ဂုဏ်ယူစရာပဲ
Vol. 73 Ch. 1450
ယဲ့ဖန်ပင် ဤထူးခြားလျှို့ဝှက်ဆန်းကြယ်သည့်ဂိုဏ်းအကြောင်း သိချင်မိလာသည်။
ဘယ်လိုဂိုဏ်းမလို့ ဒီလိုလူမဆန်တဲ့လူတွေ စုနေရတာလဲ။
အဘိုးအိုသည် အရေးမပါသော အရာတစ်ခုကို ပြုလုပ်ခဲ့သလိုသာရှိနေသည်။
ထို့နောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ငါတို့က ကိုယ့်လူကိုတောင် သတ်နေတာမလို့ ရက်စက်တယ်လို့ ထင်နေတာလား "
ယဲ့ဖန် ပေါ့ပါးစွာ ရယ်လိုက်ပြီး ထိုသည်ကို သဘောတူလိုက်သည်။
" ငါတို့အတွက် ငါတို့ရဲ့ အစီအစဉ်တွေကို ထိခိုက်စေမယ့် ဘယ်သူ့ကိုမဆို အညှာအတာမဲ့ ဖျက်ဆီးပစ်ရမှာပဲ။ အားနည်းတဲ့အသင်းဖော် ဒါမှမဟုတ် အင်အားကြီးတဲ့ရန်သူဖြစ်ဖြစ် သူတို့က ငါတို့ရဲ့ အစီအစဉ်အတွက် အတားအဆီးတစ်ခု ဖြစ်လာမယ်ဆို မသက်ညှာပေးဘူး "
အဘိုးအို၏ လေသံမှာ စိတ်ခံစားချက် အရိပ်အယောင် မရှိဘဲ အလွန်နှလုံးသား ကင်းမဲ့လှသည်။
" ခင်ဗျားတို့ရဲ့အစီအစဥ်က ဘာလဲ။ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာလား "
ယဲ့ဖန်သည် သူတို့၏ အစီအစဉ်ကို အလွန်သိချင်နေခဲ့သည်။
အမှန်တကယ်၌ ယဲ့ဖန်သည် အဘိုးအို၏ လုပ်ရပ်များကို တွေ့ရှိပြီးနောက် ချက်ချင်း တုံ့ပြန်နိုင်ခဲ့သည်။
ဤလူများမှ သူတို့၏ စူးစမ်းရှာဖွေရေးတာဝန်အကြောင်း မေးကြသည့် အကြောင်းရင်းမှာ ရှန်းဘုရင်၏ လျှို့ဝှက်ရတနာကို ရှာဖွေရန်ဖြစ်သည်
နျုံစစ်သွမ်းသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံကို ရယူရန် အမျိုးမျိုး ဉာဏ်သုံးခဲ့သည်။
သူတို့သည် အကြိမ်ကြိမ်ကျရှုံးခဲ့သော်လည်း လုံးဝလက်မလျှော့ခဲ့ချေ။
ဤတစ်ကြိမ်၌ ထိုအဖွဲ့အစည်းသည် ကျန်းကောပြည်နယ်ပြည်နယ်သို့ လူများကို စေလွှတ်ပြီး ယဲ့ဖန်အနောက်သို့ လျှို့ဝှက်စွာ လိုက်ခိုင်းထားသည်။
သေချာစွာပင် သူတို့သည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာကို ရှာဖွေရန် ယဲ့ဖန်ထံမှခွန်အားကို အသုံးပြုလိုခဲ့ကြသည်။
အဘိုးအိုမှ ချက်ချင်းခေါင်းမော့ပြီး ရယ်သည်။
" ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာက အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲရှိတာ။ ငါတို့ရဲ့ အကြံအစည်ကြီးကို မင်းဘယ်တော့မှ စိတ်ကူးယဉ်နိုင်တာ ဒါမှမဟုတ် နားလည်နိုင်မှာကို မဟုတ်ဘူး "
ယဲ့ဖန် ပို၍ သိချင်လာမိသည်။
လူတိုင်း မျှော်လင့်တောင့်တရတဲ့ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကတောင် အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲတဲ့လား။
ဒီထူးခြားလျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့အစည်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
ယဲ့ဖန်အား ထပ်မေးရန် အခွင့်မပေးချေ။
အဘိုးအို၏ ခန္ဓာကိုယ်သည် ရုတ်တရက် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကာ သူ၏ အနက်ရောင် ၀တ်ရုံသည် လေထဲသို့လွင့်သွားခဲ့သည်။
" ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာကို ရှာဖို့ မင်းရဲ့ စွမ်းအားကို အသုံးချဖို့ အချိန်အကြာကြီး လွှတ်ပေးထားချင်ခဲ့တာ။ ဒါပေမယ့် မင်းက ငါ့စီကို ရောက်လာမှတော့ ငါက မင်းကို အဖော်ပြုပေးမယ်။ မင်းနဲ့ ပါလာတဲ့သူတွေလည်း အကုန်သေရမယ် “
အဘိုးအိုသည် နောက်ဆုံးစကားကို ပြောပြီးနောက် ယဲ့ဖန်စီ ပြေးလိုက်သည်။
ယဲ့ဖန်နှင့် အစောပိုင်း တိုက်ခိုက်မှုအပြီး သူ၏ ခံနိုင်ရည်မှာ အလွန်ကျဆင်းသွားပြီး တိုက်စစ်အရှိန်မှာလည်း နှေးကွေးသွားခဲ့သည်။
သို့သော် ထိုဆေးထိုးအပ်ဖြင့် ထိုးသွင်းပြီးနောက် အဘိုးအို၏ ခွန်အားသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်
ရှိသွားပြီး အရှိန်မှာလည်း ထိပ်ဆုံးသို့ ရောက်သွားသည်။
ပထမ၌ အဘိုးအိုသည် ခြောက်မီတာမှ ခုနစ်မီတာအကွာတွင် ရှိနေသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အရှေ့ကို ရောက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားထုတစ်ခု လွှမ်းခြုံသွားသည်ကို ခံစားနိုင်သည်။
ယဲ့ဖန်သည် မူလ၌ သိပ်၍ဂရုမစိုက်ချေ။
သူတို့နှစ်ဦးကြား တိုက်ပွဲအပြီး အဘိုးအို၏ စွမ်းအားသည် အတွင်းအားကျင့်စဉ်၏ နှောင်းပိုင်းအဆင့်ဖြစ်သည်ကို အကဲဖြတ်နိုင်ခဲ့သည်။
သူသည် ယဲ့ဖန်နှင့် မယှဉ်နိုင်ပေ။
သို့သော် အခြေအနေမှာ ရုတ်ချည်း ပြောင်းလဲသွားပြန်သည်။
အဘိုးအို၏ ခွန်အားသည် အဆင့်ကြီးတစ်ခု ရုတ်တရက် တိုးလာသည်။
ယခုအချိန်တွင် အဘိုးအိုသည် အတွင်းအားကျင့်စဉ်၏ အထွတ်အထိပ်အဆင့် ရှိနေတော့သည်။
ဤရှာဖွေတွေ့ရှိမှုက ယဲ့ဖန်ကို ထိတ်လန့်စေခဲ့သည်။
အဘိုးအိုထိုးလိုက်တဲ့ ထိုးဆေးက ခွန်အားကို ပြန်လည်ဖြည့်ပေးရုံတင်မကဘဲ အတွင်းအားကျင့်စဉ်အဆင့်ကိုပဲ တိုးမြှင့်ပေးနိုင်တာလား။
ဒါက ယုံနိုင်စရာကောင်းသေးရဲ့လား။
ယဲ့ဖန်သည် တစ်ဖက်လူ၏ ခွန်အားကို တခဏမျှ အထင်သေးလိုက်မိ၍ ခွန်အားချင်းဖလှယ်ကြချိန်၌ အလွန်အထိနာသွားရသည်။
လူအိုကြီး၏ တိုက်စစ်များကို တရစပ် ခုခံရုံသာ တတ်နိုင်သည်။
အဘိုးအိုမှာ ဂုဏ်တက်လာသည်။
" မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။ ငါ့ခွန်အားက အတွင်းအားကျင့်စဉ်အထွတ်အထိပ်ထိ ရောက်သွားပြီလေ။ ဟားဟားဟား၊ ငါတို့နည်းလမ်းတွေကို မင်းလိုကလေးတွေ နားလည်နိုင်မှာ မဟုတ်ဘူး။ သွားသေလိုက် "
ထိုစကားပြောပြီးသည်နှင့် အဘိုးအိုသည် အားကုန်ထုတ်သုံးလိုက်တော့သည်။
အလွန်ကြောက်စရာကောင်းသော အင်အားကြီးတစ်ခု ယဲ့ဖန်စီသို့ အရှိန်တင်လာသည်။
ယဲ့ဖန်၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူ ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့သာ၍ အမြန်နောက်ဆုတ်ရသည်။
သို့သော် တစ်ဖက်သူ၏ ခွန်အားမှာ ရေလှိုင်းများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်းတက်လာပြီး အဆုံးမရှိပေ။
ခဏချင်းမှာပင် ယဲ့ဖန် ဖိနှိပ်ခံနေရပြီး ပြန်လည်မတိုက်ခိုက်နိုင်ပေ။
နောက်ပြန်ဆုတ်၍သာနေပြီး အန္တရာယ်ကို ရင်ဆိုင်နေရသည်။
ဖန်းကျန်းဝူနှင့် ချန်းဖေးအယ်တို့သည်လည်း ယဲ့ဖန် အန္တရာယ်ရင်ဆိုင်နေရသည်ကိုမြင်ပြီး ကူညီချင်ကြပါသော်လည်း သူတို့နှစ်ဦး ဘာမှမလုပ်နိုင်ခင်မှာပင် အခြားရန်သူများ ထပ်မံဝိုင်းရံလာပြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပြန်တော့သည်။
ယဲ့ဖန်သည် အစပိုင်းတွင် တိုက်စစ်ဖြင့်ချေမှုန်းရေးတိုက်ပွဲကို ဆင်နွှဲရန် ရည်ရွယ်ချက်ရှိခဲ့သည်။
နျုံစစ်သွမ်းနှင့် သူ၏ယခင်တိုက်ခိုက်မှုအရ အချိန်ကာလတစ်ခုကြာပြီးနောက် မျိုးဗီဇပြုပြင်ထားသောလူတစ်ဦး၏ ခွန်အားကြံ့ခိုင်မှုမှာ ကျဆင်းသွားပြီး သူတို့၏စွမ်းအင်ကို ပြန်လည်ဖြည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။
ထိုအခါ ယဲ့ဖန်အနေဖြင့် ထိုအခြေအနေကို ဖမ်းဆုပ်ကာ တန်ပြန်တိုက်ခိုက်နိုင်ပေမည်။
သို့သော် အံ့အားသင့်စရာကောင်းစွာဖြင့် အဘိုးအိုနှင့် သူတို့နှစ်ဦးသည် ဆယ်မိနစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့ကြသော်လည်း အဘိုးအို၏ ကာယကြံ့ခိုင်မှုမှာ လုံးဝလျော့နည်းမသွားပေ။
ထိုအစား ပို၍ပင် ပြင်းထန်လာသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ထိတ်လန့်သွားသည်။
ဒီလျှို့ဝှက်ဆန်းကြယ်အဖွဲ့အစည်းရဲ့ ဆေးရည်တွေက ပြန်လည်ပြုပြင်ထားတော့ ပိုကောင်းလာတာ ဖြစ်နေမလား။
ဆေးထိုးထားတဲ့အရှိန်က ပိုကြာရှည်ခံလာတာလား။
ဒီလိုသာဆို အတော်ကြောက်စရာကောင်းတာပဲ။
ယခုအခါ ယဲ့ဖန်သည် အတင်းဖိအားပေးခံရ၍ နောက်ဆုတ်နေရကာ သူ၏ ခံနိုင်ရည်မှာလည်း လျင်မြန်စွာ ကျဆင်းလာသည်။
တစ်ဖက်သား၏ ခံနိုင်ရည် မကုန်ဆုံးခင်မှာပင် သူကိုယ်တိုင် ပင်ပန်းနွမ်းနယ်လာမည်ကို စိုးရိမ်သွားသည်။
ထို့ကြောင့် ယဲ့ဖန် အဘိုးအို၏ ပြင်းထန်သောတိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ဗျူဟာတစ်ခုကို အမြန်စဉ်းစားခဲ့သည်။
ထိုစဉ် စဉ်းစားဉာဏ်တစ်ခု ရုတ်တရက် ပေါ်လာကာ ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းရှာလိုက်သည်။
မျိုးရိုးဗီဇပြုပြင်ထားသော လူတစ်ယောက်၏ ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဥပမာအားဖြင့် ဤအဘိုးအို၏ ခွန်အားသည် အတွင်းအားကျင့်စဉ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်ပညာရှင်နှင့်ပင် ပုခုံးချင်းယှဉ်နိုင်ရန် လုံလောက်သည်။
သို့သော် သူတို့၏ ခွန်အားထိန်းချုပ်နိုင်မှုသည် စစ်မှန်သော ကျွမ်းကျင်သူများထက် များစွာ နိမ့်ကျသည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ခွန်အားကို ကျင့်ယူထားခြင်းမဟုတ်ဘဲ ငှားရမ်းယူထားသောသဘောမျှသာဖြစ်၍ သူတို့၏ခန္ဓာကိုယ်နှင့် မသက်ဆိုင်ပေ။
ထို့ကြောင့် ခွန်အားအပေါ် ထိန်းချုပ်နိုင်မှုသည် မျှခြေမညီချေ။
ခွန်အားထိန်းချုပ်နိုင်စွမ်း လုံးဝ မရှိဘူးဟုပင် ပြောနိုင်ပါတယ်။
အဘိုးအိုသည် ရက်စက်ကြမ်းကြုတ်သော စွမ်းအားကိုသာ အပြည့်အဝ အားကိုးပြီး တိုက်ခိုက်နေခဲ့သည်။
ထိုအတွေးပေါ်လာသည့်အခါ ယဲ့ဖန်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။
တိုက်ပွဲသည် အဆုံးသတ်နိုင်ပြီဖြစ်သည်။
ထိုအဘိုးအိုသည် ယဲ့ဖန်၏ အပြုံးကို မြင်သောအခါ အကြောင်းပြချက်မရှိ ထိတ်လန့်သွားသည်။
သို့သော် စဉ်းစားရန် အချိန်မပေးခဲ့ပေ။
ယဲ့ဖန်သည် မောပန်းနေပုံရပြီး သူ၏လှုပ်ရှားမှုများမှာ နှေးကွေးလာသည်။
အဘိုးအို၏ နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ဖန်အား တစ်ကြိမ်တည်းနှင့် အပြီးသတ်အောင်လုပ်ချင်နေသည့် အဘိုးအိုမှာ သူ့ခွန်အားကို တိုးလိုက်သည်။
ယဲ့ဖန်သည် လုံးဝ ဖိနှိပ်ခံနေရသည်။ ထိုအခါ ပို၍ စိတ်ရှုပ်လာကာ အပြစ်အနာအဆာများ ပိုပေါ်လာသည်။
ထိုအခိုက်အတန့်၌ ယဲ့ဖန် ရုတ်တရက် ယိုင်သွားကာ သူ့ခန္ဓာကိုယ်သည် အလိုအလျောက် နောက်ပြန်ဆုတ်သွားသည်။
သို့ဖြစ်ရာ အဘိုးအိုမှာ ဝမ်းသာသွားသည်။
သူသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ယဲ့ဖန်၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ တစ်ချက်ထိုးလိုက်သညါ။
ကိုယ်ခံပညာရှင်တစ်ယောက်အတွက် ဝမ်းဗိုက်၌ရှိသော ဒန်းထျန်သည် အရေးကြီးဆုံး အသက်သွေးကြောဖြစ်သည်။
ဒန်းထျန် ဒဏ်ရာပြင်းထန်စွာရသောအခါ အပြင်းထန်ဆုံး ကိုယ်ခံပညာရှင်ပင်လျှင် ဒဏ်ရာပြင်းထန်စွာရသွားမည်ဖြစ်သည်။
အဘိုးအိုသည် တစ်ဖက်လူ၏ အသက်သွေးကြောကို ဆုပ်ကိုင်နိုင်ပြီဟု ထင်လိုက်သည်။
သို့သော် နောက်အခိုက်အတန့်၌ ယဲ့ဖန်သည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်မှ တစ်စုံတစ်ရာ ထွက်ပေါ်လာသည်။
အဘိုးအို မှင်တက်သွားချိန် သူ့လည်ပင်း ရုတ်တရက် ထုံကျဉ်သွားသည်ကို ခံစားရသည်။
သို့သော် သူသည် တိုက်ပွဲအလယ်၌ ရှိနေသောကြောင့် စစ်ဆေးရန် အချိန်မရှိသဖြင့် ယဲ့ဖန်ကိုသာ တစ်ချက်တည်း သတ်ပစ်ရန် ဦးတည်နေခဲ့သည်။
သို့သော် သူ့လက်သီးများသည် ယဲ့ဖန်၏ ဒန်းထျန်ကို ထိခါနီးအချိန် သူ့ခန္ဓာကိုယ်တစ်ဝက်သည် ရုတ်တရက် ထုံကျဉ်သွားသည်။
ထိုလက်သီးချက်သည် ယဲ့ဖန်၏ ဝမ်းဗိုက်ရှေ့တွင် ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မသွားနိုင်တော့ပေ။
အဘိုးအို အံ့သြသွားသည်။ ထိုသို့သောရုတ်တရက် အပြောင်းအလဲကို သူ မမျှော်လင့်ထားချေ။
သို့သော် မဆိုင်းမတွပင် အမြန်ပြန်ဆုတ်လိုက်သည်။
တစ်ချိန်တည်းမှာ သူ့လည်ပင်းကို လှမ်းကိုင်ကြည့်သည်။
ထိုအခါ နွားမွေးကဲ့သို့ ပါးလွှာလှသည့် ငွေအပ်တစ်ချောင်းကို မြင်လိုက်သည်။
သူ ချက်ချင်းပင် ထိတ်လန့်သွားသည်။
တစ်ဖက်လူမှ ငွေအပ်ကို လျှို့ဝှက်လက်နက်အဖြစ် အမှန်တကယ် အသုံးပြုနိုင်သည်။
ဤငွေအပ်မှာ အလွန်ပျော့ပျောင်းလေသည်။
ပေါ့ပါးသော အထိအတွေ့ဖြင့်ပင် ကွေးညွှတ်နိုင်သောကြောင့် လူကို ထိခိုက်နာကျင်စေရန်မှာ ပို၍မဖြစ်နိုင်ပေ။
သို့သော် ထိုငွေအပ်လေးမှ သူ့ခန္ဓာကိုယ်တစ်ဝက်လောက်ကို ထိန်းမရ ဖြစ်သွားစေသည်။
တစ်ဖက်သူ၏ ခွန်အားချုပ်ကိုင်မှုသည် ပြီးပြည့်စုံသောနယ်ပယ်သို့ ရောက်ရှိနေပြီကို မြင်နိုင်သည်။