အခု လိမ်ပြောလိုက်တာ
Vol. 73 Ch. 1445
ကျန်ရှိသည့်အမျိုးသားမှာလည်း နေထိုင်မကောင်းပေ။
သူ၏ခန္ဓာကိုယ်မှာ လောင်မြိုက်နေသောခံစားမှုကြောင့် မြေကြီးပေါ်၌ လူးလိမ့်နေပါသော်လည်း အချည်းနှီးသာဖြစ်သည်။
ယဲ့ဖန်သည် ဘူးထဲမှ နောက်ထပ်ငွေအပ်နှစ်ချောင်းကို ထုတ်ယူလိုက်သည်။
" ခုနကပြောထားသလိုပဲ ပါးစပ်အရင်ဖွင့်တဲ့သူ ဒီနှိပ်စက်မှုဒဏ်ကနေ လွတ်မယ် "
ထိုလူနှစ်ယောက်၏ မျက်နှာပေါ်၌ တွန့်ဆုတ်နေသော အရိပ်အယောင်များပေါ်လာသော်လည်း အဆုံးတွင် နှုတ်ပိတ်နေကာ သေရန်ကို ရွေးချယ်ကြသည်။
ယဲ့ဖန်သည် အခြားစကားများပြောကာ အချိန်ဖြုန်းမနေတော့ဘဲ တတိယမြောက်ငွေအပ်ကို ထုတ်ကာ သူတို့၏ ကွမ်းယန်အပ်စိုက်ကြောကို စိုက်လိုက်သည်။
ငွေအပ်သည် သူတို့၏သွေးကြောကို စိုက်သွားသည်နှင့် စိတ်လွတ်မတတ် အေးစိမ့်လာကာ တုန်ရီနေတော့သည်။
သူတို့၏ အဓိကသွေးကြောကြီးများမှာ အေးခဲကုန်သကဲ့သို့ အရိုးထဲပင်စိမ့်ကာအေးသည့် ခံစားချက်မှာ တကိုယ်လုံးပျံ့နှံ့လာသည်။
ဒက် ဒက် ဒက်
အေးစက်လွန်း၍ မေးရိုးအချင်းချင်းပင် ရိုက်ခတ်နေသည်။
" မပြောသေးဘူးလား "
ယဲ့ဖန် ဘူးထဲမှ နောက်ထပ် ငွေအပ်တစ်ချောင်းစီကို ထုတ်ပြီး သူတို့ကို အမေးပါသည့်အကြည့်ဖြင့် ကြည့်သည်။
ဤတစ်ကြိမ်၌ နှစ်ဦးလုံးမှာ စိတ်မခိုင်မာနိုင်ကြတော့ပေ။ တွန့်ဆုတ်နေမှုကို သူတို့၏ မျက်နှာပေါ်၌ သိသာစွာ မြင်နိုင်လေသည်။
အချိန်တစ်ခုကြာပြီးနောက် သူတို့နှစ်ယောက်သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြကာ မည်သူမှ နှုတ်မဖွင့်ဟလာချေ။
ယဲ့ဖန် ပြုံးလျက် ခေါင်းယမ်းလိုက်သည်။
သူသည် စတုတ္ထမြောက် ငွေအပ်တစ်ချောင်းစီကို သူတို့၏ ခေါင်းအနောက်ရှိ ဖန်းဖုအပ်စိုက်ကြောထဲသို့ စိုက်လေသည်။
အပ်သည် နစ်ဝင်သွားသည်နှင့် ခန္ဓာကိုယ်အတွင်းမှ အေးစိမ့်မှုသည် မရှိခဲ့သလိုပင် ပျောက်ကွယ်သွားရာ လောင်မြိုက်သောအပူဓာတ်မှ အစားထိုးဝင်ရောက်လာပြန်သည်။
တစ်ဖန် အအေးဓာတ်မှာ စိမ့်ထွက်လာသည်ကို ခံစားနိုင်သေးသည်။
မဖော်ပြနိုင်ရာကောင်းလှသည့် အသည်းခိုက်သော နာကျင်မှုမျိုးဖြစ်သည်။
အပူနှင့်အအေးဓာတ်သည် တစ်ချိန်တည်းမှာပင် တပြိုင်နက် ဝင်ရောက်လာနိုင်သည်ကို ဘယ်သောအခါမှ မတွေးဖူးပေ။
တစ်စက္ကန့်၌ အရိုးထဲပင်စိမ့်မတတ် အေးနေပြီး နောက်တစ်စက္ကန့်၌ ပူခြစ်တောက်နေတော့သည်။ အစွန်းနှစ်ဖက် ပေါင်းစည်းသွားမှုမှာ ကြောက်စရာကောင်းလှသည်။
ထိုသို့ ပြင်းထန်လှသော နှိပ်စက်မှုကြောင့် ထိုလူနှစ်ယောက်မှာ အသိစိတ်များ မြန်ဆန်စွာ ကင်းကွာလာသည်ကို အသေအချာ ခံစားမိသည်။
သွေးတစ်စက်စီ၊ အရေပြားတစ်လက်မစီနှင့် သွေးကြောတစ်ခုစီတို့မှာ ခြောက်သွေ့လာစေသည်အထိ ဆွဲညှစ်ထားသလို ခံစားရကာ တစ်စစီ ပြဲထွက်နာကျင်လာသည်။
သူတို့ကြုံတွေ့ခဲ့ရဖူးသော အနာကျင်ဆုံး၊ အခက်ခဲဆုံး အပြစ်ဒဏ်မှာ ဤအပ်လေးချောင်းနှင့် ယှဉ်ပါက မြူမှုန်တစ်စလောက်ပင် မရှိပေ။
" အား ....... "
သူတို့နှစ်ယောက်သည် နာကျင်မှုကို မတောင့်ခံနိုင်တော့ဘဲ အရိုးကွဲမတတ် အသည်းခိုက်သော နာကျင်မှုကို ပြေပျောက်စေရန်အလို့ငှာ မြေပေါ်၌ လူးလိမ့်နေကြသည်။
သို့သော် ယဲ့ဖန်သည် ခုံပေါ်၌ ခြေချိတ်ထိုင်ကာ အဆင့်မြင့်ဖျော်ဖြေပွဲကြည့်သလို ရှုစားနေသည်။
" ငါ ....... ငါ ပြော .... ပြော ...... ငါပြောမယ် "
အဆုံး၌ ဆိုင်ရှင်အယောင်ဆောင်အမျိုးသားသည် ဆက်၍ မတောင့်ခံနိုင်တော့ဘဲ ယဲ့ဖန်ကို အသနားခံတော့သည်။
" ဝမ်သာ့ဖား၊ နင်ကများ ....... "
ဆိုင်ရှင်အယောင်ဆောင်အမျိုးသမီးသည် ထိုအမျိုးသားမှ အရှုံးပေးနေသည်ကိုမြင်ပြီး သူ့ကို စူးစိုက်ကြည့်သည်။
" ငါ တကယ် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ သေအောင် အထိုးခံရတာမှ သက်သာဦးမယ် ...... "
ဝမ်သာ့ဖားဟုခေါ်သော အမျိုးသားသည် နာကျင်မှုကြားမှ ညည်းတွားပြောသည်။
သူ၏အသံမှာ ကွဲရှကာ လူတစ်ယောက်၏အသံနှင့်ပင် မတူချေ။
ထိုမှတဆင့် ဝမ်သာ့ဖား မည်မျှပြင်းထန်သောနာကျင်မှုကို တောင့်ခံခဲ့သည်အား မြင်သာနိုင်သည်။
ယဲ့ဖန် ပြုံးလျက် လျှောက်လာသည်။
" ဒီလို စောစောကတည်းက လုပ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဘာလို့ တောင့်ခံနေသေးလဲ "
ထိုသို့ပြောပြီးနောက် ထိုဝမ်သာ့ဖား၏ ကိုယ်ပေါ်မှ အပ်များဖယ်ပေးလိုက်သည်။
" ဟား ........ "
အပ်များကို ဖယ်လိုက်သည်နှင့် ဝမ်သာ့ဖားသည် ရေနစ်နေရာမှ ကယ်တင်ခံလိုက်ရသလို သက်တောင့်သက်သာ ဖြစ်သွားသည်။
ကျန်နေသည့်အမျိုးသမီးမှာတော့ နာကျင်မှုကို သည်းခံကာ ညည်းတွားလျက် ဝမ်သာ့ဖားကို စိုက်ကြည့်နေသည်။
" သစ္စာဖောက်၊ အကြီးအကဲတွေက နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး "
ဝမ်သာ့ဖား ခေါင်းကိုတစ်ဖက်လှည့်ထားပြီး သူမကို မကြည့်ရဲပေ။
ယဲ့ဖန် ခုံပေါ်၌ ထိုင်လိုက်သည်။
" အချိန်ဖြုန်းမနေဘဲ ဘယ်သူလွှတ်လိုက်တာလဲဆိုတာ ပြော "
" ငါ .... ငါတို့က ဒုန်းကျယ်ပြည်နယ်က အုတ်ဂူဖောက်ဂိုဏ်းကပါ "
ဝမ်သာ့ဖား တခဏ တွန့်ဆုတ်နေပြီးနောက် ယဲ့ဖန်ကို အံ့ဩစေသည့်အဖြေပေးလိုက်သည်။
" အုတ်ဂူဓားပြတွေလား "
ယဲ့ဖန် ကြောင်အသွားသည်။
အုတ်ဂူဖောက်တဲ့သူတွေက ဒီလောက် အကြောက်တရားကင်းတဲ့အုပ်စုတွေ ပို့တာ ဖြစ်နိုင်ပါ့မလား။
" ထပ်ပြီး သတိပေးထားမယ်။ ခင်ဗျား မဟုတ်တာတွေပြောနေရင် အရင်ကထက် အဆတစ်သောင်း ပိုနာကျင်စေမယ့် နှိပ်စက်နည်းကို ခံရမယ် "
ဝမ်သာ့ဖားကို စိုက်ကြည့်နေသော ယဲ့ဖန်၏ အကြည့်များမှာ စူးရှလာသည်။
" ငါ မင်းကို မလိမ်ဘူး။ ငါတို့က အုတ်ဂူဖောက်တဲ့ဂိုဏ်းပဲ။ ငါတို့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှ ကျန်းကောပြည်နယ်ပြည်နယ်ကို ရောက်လာတာ "
ဝမ်သာ့ဖားသည် အဆတစ်သောင်း ပို၍ နာကျင်မည့် နှိပ်စက်မှုအကြောင်း ကြားသောအခါ သူ့မျက်နှာ ဖြူဖျော့သွားခဲ့သည်။
ယဲ့ဖန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ချန်းဖေးအယ် ပြောနေတဲ့ အမည်မသိအုပ်စုက ဒီအုတ်ဂူဖောက်သမားဂိုဏ်း ဖြစ်နေမလား။
" လူဘယ်နှစ်ယောက် ပါလာတာလဲ "
" နှစ်ဆယ်ကျော် "
" အုတ်ဂူကို လုယက်ဖို့ ငါတို့ရဲ့ စူးစမ်းရှာဖွေရေးက အချက်အလက်တွေကို ယူချင်တာလား "
" ဟုတ်တယ် "
ယဲ့ဖန်သည် ဝမ်သာ့ဖားကို စိုက်ကြည့်ပြီး သူ့မျက်နှာပေါ်မှ အမူအရာကို ခန့်မှန်းနေသည်။
သို့သော် ဝမ်သာ့ဖား၏ မျက်နှာမှာ ဝမ်းနည်းကာ ကြောက်ရွံ့နာကျင်နေသည့် အမူအရာသာ ရှိနေလေသည်။
" ခင်ဗျားတို့ ပုန်းတဲ့စခန်းက ဘယ်မှာလဲ "
ယဲ့ဖန်သည် မေးခွန်းကို ပြောင်းလဲမေးမြန်းခဲ့သည်။
" ငါ ....… မသိဘူး "
ဝမ်သာ့ဖား ခေါင်းယမ်းပြန်သည်။
" ဟား၊ ခင်ဗျားက လာနောက်နေတာလား။ ပုန်းတဲ့စခန်းက ဘယ်မှာမှန်းတောင် မသိဘူးဆိုတာကို ယုံစေချင်နေတာလား။ ကျုပ်က ခင်ဗျားကို အရမ်းသက်ညှာပေးမိပုံပဲ "
ယဲ့ဖန်သည် အပ်ဘူးကို လက်လှမ်းရင်း ပြောလိုက်သည်။
ဝမ်သာ့ဖား၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
ယဲ့ဖန်၏လက်ထဲမှ ငွေရောင်အပ်များသည် သူ့အတွက် နျူကလီးယားလက်နက်များထက် ပိုကြောက်စရာကောင်းလေသည်။
" ငါ တကယ်မသိဘူး။ ငါတို့က အရံလူတွေပဲ။ တာဝန်တစ်ခုပြီးတိုင်းငါတို့က အစ်ကိုကျုံးကိုပဲ သတင်းပို့ရတာ။ အစ်ကိုကျုံးတစ်ယောက်တည်းက စခန်းဘယ်မှာလဲဆိုတာ "
" အစ်ကိုကျုံးက ဘယ်သူလဲ "
ယဲ့ဖန်သည် နောက်ထပ် မရင်းနှီးသော နာမည်တစ်ခုကို ကြားလိုက်ရပြီး ချက်ချင်း စိတ်ဝင်စားလာသည်။
" အစ်ကိုကျုံးက ငါတို့ရဲ့ ခေါင်းဆောင်။ သူက လန်ရှင်းယွီကို ရှာဖို့ တာဝန်ယူထားတယ် "
ဝမ်သာ့ဖားသည် ယဲ့ဖန်ကို ရိုးသားစွာ ဖြေပေးသည်။
ယဲ့ဖန် နောက်ထပ်မေးခွန်းအနည်းငယ်ဆက်မေးသည်။ ဝမ်သာ့ဖားမှလည်း နာခံစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သို့သော် ဝမ်သာ့ဖားသည် အရံလက်ပါးစေတစ်ဦးဖြစ်ကြောင်းနှင့် သူ သိထားသော အချက်အလက်များမှာ အကန့်အသတ်ရှိကြောင်းသာ အသေအချာ ပြောလာခဲ့သည်။
ယဲ့ဖန်သည် နောက်ထပ် အချက်အလက်များ မရနိုင်တော့သည်ကို မြင်ပြီး အချိန်မဖြုန်းတော့ပေ။
ထိုအချိန်တွင် ဘေးမှအမျိုးသမီးသည် သေလုမျောပါး ဖြစ်နေလေသည်။
အော်ဟစ်ရန် ခွန်အားပင် မရှိတော့ပေ။
ယဲ့ဖန်သည် သူမခန္ဓာကိုယ်ပေါ်ရှိ ငွေအပ်များအားလုံးကို ဆွဲထုတ်လိုက်သော်လည်း သူမ မည်သည့်တုံ့ပြန်မှုမှ မရှိလာချေ။
" ငါတို့ကို မြန်မြန်သေအောင်လုပ်လိုက် "
ဝမ်သာ့ဖား၏ မျက်နှာသည် ဆုံးဖြတ်ချက်ခိုင်မာမှု အပြည့်ရှိနေသည်။
" စိတ်မကောင်းဘူး၊ ကျွန်တော်က ဥပဒေလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ယောက်။ ဘယ်သူ့ကိုမှ မသတ်ဘူး "
ယဲ့ဖန်၏ မျက်နှာပေါ်၌ အန္တရာယ်ကင်းသော အပြုံးတစ်ခု ရှိနေပြီး ကြင်နာတတ်သော ကျောင်းသားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
သို့သော် ဝမ်သာ့ဖား၏မျက်လုံးထဲ၌ သူ၏အပြုံးမှာ နတ်ဆိုးထက်ပင် ပိုကြောက်စရာကောင်းလေသည်။
ထိုအချိန် ယဲ့ဖန်၏ဖုန်း ရုတ်တရက် မြည်လာသည်။
ဖန်းကျန်းဝူမှ ဖုန်းခေါ်နေခြင်း ဖြစ်သည်။
ယဲ့ဖန် နှောင့်နှေးမနေဘဲ အမြန်ဖုန်းကိုင်သည်။
" သခင်ကြီး၊ လန်ရှင်းယွီမှာ ပြဿနာတစ်ခုရှိနေတယ် "
ဖုန်းချိတ်ဆက်သွားသည်နှင့် ဖန်းကျန်းဝူသည် အဓိကအကြောင်းအရာကို တန်းပြောခဲ့သည်။
" အခြေအနေက ဘာလဲ "
ယဲ့ဖန်သည် ချက်ချင်းပင် သတိကပ်လာသည်။
ဝမ်သာ့ဖား၏ ပြောကြားချက်အရ လန်ရှင်းယွီအား ရှာရန်သွားသည့်လူမှာ သူတို့၏ ခေါင်းဆောင်ငယ်များထဲမှ တစ်ယောက်ဖြစ်သည်ဟု ဆိုလေသည်။
ထို့ကြောင့် ထိုလူ၏ နည်းလမ်းများမှာ မရိုးရှင်းလောက်ပေ။
" လန်ရှင်းယွီရဲ့ မောင်လေးက ဘားတစ်ခုမှာ။ သူက ကောင်မလေးတစ်ယောက်အတွက်နဲ့ တောင်နက်ဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြောတယ် "
" တောင်နက်ဂိုဏ်းလား။ ပြီးတော့ရော "
" တောင်နက်ဂိုဏ်းက လူတွေက အများကြီးရောက်လာပြီး ပြဿနာရှင်းမယ်လို့ ပြောတယ်။ ဒါပေမဲ့ ခဏကြာတော့ ဖျန်ဖြေပေးမယ်ဆိုပြီး လူတစ်ယောက်ထွက်လာတယ်တဲ့။ သူက ဒီပြဿနာကို ကူပြီးဖြေရှင်းပေးချင်နေတယ် "
ယဲ့ဖန်သည် ဖန်းကျန်းဝူ၏ ရှင်းပြချက်ကိုကြားပြီး ပြုံးလိုက်သည်။
ဒီလှည့်ကွက်ဟောင်းကြီးပဲဖြစ်ပြန်ပြီ။
ဟမ် .........
ဒါက မဟုတ်သေးဘူး။
ဒီအုတ်ဂူဖောက်တဲ့ဓားပြဂိုဏ်းက တောင်နက်ဂိုဏ်းနဲ့ ဘယ်လိုလုပ် ဆိုင်မှာလဲ။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိထားမိလိုက်၍ ပြန်လှည့်ကြည့်လိုက်သောအခါ ဝမ်သာ့ဖားသည် လက်ထဲတွင် ဓားမြှောင်တစ်ချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
" ဟားဟား၊ ငါ အခု လိမ်လိုက်တာ။ ကောင်လေး၊ တစ်ယောက်ယောက် ငါတို့အတွက် မင်းကို လက်စားချေလိမ့်မယ် "