အခန်း (၂၄၃-၂၄၇)
Vol. 25 Ch. 243-247
လောက၏အထွတ်အထိပ်သို့ အပိုင်း (၂၄၃ - ၂၄၇)
နောက်ဆုံးတွင် လင်းရှောင်၏ ခန္ဓာကိုယ်သည် အပျက်အစီးကြီးတစ်ခု၏ အလယ်ဗဟိုသို့ ကျရောက်သွားပြီး အုတ်ကျိုးကျောက်ခဲများက သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ ဖုန်မှုန့်များဖြင့်အတူ ပျောက်ကွယ်သွားတော့သည်။
လေထုထဲတွင် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ခြင်းက ပြန်လည်ကြီးစိုးသွားပြီး မြေပြင်ပေါ်သို့ တဖြည်းဖြည်းပြန်လည်ကျဆင်းလာသော ဖုန်မှုန့်များသာ ကျန်ရစ်တော့သည်။
တောင်တန်းဘုရင်သည် မောဟိုက်စွာဖြင့် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏တစ်ကိုယ်လုံးသည်လည်း သွေးများနှင့် ချွေးများဖြင့် စိုစွတ်နေပြီး သူ၏အိုမင်းသော ရင်အုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
သူသည် သူ၏ဝိညာဉ်အာရုံကို အစွမ်းကုန်ဖွင့်ကာ အုတ်ပုံကြီးရှိရာသို့ စူးစမ်းလိုက်သည်။
တိတ်ဆိတ်နေသည်။
မည်သည့်အသက်ဓာတ်၏ အရိပ်အယောင်မှ မရှိ။ မည်သည့်ဝိညာဉ်စွမ်းအင်၏ လှုပ်ရှားမှုကိုမှ မခံစားရ။ လင်းရှောင်၏တည်ရှိမှုသည် ဤလောကကြီးထဲမှ လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
“ဟား... ဟားဟား... ဟားဟားဟားဟား။”
ထိုအချက်ကို အတည်ပြုပြီးသည့်နောက်တွင်တော့ တောင်တန်းဘုရင်သည် သူ၏ဒေါသများ၊ ကြောက်ရွံ့မှုများအားလုံးကို လွှတ်ချလိုက်ပြီး ကောင်းကင်ကိုမော့ကာ အရူးတစ်ယောက်ကဲ့သို့ အားရပါးရရယ်မောလိုက်တော့သည်။ သူ၏မျက်လုံးများမှ မျက်ရည်များပင် စီးကျလာသည်။
“သေပြီ။ နောက်ဆုံးတော့ အဲ့ဒီသောက်ကျိုးနည်း ပိုးဟပ်ကောင် သေသွားခဲ့ပြီ။”
သူ၏အောင်နိုင်သူ၏ရယ်သံသည် မြို့ပျက်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူသည် စိတ်လှုပ်ရှားမှုများ လျော့ကျသွားပြီးနောက် အဝေးမှတောင်ကုန်းထိပ်တွင် လက်ပိုက်၍ အေးစက်စွာရပ်ကြည့်နေသော ထျန်ရှင်းလုထံသို့ သူ၏အေးစက်သောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
သူ၏မျက်နှာထက်မှ ရယ်မောခြင်းများ ပျောက်ကွယ်သွားပြီး အေးစက်သော အထင်သေးမှုတို့က နေရာယူလာသည်။
“သောက်ကလေး...။”
တောင်တန်းဘုရင်သည် ထျန်ရှင်းလုအား သတ်ရန် စိတ်ကူးမရှိပေ။ ထျန်ကလန်၏ အရိပ်နတ်ဆိုးတစ်ပါးကို သတ်ဖြတ်ခြင်း၏အကျိုးဆက်ကို သူကောင်းကောင်းသိသည်။ ထိုအရာသည် ကောင်းကင်ဘုံကိုပင် တုန်လှုပ်သွားစေမည့် ကိစ္စကြီးတစ်ခုဖြစ်သည်။
ထျန်ကလန်၏အမဲလိုက်ခြင်းကို သူခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သို့သော်... မသတ်ရဲသည့်တိုင်အောင် ဒေါသကတော့ အလွန်အမင်းထွက်နေသည်။ သူ၏အဖိုးတန်အသက်ကယ်ရတနာ ကြေမွသွားရခြင်း၊ သူဒဏ်ရာအပြင်းအထန်ရသွားခြင်းအားလုံးသည် ဤမောက်မာသောကလေးကြောင့်ပင် ဖြစ်သည်။
“မင်းရဲ့နောက်ခံက မင်းကိုအသက်ရှင်ခွင့်ပေးထားပေမယ့်... မင်းရဲ့မောက်မာမှုကတော့ မင်းကိုသင်ခန်းစာကောင်းကောင်းတစ်ခုပေးလိမ့်မယ်။”
တောင်တန်းဘုရင်က အေးစက်စွာပြောလိုက်သည်။ “ဒီအဘိုးကြီးက မင်းရဲ့အကြီးအကဲတွေကိုယ်စား ဂျူနီယာတစ်ယောက်ကို ဘယ်လိုလေးစားရမလဲဆိုတာ သင်ပေးရမှာပေါ့။”
သူ၏စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်သည် မူလနေရာတွင်ပင် ပျောက်ကွယ်သွားသည်။
“ဝှစ်။”
လေခွင်းသံပင်မကြားလိုက်ရခင်မှာပင် သူသည် ထျန်ရှင်းလု၏ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူ၏အမြန်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ထျန်ရှင်းလု၏မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း သူတုန်လှုပ်ခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်မှ သွေးနီရောင်အငွေ့အသက်များ ထွက်ပေါ်လာပြီး သွေးမိုးကြိုးဆေဘာခန္ဓာကို အသက်သွင်းလိုက်သည်။
“ငါလို အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ယောက်ကို စော်ကားရဲတဲ့ မင်းရဲ့သတ္တိကိုတော့ ငါအသိအမှတ်ပြုတယ်။” တောင်တန်းဘုရင်က လှောင်ပြောင်လိုက်ပြီး သူ၏လက်ဖဝါးကို ထျန်ရှင်းလု၏ပါးပြင်ဆီသို့ ရိုက်ချလိုက်သည်။
“ဖြန်းးးး။”
ထျန်ရှင်းလုက လက်ကို ကာလိုက်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အရှိန်ကိုမထိန်းနိုင်ဘဲ နောက်သို့မီတာအနည်းငယ် လွင့်စဉ်သွားသည်။
သူ၏လက်ဖျံတစ်ခုလုံး ထုံကျင်သွားပြီး အရိုးကျိုးသွားသလိုပင် ခံစားလိုက်ရသည်။
“အဟွတ်။”
“မင်းရဲ့ခန္ဓာကိုယ်က အံ့ဩစရာကောင်းလောက်အောင် သန်မာပေမယ့် ငါနဲ့ယှဉ်ရင်တော့ ကလေး နဲ့ လူကြီးတစ်ယောက်လိုကိုကွာခြားတယ်....။” တောင်တန်းဘုရင်က အထင်သေးစွာပြောရင်း နောက်တစ်ကြိမ်တိုးကပ်လာပြန်သည်။
တောင်တန်းဘုရင်ပြောသည်မှာ အမှန်တရားသာဖြစ်သည်။ ထျန်ရှင်းလု၏ အားအကောင်းဆုံးသော ပေါက်ကွဲအားသည် အဆင့် ၄ သေမျိုးတန်ခိုးရှင်အဆင့်သာဖြစ်သည်။
သူ၏ခံနိုင်ရည်ကတော့ ထိုထက်ပိုမြင့်၏။ သို့သော် သူတို့ ၂ ယောက်ခြားရှိ အလုံးစုံ တိုက်ခိုက်နိုင်စွမ်းတို့သည် အကွာကြီးဖြစ်၏။
တောင်တန်းဘုရင်က ရှိသမျှခွန်အားအကုန်ကို အသုံးမပြု
နိုင်ဘူးဆိုလျှင်တောင် သူသည် အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါးတော့ ဖြစ်တော့ဆဲဖြစ်သည်။
ထို့အတွက်ကြောင့် ထျန်ရှင်းလု နှင့် တိုက်ခိုက်ရာတွင် အလွန်သက်တောင့်သက်တာရှိနေသည်။
သူတို့နှစ်ဦးသည် တောင်ကုန်းထိပ်တွင် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။ ထျန်ရှင်းလုသည် သူ၏အစွမ်းကုန်ခုခံသော်လည်း အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါး၏ အတွေ့အကြုံနှင့် စွမ်းအင်ရှေ့မှောက်တွင် သူ၏တိုက်ကွက်တိုင်းမှာ အရာမထင်ပေ။
သူသည် တစ်ချိန်လုံး အဖိနှိပ်ခံနေရပြီး သူ၏သံမဏိခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ တစ်ခုပြီးတစ်ခုတိုးလာသည်။
တောင်တန်းဘုရင်သည် သူ၏ဒေါသများကို ထျန်ရှင်းလုအပေါ်ပုံချကာ အားရပါးရရိုက်နှက်နေသည်။ သူသည် ထျန်ရှင်းလု၏ မာကျောသောခန္ဓာကိုယ်နှင့် အားကောင်းသောသော ပြန်လည်ကုစားနိုင်စွမ်းကို အံ့ဩနေသော်လည်း ဂရုမစိုက်နိုင်။
သူ၏စိတ်ထဲတွင် ဤမောက်မာသောကလေးကို အားရပါးရရိုက်နှက်ရန်သာဖြစ်သည်။ သို့သော် သူမသိသည်က ထျန်ရှင်းလုသည် သူ့ကိုအေးစက်စက်မျက်ဝန်းတို့ဖြင့်ကြည့်နေခြင်းဖြစ်သည်။
ထိုမျက်ဝန်းတို့သည် သူသေတစ်ယောက်ကိုကြည့်နေသော မျက်ဝန်းတို့ နှင့် မခြားနားချေ။
တစ်ဖက်သတ်ဆန်သော တိုက်ပွဲက အချိန်ကြာလာပြီး တောင်တန်းဘုရင်သည် ထျန်ရှင်းလု၏ရင်ဘတ်ကို အားကုန်ကန်ကျောက်ရန် ခြေထောက်ကိုမြှောက်လိုက်သည့်အချိန်...။
သူ၏အာရုံက ထျန်ရှင်းလုအပေါ်တွင်သာရှိနေပြီး သူ၏နောက်ကျောဘက်သည် လုံးဝအကာအကွယ်မဲ့နေသည့်အချိန်...။
ရုတ်တရက်...။
သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေသော မြို့ပျက်ကြီး၏ အပျက်အစီးများကြားမှ... အလွန်အမင်း အေးစက်ပြီး သေခြင်းတရားတို့ဖြင့် ပြည့်နှက်နေသည့် အရှိန်အဝါတစ်ခုက နေထွက်လာသကဲ့သို့ တဟုန်ထိုးထွက်ပေါ်လာသည်။
“ဟမ်...။”
တိုက်ပွဲတွင်လုံးဝအာရုံစိုက်နေသော တောင်တန်းဘုရင်၏တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထောင်ထသွားပြီး သူ၏ကျောရိုးထဲမှ အေးစက်သောရေစီးကြောင်းတစ်ခုက ဦးနှောက်ဆီသို့ လျှပ်စီးလက်သလို စီးဆင်းသွားသည်။
သူ၏ခေါင်းကို မရမကလှည့်ကြည့်လိုက်သည်။
အုတ်ပုံများကြားထဲမှ လူတစ်ယောက်သည် ဖြည်းညှင်းစွာ ပြန်လည်မတ်တပ်ရပ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအားလုံးသည် လုံးဝပျောက်ကင်းနေပြီး သူ၏စုတ်ပြတ်နေသော အဝတ်အစားများမှလွဲ၍ သူသည် အကောင်းပကတိအတိုင်းပင်။
သူ၏မျက်လုံးနှစ်လုံးသည်တော့ သွေးကဲ့သို့နီရဲနေပြီး ထိုထဲမှသတ်ဖြတ်လိုစိတ်များသည် ငရဲဘုံမှလာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
ထိုသူမှာ လင်းရှောင်ပင်ဖြစ်လေသည်။
“မ... မဖြစ်နိုင်ဘူး။ မင်း... မင်းရဲ့အသက်အော်ရာ လုံးဝပျောက်သွားခဲ့တာလေ။” တောင်တန်းဘုရင်၏အသံသည် ထိတ်လန့်မှုကြောင့် တုန်ယင်နေသည်။ သေးပေါက်ချခါနီးအထိပင် ထိန့်လန့်သွားရသည်။
ထျန်ရှင်းလုကလည်း လင်းရှောင်အား တအံတဩဖြင့်ကြည့်နေ၏။
လင်းရှောင်က သူ၏လည်ပင်းကို အသာအယာချိုးလိုက်ရင်း ကြောက်မက်ဖွယ်အပြုံးတစ်ခုကို ပြုံးလိုက်သည်။
သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များသည် ယခင်ကထက်ပင် ပိုမိုပေါက်ကွဲအားကောင်းနေသည်။
“မင်းလိုမြေခွေးအိုကြီးကို ရှင်းဖို့အတွက်တော့ နည်းနည်းအဆုံးရှုံးခံရတာပေါ့။”
“ငါပေးဆပ်လိုက်ရတဲ့အရာက အတော်လေး တန်ဖိုးကြီးတာမလို့ ငါမင်းကိုသေအောင်သတ်ပြစ်မယ်...။”
လင်းရှောင်၏စကားဆုံးသည်နှင့် သူသည် မူလနေရာတွင် မရှိတော့ပေ။
တောင်တန်းဘုရင်သည် သူ၏ဘဝတစ်လျှောက် အန္တရာယ်အကြီးဆုံးကို ခံစားလိုက်ရပြီး သူ၏အမြန်နှုန်းကို အစွမ်းကုန်သုံး၍ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် နောက်ကျသွားခဲ့ပြီ။
သူလှုပ်ရှားလိုက်သည့်အချိန်တွင် လင်းရှောင်သည် သူ၏အရှေ့ဘက်သို့ ရောက်နှင့်နေပြီဖြစ်သည်။
သူ၏လက်ညှိုးတစ်ချောင်းသည် အမှောင်ထုနှင့် သေခြင်းတရားတို့ဖြင့် စုစည်းထားသည့် ငရဲမှလက်နက်တစ်ခုအလား တောင်တန်းဘုရင်၏ နှလုံးသားနေရာသို့ ချိန်ရွယ်ထားပြီးဖြစ်သည်။
“သေမင်း၏လက်ညိုး။”
လင်းရှောင်၏ အေးစက်သော အသံသည် ငရဲဘုံ၏တံခါးများပွင့်ထွက်လာသကဲ့သို့ ပဲ့တင်ထပ်သွားသည်။
သူ၏လက်ညှိုးထိပ်မှ အနက်ရောင်အလင်းတန်းသည် အရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်နိုင်သည့် စကြာဝဠာ၏ အမှောင်ထုတစ်ခုအလား တောင်တန်းဘုရင်၏ နှလုံးသားဆီသို့ ဦးတည်လာသည်။
အချိန်နှင့်နေရာတို့သည် ထိုတစ်ခဏတွင် ရပ်တန့်သွားသကဲ့သို့ပင်။
တောင်တန်းဘုရင်၏ မျက်လုံးများ သွေးရောင်လွှမ်းသွားသည်။ သူ၏ နှစ်ပေါင်းငါးထောင်ကျော် သက်တမ်းတစ်လျှောက်လုံးတွင် ဤမျှလောက် သေခြင်းတရားနှင့် နီးကပ်ခဲ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူ၏ဝိညာဉ်တစ်ခုလုံးက အော်ဟစ်နေသည်... ရှောင်လို့မရဘူး... တိုက်ရိုက်ရင်ဆိုင်လို့မရဘူး...
သို့သော် သူသည် သာမန်တန်ခိုးရှင်တစ်ပါးမဟုတ်။ သူသည် မြေခွေးအိုကြီးတစ်ကောင်... တောင်တန်းဘုရင်ပင်ဖြစ်သည်။
သေခြင်းတရား၏ အေးစက်သောလက်များက သူ၏လည်မျိုကို ဆုပ်ကိုင်လာသည့် ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် သူ၏ တစ်ဘဝလုံးစာ အတွေ့အကြုံများနှင့် သိုင်းပညာအနှစ်သာရတို့က သူ၏ဦးနှောက်ထဲတွင် လျှပ်စီးကဲ့သို့ ပေါက်ကွဲထွက်လာသည်။
အပျော့က အမာကိုနိုင်၏။ ရေစီးကြောင်းက ကျောက်ဆောင်ကိုတိုက်စား၏။
သူသည် အံကိုကြိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ နောက်ဆုံးကျန်ရှိနေသော ဝိညာဉ်စွမ်းအင်အားလုံးကို သူ၏လက်နှစ်ဖက်တွင် စုစည်းလိုက်သည်။
သူ၏လက်များသည် တောင့်တင်းစွာ ခုခံရန်မဟုတ်ဘဲ၊ ထူးဆန်းပြီး နက်နဲလှသော ပုံစံဖြင့် ဖြည်းညင်းစွာ လှုပ်ရှားလာသည်။
သူ၏ညာလက်က အပေါ်သို့တက်ကာ ‘ယန်’ ကိုကိုယ်စားပြုပြီး၊ ဘယ်လက်က အောက်သို့ဆင်းကာ ‘ယင်’ ကိုကိုယ်စားပြုသည်။ သူ၏လက်ဖဝါးနှစ်ခုကြားတွင် မမြင်နိုင်သော စွမ်းအင်လေပွေဂယက်တစ်ခုက ချက်ချင်းဖြစ်ပေါ်လာသည်။
“ယင်ယန်... ကမ္ဘာ....”
တောင်တန်းဘုရင်သည် သွေးများအန်ထုတ်ရင်း အားကုန်ဟိန်းဟောက်လိုက်သည်။
“ဘုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
လင်းရှောင်၏ အဆုံးမဲ့ဖျက်ဆီးခြင်းစွမ်းအင်တို့ဖြင့် ပြည့်နှက်နေသော ‘သေမင်းလက်ညှိုး’ သည် တောင်တန်းဘုရင်၏ ယင်ယန်စွမ်းအင်ကွင်းနှင့် ထိခတ်မိသည့်တစ်ခဏ၊ ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားလောက်အောင် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာသည်။
သို့သော် ထိုပေါက်ကွဲမှုသည် မျှော်လင့်ထားသလို အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားခြင်းမရှိပေ။ တောင်တန်းဘုရင်၏ ယင်ယန်ကွန်ဖူးသည် ရေလွှမ်းမိုးမှုကို လမ်းကြောင်းလွှဲပေးသကဲ့သို့၊ ထိုကြောက်မက်ဖွယ်စွမ်းအင်လှိုင်းလုံးကြီးကို သူ၏ခန္ဓာကိုယ်၏ ညာဘက်ခြမ်းဆီသို့ အတင်းအကျပ် လမ်းကြောင်းလွှဲပို့လိုက်သည်။
ထိုသည်မှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့်မထူးပေ။
“အားးးးးးးးးးးးးးးးးးးးးးးးးးးး”
တောင်တန်းဘုရင်၏ နားကွဲမတတ် အော်ဟစ်သံကြီးနှင့်အတူ သူ၏ညာဘက်ခန္ဓာကိုယ်တစ်ခြမ်းလုံးသည် အနက်ရောင်စွမ်းအင်များ၏ တိုက်စားမှုအောက်တွင် ပေါက်ကွဲထွက်သွားတော့သည်။
သူ၏ညာဘက်လက်မောင်းတစ်ခုလုံးသည် အသားစများအဖြစ် လေထဲတွင်လွင့်စဉ်သွားသည်။ သူ၏ညာဘက်ရင်အုံနှင့် နံရိုးများအားလုံး အမှုန့်အဖြစ်ကြေမွသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခြမ်းနီးပါးသည် သားသတ်စားပွဲပေါ်တင်ထားသည့်အသားတုံးကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။
တဒုတ်ဒုတ်ခုန်နေသော သူ၏နှလုံးသားသည်ပင် အပြင်သို့ပေါ်ထွက်လာပြီး သွေးများက ရေပန်းကဲ့သို့ ပန်းထွက်နေသည်။
သူသည် သေခြင်းတရားကို လမ်းကြောင်းလွှဲနိုင်ခဲ့သော်လည်း... ထိုလမ်းကြောင်းလွှဲမှု၏ တန်ဖိုးမှာ သူ၏ခန္ဓာကိုယ်တစ်ခြမ်းပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ... သူအသက်ရှင်ကျန်ရစ်ခဲ့သည်။
အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါး၏ အသက်စွမ်းအင်သည် ကြောက်ခမန်းလိလိပင်။ ထိုကဲ့သို့သော ဒဏ်ရာဖြင့်ပင် သူသည် မသေဆုံးသေးဘဲ မြေပြင်ပေါ်တွင်ဒယိမ်းဒယိုင်ဖြင့် ရပ်တန့်နေနိုင်သေးသည်။
တစ်ချိန်တည်းတွင်... လင်းရှောင်၏ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။
သူ၏မျက်လုံးနီနီများထဲမှ သွေးရောင်အလင်းတန်းများက ဖယောင်းတိုင်မီး ငြိမ်းသတ်ခံလိုက်ရသကဲ့သို့ တဖြည်းဖြည်းမှေးမှိန်သွားသည်။
သူ၏မျက်လုံးများက သာမန်အညိုရောင်မျက်လုံးများအဖြစ်သို့ ပြန်လည်ကူးပြောင်းသွားရသည်။
သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲနေသော စွမ်းအင်များအားလုံးသည် ရုတ်တရက်ဆိုသလို ခန်းခြောက်သွားပြီး ဟာလာဟင်းလင်းဖြစ်သွားသည်။
‘သေမင်းလက်ညှိုး’ ကို ဒုတိယအကြိမ်အသုံးပြုလိုက်ရခြင်းက သူ၏အသက်စွမ်းအင်များကို နောက်ဆုံးတစ်စက်အထိ ညှစ်ထုတ်သုံးစွဲလိုက်သကဲ့သို့ပင်။
“အ... အဟွတ်...”
သူ၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး သူ၏ခန္ဓာကိုယ်သည် အားအင်ကုန်ခမ်းစွာဖြင့် မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ကျသွားသည်။ သူ၏အမြင်အာရုံများဝေဝါးလာပြီး မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်တော့ပေ။
ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်ခြင်းက တိုက်ပွဲမြေပြင်ကို နောက်တစ်ကြိမ် လွှမ်းခြုံသွားပြန်သည်။
တစ်ယောက်မှာ ခန္ဓာကိုယ်တစ်ခြမ်းလုံးနီးပါး ပျက်စီးကာ သွေးအိုင်ထဲတွင် မသေရုံတမယ် ရပ်နေသည်။
နောက်တစ်ယောက်မှာတော့ အားအင်အကုန်လုံးကုန်ခမ်းကာ ဒူးတစ်ဖက်ထောက်လျက် အသက်ကိုမနည်းရှူနေရသည်။
တောင်တန်းဘုရင်၏ နာကျင်မှု၊ ဒေါသနှင့် နောင်တတို့ ရောယှက်နေသော ကြိမ်းမောင်းသံကြီးသည် သွေးအိုင်ထဲမှ ထွက်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်မှ နာကျင်မှုသည် ငရဲဘုံမှ မီးများဖြင့် အရှင်လတ်လတ် အကင်ခံနေရသည်ထက်ပင် ဆိုးရွားလှသည်။ သို့သော် ထိုရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် သူ၏နှလုံးသားနှင့် ဝိညာဉ်ထဲမှ နာကျင်မှုက အဆပေါင်းများစွာ ပို၍ပြင်းထန်လှသည်။
သူ၏မျက်လုံးများသည် သူ၏ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခန္ဓာကိုယ်ကို ငုံ့ကြည့်မိသည်။ ညာဘက်တစ်ခြမ်းလုံး... ဟာလာဟင်းလင်း။ သူ၏တဒုတ်ဒုတ်ခုန်နေသော နှလုံးသားသည်ပင် အကာအကွယ်မဲ့စွာ အပြင်သို့ပေါ်ထွက်နေသည်။ သူသည် သူ၏ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်ကာ ဒဏ်ရာကိုကုစားရန် ကြိုးစားလိုက်သည်။
သို့သော်... သူ၏စွမ်းအင်များသည် အပေါက်ကြီးမှ ရေများယိုစိမ့်ထွက်သွားသကဲ့သို့ တရစပ်ယိုစီးထွက်နေသည်။ သူ၏အသက်စွမ်းအင်များ... သူ၏နှစ်ပေါင်းသောင်းချီသော သက်တမ်း... အရာအားလုံးသည် ထိုအပေါက်ကြီးမှတဆင့် စုပ်ထုတ်ခံနေရသလိုပင်။
သူ၏စိတ်ထဲတွင် သူ၏သက်တမ်းကို တွက်ချက်ကြည့်မိသည်။
နှစ်တစ်သောင်း... တစ်ထောင်... တစ်ရာ...။
သူ၏မျက်နှာသည် သွေးဆုတ်ဖြူရော်သွားသည်။ သူ၏ မသေမျိုးနီးပါးရှည်လျားလှသော သက်တမ်းသည် ယခုအခါတွင် နှစ်တစ်ရာပင် ပြည့်အောင်ကျန်တော့မည်မဟုတ်တော့။ ဤဒဏ်ရာသည် သူ၏အခြေခံအုတ်မြစ်ကို လုံးဝဖျက်ဆီးသွားခဲ့ပြီ။ တစ်သက်လုံး မည်သို့ပင်ကုစားစေကာမူ အလုံးစုံပြန်လည်ကောင်းမွန်လာတော့မည် မဟုတ်ပေ။
သူ၏စိတ်အာရုံထဲတွင် ပုံရိပ်များ တစ်ခုပြီးတစ်ခုပေါ်လာသည်။
ရွှေရောင်တောက်နေသော သူ၏နန်းတော်ကြီး... မျိုးဆက်ပေါင်းများစွာ သုံးမကုန်နိုင်သော စည်းစိမ်ဥစ္စာများ... နတ်သမီးလေးများကဲ့သို့ ချောမောလှပသော မိန်းမပျိုလေးများ... ကမ္ဘာပေါ်တွင် အကောင်းဆုံးသော နတ်သေရည်များ...
ထိုအရာအားလုံး... သူနှစ်ပေါင်းငါးထောင်ကျော်လုံးလုံး စုဆောင်းတည်ဆောက်လာခဲ့သော သူ၏ဘုံဗိမာန်ကြီးသည်... သူ၏မျက်စိရှေ့တွင်ပင် ပြာအဖြစ်သို့ လွင့်စဉ်သွားသလို ခံစားလိုက်ရသည်။
သူ၏ အထွတ်အထိပ်သေမျိုးတန်ခိုးရှင်အဆင့်သို့ တက်လှမ်းရန် အိမ်မက်... သူ၏ထာဝရနီးပါး အသက်ရှင်နေထိုင်ရန် မျှော်လင့်ချက်... အရာအားလုံး...။
“အားးးးးးးးးးးးးးးးး။”
သူ၏ရင်ထဲမှ နာကျင်မှုသည် မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ထိုနာကျင်မှုများအားလုံးသည် အဆုံးမဲ့သော အမုန်းတရားနှင့် ဒေါသများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အကြည့်များက ဒူးတစ်ဖက်ထောက်လျက် အသက်ကိုမနည်းရှူနေရသော လင်းရှောင်ထံသို့ ကျရောက်သွားသည်။
ဤကောင်... ဤပိုးဟပ်ကောင်ကြောင့်... ဤသောက်ကျိုးနည်းကောင်ကြောင့်...။
“ငါမင်းကိုသတ်မယ်။”
တောင်တန်းဘုရင်သည် သွေးများဖြင့်ပြည့်နှက်နေသော မျက်လုံးများဖြင့် အားကုန်အော်ဟစ်ကာ လင်းရှောင်ရှိရာသို့ သူ၏ဘယ်လက်ဖြင့် ချိန်လိုက်၏။
တစ်ချိန်တည်းတွင် သူ၏လက်ထဲတွင် လေစွမ်းအင်များစုစည်းလာကာ ဖန်ကဲ့သို့ကြည်လင်လေသော လေဓားတစ်ချောင်းထွက်ပေါ်လာသည်။
သူ၏လက်တစ်ဖက်တည်းဖြင့် ဖန်ဆင်းလိုက်သော်လည်း ထိုလေဓားမှထွက်ပေါ်နေသော စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်ရှိလေထုကိုပင် ဓားသွားများကဲ့သို့ ထက်ရှစေသည်။
သို့သော် သူသည် လင်းရှောင်ကို အလွယ်တကူသေသွားခွင့်မပေးနိုင်။ သူ၏ အနာဂတ်၊ သူ၏မျှော်လင့်ချက်အားလုံးကို ဖျက်ဆီးခဲ့သော ဤကောင်ကို အရှင်လတ်လတ် ငရဲကိုမြည်းစမ်းစေရမည်။
“ဝှစ်”
သူသည် လက်ကိုလွှဲလိုက်ရာ လေဓားသည် လင်းရှောင်၏နှလုံးသားကို ရှောင်ကွင်းပြီး သူ၏ဝမ်းဗိုက်ဆီသို့ တန်းတန်းမတ်မတ် ထိုးစိုက်ဝင်ရောက်သွားသည်။
“ခွပ်”
လင်းရှောင်သည် နာကျင်မှုကြောင့် အသံပင်မထွက်နိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်သည် နောက်သို့လန်ကျသွားသည်။
သွေးများက ဒဏ်ရာမှ ပန်းထွက်လာပြီး သူ၏နောက်ဆုံးကျန်ရှိနေသော အားအင်များကိုပါ ဆွဲထုတ်သွားတော့သည်။
“မင်းရဲ့ဝိညာဉ်ကို ဆွဲထုတ်ပြီးတော့ ငရဲမီးနဲ့ နှစ်သန်းပေါင်းများစွာ ကင်ပြမယ်။”
သူ၏အသံသည် နာကျင်မှုကြောင့် တုန်ယင်နေသော်လည်း ထိုထဲတွင်ပါဝင်သော အမုန်းတရားနှင့် ရက်စက်မှုတို့က ပတ်ဝန်းကျင်တစ်ခုလုံးကို အေးခဲသွားစေသည်။
ထို့နောက်... သူသည် လင်းရှောင်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
သူ၏ခြေလှမ်းတိုင်းသည် အလွန်လေးလံပြီး နှေးကွေးလှသည်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းလုံး ပျက်စီးနေပြီး သွေးများက သူလျှောက်လှမ်းရာလမ်းတစ်လျှောက်တွင် အိုင်ဖွဲ့ကျန်ရစ်ခဲ့သည်။
သို့သော် သူ၏ခြေလှမ်းများတွင် အားမာန်နှင့် မယိမ်းမယိုင်သော သတ်ဖြတ်လိုစိတ်တို့က အပြည့်အဝပါဝင်နေသည်။
“ဒုန်း... ဒုန်း... ဒုန်း...”
သူ၏ခြေဖဝါးတစ်ချက်ချလိုက်တိုင်း ကျောက်မြေပြင်သည် အက်ကွဲသွားပြီး သုံးလက်မခန့်နက်သော ခြေရာကြီးများ ထင်ကျန်ရစ်သည်။
သူသည် ဒဏ်ရာရနေသော သားရဲဘုရင်တစ်ပါးကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်သည် ပျက်စီးလုနီးပါးဖြစ်နေသော်လည်း သူ၏အရှိန်အဝါကမူ အထွတ်အထိပ်သို့ပင် ရောက်ရှိနေသည်။
ထိုအရှိန်အဝါသည် နှစ်ပေါင်းထောင်ချီ၍ ရှင်သန်ခဲ့သော သက်တမ်းရှည်ပုဂ္ဂိုလ်တစ်ဦး၏ အမျက်ဒေါသနှင့် နောင်တတို့ ပေါင်းစပ်ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသောကြောင့် အလွန်အမင်းပင် ကြောက်မက်ဖွယ်ကောင်းလှလေသည်။
လေထုသည် သူ၏အရှိန်အဝါ၏ဖိအားကြောင့် လေးလံလာပြီး မြေပြင်ပေါ်ရှိ ကျောက်ခဲငယ်များပင် တုန်ခါနေကြသည်။
နောက်ဆုံးတွင် သူသည် လင်းရှောင်၏ရှေ့မှောက်သို့ ရောက်ရှိလာပြီး သူ၏အရိပ်မည်းကြီးက အသက်ကိုမနည်းရှူနေရသော လင်းရှောင်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။
သူ၏မျက်လုံးများတွင် အရူးတစ်ယောက်၏ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏ကျန်ရှိနေသော ဘယ်လက်သည် လင်းရှောင်၏ဦးခေါင်းကို ဆုပ်ကိုင်ရန် ဖြည်းညှင်းစွာ မြောက်တက်လာသည်။
ထိုအချိန်တွင် အဝေးမှ အသံတစ်သံထွက်ပေါ်လာသည်။
“အဟားဟား သောက်အဘိုးကြီး။ ခင်ဗျားက ကျုပ်ကိုသေသွားပြီထင်နေတာလား။”
“ကျုပ်ကို ဒီအတိုင်းကြီး လျစ်လျှူရှုထားရဲတယ်ပေါ့။”
ထျန်ရှင်းလုက စုတ်ပြတ်နေသောအဝတ်များကို ဆွဲဖြဲလိုက်ပြီး သူ၏ပြီးပြည့်စုံသော ကြွက်သားအမြောင်းမြောင်းဖြင့် ခန္ဓာကိုယ်အား ပြသလိုက်သည်။
သူ၏ခန္ဓာကိုယ်သည် သွေးများဖြင့် စိုရွဲနေသော်လည်း ယခုလောလောဆယ်တွင် မည်သည့်ဒါဏ်ရာမှရှိမနေချေ။ အမာရွတ်ပင်မကျန်ရှိချေ။
သူက အဆောက်အဦးအပျက်များ တောင်ကုန်းလိုပုံနေသည့် အထက်တွင် ဘုရင်တစ်ပါးကဲ့သို့ ရပ်နေကာ တောင်တန်းဘုရင်အား သေလူတစ်ယောက်ကဲ့သို့စိုက်ကြည့်နေသည်။
သူ၏အနောက်တွင် လမင်းကြီးကလည်း အစွမ်းကုန်ထွန်းလင်းတောက်ပနေကာ ထျန်ရှင်းလု၏ ပုံရိပ်အား ပိုမိုပြီး ခြောက်ခြားဖွယ်ကောင်းသွားစေသည်။
လောက၏အထွတ်အထိပ်သို့ အပိုင်း (၂၄၃ - ၂၄၇) ပြီး။