”

ကျောက်သားနံရံကြီးသည် ပင့်ကူအိမ်ကဲ့သို့ အက်ကြကြောင်းများဖြစ်ပေါ်လာပြီးနောက် ဗုန်းခနဲ ပေါက်ကွဲထွက်သွားသည်။

လေထုထဲတွင် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ခြင်းက ပြန်လည်ကြီးစိုးသွားပြီး မြေပြင်ပေါ်သို့ တဖြည်းဖြည်းပြန်လည်ကျဆင်းလာသော ဖုန်မှုန့်များသာ ကျန်ရစ်တော့သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၄၁ + ၂၄၂) ပြီး။

All Chapters