ငါတို့ကို ပန်းထိုးဖို့ လုပ်နေတာလား
Vol. 73 Ch. 1444
ယဲ့ဖန် မတတ်နိုင်ဘဲ အေးစက်စွာ ရယ်ပြီး လက်လှမ်းကာ သူတို့၏ သွားအတုများကို ဖယ်လိုက်သည်။
ထိုသွားအတုများထဲ၌ အဆိပ်အိတ်ထည့်ထားသည်။
သာယာစွာ ဖိကိုက်လိုက်ရုံဖြင့် အဆိပ် ထွက်လာပေလိမ့်မည်။
ယဲ့ဖန်သည် သူတို့နှစ်ဦး၏ သတ်သေမည့်နည်းလမ်းကို သိထားပြီးဖြစ်သောကြောင့် သူတို့ ထိတ်လန့်သွားရသည်။
ဖမ်းမိထားသော ဆိုင်ပိုင်ရှင်နှစ်ဦးကို ယဲ့ဖန်သည် ချက်ချင်း ဖြေရှင်းခြင်းမပြုဘဲ ကျိုးချန်းချင်းဘက်ကို လှည့်ပြီး ပြောလိုက်သည်။
" တံခါးပိတ်လိုက် "
ကျိုးချန်းချင်းသည် ယခုမှ သူ့အာရုံများ ပြန်ကပ်လာပြီး ဆိုင်တံခါးကို အမြန်ပိတ်လိုက်ကာ ယဲ့ဖန်ကို အလျင်အမြန် ကျေးဇူးတင်စကားဆိုသည်။
" ကျေးဇူးတင်ပါတယ် ..... ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယဲ့လူကြီးမင်း ....... "
သူ၏အသံသည် သိသာစွာပင် တုန်လှုပ်နေဆဲဖြစ်သည်။
ဆိုင်ရှင်နှစ်ယောက်မှ သူနှင့်သူ့အမေစီသို့ ပြေးလာသည့်အခါ သူသေပြီဟုပင် ထင်ခဲ့သည်။
ကံကောင်းစွာနှင့် ယဲ့ဖန်သည် အချိန်မီ သူတို့ကို ကယ်တင်နိုင်ခဲ့သည်။
ထိုအချိန်တွင် အမေကြီးကျိုးသည် လျင်မြန်စွာ လျှောက်လာပြီး မြေပြင်ပေါ်၌ ဒူးထောက်ကို ယဲ့ဖန်ကို အရိုအသေပေးသည်။
" အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးရှင်လေး ..... "
ယဲ့ဖန်သည် သူမကို ထစေရန် အလျင်အမြန် ကူညီပေးခဲ့သည်။
" ဒေါ်လေး၊ ကျွန်တော်က ချန်းချင်းရဲ့ လုပ်ဖော်ကိုင်ဖက်ပါ။ ဒီလို မလုပ်ပါနဲ့ "
ကျိုးချန်းချင်းသည် သူ့အမေကို အလျင်အမြန် မိတ်ဆက်ပေးသည်။
" အမေ၊ ယဲ့လူကြီးမင်းက ကျွန်တော်ရဲ့သူဌေးပါ "
" သူဌေးလား "
အမေကြီးကျိုးသည် ယဲ့ဖန် ကို အံ့အားသင့်စွာ ကြည့်လိုက်သည်
သူ့သားထက်ပင်ငယ်သော ဤလူငယ်လေးသည် သူ့သား၏သူဌေး ဖြစ်နေမည်ဟု သူမမျှော်လင့်ထား၍ သူမသည် ကြောင်အနေခဲ့သည်။
" ယဲ့လူကြီးမင်း၊ ဒါက ဘာများဖြစ်တာလဲ "
ကျိုးချန်းချင်းသည် ယဲ့ဖန် ကို စိတ်ရှုပ်ထွေးစွာ ကြည့်ကာ မေးသည်။
" ဒီပန်းအိုးက အတုပဲ။ ယွမ်မင်းဆက်က ကြွေထည်လုံးဝ မဟုတ်ဘူး။ ရိုးရိုးပန်းအိုးပဲ "
" သူတို့က မင်းအမေကို ထောင်ချောက်ဆင်ဖို့ မင်းအမေကို စောင့်နေတာ "
ယဲ့ဖန်သည် ထိုဆိုင်ရှင်လင်မယားဆိုသည့်နှစ်ယောက်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
ထိုနှစ်ယောက်မှာ ထိတ်လန့်နေပြီး ခေါင်းငုံ့ကာ ယဲ့ဖန်မျက်လုံးကို မကြည့်ရဲကြပေ။
" ထောင်ချောက်ဆင်တာလား။ ကျွန်တော့်အမေကို ဘာလို့ ထောင်ချောက်ဆင်တာလဲ"
ကျိုးချန်းချင်းသည် ပို၍ပင် စိတ်ရှုပ်သွားသည်။
သူ့အမေသည် သာမန်အငြိမ်းစားဝန်ထမ်းတစ်ဦးသာဖြစ်သည်။
ဒီလူနှစ်ယောက်က သူမကို ထောင်ချောက်ဆင်ဖို့အတွက်နဲ့ ဘာလို့ ဒီလောက်ထိတောင် လုပ်ရတာလဲ။
" ဘာလို့လဲဆိုတော့ သူတို့က မင်းဆီကနေ စူးစမ်းရှာဖွေရေးတာဝန်ရဲ့ အသေးစိတ်အချက်အလက်တွေကို လိုချင်လို့ "
" စူးစမ်းရှာဖွေရေးတာဝန်က အသေးစိတ်အချက်တွေလား "
ကျိုးချန်းချင်း နားထောင်လေ စိတ်ရှုပ်လေဖြစ်လာသည်။
သူတို့လုပ်တာ သာမန်စူးစမ်းရှာဖွေရေး တစ်ခုပဲကို ဘာမေးစရာရှိလို့လဲ။
" အမေနဲ့ အပြင်ထွက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်။ ငါ သူတို့ကို နောက်ထပ် မေးခွန်တချို့ မေးလိုက်ဦးမယ် "
ယဲ့ဖန်သည် ကျိုးချန်းချင်းကို အများကြီး မသိစေချင်ပေ။
ထိုလူငယ်သည် သစ္စာစောင့်သိသည်မှာ မှန်သော်လည်း သာမန်စူးစမ်းရှာဖွေရေးအဖွဲ့ဝင်သာဖြစ်သောကြောင့် များစွာသိနေခြင်းသည် သူ့အတွက် အကျိုးရှိမည် မဟုတ်ပေ။
ကျိုးချန်းချင်းသည် သူ့စိတ်ထဲ၌ မေးခွန်းများစွာ ရှိသော်လည်း ယဲ့ဖန်မှ သူ့ကို မသိစေချင်သောကြောင့် ဆက်မမေးတော့ပေ။
သူ့အမေအား ရှေးဟောင်းပစ္စည်းဆိုင်ထဲမှ ချက်ချင်း ခေါ်ထုတ်ပြီး တံခါးကို ပိတ်လိုက်သည်။
ယဲ့ဖန်သည် ကုလားထိုင်တစ်လုံးကို ဘေးမှ ဆွဲယူလိုက်ပြီး ခြေချိတ်ကာထိုင်သည်။
ထို့နောက် ဆိုင်ရှင်ဆိုသူနှစ်ယောက်ကို ကြည့်ကာ ပြုံးပြလိုက်သည်။
" ခင်ဗျားတို့ကို အသက်ရှင်ခွင့် ပေးမယ်။ လိုချင်လား "
ထိုနှစ်ယောက်သည် ယဲ့ဖန်၏စကားကိုကြားသောအခါတွင် မထီမဲ့မြင်ပြုသောအမူအရာပြကြသည်။
ယဲ့ဖန်သည် သူတို့ကို စိတ်မ၀င်စားဘဲ ဆက်ပြောသည် ။
" ခင်ဗျားတို့နှစ်ယောက်ကြားမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်တယ် "
" အခုမေးခွန်းနည်းနည်းမေးမယ်။ အရင်ဖြေတဲ့သူက အသက်ရှင်လိမ့်မယ် "
သူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် တစ်ဖက်စီသို့ ခေါင်းလှည့်ကာ သေရန်အဆင်သင့်ပြင်ထားပုံရသည်။
" ပထမမေးခွန်း၊ ခင်ဗျားတို့ကို ဘယ်သူပို့လိုက်တာလဲ "
ယဲ့ဖန် ပထမမေးခွန်းကို မေးပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး သူတို့မေးရိုးချော်နေသည်ကို ပြန်တေ့ပေးလိုက်သည်။
" အင်အားတွေ ဖြုန်းတီးမနေနဲ့။ ဘာမေးမေး ငါတို့ ဖြေမှာ မဟုတ်ဘူး။ နင်က ယောက်ျားသာဆို ငါတို့ကို မြန်မြန်သတ်လိုက် "
ထိုအမျိုးသမီးသည် ရွံရှာစွာပြောသည်။
" အသက်ရှင်ရတာ မကောင်းဘူးလား"
ယဲ့ဖန်၏ မျက်နှာပေါ်၌ ချိုသာသောအပြုံးရှိသည်။
" ငါတို့က တာဝန်ထမ်းဆောင်ဖို့ ထွက်လာကတည်းက အသက်ရှင်လျက်ပြန်ရဖို့ မတွေးထားဘူး။ အပိုတွေပြောမနေဘဲ ငါတို့သွားရမယ့်လမ်းကိုသာ ပို့လိုက် "
လုပ်ကြံသူအမျိုးသားသည် သေရမည်ကို မကြောက်ရွံ့စွာ ကြည့်နေသည်။
ယဲ့ဖန် မျက်မှောင်ကြုတ်သည်။
" ကြည့်ရတာ သေရမှာကို မကြောက်ပုံပဲ "
" ဘာကြောက်စရာရှိလဲ။ ငါတို့က အကြိမ်ပေါင်းမနည်း သေပြီးသားမလို့ သေတာရှင်တာကို မေ့ထားတာကြာပြီ "
ထိုလူသည် လှိုက်မောကာ ရယ်သည်။
သေခြင်းတရားနှင့် ရင်ဆိုင်နေရချိန်တွင်ပင် ရယ်မောနိုင်သေးသည်။
အတော်ပင် ကြမ်းတမ်းရက်စက်သူဟု ယူဆနိုင်သည်။
ဘေးမှအမျိုးသမီးမှာ ဘာမှမပြောသော်လည်း သူမ၏သဘောထားမှာ ထိုယောက်ျားထက်ပင် ပို၍ စိတ်ဆုံးဖြတ်ချက်ချထားပုံရသည်။
ယဲ့ဖန်သည် ပြုံးလိုက်ပြန်၏။
" ကံကောင်းလို့ ငါ့မှာ သေတာထက် ပိုပြီးကြောက်စရာကောင်းတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ သေချင်လာတဲ့အထိ ဖြစ်အောင် ငါလုပ်နိုင်တယ်။ အမှန်အတိုင်း မပြောရင် ငါ့ကို အပြစ်မတင်နဲ့ "
" ဟား၊ ငါတို့က သေရမှာတောင် မကြောက်တာ မင်းရဲ့လှည့်ကွက်တွေ ငါတို့က ဘာလို့ကြောက်ရမှာလဲ။ မင်းမှာ လှည့်ကွက်တွေရှိရင် ထုတ်သုံးလိုက် "
ထိုလူသည် ယဲ့ဖန်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး ပို၍ပင် မာနကြီးပြသည်။
ဘေးမှ အမျိုးသမီးကလည်း ရယ်သည်။
" နင်က ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုလှည့်ကွက်တွေ ရှိနိုင်မှာမလို့လဲ။ ငါ မြင်ချင်ပါသေးတယ် "
" ဟူး၊ ခင်ဗျားတို့ ငါ့ကို အနှေးနဲ့အမြန် ပြောရမှာပဲ။ ဘာလို့ မလိုအပ်တဲ့အရာတွေကို လုပ်ခိုင်းနေရတာလဲ "
ယဲ့ဖန် ခေါင်းခါပြီး သက်ပြင်းချကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
" ခင်ဗျားတို့က တောင်းဆိုမှတော့ လုပ်ပေးရတာပေါ့ "
ယဲ့ဖန်သည် ပြောသည့်အတိုင်း အပ်ဘူးကို ထုတ်ကာ နွားမွေးကဲ့သို့ ပါးလွှာသော ငွေအပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
" ဟားဟားဟား၊ ကောင်လေး။ မင်း ဒီပညာကို မင်းဆရာရဲ့မိန်းမစီက သင်ထားတာလား။ ငါတို့ကို အဲ့ဒီအပ်နဲ့ ပန်းထိုးဖို့ လုပ်နေတာပဲဖြစ်မယ်။ ဟားဟားဟား ....... "
ထိုအမျိုးသားသည် ယဲ့ဖန်မှ အပ်တစ်ချောင်းထုတ်လိုက်သည်ကို မြင်သောအခါ ပို၍ပင် ပျော်ရွှင်စွာ ပြုံးလေသည်။
သူတို့အားလုံးသည် ပြင်းထန်သော ပြစ်ဒဏ်များအပါအဝင် ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို သည်းခံနိုင်ရန် သင်တန်းဆင်းကြရသည်။
ယဲ့ဖန်သည် သူတို့အား ခြိမ်းခြောက်ရန် အပ်တစ်ချောင်းသုံးနေသည်မှာ ကလေးကစားစရာနှင့်တူသည်။
" စိတ်မပူပါနဲ့၊ တစ်ခါတလေ ညှဉ်းပန်းနှိပ်စက်တဲ့ကိရိယာက မထင်ရှားလေလေ၊ မထင်မှတ်ထားတဲ့ အကျိုးသက်ရောက်မှု ဖြစ်လာလေလေပဲ "
ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ထူးခြားလျှို့ဝှက်သည်။
ထိုဆိုင်ရှင်လင်မယားနှင့်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ယဲ့ဖန်၏အပြုံးတွင် ဖော်မပြနိုင်သည့် ထူးဆန်းမှုတစ်ခုရှိနေကြောင်း သူတို့ ခံစားလာရကာ ထိုခံစားချက်သည် သူတို့အား ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုလို ဖြစ်နေသည်။
ယဲ့ဖန်သည် သူတို့တွေးသည်ကို ဂရုမစိုက်ဘဲ သူတို့၏လည်ပင်းရှိ အမည်မဲ့ အပ်စိုက်ကုထုံးတစ်နေရာသို့ ငွေအပ်တစ်ချောင်း စိုက်ထည့်လိုက်သည်။
ငွေအပ်ကို ထိုးသွင်းလိုက်သည်နှင့်တပြိုင်နက် သူတို့ခန္ဓာကိုယ် နှစ်ခုလုံး တုန်သွားကြသည်။
သေးငယ်လှသော အပ်အပေါက်ရာမှ ထုံကျင်နေသော ခံစားမှုတစ်ခုကို ရနေသည်။
မကြာခင်မှာပင် သူတို့၏ ခန္ဓာကိုယ်တစ်ဝက်မှာ ထုံသွားသည်။
သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ယဲ့ဖန် ဘာလုပ်နေသည်ကို မသိကြသော်လည်း သေးငယ်လှသည့် ငွေအပ်လေးတစ်ချောင်းသည် ကြီးမားသော တုံ့ပြန်မှုကို ဖြစ်စေခဲ့သည်။
သို့သော် ယခုလက်ရှိ၌ သူတို့၏ ခန္ဓာကိုယ်သည် အနည်းငယ် ထုံကျင်နေရုံသာဖြစ်သည်။
အခြားအဆင်မပြေမှုများ မရှိချေ။
ဤသည်မှာ သူတို့နှစ်ယောက်အတွက် သည်းခံနိုင်သော အတိုင်းအတာအတွင်း ရှိနေသေးသည်။
" ဟားဟား၊ ဒီလောက်ပဲလား။ နောက်ထပ် အပ်တွေထပ်စိုက်ပြီး ဒီကအဘိုးကို အညောင်းအညာဖြေပေးပါဦး "
ထိုအမျိုးသားသည် ယဲ့ဖန်ကို ဆက်၍ မောက်မာစွာ နှိုးဆော်သည်။
ယဲ့ဖန်၏ မျက်နှာမှာ အပြုံးမပျက်ရှိနေပြီး အပ်နှစ်ချောင်းကို ထပ်ထုတ်ကာ သူတို့၏ ကျီယန်းအပ်စိုက်ကြောများကို ထိုးသည်။
ငွေအပ်ကို ထိုးထည့်လိုက်သောအခါ သူတို့နှစ်ဦးသည် ငွေအပ်မှ ပျံ့နှံ့လာသည့် ပူလောင်သော ခံစားမှုကို ရရှိလိုက်ကြသည်။
ထို့နောက် မီးခြစ်ဆံအား သစ်သားခြောက်ပုံထဲသို့ ပစ်ချလိုက်သကဲ့သို့ လျင်မြန်စွာ လောင်မြိုက်လာပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ ပူလောင်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသည့် ပူလောင်မှုမှာ သူတို့၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
ထိုလူနှစ်ယောက်မှာ မီးကင်ခံထားရသည့် ဝက်များကဲ့သို့ လူးလိမ့်နေကြသည်။
" ငါ ..... အဆင်မပြေဘူး ...... "
ထိုနှစ်ယောက်ထဲမှ အမျိုးသမီးမှာ ဆက်မထိန်းနိုင်တော့ပေ။
ငွေအပ်ကို ဆွဲထုတ်ချင်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးမှာ ထုံကျင်နေသောကြောင့် လက်ချောင်းတစ်ချောင်းအား မြှောက်ဖို့ပင် ခွန်အားမရှိချေ။