← Chapters

ရူးနေတဲ့ ရန်သူ

Vol. 73 Ch. 1449

ရူးနေတဲ့ ရန်သူ

Vol. 73 Ch. 1449

" ဒါဆို သွားသေလိုက် "

ထိုအဘိုးအိုမှ ရုတ်တရက် အော်ပြီး ဘေးသို့လှည့်ကာ ယဲ့ဖန်၏ ထိုးနှက်ချက်ကို ရှောင်လိုက်ပြီး တန်ပြန်တံတောင်ဖြင့် ရိုက်ချသည်။

သူ၏တံတောင်ရိုက်ချက်သည် အလွန်လျင်မြန်ရုံသာမက အလွန်လည်း အားပြင်းလှသည်။

တစ်ချက်တိုက်လိုက်ရုံဖြင့် တစ်ဖက်လူမှာ သေနိုင်သည်။

ယဲ့ဖန် သွေးအန်ထွက်ပြီး မြေကြီးပေါ်လဲကျမည့်မြင်ကွင်းကို မြင်ယောင်နေမိသည်။

ထိုအချိန်တွင် ယဲ့ဖန်၏အပြုံးသည် တစ်စုံတစ်ခုအား အောင်နိုင်သွားသကဲ့သို့ တွန့်ကွေးသွားသည်ကို သူ ရုတ်တရက် မြင်လိုက်သည်။

အဘိုးအို စိတ်ထဲမှ ဆဲဆိုမိသည်။

သို့သော် သူသည် အခြေအနေကို ပြန်ဆုတ်၍ မရတော့ပေ။

သူ၏တံတောင်သည် ယဲ့ဖန်၏ရင်ဘတ်ကို ထိသွားစဉ် ထူးဆန်းသည့်မြင်ကွင်းတစ်ခု ဖြစ်လာသည်။

သူ၏ ကြောက်မက်ဖွယ် ခွန်အားသည် ပင်လယ်ထဲသို့ ပြုတ်ကျသွားသော ရွှံ့နွားရုပ်သဖွယ် ဖြစ်သွားသည်။

" ဒါက အတွင်းအင်အား ..... ထိပ်ဆုံးအဆင့်လား "

အဘိုးအို၏ မျက်လုံးအိမ်များသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ကြောက်ရွံ့သောအကြည့်ကို ဖော်ထုတ်လိုက်သည်။

သူတို့ ရရှိထားသည့် အချက်အလက်များအရ ယဲ့ဖန်၏ အင်အားသည် အတွင်းအားကျင့်စဉ်၏ နှောင်းပိုင်းအဆင့်သာဖြစ်သည်။

သူတို့နှစ်ယောက် အစောပိုင်း တိုက်ခိုက်နေကြချိန် ယဲ့ဖန်သည် အတွင်းအားကျင့်စဉ် နှောင်းပိုင်းအဆင့်၏ ကြံ့ခိုင်မှုကိုသာ ပြသခဲ့သည်။

ထို့ကြောင့် အဘိုးအိုသည် ယဲ့ဖန်မှာ အတွင်းအားကျင့်စဉ်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနေမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

အတွင်းအားကျင့်စဉ်၏ နှောင်းပိုင်းအဆင့်သည် ထိပ်ဆုံးအဆင့်နှင့် ခြေတစ်လှမ်းသာကွာဝေးသော်လည်း ထိုအဆင့်နှစ်ခုသည် လုံးဝကွဲပြားသည်။

ထိပ်ဆုံးအဆင့်မှာ စွမ်းအားကို အပြည့်အဝအသုံးချနိုင်သည်။

သူ၏တံတောင်ဆစ်တိုက်ချက်သည် ကျောက်ပြားကိုပင် ချိုးဖျက်ရန် လုံလောက်ပါသော်လည်း တစ်ဖက်မှ ချေမှုန်းပစ်လိုက်သည်။

ဤသည်မှတစ်ဆင့် တစ်ဖက်သူ၏ ခွန်အားထိန်းချုပ်နိုင်မှုသည် ထိတ်လန့်စရာကောင်းသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြသခဲ့သည်။

ဒီကောင်လေးက ဉာဏ်နီဉာဏ်နက်များလွန်းတယ်။

တစ်ဖက်ကောင်လေးသည် အတွင်းအားကျင့်စဉ် ထိပ်ဆုံးအဆင့်ရှိသော်လည်း အတွင်းကျင့်စဉ်၏ နှောင်းပိုင်းအဆင့်အဖြစ် ဟန်ဆောင်ကာ ကစားခဲ့သည်။

အဘိုးအို၏ တုံ့ပြန်မှုမှာ လျင်မြန်ပြီး သူတတ်နိုင်သမျှ အမြန်ပြန်ဆုတ်သည်။

သို့သော် ယဲ့ဖန်မှာ သူ့ထက်ပိုမြန်ပြီး သူ့နောက်ကျောကို ရိုက်ချလိုက်သည်။

ထိုလက်ဖဝါးရိုက်သံသည် တိတ်ဆိတ်သော်လည်း ခွန်အားသည် အလွန်ကြောက်စရာကောင်းလှသည်။

အဘိုးအိုသည် လေယာဉ်ပျံကဲ့သို့ လွင့်ပျံသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဖူး...........

အဘိုးအို၏ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။

သေချာသည်မှာ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး အချိန်အတော်ကြာ မထနိုင်ပေ။

ယဲ့ဖန်သည် ရပ်မနေဘဲ အဘိုးအိုအနောက်ကို ဆက်လိုက်ရင်း သတ်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် စူးစူးဝါးဝါး အသံတစ်သံ ကြားလိုက်ရသဖြင့် ယဲ့ဖန် အနောက်ဆုတ်သွားသည်။

ရွှီး

ယဲ့ဖန်၏ရင်ဘတ် ဆယ်စင်တီမီတာအကွာတွင် ဓားမြှောင်တစ်ချောင်း ဖြတ်သွားသည်။

သူ အနည်းငယ် နှောင့်နှေးသွားပါက သူ့ကို ထိုးဖောက်သွားနိုင်သည်။

တစ်ချိန်တည်းမှာပင် လန်ရှင်းယွီအနား၌ ရပ်နေသော အနက်ရောင်ဝတ်ရုံဖြင့်လူက အရှေ့သို့ပြေးလာသည်။

" သေလိုက် "

ထိုလူမှာ အော်ပြီး ပြင်းထန်သော လက်သီးချက် ပစ်သွင်းလိုက်သည်။

အနက်ရောင်ဝတ်ရုံဖြင့် ထိုလူထံမှ အတွင်းအားအတက်အကျ တစ်စုံတစ်ရာ မခံစားနိုင်သော်လည်း ဤလူ၏ ခွန်အားသည် အတွင်းအားကျင့်စဉ် အလယ်အလတ် အဆင့် ရှိနိုင်သည်ဟု ယဲ့ဖန် ခန့်မှန်းနိုင်သည်။

ထိုသို့သောလူကို သိုင်းပညာလောကတွင် ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံရမည်မှာ သေချာသည်။

သို့သော် ယဲ့ဖန်၏ မျက်လုံးထဲ၌ သာမန်သာဖြစ်သည်။

ယဲ့ဖန်သည် ထိုလက်သီးချက်ကို လုံးဝမရှောင်ပေ။

ထိုအစား သူ့လက်သီးကို မြှောက်ကာ တန်ပြန်ရိုက်လိုက်သည်။

ဘန်း

လက်သီးနှစ်ချက်သည် ဂြိုဟ်နှစ်ခု တိုက်မိသွားသကဲ့သို့ ထိမိသည်နှင့် ဆူညံသံကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကွဲအက်သံနှင့်အတူ အနက်ရောင်ဝတ်ရုံဖြင့်အမျိုးသား၏ ညာလက်မောင်းမှာ အလွန်ကြောက်စရာကောင်းစွာ L ပုံသဏ္ဍာန်အဖြစ် ကျိုးသွားသည်။

သို့သော် ထိုလူသည် နာကျင်မှုကို မခံစားရသလိုပင် အခြားလက်တစ်ဖက်ဖြင့် ယဲ့ဖန်ကို ဆက်လက် ထိုးနှက်သည်။

ယဲ့ဖန်သည် ထိုလူကို လေးစားပါသော်လည်း အလွယ်တကူ အလွှတ်မပေးဘဲ နောက်တစ်ချက် ထပ်ထိုးသည်။

ဘန်း

ပထမအကြိမ်ကဲ့သို့ ထိုလူသည် နောက်ပြန်နှစ်လှမ်းဆုတ်သွားကာ လက်မောင်းနောက်တစ်ဖက် ကျိုးသွားပြန်သည်။

သူ၏ ထိခိုက်ဒဏ်ရာရထားသော လက်မောင်းနှစ်ဖက်မှာ လေထဲတွင် တွဲလောင်းကျနေပြီး လက်မောင်းမှ သွေးများ တစပ်စပ်စီးကျနေသည်။

" အား ယား ......... "

ထိုသည်သည် သားရဲတစ်ကောင်ကဲ့သို့ အော်ပြီး ရှေ့သို့ဆက်ပြေးကာ ယဲ့ဖန်၏မျက်နှာကို ကန်သည်။

ယဲ့ဖန်သည် ထိုလူ၏ အကြောက်အလန့်ကင်းသော တိုက်ခိုက်ပုံကြောင့် လန့်နေပြီးဖြစ်သည်။

ထိုအနက်ရောင်ဝတ်ရုံဖြင့်လူသည် အဘိုးအိုအတွက် အချိန်ဆွဲပေးနေသည်ဖြစ်သော်လည်း အသေခံနည်းလမ်းကို သုံးနေသည်မှာ ကြောက်စရာကောင်းလှသည်။

သို့သော် ယဲ့ဖန်သည် အံ့ဩနေသော်ငြား တိုက်ခိုက်ရာ၌ သနားညှာတာမှုမပြခဲ့ပေ။

ယဲ့ဖန်၏ ညာလက်သည် လျှပ်စီးကဲ့သို့ ထွက်လာပြီး ထိုလူ၏ခြေချင်းဝတ်ကို ဆွဲကိုင်လိုက်သည်။

ညင်သာစွာ ဆွဲယူပြီးနောက် ကန်ထည့်လိုက်ရာ ထိုလူမှာ လေထဲသို့ လွင့်ပျံသွားရသည်။

ဂျွတ်

နောက်ထပ်အရိုးကျိုးသံလည်းထွက်လာသည်။

ဝတ်ရုံနက်၏ ညာခြေသည် ပေါင်ရင်းမှကျိုးသွားရာ မြင်သူတိုင်းကို ဦးနှောက်ထုံသွားစေသည်။

ချန်းဖေးအယ်နှင့် ဖန်းကျန်းဝူတို့၏ တိုက်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။

ထို့ကြောင့် ယဲ့ဖန်၏ အညှာအတာကင်းတိုက်ပွဲကို မြင်သောအခါ ကြက်သီးများထလာကြသည်။

မည်သည့်နေရာမှ သင်တန်းဆင်းလာသည်ဖြစ်စေ ဤတုနှိုင်းမဲ့တိုက်ကွက်များကြောင့် ဆံပင်များပင် အဆုံးထိထောင်မတ်သွားသည်။

အနက်ရောင်ဝတ်ရုံဖြင့်လူ၏ ခြေထောက်သည် ကျိုးသွားပြီးနောက် မတ်တပ်မရပ်နိုင်တော့ဘဲ မြေကြီးပေါ်၌ ခွေးသေတစ်ကောင်ကဲ့သို့ လဲနေတော့သည်။

သူသည် လက်နှစ်ဖက်နှင့် ခြေတစ်ချောင်းကျိုးသွားသော်လည်း ပါးစပ်လှုပ်နိုင်သေး၍ တရွတ်တိုက်ဆွဲရာ ယဲ့ဖန်ကို ကိုက်ဖြတ်ရန် လုပ်သည်။

ယဲ့ဖန်သည် ထိုလူ၏ပါးစပ်ကို ကန်ထည့်လိုက်သည်။

ထိုလူမှာ ပါးစပ်ထဲ၌ သွေးများပြည့်နေပြီး မေးရိုးပြုတ်သွားသည့်တိုင်အောင် ယဲ့ဖန်ကို ဝါးစားတော့မတတ် ကြည့်နေပြီး ငရဲမှတက်လာသော အငြှိုးကြီးတစ္ဆေသဖွယ် ဖြစ်နေသည်။

ယဲ့ဖန်သည် တိုက်ပွဲများစွာကြုံဖူးပြီး လူများစွာကို သတ်ဖူးသော်လည်း ထိုလူ၏ ပြတ်သားလွန်းသောစိတ်ကြောင့် တုန်လှုပ်သွားရသညါ။

ထိုလူ၏ ခွန်အားမှာ အလွန်မသန်မာပါသော်လည်း ယဲ့ဖန်အတွက်မူ သာမန်သာဖြစ်သည်။

သို့သော် ထိုလူသည် ယဲ့ဖန် မြင်ဖူးသမျှထဲ အရူးသွပ်ဆုံးနှင့် အကြမ်းတမ်းဆုံးသူဖြစ်သည်မှာ သေချာသည်။

အင်အားကြီးရန်သူမှာ လေးစားစရာကောင်းသော်လည်း ရူးနေသောရန်သူမျဖာ ကြောက်စရာကောင်းသည်။

ထိုလူသည် ယဲ့ဖန်အား ထိခိုက်မှုမရှိစေခဲ့သော်လည်း အဘိုးအိုအတွက် အချိန်ဆွဲပေးနိုင်ခဲ့သည်။

ထိုကြန့်ကြာမှုကြောင့် အဘိုးအိုမှာ ပြန်ထလာပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ့အိတ်ကပ်ထဲမှ ဆေးထိုးအပ်ကို ထုတ်သည်။

ယဲ့ဖန်သည် ထိုဆေးထိုးအပ်ကို အလွန်ရင်းနှီးနေသည်။

သူ နျုံစစ်သွမ်းနှင့် တိုက်ခိုက်စဉ်မှာလည်း နျုံစစ်သွမ်းသည် မောပန်းနွမ်းနယ်ချိန်နှင့် ဒဏ်ရာရချိန်တိုင်း ခန္ဓာကိုယ်ထဲသို့ ဆေးထိုးအပ်ဖြင့်ထိုးသည်။ ထိုအချိန်တိုင်း သူသည် အင်အားပြန်လည်ပြည့်ဝလာတတ်သည်။

လက်ရှိအချိန်၌ အဘိုးအိုလုပ်ဆောင်နေသည်မှာ နျုံစစ်သွမ်း၏နည်းလမ်းဖြင့် တစ်ပုံစံတည်းဖြစ်လေသည်။

ယဲ့ဖန်သည် အဘိုးအိုကိုတားရန် နောက်ကျသွားပြီဖြစ်သည်။

တစ်ဖက်သူသည် ခြေထောက်ထဲသို့ ဆေးထိုးအပ်ကို ထိုးလိုက်ပြီးသည်နှင့် မူလက နာကျင်မှုများမှာ ပျောက်သွားသကဲ့သို့ဖြစ်သွားသည်။

" မင်းကြောင့် ငါ တကယ်လန့်သွားတာပဲ။ ၂၀ ဝန်းကျင်လောက်နဲ့ အတွင်းအားကျင့်စဉ် အထွတ်အထိပ်အဆင့်ရှိနေပြီလား။ မင်း ဆက်ပြီးသာတိုးတက်နေမယ်ဆိုရင် အနာဂတ်က အဆုံးရှိမှာတောင် မဟုတ်ဘူး "

ထိုအဘိုးအိုသည် ယဲ့ဖန်ကို စိုက်ကြည့်လေသည်။

" အဲ့တာကြောင့် မင်း ဒီနေ့သေရမယ်။ မဟုတ်ရင် နောင်ကျ မင်းက ငါတို့အတွက် အန္တရာယ်ကြီးတစ်ခုဖြစ်လာလိမ့်မယ် "

" အန္တရာယ်ကြီးတဲ့လား။ အဲ့လို သတ်မှတ်ခံရတာ ဂုဏ်ယူမိပါတယ် "

ယဲ့ဖန်သည် အနက်ရောင်ဝတ်ရုံဖြင့်လူအား ဖယ်ထုတ်လိုက်ပြီးဖြစ်သောကြောင့် ဆက်လက်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။

သို့သော် ထိုအဘိုးအိုမှာ တိုက်ပွဲဆက်ရန် အလျင်မလိုပေ။

ထိုအစား အနက်ရောင်ဝတ်ရုံဖြင့်လူထံသို့ လျှောက်သွားသည်။

" မင်းက တန်ဖိုးမရှိတော့ဘူး။ အဖွဲ့အစည်းရဲ့ စည်းကမ်းချက်တွေအရ မင်းသွားရမယ့်လမ်းကို ပို့ပေးမယ်။ အေးချမ်းရာမှာ နားနေလိုက်။ မင်းမိသားစုကို ဘုရားကစောင့်ရှောက်လိမ့်မယ် "

ထိုသို့ပြောပြီးနောက် အနက်ရောင်ဝတ်ရုံဖြင့်လူ၏ ခေါင်းကိုချိုးလိုက်သည်။

စူးရှသောအကြည့်ဖြင့်လူကြီးသည် ဇာတ်ကျိုးကာ အသက်ဆက်မရှူတော့ပေ။

ချန်းဖေးအယ်နှင့် လုံခြုံရေးအဖွဲ့ထဲမှ ဒဏ်ရာပြင်းထန်စွာရထားသော အဖွဲ့သားများသည် ထိုမြင်ကွင်းကို ပါးစပ်ပွင့်သည်ထိ အံ့အားသင့်စွာ ကြည့်နေသည်။

ဤထူးခြားဆန်းကြယ်လျှို့ဝှက်သည့် အဖွဲ့အစည်းကြီးသည် တကယ်ပင် မူမမှန်လှပေ။

တစ်ဖက်လူသည် အပြင်းအထန်ဒဏ်ရာရပြီး တန်ဖိုးမရှိတော့သည်နှင့် ကိုယ့်ဘက်တော်သားကိုပင် သတ်ပစ်ကြသည်။

ထို့အပြင် ထိုအနက်ရောင်ဝတ်ရုံဖြင့်လူမှာ အမှန်တကယ်တွင် အဘိုးအိုအတွက် အချိန်ဆွဲပေးထားပါသော်လည်း ဤသို့ဖြစ်လာမည် မထင်ပေ။

ထိုလူများမှာ သွေးအေးနတ်ဆိုးများဖြစ်ပေတော့သည်။

All Chapters