မဟုတ်တာတွေ ဆက်ပြောနေရင်တော့ သေလိမ့်မယ်
Vol. 73 Ch. 1441
ချန်းဖေးအယ် မတ်တပ်ရပ်လိုက်သည်။
" ရှင် ဘာလုပ်ချင်လို့လဲ "
" ဒီစူးစမ်းရှာဖွေရေးတာဝန်မှာ ပါခဲ့တဲ့အဖွဲ့၀င်တွေအားလုံးကို ကာကွယ်ဖို့ အနည်းဆုံးလူတစ်ယောက် ရှိရမယ် "
ယဲ့ဖန်သည် သူ့ဖုန်းကို ထုတ်လိုက်ပြီး လန်ရှင်းယွီကို ဖုန်းဆက်လိုက်သည်။
ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာပင် ချိတ်ဆက်သွားခဲ့သည်။
" ဟယ်လို ယဲ့လူကြီးမင်း၊ ဘာကိစ္စရှိလို့လဲ "
" အခုဘယ်မှာလဲ "
" ကျွန်မ ..... အိမ်မှာပါ။ ဘာကိစ္စရှိလို့လဲ "
" ခင်ဗျားရဲ့လိပ်စာလေး ပို့ပေး "
" ဘာ ...... ဘာလုပ်မလို့လဲ "
လန်ရှင်းယွီသည် တစ်စုံတစ်ရာကို နားလည်မှုလွဲသွားပြီး တုံ့ဆိုင်းသွားသည်။
ဤမိန်းကလေးမှာ မာနကြီးလွန်းသည်ဟု ယဲ့ဖန် ခံစားမိသည်။
ယောက်ျားတိုင်းက သူမကို မဟုတ်တဲ့ အတွေးတွေ ရှိနေမယ်လို့ သူမ ထင်နေတာလား။
" ဒီနေ့ စူးစမ်းရှာဖွေရေးတာဝန်မှာ ပါဝင်နေတဲ့သူတိုင်း အန္တရာယ်ဖြစ်နိုင်တယ် "
" ခင်ဗျားကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို အခုလွှတ်ပေးလိုက်မယ်။ တခြားအဖွဲ့ဝင်တွေရဲ့ တည်နေရာတွေကိုလည်း ပို့ပေးပါ "
ယဲ့ဖန်သည် သူမနှင့် ပြောဆိုနေရမည်ကို ပျင်းလွန်းသဖြင့် အခြေအနေကို ရိုးရှင်းစွာ အတိုချုပ် ပြောပြသည်။
လန်ရှင်းယွီသည် ထိုစကားကို ကြားပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
" ဘယ်သူက ကျွန်မတို့နောက်ကို လိုက်နေတာလဲ "
" ကျွန်တော်လည်း မသိဘူး "
" တစ်ယောက်ယောက် ကျွန်မတို့နောက်ကို လိုက်နေတာ ရှင် ဘယ်လိုလုပ်သိတာလဲ "
" မပြောတတ်ဘူး "
" သူတို့က ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ "
" မသေချာဘူး "
" ဒါဆို ရှင်ဘာသိလဲ "
" မင်း ဆက်ပြီး မဟုတ်တဲ့စကားတွေ ဆက်ပြောနေရင် သေလိမ့်မယ်ဆိုတာ သိတယ် "
အဆုံး၌ လန်ရှင်းယွီသည် ယဲ့ဖန်အား သူမနှင့် အခြားအဖွဲ့သားများ၏ တည်နေရာကို ပြောပြခဲ့သည်။
အမှန်တကယ်၌ သူမ မပြောပြလျှင်ပင် ယဲ့ဖန်သည် မူလသတ္တုမိုင်းတွင်းကုမ္ပဏီမှတဆင့် သိနိုင်သည်။
သို့သော် သူမအား ကြိုတင် အသိပေးချင်သောကြောင့် ဤသို့ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့သားများ၏လိပ်စာကို ရပြီးနောက် ယဲ့ဖန်သည် ဖန်းကျန်းဝူကို သူ့ဘေးသို့ ခေါ်လိုက်သည်။
" ကိုယ် မင်းကို တာဝန်တစ်ခု ပေးလိုက်မယ်။ ဒီမိန်းကလေးကို သွားကာကွယ်ထား "
ယဲ့ဖန်သည် ဖန်းကျန်းဝူကို လန်ရှင်းယွီ၏လိပ်စာအား ပေးခဲ့သည်။
" ဟုတ် "
ဖန်းကျန်းဝူသည် လိပ်စာကို လက်ခံရရှိပြီးနောက် နောက်ထပ်ဘာမှမမေးဘဲ ထွက်ခွာသွားခဲ့သည်။
ယဲ့ဖန်သည် စူးစမ်းရှာဖွေရေးအဖွဲ့ဝင် တစ်ယောက်ချင်းစီ၏ လိပ်စာများကို ချန်းဖေးအယ်ထံသို့ ပေးကာ ထိုလူများအား ကာကွယ်ပေးရန် လုံခြုံရေးအဖွဲ့ကို တောင်းဆိုခဲ့သည်။
သို့သော် စူးစမ်းရှာဖွေရေးအဖွဲ့ဝင်များထဲမှ တစ်ယောက်၏ လိပ်စာကို ယဲ့ဖန် ထိန်ချန်ထားခဲ့သည်။
နောက်ဆုံး၌ ကျူးရှောင်ကျောင်းအား သတိပေးခဲ့သည်။
" အိမ်မှာနေ၊ ဘယ်မှမသွားနဲ့ "
ကျူးရှောင်ကျောင်းသည်လည်း အခြေအနေ၏ ပြင်းထန်မှုကို သိနားလည်လေသည်။
ဤကိစ္စ၏အန္တရာယ်ကို သူမ သိသောကြောင့် ပါဝင်ရန် ယဲ့ဖန်ကို နားမပူခဲ့ပေ။
ချန်းဖေးအယ်နှင့် လမ်းခွဲပြီးနောက် ယဲ့ဖန်သည် သူ ဖယ်ထားသည့် လိပ်စာသို့ အမြန်ပြေးသွားခဲ့သည်။
ထိုအဖွဲ့ဝင်အား ကျိုးချန်ချင်းဟု ခေါ်သည်။
ယဲ့ဖန်သည် ထိုလူငယ်လေးအပေါ် အမြင်ကောင်းရှိကာ သူသည် အေးဆေးပြီး ငယ်ရွယ်သောကောင်လေး ဖြစ်သည်။
သူသည် ငယ်ရွယ်သော်လည်း အမှန်တကယ်မှာ အသက် ၂၆ သို့မဟုတ် ၂၇နှစ်ဖြစ်လေရာ သူ့ထက် နှစ်အနည်းငယ် အသက်ပိုကြီးသည်။
ကျိုးချန်းချင်းသည် ကျန်းကောပြည်နယ်၏ ဒေသခံဖြစ်ပြီး သူ၏အိမ်သည် ယဲ့ဖန်နေထိုင်ရာနှင့် မဝေးပေ။
သို့ဖြစ်ရာ ကားနှင့် နာရီဝက်ကြာမျှသာ မောင်းနှင်ရသည်။
ယဲ့ဖန်သည် ထိုနေရာကို ရှာတွေ့သောအခါ အထပ်မြင့်အိမ်ရာအဆောက်အဦးဖြစ်သည်ကို သူ တွေ့လိုက်ရသည်။
၇၀ခုနှစ် သို့မဟုတ် ၈၀ခုနှစ်လောက်မှ အဆောက်အဦးဖြစ်နိုင်ကာ ဟောင်းနွမ်းနေသည်။
သူ ရှေ့မဆက်ခင် ကျိုးချန်းချင်းသည် ပလတ်စတစ်အိတ်တစ်လုံးဖြင့် ပြန်လာသည်ကို တွေ့လိုက်သည်။
ယဲ့ဖန် ချက်ချင်း ပုန်းနေလိုက်ပြီး အချိန်တခဏတာ လူလုံးထွက်မပြပေ။
အမှောင်ထဲ၌ ပုန်းအောင်းနေကာ သူတို့ ဘာလုပ်နေကြသည်ကို ယဲ့ဖန် မြင်ချင်ခဲ့သည်။
ကျိုးချန်းချင်းသည် အဆောက်အဦးထဲသို့ ဝင်ခါနီးတွင် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက် သူ့အနောက်မှ ရုတ်တရက် လှမ်းအော်သည်။
" ကျိုးချန်းချင်း၊ ရှေးဟောင်းပစ္စည်းလမ်းကို မြန်မြန်သွား။ နင့်အမေ ဒုက္ခရောက်နေပြီ ....... "
ကျိုးချန်းချင်းသည် သူ့ခြေလှမ်းကို ရပ်လိုက်ပြီး ထိုအမျိုးသမီးကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။
" အမေက ဘာပြဿနာရှာပြန်တာလဲ "
" နင့်အမေက ပန်းအိုးတစ်လုံးကို ခွဲလိုက်တော့ သူတို့က လျော်ကြေးလိုချင်နေတာ။ အဲ့တာက ယွမ် သန်းနဲ့ချီတန်တယ်တဲ့။ အခု သူတို့နဲ့ ငြင်းခုံနေတယ် ...... "
ထိုသက်လတ်ပိုင်းအမျိုးသမီးကြီးသည် အလောတကြီး ပြေးလာပြီး အခြေအနေကို အတိုချုပ် ရှင်းပြသည်။
သူမစကား မဆုံးခင်မှာပင် ကျိုးချန်းချင်းသည် ရှေးဟောင်းပစ္စည်းလမ်းဆီသို့ စတင်ပြေးနေပြီ ဖြစ်သည်။
ယဲ့ဖန် တုံ့ဆိုင်းမနေဘဲ ချက်ချင်း အနောက်မှ လိုက်လေသည်။
မကြာခင်မှာ သူတို့အားလုံး ရှေးဟောင်းပစ္စည်းလမ်းသို့ ရောက်သွားခဲ့သည်။
ညနေစောင်းနေပြီဖြစ်၍ လမ်းပေါ်၌ လူများဖြင့် စည်ကားနေသည်။
နေရာတိုင်း၌ ဈေးသည်များ ရှိသည်။
ကျိုးချန်းချင်းသည် လူအုပ်ကြားထဲတွင် ရှာဖွေနေခဲ့ရာ နောက်ဆုံး၌ သူ့အမေကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခု အရှေ့တွင် ရှာတွေ့ခဲ့သည်။
ထိုနေရာသို့ လမ်းလျှောက်မသွားခင် ငြင်းခုံသံများ ကြားလိုက်ရသည်။
" ငါ့ပန်းအိုးကို ဒီနေ့လျော်မပေးရင် ဖမ်းဖို့ ရဲစခန်းကလူတွေကို ခေါ်လိုက်မယ် "
" နင် သတ္တိရှိရင် ခေါ်လိုက်လေ။ ဒီအိုးစုတ်အိုပျက်ကြီးက သုံးသန်း ကျမှာတဲ့လား။ ဒီအတိုင်း လူတွေကို ဓားပြသာတိုက်လိုက်ပါတော့လား "
" ဟမ်၊ နင်က ငါ့ပန်းအိုးကို ခွဲပြီး နင့်ကိုယ်နင်မှန်တယ်လို့ ထင်နေတာလား။ ငါ့ရဲ့ ပန်းအိုးက ယွမ်မင်းဆက်က အပြာရောင်အဖြူစပ် ကြွေထည်ပစ္စည်းပဲ။ ဒီပန်းအိုးကို ကျွမ်းကျင်တဲ့အကဲဖြတ်သူတွေ အကဲဖြတ်ထားတဲ့ စာရှိပြီးသား။ ဒါတောင် နင်က ငြင်းချင်နေသေးတာလား "
" ငါ မကြည့်ဘူးလို့ ပြောတာကို နင်က အတင်းကြည့်ခိုင်းတာ။ ငါ ကြည့်ဖို့ကောက်လိုက်တာနဲ့ အနောက်ကနေ လူတစ်ယောက်က ဝင်တိုက်ပြီး မတော်တဆ ကျကွဲသွားတာလေ။ နင်တို့တွေ ပေါင်းလုပ်တာလို့ ငါ သံသယရှိတယ် "
" ဟားဟား၊ ငါတို့က လုပ်ကြံနေတယ်လို့ ပြောတာလား။ နင့်မှာ သက်သေရှိလား။ အထောက်အထားမရှိရင် စွပ်စွဲနေတာပဲ ...... "
ကျိုးချန်းချင်းသည် လူအုပ်ကြားထဲ တွန်းကာ ဝင်သွားသည်။
သူ့အမေအား အသက်ရွယ်တူ အမျိုးသမီးတစ်ယောက်မှ ဆွဲထားသည်ကို တွေ့လိုက်ရပြီး သူမ၏ဆံပင်များမှာလည်း ရှုပ်ပွနေသည်။
ကျိုးချန်းချင်းသည် ထိုအမျိုးသမီးကြီးနှစ်ယောက်ကို ခွဲထုတ်ရန် အလျင်အမြန် လျှောက်သွားခဲ့သည်။
" အမေ၊ ဘာဖြစ်တာလဲ "
ကျိုးအမေကြီးသည် သူမ၏သားဖြစ်သူကို မြင်သောအခါ သူမ၏ကျောထောက်နောက်ခံကို မြင်လိုက်ရသလို ဖြစ်သွားသည်။
သူမသည် ချက်ချင်းပင် နာကျည်းစွာ ငိုကြွေးတော့သည်။
" ချန်းချင်း၊ မင်းအမေ့အတွက် ရပ်တည်ပေးရမယ် ...... "
" အမေ၊ စိတ်မလှုပ်ရှားနဲ့။ အရင်ပြောဦး "
ကျိုးချန်းချင်းသည် နှစ်သိမ့်ပေးပြီးနောက် သူ့အမေကို မေးသည်။
ကျိုးအမေကြီးသည် ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်း ပြောပြသည်။
ကျိုးအမေကြီးသည် ရှေးဟောင်းပစ္စည်းလမ်းတဝိုက် လမ်းလျှောက်ရသည်ကို နှစ်သက်သည်။
သူမ ဘာမှလုပ်စရာမရှိသည့်အခါ ပုလင်းများ၊ ပန်းအိုးများကို လျှော့ဈေးရလျှင် ဝယ်လေ့ရှိသည်။
ယနေ့တွင်သည် ရှေးဟောင်းပစ္စည်းလမ်းသို့ရောက်လာခဲ့သည်။
စျေးသက်သာသော ပစ္စည်းအချို့ကို ဝယ်ယူရန် ကြည့်နေသည်။
သို့သော် သူမသည် ရှေးဟောင်းပစ္စည်းဆိုင်တစ်ခု၏ တံခါးဝသို့ ရောက်သောအခါ ပိုင်ရှင်မှ သူမအား ကြည့်ရှုရန် အတင်းဆွဲခေါ်သည်။
မူလပထမ၌ ကျိုးအမေကြီးသည် ငြင်းဆန်နေပါသော်လည်း ဆိုင်ပိုင်ရှင်မှာ အလွန်စိတ်အားထက်သန်စွာ ပြသနေသည်။
ထို့ကြောင့် ကျိုးအမေကြီးသည် ဝယ်နိုင်သည်ဟူသည့်မာနကို မနှိမ့်ချနိုင်ဘဲ ထိုဆိုင်ရှင်အနောက်ကို လိုက်သွားသည်။
ဆိုင်ပိုင်ရှင်သည် ကျိုးအမေကြီးမှ ပန်းအိုးတစ်လုံးကို ကြိုက်ကြောင်း ကြားသောအခါ ချက်ချင်းပင် ကိုင်လျက် ဆိုင်၏ရတနာဟု ဆိုကာ ဈေးရောင်းသည်။
ထိုပန်းအိုးမှာ ဆိုင်၏ ရတနာဖြစ်သည်ဟု ကြားလိုက်သည်နှင့် အလွန်တန်ဖိုးကြီးမည်ကို တွေးမိကာ ကျိုးအမေကြီးမှ ငြင်းဆန်ပြီး မကိုင်ပေ။
သို့သော်လည်း ဆိုင်ပိုင်ရှင်မှ အဆင်ပြေသည်ဖြစ်သောကြောင့် တစ်ကြိမ်တစ်ခါပင်ကြည့်ရန် တိုက်တွန်းခဲ့သည်။
ကျိုးအမေကြီးသည် မည်သို့မျှ မတတ်နိုင်ဘဲ မျက်စိအစာကျွေးသည်ဟု မှတ်ယူလိုက်သည်။
ကိုင်ကြည့်ရုံနဲ့ ဘာမှမဖြစ်ဘူးမဟုတ်လား။
သို့သော် မထင်မှတ်စွာပင် သူမ ပန်းအိုးအား ကောက်ယူပြီးလျှင်ပြီးချင်းမှာပင် ရုတ်တရက် လူတစ်ယောက်မျိ သူမကို အနောက်က ဝင်တိုက်သည်။
ထိုအခါ ရတနာပန်းအိုးသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်းကွဲသွားခဲ့သည်။
ထို့နောက် ဆိုင်ပိုင်ရှင်သည် သူမကို ဆွဲထုတ်ပြီး ပန်းအိုးအတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့သည်။
ဤပန်းအိုးသည် ယွမ်မင်းဆက်မှ အပြာအဖြူစပ် ကြွေထည်ဖြစ်သည်ဟု ဆိုသည်။
ယွမ်သုံးသန်းကျော်တန်ဖိုးရှိကြောင်း ကျွမ်းကျင်သူများမှ အကဲဖြတ်ထားသည့် စာတစ်ခုလည်း ရှိနေသည်။
ကျိုးချန်းချင်းသည် ထိုစကားကို ကြားပြီးနောက် သူသည်လည်း အနည်းငယ် စိတ်ရှုပ်သွားသည်။
" အမေ့ကို တိုက်တဲ့လူက ဘယ်မှာလဲ။ အမေ သူ့ကိုတွေ့လိုက်လား "
ကျိုးအမေကြီးမှာ ငိုရှိုက်လျက် ခေါင်းယမ်းသည်။
" အမေ့ကို ဘယ်သူက လာတိုက်လဲ ဆိုတာကိုတောင် သတိမထားမိဘူး။ အရမ်းလန့်သွားတာ "
ကျိုးချန်းချင်းသည် ရှေးဟောင်းပစ္စည်းဆိုင်၏ သူဌေးကို လှည့်ကြည့်လိုက်သည်။
" ဆိုင်ရှင်၊ ဆိုင်မှာ စောင့်ကြည့်ကင်မရာတွေရှိလား။ အဲ့ကနေ တိုက်သွားတဲါလူကို ရှာပေးလို့ရမလား "
" စိတ်မကောင်းဘူး၊ ငါ့ဆိုင်မှာ စောင့်ကြည့်မှတ်တမ်းကင်မရာတွေ မရှိဘူး "
ဆိုင်ပိုင်ရှင်သူဌေးမသည် တံခါး၌ ပိတ်ရပ်ထားကာ ထိုသားအမိနှစ်ယောက် ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည်။
" ဒါဆို ကျွန်တော့်အမေကို ဘယ်သူက တိုက်သွားတာလဲ တွေ့လိုက်လား "
ကျိုးချန်းချင်းမှ ဆက်ပြီး မေးသည်။
" မတွေ့လိုက်မိဘူး "
ဆိုင်ရှင်သူဌေးမက ခေါင်းယမ်းပြန်သည်။
ကျိုးချန်းချင်းသည် အခြားရွေးချယ်စရာမရှိပေ။
သူ့အမေအား တိုက်ခဲ့သည့်သူကို ရှာတွေ့ပါက လျော်ကြေးငွေတချို့ကို ခွဲဝေပေးရန် ပြောနိုင်သည်။
သို့သော် ယခုအခါ တစ်ဖက်လူကို မတွေ့သဖြင့် သူတို့ကိုယ်တိုင်သာ လျော်ကြေးပေးရတော့မည် ဖြစ်သည်။
" ဆိုင်ရှင်အဒေါ်၊ ကျွန်တော့်အမေကြောင့် ပန်းအိုးကွဲသွားတော့ လျော်ပေးပါ့မယ်။ ဒါပေမယ့် ကျွန်တော်တို့ ယွမ်သုံးသန်းလုံးပေးဖို့က သေချာပေါက် မတတ်နိုင်ဘူး။ ခြွင်းချက်လုပ်ပေးနိုင်မလား "