ကိုးတံဆိပ်၏ လက်ချက်
Vol. 89 Ch. 1243
“မန်ဟို” မန်ဟို့ကို မြင်လျှင် ရွှမ်တောက်စစ်၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာ၏။ သူ့မှာ မန်ဟို၏အနှစ်သာရကို သိမ်းပိုက်နိုင်ဖို့ အခွင့်အရေးလေးအတွက် ရင်နာဖွယ်အဖိုးအခကို ပေးဆပ်ခဲ့ပြီးလေပြီ။ ငရဲဘုံ ၃၃ ခု၏အတွင်းထဲ သူ လိုက်ဝင်ခဲ့ရသည်။ ထို့နောက် မြူခိုးများအကြား၌ သူသေကိုယ်သေ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးတော့ ဤသင်္ချိုင်းထဲ အဆွဲခေါ်ခံခဲ့ရသည်။ ထိုကဲ့သို့အသက်အန္တရာယ်များသော အခြေအနေအားလုံးက ရွှမ်တောက်စစ်ကို တုန်လှုပ်စေခဲ့လေသည်။
“နောက်ဆုံးတော့ ဘယ်သူမှ ဝင်မနှောင့်ယှက်နိုင်တဲ့ နေရာတစ်နေရာကို ရောက်လာကြပြီပေါ့” သူက သတ်ဖြတ်လိုစိတ်ပြည့်နေသော အက်ကွဲကွဲအသံကြီးဖြင့် ပြောသည်။ “မင်း ထွက်ပြေးလို့လည်း မရတော့ဘူး။ ဒီနေရာက ... ငါတို့နှစ်ယောက်ထဲက တစ်ယောက်သေရမယ့် နေရာပဲ”
သို့သော် လောဘပူးကပ်ထားသောမန်ဟိုက ဗဟိုခန်းမထဲ ဝင်လာလျှင်ချင်း သူ၏မျက်လုံးများတွင် ရှုပ်ထွေးသောခံစားချက်များနှင့် လွမ်းဆွေးမှုတို့ ထင်ဟပ်လာသည်။ သူကား ရွှမ်တောက်စစ်နှင့် စတုတ္ထနိဗ္ဗာနသစ်သီးကို မေ့လျော့သွားခဲ့သည့်အလား အရိုးပေါ်အရေတင်ခြောက်ကပ်နေသော အလောင်းကို စိုက်ကြည့်ရင်း ရပ်နေသည်။
“အရှင်နတ်မင်း ... ပင်လယ်တာအို” သူက ခံစားချက်ပေါင်းများစွာ ရောပြွန်းနေသောအမူအရာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ပင်လယ်ဆိုတဲ့ စာလုံးက လူနှစ်ယောက်ကို ကိုယ်စားပြုတယ်။ တာအိုကတော့ ... ငါ့ကိုပေးထားတဲ့ တာအိုနာမည်ရဲ့ အဓိပ္ပါယ်အမှန်က ပင်လယ်တာအိုမဟုတ်ဘူး။ ပင်လယ်ခွေးပဲ” လောဘသည် အတိတ်ကို ပြန်ပြောင်းတွေးတောရင်း နစ်မျောနေဟန်တူ၏။ ရှေးကျနက်နဲသော ထိုမှတ်ဉာဏ်များကြောင့် သူ့ထံမှ ရှေးဆန်သောအငွေ့အသက် ထွက်မလာဘဲ မနေတော့ပေ။
ထိုအငွေ့အသက်က တိုက်ခိုက်ဖို့ ပြင်နေသော ရွှမ်တောက်စစ်အား မှင်သက်သွားစေသည်။ သူသည် မည်သည့်အရာက ထူးဆန်းနေမှန်း မဆုံးဖြတ်နိုင်သော်လည်း မန်ဟို့ထံမှ ထုတ်လွှတ်နေသည့် ရှေးဆန်သောအငွေ့အသက်ကြောင့် တုံ့ခနဲ ရပ်၍ ငေးကြည့်မိသွားသည်။
ထို့နောက် လောဘပြောလိုက်သော စကားကို ကြားလျှင် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သင်္ချိုင်းဗိမာန်၏အပြင်ရှိ ကမ္ဗည်းကျောက်စာတိုင်အပေါ်တွင် ပါရာဂွန်ကိုးတံဆိပ် ရေးသားခဲ့သော နာမည်ကို သူ မှတ်မိလိုက်သည်... ပရမတ္တ အရှင်ပင်လယ်တာအိုနတ်မင်း။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် လောဘသည် ဤနေရာတွင် ဖမ်းချုပ်ထားရ၏... အရှင်ပင်လယ်တာအိုနတ်မင်းက သူ၏ဝိညာဉ်မှ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် သူ့ဝိညာဉ်သူ နှစ်ကိုယ်ခွဲခဲ့သည်။ တစ်ကိုယ်က သူ၏အပြင်အားကိုယ်ထဲတွင် ကျန်ရစ်ခဲ့၏။ အပြင်အားကိုယ် တစတစ ပုပ်သိုးခြောက်ကပ်သွားသည့်အခါ ထိုဝိညာဉ်သည် သူ့နဖူးပေါ်တွင် အရှင်နတ်မင်းတစ်ဦး၏ နေအဖြစ် စုစည်းသွားခဲ့သည်။
နောက်တစ်ကိုယ်ကတော့ သေခြင်းကို ရှောင်တိမ်းရင်း ပတ်ဝန်းကျင်တွင် ပုန်းကွယ်ငုပ်လျှိုးနေခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်းများစွာ ကြာခဲ့သည့်အတောအတွင်း သူ့ဝိညာဉ်၏ ထိုအစိတ်အပိုင်းသည် လွတ်မြောက်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့၏။ သို့သော် အပြင်လောကမှ ကျင့်ကြံသူများ ဤနေရာသို့ ဝင်လာကြသော အချိန်တွင်ပင် သင့်တော်သော လက်ခံကောင်ကို တစ်ခါမှ ရှာမတွေ့ခဲ့ပေ။ သူ့မှာ မရေမတွက်နိုင်အောင် ကြိုးစားခဲ့သော်လည်း မည်သူ့ကိုမှ အောင်မြင်စွာ မပူးကပ်နိုင်ဖြစ်ခဲ့သည်။
သို့ရာတွင် မန်ဟို့ကို ကြည့်လိုက်သောအချိန်က ... သူ့အတွက် ကျင့်ကြံသူနောက်တစ်ယောက်ကို အမှန်တကယ်မြင်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
လောဘက သက်ပြင်းချလိုက်သည်။ သက်ပြင်းချသံသည် အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွား၏။ ခန်းမတစ်ခုလုံးတွင် လေများ တဝေါဝေါ တိုက်ခတ်လာပြီး အလင်းအားလုံး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
အလောင်း၏နဖူးပေါ်ရှိ အပြာရောင်နေသည် ရုတ်တရက် အသက်ဝင်လာ၏။ တစ်ချိန်တည်းမှာပင် အလောင်း၏တစ်ဖက်တစ်ချက်ရှိ ဒိုင်းနှင့် ခေါင်းလောင်းအသေးလေးက တုန်ခါစပြုလာသည်။
ပတ်ဝန်းကျင်တွင် တည်ရှိနေပြီးဖြစ်သော ဖိအားသည်လည်း ကြောက်ခမန်းလိလိ ပြင်းထန်လာရာ ရွှမ်တောက်စစ်အား တဆတ်ဆတ် တုန်လာစေသည်။ လောဘတစ်ယောက်တည်းသာ သက်ရောက်မခံရသည့်ပုံပင်။
“ရက်စက်လိုက်တဲ့ ပါရာဂွန်ကိုးတံဆိပ်...” လောဘက သိသိသာသာ ကြောက်ရွံ့နေဟန်ဖြင့် ရေရွတ်လိုက်သည်။ “သူ့မှာ မိုးနင်းခြေအဆင့်အပြင်အားကိုယ်နဲ့ မိုးနင်းခြေတစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိတယ်.... သူ့တစ်ယောက်တည်း အဲ့လိုအဆင့်ရှိတာ ဘယ်လောက်နှမြောဖို့ကောင်းလိုက်သလဲ။ အင်မော်တယ်ကမ္ဘာမှာသာ သူနဲ့အဆင့်တူ ပါရာဂွန်နောက်တစ်ယောက်များ ရှိခဲ့ရင် စစ်ပွဲရဲ့အဆုံးသတ်က တူချင်မှ တူလိမ့်မယ်...
“ရက်စက်ချက်ပဲ။ ငါ အရင်က မခံစားခဲ့ရပေမယ့် အခုမှ အမှန်ကို မြင်တော့တယ်။ သူက ငါတို့အားလုံးကို တစ်ပြိုင်တည်း သုတ်သင်နိုင်ခဲ့ပေမယ့် အစွမ်းအထက်ဆုံးပညာရှင် ငါတို့ ၃၃ ယောက်ကို ချုပ်နှောင်ဖို့တင်မကဘဲ... တောင်ပင်လယ်လောကရဲ့စွမ်းအားကို အသုံးပြုပြီး ဆေးလုံးတွေအဖြစ် ပြောင်းလဲဖို့ ဒီငရဲဘုံ ၃၃ ဘုံကို ဖန်ဆင်းခဲ့တာပဲ
“မင်းက ငါတို့ကို မင်းရဲ့ဆက်ခံသူဆီ လက်ဆင့်ကမ်းပေးချင်တယ်ပေါ့လေ ဟမ်... မင်းက တာအိုနတ်ဘုရားနဲ့ အရှင်နတ်မင်း ၃၃ ပါးကို ဆေးလုံးတွေအဖြစ် သန့်စင်ပြောင်းလဲပြီး မင်းရဲ့ ဆက်ခံသူအတွက် ချန်ခဲ့ချင်တာပဲ” လောဘသည် တုန်လှုပ်စွာဖြင့် အသက်ဝဝရှူသွင်းလိုက်၏။ သူ၏မျက်လုံးများက မီးဝင်းဝင်းတောက်နေလေသည်။
“ကံဆိုးစွာနဲ့ မင်းဟာ ငါ ငါ့ကိုယ်ကို နှစ်ကိုယ်ခွဲခဲ့မှာကို မခန့်မှန်းနိုင်ခဲ့သလို... ဒီခန္ဓာကိုယ်ကို ငါ ပူးကပ်နိုင်မယ်လို့လည်း ထင်ခဲ့မှာမဟုတ်ဘူး။ မင်းရဲ့ ဆက်ခံသူဆိုတဲ့ကောင် ဘယ်နေရာမှ သဝေထိုးနေလဲ မသိပေမယ့် သူ့အတွက် မင်းပြင်ထားတဲ့ ဟော့ဒီလက်ဆောင်ကိုတော့ ငါ ယူလိုက်မယ်” ထိုသို့ပြောရင်း လောဘက ရှေ့တစ်လှမ်းတက်လိုက်သည်။
သို့သော် ထိုခြေလှမ်း ကျသွားလျှင်ချင်း ရွှမ်တောက်စစ်မှာ သည်းမခံနိုင်တော့၍ ဟိန်းဟောက်ရင်း လောဘပူးကပ်ထားသောမန်ဟို့ဆီ ပြေးဝင်လာတော့သည်။
“အရူးချီးပန်းလျှောက်ပြောနေတာ တော်လိုက်တော့ မန်ဟို။ ဒီနေ့က မင်း သေရမယ့် နေ့ပဲ”
ရွှမ်တောက်စစ်သည် အမြန်ဆုံးပျံသန်းရင်း ချဉ်းကပ်သွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ အနှစ်သာရနှင့် သဘာဝနိယာမအား မန်ဟို့အပေါ် ထိုးဆင်းသွားစေ၏။
ဤတိုက်ကွက်ထဲတွင် ထည့်နိုင်သမျှ စွမ်းအားအလုံးစုံ သူ ထည့်ထားသည်။ စိတ်ထဲတွင် ဤနေရာ၏အန္တရာယ်အငွေ့အသက်များက သူ့ကို ဖိစီးနေပြီး လောဘ၏စကားများကြောင့်လည်း သူ တုန်လှုပ်နေသည်။ ထို့ကြောင့် သူ၏အနှစ်သာရနှင့် သဘာဝနိယာမတို့ ထွက်သွားသည့်အချိန်မှာပင် သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ သူ၏သိုလှောင်အိတ်ထဲမှ မြွေအကြေးခွံလို အကြေးခွံများအား ပျံထွက်စေလိုက်သည်။
အကြေးခွံများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အရိုင်းဆန်သောအရှိန်အဝါတစ်ခု ဖြာထွက်သွားပြီး အကြေးခွံများသည် တစ်ကောင်လျှင် မီတာသုံးရာတိတိရှည်လျားသော အကြေးခွံနဂါးကိုးကောင်အသွင် ပြောင်းသွား၏။ ကံကောင်းထောက်မစွာနှင့် အောက်မေ့ဖွယ်ခန်းမက ကြီးမားကျယ်ပြောလေသည်။ မဟုတ်လျှင် နဂါးကိုးကောင်အနေဖြင့် လှုပ်ပင်လှုပ်၍ရမည်မဟုတ်ပေ။ ၎င်းတို့က ဟိန်းဟောက်ရင်း မန်ဟို့ဆီ ပြေးဝင်သွားသည်။
ရွှမ်တောက်စစ်သည် ထိုတိုက်ကွက်ကို ထုတ်ဖော်မပြီးသေးခင်မှာပဲ မုဒြာလက်ကွက်နောက်တစ်ကွက် ဖော်ပြီးနောက် လက်ချောင်းကို လှုပ်ရှားလိုက်၏။ သူ့အသွေးအသားများက သူ့ကို အတိုင်းထက်အလွန် ပိန်ချုံးသွားစေရင်း ချက်ချင်း ခြောက်ကပ်လာသော်လည်း တစ်ချိန်တည်းမှာပင် သွေးဓားတစ်လက်ဖြစ်လာသည့် အသွေးအသားမြူငွေ့များအား ဖန်တီးလိုက်သည်။
ဓားက တဝီဝီမြည်ရင်း သွေးနဂါးတစ်ကောင်ကဲ့သို့ မန်ဟို့ထံ ဦးတည်သွားသည်။
ထို့နောက် ရွှမ်တောက်စစ်က လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ မှော်သင်္ကေတတစ်ခုပြီးတစ်ခု ပေါ်လာစေသည်။ ၎င်းတို့အားလုံးက ရွှေရောင်ဖြစ်ပြီး ဖျစ်ဖျစ်ဖျောက်ဖျောက်မြည်သံများကို ထုတ်လွှတ်လျက် ရွှေချပ်ဝတ်နှင့် နတ်စစ်သည်များ အသွင်ပြောင်းသွားကြသည်။ ၎င်းတို့က စီတန်းနေရာယူ၍ မန်ဟို့ထံ ချီတက်သွားကြ၏။
ထို့နောက် ထူးဆန်းသော အလင်းရောင်တစ်စက ရွှမ်တောက်စစ်၏မျက်လုံးများတွင် ပေါ်လာပြီး ၎င်းတို့ထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် တဟုန်းဟုန်း တောက်လောင်လာ၏။ သူက မန်ဟို့ကို အေးစက်စွာ စိုက်ကြည့်ပြီး တီးတိုးမန်းမှုတ်လိုက်ပြီးနောက် ချောက်ချားဖွယ်အနက်ရောင်မြူများကို ထုတ်လွှတ်နေသည့် ညာလက်အား မြှောက်လိုက်သည်။ အနက်ရောင်မြူများက တဝဲဝဲ လည်နေရင်း သူ့ပတ်ပတ်လည်ရှိ လေထုအား ပုံပျက်ရှုံ့တွလာစေသည်။
သူကား မန်ဟို့ကို သတ်ပြီး သူတို့နှစ်ယောက်အကြား ကြာရှည်နေခဲ့သော တိုက်ပွဲကို အဆုံးသတ်ဖို့ ဤတိုက်ကွက်ထဲတွင် အစွမ်းအားလုံး ထည့်သွင်းနေလေပြီ။
လောဘပူးကပ်ထားသော မန်ဟို၏မျက်လုံးများက ဆန်းပြားစွာ တောက်ပသွားပြီး သူသည် မခိုးမခန့် ရယ်လိုက်ရင်း ကျောက်တိုင်ကိုးတိုင်ထံ လျှောက်သွားနေသည်ကို ရပ်ပြီး ရွှမ်တောက်စစ်ဆီ လှည့်လာသည်။
"မင်းက တစ်ယောက်တည်း ကျန်ခဲ့တဲ့ တာအိုနယ်ပယ်ကျင့်ကြံသူမလား။ ကောင်းပြီလေ ငါ အသက်စွမ်းအားနည်းမသွားအောင် မင်း မသေခင် မင်းကို ချုပ်နှောင်ပေးမယ်"
သူ ပထမဆုံးခြေလှမ်းအား လှမ်းလိုက်သည့်အခါ ရွှမ်တောက်စစ်၏ အနှစ်သာရနှင့် သဘာ၀နိယာမစွမ်းအားက သူ့ကို လွှမ်းခြုံရန် ကျဆင်းလာသည်။ သို့သော် လောဘက ပါးစပ်သာ ဟပြီး မြိုချလိုက်လေသည်။ လောဘ၏ပါးစပ်သည် တွင်းနက်ကြီးတစ်တွင်း ဖြစ်လာခဲ့သည့်အလား အနှစ်သာရနှင့်သဘာ၀နိယာမတို့မှာ စုပ်ယူဝါးမြိုခံလိုက်ရ၏။
ရွှမ်တောက်စစ်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသော်လည်း သူ တုံ့ပင်မတုံ့ပြန်နိုင်ခင် အကြေးခွံနဂါးကိုးကောင်က လောဘအနား ရောက်သွားခဲ့လေပြီ။ လောဘသည် ဒုတိယခြေလှမ်းလှမ်းကာ သင်္ချိုင်းမိဗာန်တစ်ခုလုံးကို တဝုန်းဝုန်း တုန်ရီသွားစေသည်။ အကြေးခွံနဂါးငါးကောင်မှာ မချိတင်ကဲ အော်ဟစ်ပြီးနောက် ဖောင်းခနဲ ကြေမွကာ လောဘ၏စုပ်ယူခြင်းခံလိုက်ရသော အဖြူရောင်မြူများအသွင် ပြောင်းသွား၏။
သူက တောက်ပနေသော မျက်လုံးများဖြင့် နှုတ်ခမ်းပါးနားသပ်ရင်း ခပ်ပြုံးပြုံး ပြောသည်။ "ကောင်းလိုက်တဲ့ အရသာလေး"
ထို့နောက် သူက လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းရင်း တတိယမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။ သွေးရောင်ဓားမှာ တုံ့ခနဲ ရပ်၍ လေလယ်တွင် တုန်ခါလာသည်။ လောဘက ၎င်းကို လက်ချောင်းလေးဖြင့် အသာအယာထိလိုက်ရာ ၎င်းသည် ခွမ်းခနဲ ပေါက်ကွဲပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည့် သွေးရောင်မြူများအသွင် ပြောင်းသွား၏။
လာနေသော ရွှေချပ်ဝတ်နှင့် နတ်စစ်သည်တော်များမှာမူ တဆတ်ဆတ် တုန်ရီလာပြီး နောက်ဆုတ်ကုန်ကြသည်။ သို့သော် လောဘက လက်ကို ဝှေ့ယမ်း၍ ၎င်းတို့အား စိစိညက်ညက် ခြေမွကာ သူ စုပ်ယူနေသော အဖြူရောင်မြူများအသွင် ပြောင်းသွားစေ၏။ သူ့နဖူးထဲရှိ စတုတ္ထနိဗ္ဗာနသစ်သီး၏ ပေါင်းစည်းမှုဖြစ်စဉ်မှာ ရာခိုင်နှုန်းတော်တော်များများ ပြီးမြောက်သွားခဲ့လေပြီ။
"မင်းက မန်ဟို မဟုတ်ဘူး" ရွှမ်တောက်စစ်က အော်သည်။ "မင်းက ဘယ်သူလဲ" ယခုအချိန်ရောက်နေသည့်တိုင် သဲလွန်စများကို ဆက်စပ်မကြည့်နိုင်သေးလျှင် သူ့အနေဖြင့် ဤကျင့်ကြံအဆင့်ထိ မည်သို့ကျင့်ကြံနိုင်ခဲ့မည်နည်း။ အံ့ဩထိတ်လန့်မှုက သူ့မျက်နှာကို စိုးမိုးနေပြီး သူ၏ဦးရေပြားသည် ထုံကျင်နေ၏။ သူ၏နတ်ဘုရားစွမ်းရည်နှင့် မှော်သိုင်းကွက်အားလုံး ချက်ချင်းဆိုသလို ပြိုကွဲပျက်စီးသွားလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်ခဲ့မည်နည်း။
စောစောက သူပြောလိုက်သည့် စကားနှစ်ခွန်းမှာ နှုတ်မှ အလိုလိုထွက်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် ခြောက်ကပ်နေသော အလောင်းကြီးကို ကြည့်နေသည့် မန်ဟို့မျက်နှာထားကို မြင်ခဲ့ရသည့်အချိန်၊ မန်ဟိုပြောခဲ့သည့်စကားလုံးများကို ကြားခဲ့ရသည့်အချိန်ကတည်းက အမှန်တရားကို ခန့်မှန်းသိရှိခဲ့ပြီးလေပြီ။ သို့သော် ထို ကြောက်စရာကောင်းသောဖြစ်နိုင်ခြေအား သူ မယုံနိုင်ခဲ့ပေ။ သို့သော် ယခုတော့ ၎င်းအား ငြင်းဆန်၍မရတော့။
"ဟုတ်တာပေါ့။ ငါက မန်ဟိုမဟုတ်ဘူး" လောဘက တင်စီးမောက်မာ၍ ရွံရှာနေသောအမူအရာဖြင့် အေးစက်စက် ဆိုသည်။ "မင်း ငါ့ကို အရှင်ပင်လယ်တာအိုနတ်မင်းလို့ ခေါ်နိုင်တယ်။ ဒါပေမဲ့ ငါကတော့ ငါ့ရဲ့ အရင်နာမည် လောဘကို ပိုသဘောကျတယ်"
ရွှမ်တောက်စစ်၏မျက်လုံးများမှာ ကယောက်ချောက်ချား ဖြစ်နေသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ဖြစ်တည်မှုကို ရင်ဆိုင်လိုက်ရသည့်အခါ သူ၏ပထမဦးဆုံး တုံပြန်မှုမှာ ပကတိမျက်စိဖြင့် မမြင်ရသော အနက်ရောင်မြူများ လွှမ်းခြုံနေပြီဖြစ်သည့် သူ၏ညာလက်ကို မြှောက်လိုက်ခြင်းဖြစ်သည်။
"နက်နဲကောင်းကင်ဘုံမဟာမှော်သိုင်း" ရွှမ်တောက်စစ်က ဟိန်းဟောက်လိုက်သည်။ သူက လက်ကို ပြန်ချလိုက်ရာ မည်းနက်နေသော ဧရာမလက်ဝါးကြီးတစ်ဖက်၏ပုံရိပ် ဘွားခနဲ ပေါ်လာသည်။ ၎င်းက ပုံရိပ်ယောင် ဖြစ်နေသယောင်ထင်ရသော်လည်း တကယ်တော့ အစစ်အမှန်ဖြစ်၏။ ၎င်း မန်ဟို့ထံ တဟုန်ထိုးပြေး၀င်သွားနေစဉ် သဘာ၀နိယာမတို့သည် ပုံပျက်ရှံ့တွလာပြီး ကောင်းကင်နှင့်မြေကြီးပင်လျှင် သက်ရောက်ခြင်း ခံလိုက်ရ၏။
ထူးဆန်းသော အလင်းရောင်က လောဘ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ သူ့ပုံစံက အတန်ငယ် အံ့အားသင့်သွားပုံရသည်။ သို့သော် သူ ပါးစပ်ဖွင့်၍ ရှိုက်သွင်းလိုက်သောအခါ ဧရာမလက်မည်းကြီးမှာ ကျုံ့စပြုလာပြီး သူ၏ဝါးမြိုခြင်း ခံလိုက်ရသော လေမုန်တိုင်းအသွင် ပြောင်းသွားလေသည်။
ထိုမြင်ကွင်းက ရွှမ်တောက်စစ်၏နှလုံးသားကို တုန်ရီသွားစေသည်။ ဤဖြစ်တည်မှု မစားနိုင်သည့်အရာ ရှိရောရှိသေးရဲ့လော.....
သူ့မှာ နောက်ဆုတ်နေသော်လည်း ခန်းမထဲတွင် ထွက်ပြေးစရာ နေရာမရှိပေ။
"မင်းကို ငါက ထွက်သွားခွင့်ပေးမယ် ထင်နေသလား" လောဘက ပြုံးရင်း မေးသည်။ "ငါက မင်းတို့ကောင်တွေကို ဒီနေရာကို ဆွဲခေါ်ခဲ့တဲ့လူ။ ဒါကတော့ …. မင်းတို့ရဲ့သင်္ချိုင်းလည်း ဖြစ်လာမယ့် ငါ့ရဲ့သင်္ချိုင်းပေါ့" လောဘ ပြုံးနေစဉ် ပတ်ပတ်လည်ရှိ နံရံများသည် တဝုန်းဝုန်း တုန်ခါလာပြီး ရုတ်တရက် ၀င်ပေါက်ဆယ်ပေါက်လုံး ပြိုကျသွား၏။
သာမန်ပြိုကျမှုသာ ဆိုလျှင် ကျင့်ကြံသူတစ်ယောက် ၎င်းကို ဖြတ်မသွားနိုင်အောင် တားနိုင်မည်မဟုတ်ပေ။ သို့သော် မှော်လှိုင်းဂယက်များက ဖြာထွက်လာရင်း ရွှမ်တောက်စစ်အနားကပ်လာသည်နှင့် တွန်းထုတ်လိုက်သည့် စည်းတံဆိပ်အသွင် ပြောင်းသွားသည်။ ယခုတော့ သူ့မှာ ဘယ်လိုမှ ထွက်ပြေးမရတော့ပေ။
ရွှမ်တောက်စစ်၏ မျက်နှာပျက်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာသည်။ လောဘက ရှေ့ကို တက်လာပြီး သူ့အရှေ့တွင် ဖြတ်ခနဲ ပေါ်လာသည်။
လောဘ၏လက်ချောင်းက သူ့ရင်ဘတ်ကို ထိလိုက်သည့်အခါ ရွှမ်တောက်စစ်မှာ မျက်လုံးပြူးကျယ်သွားတော့သည်။
ရွှမ်တောက်စစ်သည် စူးစူးဝါးဝါး အော်ရင်း ကမန်းကတန်း နောက်ဆုတ်လိုက်၏။ လောဘ ထိခဲ့သောနေရာမှာ ယခုတွင် သေခြင်းအခိုးအငွေ့များကို ထုတ်လွှတ်လျက် ပုပ်သိုးစပြုနေလေပြီ။ သို့သော် ပုပ်သိုးမှု ပျံ့နှံ့သွားပြီး သေခြင်းအခိုးအငွေ့များ တထောင်းထောင်း ထလာသည့်အချိန်မှာပင် သူ၏အသက်စွမ်းအားသည်လည်း ကြောက်ခမန်းလိလိ များပြားလာ၏။
"ရှင်ခြင်းသေခြင်းအနှစ်သာရ" ရွှမ်တောက်စစ်က အထိတ်တလန့် အော်လိုက်သည်။