← Chapters

မန်ဟို နိုးထလာပြီ

Vol. 89 Ch. 1244

မန်ဟို နိုးထလာပြီ

Vol. 89 Ch. 1244

“သိပ်လျင်တဲ့ လူပါလား” လောဘက မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေလျက် နှုတ်ခမ်းပါးနားသပ်ရင်း ပြောသည်။ “ကြည့်ရတာ ငါ မင်းကို ဒီတိုင်း စားရုံပဲ မစားသင့်ဘူးထင်တယ်။ ဝိညာဉ်ဖွေရှာလိုက်ရင် ငါ့အတွက် အခုလက်ရှိအင်မော်တယ်ကမ္ဘာအကြောင်း ကောင်းကောင်းနားလည်ဖို့ အကူအညီဖြစ်လောက်တယ်” ရွှမ်တောက်စစ် မည်သို့ပင် ရှောင်တိမ်းဖို့ ကြိုးစားပါစေ လောဘသည် ဖျတ်ခနဲ သူ့အနား ရောက်လာ၏။ ထို့နောက် လောဘက သူ့၏လက်ချောင်းကို ထပ်မံလှုပ်ရှားရင်း ရွှမ်တောက်စစ်၏ရင်ဘတ်ကို ထိလိုက်ကာ ၎င်းအား လျင်မြန်စွာ ပုပ်သိုးခြောက်သွားစေသည်။

ရွှမ်တောက်စစ် မချိတင်ကဲ အော်နေစဉ် သူ၏အသက်စွမ်းအားသည် များစွာပြန်ပြည့်လာ၏။ သူ့မှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ကူကယ်ရာမဲ့နေတော့သည်။ သူသည် လောဘ၏လက်ချောင်းမှ ထုတ်လွှတ်နေသော သေခြင်းအရှိန်အဝါကို ခံစားရသည့်တိုင် ထိုအရှိန်အဝါ သူ့ကိုယ်ထဲ ဝင်ရောက်လာသည့်အခါ နောက်မှလိုက်ပါလာသည့် ပျက်စီးခြင်းနှင့် သေခြင်းတရားက သူ၏မွေးရာပါစွမ်းအားများကို လှုံ့ဆော်ရင်း သူ၏အသွေးအသားထဲရှိ အသက်စွမ်းအားကို တိုးများလာနေစေသည်။

ထိုကဲ့သို့အတတ်တစ်ခုကြောင့် ခံစားရသော နာကျင်မှုအား ပြောပြ၍ပင်မရပေ။ ရွှမ်တောက်စစ်၏မျက်လုံးများ နီရဲနေပြီး သူက နတ်ဘုရားစွမ်းရည်နောက်တစ်ခုအား ချက်ချင်း ထုတ်လွှတ်လိုက်သော်ငြား လောဘကို ဘာမှမလုပ်နိုင်ချေ။

“မင်းနဲ့ မန်ဟို့အကြား ဘာတွေဖြစ်ခဲ့တာလဲ ပြောစမ်းပါဦး။ ကြည့်ရတာ မင်း သူ့ကို သတ်ချင်တာမဟုတ်ဘဲ သူ့ဆီ တစ်ခုခု လိုချင်နေသလိုပဲ...”

လောဘက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာရင်း သူ၏လက်ချောင်းဖြင့် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ထိနေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ဆက်လက်ခြောက်ကပ်လာသဖြင့် ရွှမ်တောက်စစ်၏ စူးစူးဝါးဝါးအော်သံများ ဆူညံနေတော့သည်။ သူ၏ရင်ဘတ်၊ လက်နှစ်ဖက်၊ ခေါင်းအစရှိသဖြင့် လောဘ၏ ထိခြင်းခံလိုက်ရသော သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်း ပုပ်သိုးလာပြီး သွေးတစ်စက်မှ မစီးတော့ပေ။

သူ ပုပ်သိုးလာနေစဉ် သူ၏အသက်စွမ်းအားသည် အားကောင်းသထက် အားကောင်းလာရာ သူ့အား အကြောဆွဲသကဲ့သို့ တုန်ရီလာစေသည်။ မျက်စိတစ်မှိတ်အတွင်း လောဘက သူ့ကို ထိလိုက်ပြန်သည်။ ဤတစ်ကြိမ်က ကျောပေါ်တွင် ဖြစ်၏။ ရွှမ်တောက်စစ်၏တစ်ကိုယ်လုံး အသက်စွမ်းအားတို့ဖြင့် ပြည့်သျှံနေလေပြီ။ နာကျင်မှုက သူ့အား စိုးမိုးနေပြီး သူ့မှာ အသိစိတ်လွတ်တော့မည့်အလား ခံစားနေရသည်။ သေရတော့မည်ကို သိသည့်အတွက် သူက မာန်သွင်းဟိန်းဟောက်လိုက်သည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူသည် သူ့ကိုယ်သူ ဖောက်ခွဲလိုက်ဖို့ ပြင်နေ၏။

သို့သော် ခန္ဓာဖောက်ခွဲခြင်းအား ပေါ်လာသည့်အချိန်မှာပင် လောဘက သူ့လက်ချောင်းဖြင့် ဖိချလိုက်သည်။ ခန္ဓာဖောက်ခွဲခြင်းအားမှာ ဖိနှိပ်ခံလိုက်ရသဖြင့် ဝုန်းခနဲ မြည်ဟည်းသွား၏။ ယခုတွင် ရွှမ်တောက်စစ်၏ ခန္ဓာကိုယ်မှာ နေရာတိုင်းလိုလိုတွင် ပုပ်သိုးနေလေပြီ။

သူ့အဝတ်အစားများ ပျက်စီးသွားခဲ့ပြီး သူ့ထံမှ အပုပ်နံ့တို့ လှိုင်လှိုင်ထနေသည်။ ပုပ်သိုးမှုသည် သူ၏အတွင်းကလီစာများ၊ သူ၏အရိုးများနှင့် သူ၏ချီစီဆင်းမှုလမ်းကြောင်းများကို တိုက်စားနေသဖြင့် သူ့ပုံစံကြီးမှာ အလွန်အကျည်းတန်နေတော့သည်။

သူသည် တာအိုနယ်ပယ်တွင် အင်အားကြီးမားသော အစွမ်းထက်ပညာရှင်၊ တာအိုသခင်တစ်ဦးဖြစ်သော်လည်း ဆောက်တည်ရာမဲ့စွာ အော်လိုက်၏။ “သတ်လိုက်ပါတော့ ၊ တောင်းပန်ပါတယ် သတ်လိုက်ပါတော့”

သူ့တွင် ခိုင်မာသောနှလုံးသား မရှိခြင်းမဟုတ်သလို၊ သူ၏တာအိုကလည်း မပြည့်စုံခြင်းမဟုတ်။ ဤနာကျင်မှုက ကျင့်ကြံသူတစ်ယောက် တောင့်ခံမရလောက်အောင် ပြင်းထန်နေသည့်အတွက်ကြောင့်ပင်။

“ငါ့ကို ပြောစမ်း” လောကက မခိုးမခန့်ရယ်ရင်း ပြောသည်။ “မင်းသိထားတာတွေ ငါ့ကို ပြောစမ်း။ ဒါဆို မင်း သက်သာလိမ့်မယ်။ မင်း သိထားရမှာက အင်မော်တယ်ကမ္ဘာမှာ ဒီလိုနာကျင်မှုကို မင်းတစ်ယောက်ပဲ ပထမဆုံး ခံစားရတာမဟုတ်ဘူးဆိုတာပဲ။ စစ်ကြီးဖြစ်တုန်းက လူတွေအများကြီး ဒီလိုခံစားခဲ့ရတယ်လေ ဟားဟားဟား” လောဘ၏မျက်ဝန်းတွေက သွေးဆာနေသည်။ သူသည် အစကတည်းက သူတော်ကောင်းမဟုတ်ပေရာ ရွှမ်တောက်စစ် အလူးအလဲခံနေရသည်ကို မြင်လျှင် သဘောကျနေတော့၏။

“တာအိုရင်းမြစ်” ရွှမ်တောက်စစ်က စူးစူးဝါးဝါး အော်သည်။ “အကုန်လုံးက တာအိုရင်းမြစ်အတွက်ပဲ။ ငါ မန်ဟို့ကို တိုက်ခိုက်ခဲ့တုန်းက သူ အချိန်လမ်းလျှောက်ပညာရပ်တစ်ခုကို သုံးခဲ့တာ မြင်ခဲ့ရတယ်။ အဲ့ဒါက ငါ့ကိုယ်ပိုင်အနှစ်သာရကို လှုံ့ဆော်ခဲ့လို သူ့အချိန်လမ်းလျှောက်ပညာရပ်ကို ငါယူနိုင်ရင် တာအိုရင်းမြစ်အမျှင်တစ်မျှင် ဖန်တီးပေးနိုင်လောက်တယ်ဆိုပြီး သူ့ကို လိုက်ဖမ်းခဲ့တာ”

စကားလုံးများ သူ့ပါးစပ်မှ ထွက်လာလျှင်ချင်း လောဘ၏သူငယ်အိမ်များ ကျုံ့သွားပြီး သူ့အမူအရာက မလေးနက်စဖူး လေးနက်သွားသည်။

“တာအိုရင်းမြစ်... အဲ့ဒါက မိုးနင်းခြေအဆင့် နဲ့ အဆုံးမဲ့တာအိုအဆင့်ကို ယှဉ်နိုင်တဲ့ အမြင့်ဆုံးနယ်ပယ်ပဲ” လောဘတစ်ယောက် တုန်လှုပ်သွားသည်။ သူ့မျက်လုံးများသည် မြူးထူးပျော်ရွှင်သွားမှုကို ဖော်ပြနေ၏။

“ငါ လောဘဟာ ငါ့ဘဝမှာ မရေမတွက်နိုင်တဲ့ ကံကြမ္မာကောင်းတွေကို ရရှိခဲ့တယ်။ ငါ့ကို သတ်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို ကောင်းကင်က ပြုတ်ကျလာတဲ့ အရာဝတ္ထုတွေနဲ့ ဖိသတ်ခံခဲ့ရတယ်။ ငါ ဘယ်နေရာကို သွားသွား အဲဒီနေရာတွေမှာ ရွှေမိုးငွေမိုး ရွာတယ်။ ငါ အလိုရှိတဲ့အရာတိုင်း ရတယ်

“ဒီတစ်ခေါက်တော့ ဒီလိုအဖိုးတန်အပြင်အားကိုယ်တင်မကဘဲ တာအိုရင်းမြစ်နဲ့ပတ်သက်တဲ့ သတင်းစကိုတောင် ရလိုက်ပါလား

“တာအိုရင်းမြစ်၊ တာအိုရင်းမြစ်၊ အင်မော်တယ်ကမ္ဘာရဲ့ အမြင့်ဆုံးနယ်ပယ်။ ငါသာ အဲဒါကို ရရှိရင် ... မိုးနင်းခြေလမ်းစဉ်ကို ကျင့်ကြံရာမှာလည်း အောင်မြင်နိုင်လိမ့်မယ်” လောဘသည် အလွန်တရာစိတ်လှုပ်ရှားလာသဖြင့် ရွှမ်တောက်စစ်ကို နှိပ်စက်ရန်ပင် စိတ်မဝင်စားတော့ပေ။ ရွှမ်တောက်စစ်၏ ကြောက်ခမန်းလိလိ ပုပ်နေသော ခန္ဓာကိုယ်ကို ဂရုမစိုက်တော့ဘဲ သူ့လက်သည် သူ၏ငယ်ထိပ်ကို ဆုပ်ကိုင်လိုက်၏။

“ဝိညာဉ်ဖွေရှာ” လောဘသည် ရွှမ်တောက်စစ် ပြောပြမည်ကို မစောင့်နိုင်လောက်အောင် စိတ်စောနေ၍ ဝိညာဉ်ဖွေရှာအတတ်ကို ထုတ်လွှတ်ရင်း နှုတ်ခမ်းသပ်လိုက်သည်။ သူ့အနေဖြင့် အဖြေကို ကိုယ်တိုင်ရှာရမှ ကျေနပ်လိမ့်မည်။

ရွှမ်တောက်စစ်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေပြီး သူက ငယ်သံပါအောင် အော်ဟစ်နေသည်။ စောစောက နာကျင်မှုမှာ သူ၏ခန္ဓာကိုယ်မှ လာခဲ့သော်လည်း ဤနာကျင်မှုကတော့ သူ၏ဝိညာဉ်မှာ လာသည်။ သူ့ကိုယ်ထဲမှ တဖျစ်ဖျစ်မြည်သံများ ကြားရနိုင်ပြီး သူ့မျက်လုံးများ ပြူးထွက်လာသည်။ ယခု သူ ခံနေရသောနာကျင်မှုကိုလည်း ဖော်ပြ၍ပင်မရပေ။

ရွှမ်တောက်စစ်၏မှတ်ဉာဏ်များ တဖျတ်ဖျတ် ပြေးလွှားနေစဉ် လောဘ၏အသက်ရှူသံများ မြန်လာသည်။ အင်မော်တယ်ကမ္ဘာ ပျက်သုဉ်းသွားခဲ့ပြီး တောင်ပင်လယ်လောက ပေါ်ထွန်းလာခဲ့ကြောင်း သူ သိလိုက်ရသည်။ ကိုးတံဆိပ် သေဆုံးသွားသည့်အကြောင်းအပြင် ကောင်းကင်ဘုံ ၃၃ ဘုံ မည်ကဲ့သို့ တည်ရှိနေသလဲ သူ တွေ့လိုက်ရသည်။ သူ အသက်ရှင်ခဲ့စဉ်တုန်းကနှင့် တခြားစီဖြစ်နေသောအရာများစွာကို သူ မြင်လိုက်ရလေသည်။

နောက်ဆုံးတော့ ရွှမ်တောက်စစ်နှင့် မန်ဟို တိုက်ခိုက်နေသောမှတ်ဉာဏ်သို့ သူ ရောက်ရှိလာသည်။ သူသည် ရွှမ်တောက်စစ်၏ အသိစိတ်ထဲ ဝင်ရောက်ထားသဖြင့် မန်ဟို၏လမ်းလျှောက်ပညာရပ်ကို သူကိုယ်တိုင် ပြန်ကြည့်နေသလို ခံစားရလေ၏။

၎င်းကို မြင်သောအခါ လောဘ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အကြောင်းတစ်စုံတရာကြောင့် အဆိုပါပညာရပ်သည် သူ့အတွက် အလွန်ရင်းနှီးသလိုရှိသော်လည်း မည်သည့်နေရာတွင် မြင်ခဲ့ဖူးမှန်း သူ မမှတ်မိပေ။ ၎င်းကို အချိန်ကုန်ခံစဉ်းစားနေမည့်အစား သူက ထိုအခိုက်အတန့်တွင် ရွှမ်တောက်စစ်၏အနှစ်သာရ မည်သို့ထကြွလာခဲ့သည်ကို ခံစားကြည့်ဖို့ အသိစိတ်၏အတွင်းပိုင်းထဲ တိုးဝင်လိုက်သည်။

ထိုခံစားချက်က လောဘအား အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားစေသည်။ ဤသည်က မိုးနင်းခြေခြင်း၏ သော့ချက်ဖြစ်သည်ဟု သူ ပြင်းပြင်းထန်ထန် အာရုံရလိုက်၏။

လောဘသည် စိတ်လှုပ်ရှားရင်း နစ်မျောနေသဖြင့် မချိတင်ကဲ အော်ဟစ်ကာ အသက်ငင်နေသော ရွှမ်တောက်စစ်အား ကြည့်ပင်မကြည့်ပေ။ သို့သော် ဤအခိုက်အတန့်တွင် ရွှမ်တောက်စစ်၏မျက်လုံးများသည် ရုတ်တရက် တည်ငြိမ်အေးစက်သွား၏။

သူက အော်ဟစ်နေပုံရသော်လည်း တကယ်တော့ သူ၏စိတ်ကို ခွဲခြမ်းထားခဲ့ခြင်းဖြစ်၏။ စောစောက အရာအားလုံးက ဟန်ဆောင်မှုသာဖြစ်ခဲ့ပြီး သူက သူ၏အသတ်အဖြတ်စိတ်ဆန္ဒကို ဖုံးကွယ်ထားခဲ့လေသည်။

ရုတ်တရက် သူက အလွန်တည်ငြိမ်နေသောအသံဖြင့် ပြောလိုက်သည်။ "ငါက တာအိုသခင်တစ်ဦး။ တိုက်ပွဲတစ်ပွဲမှာ တိုက်ခိုက်ရင်း သေနိုင်တယ်။ ဒါပေမယ့် အခုလို အရှက်ကွဲခံပြီးတော့ မသေနိုင်ဘူး"

သူ့အသံ ဟိန်းထွက်လာသောအခါ လောဘ၏စိတ်ထဲတွင် အန္တရာယ်အချက်ပေးခေါင်းလောင်းသံတို့ မြည်ဟည်းလာသည်။

ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် ရွှမ်တောက်စစ်က ကျေနပ်နေသော မျက်၀န်းများဖြင့် လက်နှစ်ဖက်လုံးကို ဖြန့်ကားပြီး လောဘအား သိုင်းဖက်လိုက်သည်။

"နက်နဲသော ကောင်းကင်ဘုံတာအို။ တစ်နက်နဲကျင့်စဉ် ရှင်ခြင်းသေခြင်းကို ဖြတ်ကျော်ခြင်း။ အနှစ်သာရကို ထုတ်လွှတ်ပြီး ဖျက်စီးလိုက်လော့" သူ၏‌ရှေးဆန်သောအသံ ပဲ့တင်ထပ်နေစဉ် ရွှမ်တောက်စစ်သည် ဖောင်းခနဲ ပေါက်ကွဲသွား၏။ ပုပ်သိုးနေသော အသားအစအနများက ဖွားခနဲ လွင့်စင်ထွက်သွားသည်။ သူ၏ဝိညာဉ်၊ သူ၏အနုသုခုမနတ်ခန္ဓာ၊ သူ၏အနှစ်သာရအားလုံး ပျက်စီးသွားခဲ့လေပြီ။

သို့သော် ထိုပျက်စီးမှုကြောင့် သူ၏ဝိညာဉ်၊ အနုသုခုမနတ်ခန္ဓာနှင့် အနှစ်သာရများသည် အတူတကွ ပေါင်းစည်း၍ ဧရာမမှော်သင်္ကေတကြီးကို ဖော်ဆောင်နိုင်လိုက်၏။

ထိုမှော်သင်္ကေတက ‘နက်နဲ’ ဟူသည့် စာလုံး၏ အသွင်သဏ္ဌာန်ရှိပြီး မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လောဘထံ ပြေး၀င်လာပြီးနောက် သူ၏ရင်ဘတ်ပေါ် ခတ်နှိပ်လိုက်လေသည်။

လောဘက ညည်းတွားလိုက်ပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်ဆုတ်လိုက်သည်။ နက်နဲစာလုံးက သူ့ရင်ဘတ်ထဲ နစ်၀င်သွားပြီးနောက် သူနှင့်တစ်သားတည်းဖြစ်ရင်း ပျောက်ကွယ်သွားခဲ့ကာ လောဘ၏ဝိညာဉ်ကို ရှာဖွေ‌နေလေသည်။

လောဘသည် တုန်ရီနေပြီး သူ့မျက်နှာမှာ နီမြန်းနေ၏။ သူ့မှာ နောက်သွေးတစ်လုတ် အန်လိုက်ရပြန်သည်။ သူသည် ဟိန်းဟောက်ရင်း ကျောက်တိုင်ရှိရာသို့ သူ၏လက်ကို ဝှေ့ယမ်းခြင်းဖြင့် စာလုံးကို နှင်ထုတ်ဖို့ ကြိုးစားသည်။ ချက်ချင်းပင် အလောင်းခြောက်ကြီး၏ ဘေးရှိ ဒိုင်းနှင့်ခေါင်းလောင်းသည် လေပေါ် မြောက်တက်လာပြီး တောက်ပသော အလင်းရောင်များ ထုတ်လွှတ်လျက် သူ့ထံသို့ အသာအယာလွင့်မျောလာကာ အားဖြည့်ပေးလိုက်သည်။

လောဘ၏အသက်စွမ်းအားဆယ်ရာခိုင်နှုန်းသည်လည်း ရွှမ်တောက်စစ်၏ အသေတိုက်ကွက်ကို မောင်းထုတ်ဖို့ လှုပ်ရှားလာ၏။ ရလဒ်အနေဖြင့် ‘နက်နဲ’စာလုံးမှာ ရှင်းလင်းဖယ်ရှားခံလိုက်ရတော့သည်။

သို့သော် လောဘ၏အသက်စွမ်းအားမှာ နှစ်ဆယ်ရာခိုင်နှုန်းအောက်သို့ ဆုတ်ယုတ်သွားခဲ့လေပြီ။ သူက အမောတကော အသက်ရှူရင်း ရွှမ်တောက်စစ်၏ ပြန့်ကြဲနေသောအသားစများ၊ သွေးများကို ကြည့်ပြီးနောက် တောက်ခေါက်လိုက်သည်။

သူ နမောနမဲ့နိုင်ခဲ့ပြီး သွေးနားထင်ရောက်ခဲ့မိကြောင်း ဝန်ခံရမည်။ ဤအပြင်အားကိုယ်ကို ရရှိပြီးနောက်ပိုင်း သူသည် သတိမထားတတ်ခဲ့သလို၊ သူ့ကိုယ်သူ အထင်ကြီးနေခဲ့ရင်း ကူကယ်ရာမဲ့နေသော တာအိုသခင်တစ်ဦး၏ နှလုံးသားထဲတွင် ပုံးကွယ်နေနိုင်သည့် အသတ်အဖြတ်စိတ်ဆန္ဒကို အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့၏။

ယခု ပြန်တွေးကြည့်မှ အပြင်အားကိုယ်ဝေဒနာဒဏ်ကြောင့် ထွက်ပေါ်လာခဲ့သော အော်သံများမှာ အမှန်ပင် အော်သံအစစ်နှင့်မတူတော့ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်က လောဘကို မျှားခေါ်ဖို့ ဖြစ်ခဲ့သည်။ အမှန်တွင် ရွှမ်တောက်စစ် တာအိုရင်းမြစ်အကြောင်း ဟခဲ့သည့် အကြောင်းရင်းမှာလည်း လောဘ၏အာရုံကို ဆွဲဆောင်၍ သူ့ကို ဝိညာဉ်ဖွေရှာအောင် မျှားဖို့ပင်။

လောဘ ဝိညာဉ်ဖွေရှာခြင်းအား စတင်သည်နှင့် ရွှမ်တောက်စစ်အတွက် ဤအသေတိုက်ကွက်အား ထုတ်လွှတ်ဖို့ အခွင့်အရေးရခဲ့လိမ့်မည်။

“ငါ့ကို အသေတိုက်ကွက်တစ်ကွက်နဲ့ ထိုးနှက်ဖို့ အသေတောင်ခံရဲခဲ့တာပဲ...”

လောဘသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်ဝန်းထဲတွင် သတိတို့ ပြန်လည်တောက်ပလာ၏။ သူ့တွင် အသက်စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တော့ကြောင်း သူ ခံစားလိုက်ရသည်။ ရုတ်တရက် သူက အလင်းတန်းကိုးတန်းထဲရှိ ခြောက်ကပ်နေသောအလောင်းကို လှည့်ကြည့်လိုက်သည်။ အထူးသဖြင့် အပြာရောင်နေကိုပင်။ နောက်ဆုံးတွင် သူက ပြုံးလိုက်၏။

“ငါ့ကို အထင်ကြီးစေခဲ့တဲ့လူတွေ သိပ်မများပေမယ့် ဒီရွှမ်တောက်စစ်ကတော့ သေချာပေါက် ပါဝင်တယ်။ ဒါမဲ့ ...ကလေးဆန်ချက်ပဲ။ အဲဒီမှော်အစွမ်းက ငါ့ကို သုတ်သင်နိုင်မှာမှ မဟုတ်တာ။ သောက်ကျိုးနည်းတာအိုသစ်သီး ငါ့ရဲ့အသက်စွမ်းအားတစ်ဝက်ကျော်ကို စုပ်ယူလိုက်တာကြောင့်မဟုတ်ရင် တိုက်ကွက်ကို ဖယ်ရှားဖို့ ဆယ်ရာခိုင်နှုန်းသုံးနေစရာတောင် မလိုဘူး

“ကဲပါလေ ထားပါတော့ ပြီးတာကပြီးသွားခဲ့ပြီ။ အခု စည်းကို ဖွင့်ပြီး ငါ့ရဲ့ အရှင်နတ်မင်းနေကို ပြန်အသက်သွင်းမယ်။ ငါ့ဝိညာဉ်တစ်ဝက်ကိုလည်း စုပ်ယူမယ်။ ပြီးရင်တော့ ငါဟာ ဝိညာဉ်တစ်ဝက်ပဲမဟုတ်တော့ဘဲ ပြီးပြည့်စုံတဲ့ ဝိညာဉ်ဖြစ်သွားလိမ့်မယ်။ ဒါဆို ကျန်တဲ့ ငရဲ ၃၂ ခုဆီ သွားပြီး တစ်ယောက်ပြီးတစ်ယောက် ရှင်းပစ်နိုင်ပြီ။ ငါ ဒီနေရာကနေ ထွက်သွားတဲ့အချိန်ကျရင်တော့ .... မိုးနင်းခြေအဆင့် ရောက်နေလောက်လိမ့်မယ်။ အပြည့်အဝမရောက်သေးရင်တောင်မှ တစ်ဝက်တော့ ရောက်နေမှာပဲ” လောဘသည် နှုတ်ခမ်းပါးနားသပ်ရင်း ကျောက်တိုင်ကိုးတိုင်ဆီ ပျံသန်းသွား၏။ ထို့နောက် မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ တောက်ပနေလျက် သူက တိုင်တစ်တိုင်အရှေ့တွင် ရပ်ပြီး ပထမဆုံးစည်းတံဆိပ်ကို ဖြေနိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိစွာဖြင့် သူ၏လက်ကို တိုင်အပေါ် ဖိချလိုက်သည်။

“ပွင့်စမ်း” သူ့အသံက ဟိန်းထွက်သွားသည်။ သူ့လက်သည် ဝါးတားတား မီးခိုရောင်အတန်းတစ်တန်းအသွင်ပြောင်းရင်း တိုင်အနား ချဉ်းကပ်သွား၏။ သို့သော် သူ ၎င်းကို အမှန်တကယ် မထိနိုင်ခင် ၎င်းထံမှ တစ်လက်မခန့်သာ ကွာဝေးတော့သည့်အချိန် သူ့လက်သည် တုံ့ခနဲ ရပ်သွားပြီး တုန်ရီလာ၏။

မျက်နှာသေးသေးလေးတစ်ဖက် သူ့နဖူးပေါ်တွင် ဘွားခနဲ ပေါ်လာခဲ့ကြောင်း သတိထားမိလိုက်သဖြင့် လောဘ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ ထိုမျက်နှာသည် မန်ဟို့မျက်နှာနှင့် ချွတ်စွပ်တူ၏။ တကယ်လည်း ... မန်ဟိုအစစ် ဖြစ်လေသည်။

မန်ဟို၏ အေးတိအေးစက်အသံက လောဘ၏စိတ်နှင့် အတွေးများထဲတွင် ကောက်ကာငင်ကာ ပဲ့တင်ထပ်လာသည်။

“ငါ့ ခန္ဓာကိုယ်ကို အသစ်ပြန်တည်ဆောင်နိုင်အောင် ကူညီပေးတဲ့အတွက်၊ ငါ့မှော်ပစ္စည်းတွေကို သန့်စင်ပေးတဲ့အတွက်၊ ငါ့ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ပေးတဲ့အတွက်၊ စတုတ္ထနိဗ္ဗာနသစ်သီးနဲ့ ပေါင်းစည်းနိုင်အောင် ကူညီပေးတဲ့အတွက်၊ ဒီလိုအဖိုးတန်တဲ့ အသက်စွမ်းအားကို ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဪ ပြီးတော့ ငါ့ရန်သူတွေအကုန်လုံးကို ရှင်းပေးတဲ့အတွက်ရော ကျေးဇူးတင်တယ်”

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး” လောဘက ကယောင်ချောက်ချား အော်သည်။ “ငါ မင်းရဲ့ ဝိညာဉ်ကို စားပြီးသားလေ။ မင်းရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း မီးနဲ့ သန့်စင်ပြီးသား။ ဒါက ခန္ဓာကိုယ်အသစ်လိုတောင် ဖြစ်နေပြီ။ မင်းဝိညာဉ်အစအနတစ်ခုမှ မကျန်သင့်တော့ဘူးလေ။ ဒါက လုံးဝကို မဖြစ်နိုင်ဘူး....” လောဘမှာ တုန်လှုပ်နေတော့သည်။ သူ့စကားလုံးများက ကယောင်ချောက်ချား ဖြစ်နေသံပေါက်သော်လည်း သူ၏ဝိညာဉ်က မန်ဟို့အကြွင်းအကျန်မှန်သမျှကို ဖယ်ရှားမောင်းထုတ်နေသည်။

“အဲဒါနဲ့ပတ်သက်ပြီး မဖြစ်နိုင်စရာ အကြောင်းမှမရှိတာ” မန်ဟိုက ပြန်ဖြေသည်။ “ငါ ပုန်းနေတာ တတိယနိဗ္ဗာနသစ်သီးနဲ့ ပါရာဂွန်သွေးထဲမှာပဲ။ လာလေ စစ်ကြည့်ချင် စစ်ကြည့်လိုက်” လောဘတိုက်ခိုက်လိုက်ပြီး မန်ဟို စကားပြောလိုက်သည့်အချိန်တွင် စတုတ္ထနိဗ္ဗာနသစ်သီးက ယခင်က ဖော်ပြခဲ့သည့်ထက်ပို၍ ကြောက်စရာကောင်းသော စုပ်ယူအားကို ထုတ်လွှတ်လိုက်သည်။

သူ၏အသက်စွမ်းအားများ ရေတံခွန်သဖွယ် တဝေါဝေါ စီးဆင်းသွားသဖြင့် လောဘ၏ဝိညာဉ်မှာ ကြောက်လန့်တုန်ရီလာတော့သည်။

“မလုပ်နဲ့” သူက ဆောက်တည်ရာမဲ့စွာ အော်သည်။ “ကိုးတံဆိပ်၊ ကိုးတံဆိပ်ပဲ။ ကိုးတံဆိပ် ငါ့ကို အကောက်ကြံခဲ့ပြီ” အဘယ်ကြောင့်ဆိုသော် ဤတစ်လျှောက်လုံး ပါရာဂွန်ကိုးတံဆိပ်၏သွေးကို သူ မခံစားခဲ့ရ၍ပေ။ သူ့အတွက် ၎င်းကို မြင်ကိုမမြင်ရခြင်းသာ ဖြစ်သည်။

All Chapters