အုပ်ချုပ်သူတံဆိပ်တုံး
Vol. 1 Ch. 128
ကျန်းရီသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို အပြည့်အဝ မထိန်းချုပ် နိုင်သေးသောကြောင့် လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးနေသည်။ သို့သော် သတ်ဖြတ်ခြင်း အရှိန်အဝါအား လုံးဝ မသိ နားမလည်သော အခြေအနေ မဟုတ်တော့ဘဲ သဘောတရား အနည်းငယ်ကို ဖမ်းဆုပ်မိလာပြီ ဖြစ်သည်။ ကူရှန်းဟယ်၏ စကားကို ကြားပြီးနောက် သူ့ကိုယ်သည် ဆတ်ခနဲ တုန်သွားကာ နောက်ဘက်သို့ လှည့်ကြည့် လာသည်။ သူ၏ သွေးရောင် မျက်လုံးများသည် ကူရှန်းဟယ်ထံ ကျရောက် သွားခဲ့သည်။
"ဝှစ်"
ကောင်းကင်ထက်ရှိ ကျန်းရိလျှို၏ မျက်လုံးများ တောက်ပသွားကာ ဘာလုပ်သင့်သည်ကို သိရှိသွားခဲ့သည်။ သူသည် ရှေးဟောင်းစစ်တပ်သုံး ရထားလုံးကို မောင်းနှင်ကာ စုလောရွှယ်ထံ ဦးတည်လိုက်သည်။ သူသည် ကျန်းရီကို ဆန့်ကျင်ရန် စုလောရွှယ်အား ဓားစာခံအဖြစ် သုံးတော့မည်မှာ ထင်ရှားသည်။
"ဝှစ်"
ကျန်းရီသည်လည်း စုလောရွှယ်ထံ ပြေးသွားခဲ့သည်။ သူသည် အနက်ရောင် အတွင်းအား များစွာကို ခြေထောက်ဆီ ပို့ဆောင်လိုက်ရာ လေအလျင်ကဲ့သို့ မြန်ဆန် လာခဲ့လေသည်။
"ရပ်လိုက် ... ဆက်တိုး လာတာနဲ့ ... ငါသတ်လိုက်မှာ"
ကူရှန်းဟယ်သည် ဓားရှည်ကို တင်းနေအောင် ကိုင်၍ အနည်းငယ် ဖိချလိုက်သည်။ ဓားသည် လှုပ်ရှားသွားကာ စုလောရွှယ်၏ အရေပြားကို ရှသွားလေသည်။ သွေးများ စိမ့်ထွက်လာကာ သူမ၏ လည်တိုင်ကျော့သည် နီရဲသွားခဲ့သည်။
ကူရှန်းဟယ်သည် ကျန်းရီကို ဆက်တိုးလာခွင့် မပြုဝံ့ပေ။ မဟုတ်လျှင် သတ်ဖြတ်ခြင်း အရှိန်အဝါသည် သူ့ကို ဝါးမျိုသွားကာ ဓားကိုင်ရန်ပင် ခွန်အားမရှိ ဖြစ်သွားပေလိမ့်မည်။
"အာ့"
စုလောရွှယ်သည် တစ်လက်မတောင် မရွေ့နိုင်သော်လည်း လည်ပင်းမှ နာကျင်မှုကြောင့် သူမ၏ ကိုယ်သည် တုန်ယင်သွားကာ အော်သံခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။
ကျန်းရီသည် စုလောရွှယ်၏ မျက်နှာထက်မှ နာကျင်နေသော အမူအရာကို မြင်လိုက်လျှင် စိတ်ပူသွားသော အမူအရာဖြစ်သွားကာ ခြေလှမ်းများကို ချက်ချင်း ရပ်လိုက်လေသည်။ သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် လူတိုင်းကို ဖြတ်တောက် သွားမတတ် သိပ်သည်း လာသော်လည်း အသိစိတ် အချို့က သူ့အား ပြောပြနေသည်။ သူသာ လှုပ်ရှားလိုက်လျှင် စုလောရွှယ်သေသွားလိမ့်မည်ဟု ...
"ဝှစ်"
ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ တောအုပ်ထံမှ လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။ ဆယ်ခုထက် ပိုသော ငွေရောင် မြားများသည် ကူရှန်းဟယ်နှင့် ဗိုလ်ချုပ်လျှိုထံ တန်းတန်းမတ်မတ် ပျံသန်း လာခဲ့သည်။
"အမ်"
ဗိုလ်ချုပ်လျှိုသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့် ဖြစ်ရာ အလျင်အမြန် ရှောင်တိမ်း နိုင်သည်။ သူသည် မြားများကို မြင်လိုက်သည်နှင့် ဘေးသို့ ချက်ချင်းရှောင်တိမ်းကာ ကူရှန်းဟယ်အား အော်ပြောလိုက်သည်။
"ဆရာကူ ... သတိထား"
ကူရှန်းဟယ်သည် ခဏမျှ မှင်သက် သွားသော်လည်း နောက်သို့ ချက်ချင်း လှည့်ကြည့် လိုက်သည်။ သူ့စိတ်သည် ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။ ထို့နောက် သူသည် ဘာကိုမှ ဂရုစိုက် မနေတော့ဘဲ ဘေးဘက်သို့ ရှောင်တိမ်း လိုက်သည်။
"ကောင်းတယ် ... သေစမ်း"
ကျန်းရီ၏ မျက်လုံးမှ အနီရောင် အလင်းတစ်ချက် လက်သွားခဲ့ပြီး အော်ဟစ် လိုက်သည်။ သူ့ဆံပင်များသည် လေအဝှေ့တွင် တဖျပ်ဖျပ် လွင့်နေခဲ့ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ လျှံထွက်လာကာ ကူရှန်းဟယ်နှင့် ဗိုလ်ချုပ်လျှိုအား ဝါးမျိုသွားခဲ့သည်။
ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ သက်ရောက် သွားသည်နှင့် ကူရှန်းဟယ်နှင့် ဗိုလ်ချုပ်လျှိုတို့၏ လှုပ်ရှားမှူများ နှေးကွေး သွားခဲ့သည်။ မြားများသည် ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်လျှိုသည် သူ့အင်အားကြောင့် လွတ်အောင် ရှောင်နိုင်လိုက်သည်။
သနားစရာ ကူရှန်းဟယ်သည်ကား မြားလေးချောင်း စိုက်ဝင်ခြင်း ခံလိုက်ရလေသည်။ သူ့ရင်ဘတ်သည် ထုတ်ချင်း ပေါက်သွားခဲ့ပြီး သွေးများ ပန်းထွက်လာကာ ချက်ချင်း သေဆုံး သွားခဲ့လေသည်။
"ဝှစ်"
မြားအချို့သည် ကျန်းရီထံ ပြေးဝင် လာကြပါသော်လည်း သူ့ထံရောက်ရန် အတော် လှမ်းနေသေးသည်။ သူသည် အနက်ရောင် အတွင်းအားကို ခြေထောက်ဆီ ပို့လိုက်ကာ ကိုယ်ကို ကွေး၍ ဘောလုံးတစ်လုံးလို မြေပေါ်လှိမ့်ချလိုက်ပြီး မြားများအားလုံးကို ရှောင်တိမ်း လိုက်လေသည်။
သူရပ်နိုင်သည်နှင့် ကျန်းရီသည် စုလောရွှယ်ထံ အသားကုန် ပြေးသွားတော့သည်။ စုလောရွှယ် အနီး ရောက်မှသာ သူစိတ်သက်သာရာ ရသွားခဲ့သည်။ သူသာ အနီးတွင် ရှိနေလျှင် စုလောရွှယ်အား မည်သူမှ နာကျင်အောင် မလုပ်နိုင်ဟု သူယုံကြည်သည်။
"ကျန့်ဝူရွှမ်း ... လှုပ်ရှားရဲတဲ့ သတ္တိကျတော့ ရှိပြီး ထွက်လာရဲတဲ့ သတ္တိကျတော့ မရှိဘူးလား"
ကောင်းကင်တွင် ရှိနေဆဲ ဖြစ်သော ကျန်းရိလျှိုသည် ရှေးဟောင်း စစ်တပ်သုံး ရထားလုံးအား အောက်သို့ ဆက်လက် မောင်းနှင် မလာရဲတော့ပေ။ သူသည် တောအုပ်အား အခဲမကျေသော မျက်လုံးများနှင့် စိုက်ကြည့် နေခဲ့သည်။ ထိုနတ်ဘုရား သတ်ဖြတ်ခြင်း မြားများသည် အလွန်ထူးခြား ရှားပါး၍ ဂိုဏ်းကြီး ခုနှစ်ခုမှ လူများသာ ပိုင်ဆိုင် လေသည်။ ဂိုဏ်းအပေါ်တွင် မူတည်၍ မြားများသည် ကွဲပြားလေသည်။ ကျန်းဂိုဏ်းသည် အနီရောင်ကို အသုံးပြု၍ ချမ်ဂိုဏ်းသည် အနက်ရောင်ကို သုံးသည်။ ငွေရောင်မြားများကို မူကား ... ကျန့်ဂိုဏ်းက ပိုင်ဆိုင်ပေသည်။
"ဟားဟား ... ငါက ဘာလို့ ထွက်လာရဲတဲ့ သတ္တိ မရှိရမှာလဲ"
လူတစ်အုပ်သည် တောအုပ်ငယ်ထဲမှ ထွက်ပေါ်လာပြီး ကျန့်ဝူရွှမ်းသည် လူအုပ်အား ဝံ့ကြွားစွာ ဦးဆောင် လာခဲ့သည်။ အထက်စီး ဆန်၍ ဝံ့ကြွားသော မျက်လုံးတစ်စုံသည် လှောင်ပြုံး တစ်ခုနှင့်အတူ ကျန်းရိလျှိုအား ကြည့်နေခဲ့သည်။
ကျန်းရိလျှို၏ မျက်နှာသည် ဒေါသကြောင့် နီတစ်လှည့် ဖြူတစ်လှည့် ဖြစ်လာခဲ့သည်။ စုလောရွှယ်သည် အန္တရာယ်မှ လွတ်မြောက်သွားပြီ ဖြစ်ရာ သူသည် သူမကို သုံး၍ ကျန်းရီအား မခြိမ်းခြောက် နိုင်တော့ပေ။ သူသည် ကျန့်ဝူရွှမ်းကို စူးရဲသော မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။
"ကျန့်ဝူရွှမ်း ... မင်းက ငါတို့ကျန်းဂိုဏ်းကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား ... မင်းက ဂိုဏ်းအချင်းချင်း တိုက်ပွဲ ဖြစ်လာ စေချင်နေတာလား ... အကျိုးဆက်တွေကို ခံနိုင်ရည် ရှိပြီလား"
"ကျန်းရိလျှို ... မင်းစကားထဲမှာ 'ကျန်းဂိုဏ်း'ဆိုတာကြီးကို တရားသေ ထည့်မထားစမ်းပါနဲ့ ... မင်းက ကျန်းဂိုဏ်းကို ကိုယ်စားပြုဖို့ အရည်အချင်း မရှိဘူး"
ကျန့်ဝူရွှမ်းသည် တည်ငြိမ်စွာ ရယ်မောလိုက်ပြီး ကျန်းရီအား တစ်ချက်ကြည့်လိုက်သည်။
"လော့ကဲအရှင်က ငါ့ရဲ့ ဒီနေ့ အပြုအမူတွေကို အပြစ်မတင်တဲ့ အပြင် ကျေးဇူးတောင် တင်လိမ့်ဦးမယ် ... ကျန်းရီက ငါ့ညီအစ်ကိုပဲ ... မင်းသူ့ကို သတ်ချင်ရင် ငါသေမှပဲ ရမယ်"
"အရေး မပါတာတွေ မပြောနဲ့ ... မင်းလူတွေကို ချက်ချင်း နောက်ပြန်ဆုတ်ခိုင်း"
ကျန်းစွန်းဝူကျိသည် မည်သည့်စကားမှ မဆိုဘဲ ခန့်ညားစွာ ရပ်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် အပြစ်မကင်းသော မျက်လုံးများနှင့် ခပ်တိုးတိုး ပြောလာခဲ့သည်။
"ကျန်းရီရဲ့ အင်အားက ထူးဆန်းလွန်းတယ် ... ဒီကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာဆို သူက ပြိုင်ဘက်ကင်းပဲ ... ငါတို့ အခု နောက်မဆုတ်ရင် နောက်ဆုတ်ဖို့ အခွင့်အရေး မရှိတော့မှာ စိုးရိမ်တယ်"
"နောက်ဆုတ်ရမယ် ... ဘယ်ကိုလဲ ... ပြီးရင် ကျန်းရီ ငါတို့နောက်ကို တစ်သက်လုံး လိုက်ဖမ်းနေမှာကို ထိုင်စောင့်ရမှာလား"
ကျန်းရိလျှိုသည် ဆုံးဖြတ်လိုက်ဟန်နှင့် အံကြိတ်လိုက်သည်။
"ငါတို့ နောက်မဆုတ်ဘူး ... ဖခမည်းတော်ကလည်း ငါသွေးနီ စစ်သားတွေကို ခေါ်ထားတဲ့ အကြောင်း သိနေလောက်ပြီ ... ဒီတစ်ခါမှ ကျန်းရီကို မသတ်နိုင်ရင် နောက်ဘယ်တော့မှ အခွင့်အရေးရမှာ မဟုတ်တော့ဘူး ... လောင်းကြေး ထပ်ရအောင် ... ဝူကျိ ... ငါနဲ့ပေါင်းပြီး တိုက်ခိုက်ပေးပါ ... ငါ ဒီခွေးကောင်ကို သတ်ဖို့ ... အုပ်ချုပ်သူ တံဆိပ်တုံးကို သုံးတော့မယ်"
"အုပ်ချုပ်သူ တံဆိပ်တုံး"
ကျန်းစွန်းဝူကျိ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကာ အလန့်တကြား ပြောလိုက်သည်။
"ရိလျှို ... မင်းရူးနေလား ... မင်းနတ်ဘုရား အဆင့် လက်နက်ကို အပြည့်အဝ မထိန်းချုပ် နိုင်သေးဘူးလေ ... အဲဒါက တန်ပြန်ပြီးတော့ မင်းကို ဝါးမျိုသွားရင် ဘယ်လိုလုပ်မလဲ ... မင်းသေသွား လိမ့်မယ်"
အုပ်ချုပ်သူ တံဆိပ်တုံးသည် ကျော်ကြားသော နတ်ဘုရားအဆင့် လက်နက်ဖြစ်သည်။ ၎င်းကို ကျန်းပိုင်လီငယ်ရွယ်စဉ်က ရှေးဟောင်း နယ်မြေတစ်ခုမှ ရရှိခဲ့သည်။ ကျန်းပိုင်လီသည် ထိုတံဆိပ်ကို အားကိုး၍ ရန်သူများစွာကို အနိုင်ယူခဲ့သည်။ သူဗာဂျရာ အဆင့်သို့ ရောက်ရှိ သွားသောအခါ ထိုတံဆိပ်တုံးသည် သူ့အတွက် အသုံး မဝင်တော့ပေ။ ထို့ကြောင့် သူသည် ကျန်းရိလျှို ဆယ့်ငါးနှစ် အရွယ်တွင် ထိုလက်နက်အား လက်ဆောင် ပေးခဲ့သည်။
၎င်းသည် နတ်ဘုရားအဆင့် လက်နက်ဖြစ်နေရာ ပုံမှန် သိုင်းသမား တစ်ယောက် သုံးစွဲနိုင်ရန် ခက်ခဲပေသည်။ ကျန်းရိလျှိုသည် ထိုတံဆိပ်တုံးကို အပြည့်အဝ မပေါင်းစပ် အသုံးမပြု နိုင်သေးသည်ကို ကျန်းစွန်းဝူကျိ သိသည်။ ကျန်းရိလျှိုသာ အတင်းအကြပ် ပေါင်းစည်းလိုက်လျှင် လက်နက်မှ တန်ပြန် တိုက်ခိုက်မှုကို ခံစားရလိမ့်မည် ဖြစ်သည်။
ကျန်းရိလျှိုသည် ကျန်းစွန်းဝူကျိ၏ စကားကို ပြန်မပြောပေ။ သူသည် အနောက်ဘက် မြို့စောင့်တပ်မှ စစ်သားများနှင့် ကျန်းဂိုဏ်းသားများကို အော်ဟစ် အမိန့် ပေးလိုက်သည်။
"ကျန်းဂိုဏ်းနဲ့ သွေးနီစစ်သားတွေ ... ငါ့အမိန့်ကိုနာခံ ... ကျန်းရီကို အစွမ်းကုန် ကြိုးစားပြီး သတ်ကြ ... အသက်ရှိသရွေ့ မင်းတို့ရဲ့ မျိုးဆက်တွေ အဆင့်အတန်း မြင့်မား လာစေရမယ်လို့ ကတိပေးတယ်"
တစ်ချိန်တည်း၌ သူသည် အနီးရှိ ပွဲကြည့် နေသူများအား ကြေငြာ လိုက်သည်။
"အားလုံး နားထောင်ကြ ... ငါက လော့ကဲအရှင်ရဲ့ ဆက်ခံသူ ကျန်းရိလျှိုပဲ ... ဒီကောင်ရဲ့ ခေါင်းကို ဖြတ်နိုင်တဲ့ ဘယ်သူ့ကို မဆို ခရမ်းရောင် ရွှေငါးသန်းနဲ့ ကောင်းကင်အဆင့် လက်နက်တစ်ခု ချီးမြှင့်မယ်"
"ဝိုး"
ကျန်းရိလျှို၏ ကြေငြာချက်သည် လူအများအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ကောင်းကင်အဆင့် လက်နက်ကို ဖယ်ထားလျှင်တောင် ခရမ်းရောင် ရွှေငါးသန်းသည် သားစဉ်မြေးဆက် အထိ ထိုင်စား သွားရန် လုံလောက်သည်။ သူတို့ အသက်ကို ရင်း၍ ရတနာရှာရန် အဘယ့်ကြောင့် ရောက်လာ ရသနည်း ... အဆင့်အတန်းနှင့် ချမ်းသာ ကြွယ်ဝမှု အတွက်သာ မဟုတ်ပါလား
အကြည့်များစွာသည် ကျန်းရီထံ ကျရောက်လာခဲ့သည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါများသည် လူထုအား ဖုံးလွှမ်း ထားသော်လည်း ကျန်းရီသည် လူတစ်ယောက်သာ ဖြစ်လေသည်။ ထို့ပြင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်သို့လည်း မရောက်သေးပေ။
မဟုတ်လျှင် သူသည် အတွင်းအားများကို အစွမ်းကုန် သုံးကာ ဤလူစုအား ချက်ချင်း သတ်လိုက် လာပေလိမ့်မည်။ ထို့ကြောင့် သူတို့တွင် ကျန်းရီအား သတ်နိုင်ရန် အခွင့်အရေး ရှိပေသည်။ သူတို့သည် ဤအရာပေါ် အလောင်းအစား လုပ်နိုင်ရန် ထိုက်တန်မတန်သာ ကျန်တော့သည် မဟုတ်ပါလား
"မဖြစ်ဘူး "
ကျန့်ဝူရွှမ်းသည် အလန့်တကြား ရေရွတ် လိုက်သည်။ ကျန်းရိလျှိုသည် ကျန်းပိုင်လီ၏ သားဖြစ်ရာ လူအများ၏ စိတ်နှလုံးအား မည်သို့ ထိန်းချုပ်ရမည်ကို ကောင်းကောင်း နားလည်ပေသည်။ လက်ရှိ အခြေအနေနှင့်တောင် ကျန်းရိလျှိုသည် လက်မလျှော့သေးပေ။ ဆိုလိုသည်မှာ သူသည် ကျန်းရီကို သတ်ရန် အရာအားလုံး ပုံအပ်လိုက်ပြီ ဖြစ်ကြောင်း သေချာနေလေသည်။
အခြားလူများ မသိလောက်သော်လည်း ကျန်းရိလျှိုတွင် နတ်ဘုရား အဆင့် လက်နက်ရှိမှန်း ကျန့်ဝူရွှမ်းက သိထားပေသည်။ လူများစွာသည် ကျန်းရီထံ အရပ်မျက်နှာပေါင်းစုံမှ ပြေးလာ နေကြသည်။ ကျန်းရီသည် ထိုအရာများအား မေ့လျော့နေသည့် အလား ... ကျန့်ဝူရွှမ်းသည် သူ့လူများကို ဦးဆောင်ကာ ကျန်းရီထံ ပြေးသွားရင်း အော်ပြော လိုက်သည်။
"ကျန်းရီ ... ပြေးတော့"
ကျန်းရီသည် သူ့ထံ ပြေးလာနေသော လူများကို မမြင်သည့် အလား မြေပြင်ပေါ် ဒူးထောက် ထိုင်ချလိုက်သည်။ ထို့နောက် လက်မောင်းများကို ဆန့်လိုက်ကာ စုလောရွှယ်အား ပွေ့၍ သယ်လိုက်သည်။ သူ့မျက်လုံးများသည် သွေးနီရောင်များ ဖြစ်နေသေးသော်လည်း နှုတ်ခမ်းများကမူ နူးညံ့သော အပြုံးတစ်ခုနှင့် အသာအယာ ပြောလိုက်သည်။
"စုလောရွှယ် ... ငါနောက်ကျသွားပြီးတော့ မင်းကို နာကျင်ခွင့် ပြုလိုက်မိတယ် ... ဒါပေမဲ့ ... မစိုးရိမ်ပါနဲ့ ... မင်းကို အနိုင်ကျင့်တဲ့ လူတွေ အကုန်လုံးကို ငါသတ်ပစ်မှာ"
***